← Chapters

အချိန်ခရီးသွားသော ဝေစွေ့ဖုန်း

Vol. 67 Ch. 878

အချိန်ခရီးသွားသော ဝေစွေ့ဖုန်း

Vol. 67 Ch. 878

ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ပြီးသည့်အခါ ဒယ်အိုးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဝေစွေ့ဖုန်း သက်ပြင်းချမိသည်။ “ငါ မင်းကို မသတ်ချင်ပါဘူး... ချုပ်ပဲ ချုပ်ထားချင်တာ... မင်း ကလန်ကဆန် မလုပ်သရွေ့ မထိခိုက်ဘူး.... အဆုံးသတ်မြို့ပျက်ရဲ့ အသူရာချောက်နက်ကို ငါ စစ်ဆေးပြီးသွားရင် မင်းကို လွှတ်ပေးမယ်...”

ခွမ်း

သူ့အရှေ့ရှိ ဒယ်အိုးကြီးအပေါ်တွင် အက်ကွဲကြောင်းတစ်ကြောင်း ပေါ်လာသည်။ ဝေစွေ့ဖုန်း အံ့အားသင့်သွား၏။ သူ ကြည့်နေစဉ် ဒယ်အိုးသဏ္ဍာန် ဖွဲ့တည်ထားသော နတ်လက်နက်အမျိုးမျိုး စတင်ကွဲထွက်လာပြီး ကြယ်တာရာများသဖွယ် ဖြာထွက်သွားသည်။

ချင်မူက ဤလက်နက်များ၏အလယ်၌ ရပ်လျက် လက်နက်များအကြား ချိတ်ဆက်နေမှုကို ဖျက်စီးနေသည်။ သူကား အတွင်းထဲမှ လွတ်မြောက်လာပေတော့မည်။

ရုတ်တရက် ဝေစွေ့ဖုန်း၏ နတ်လက်နက်များက အတူတကွ ပြန်စုသွားပြီး သံကြိုးများ သဏ္ဍာန်ဖြင့် တစ်ခုနှင့်တစ်ခု ထွေးယှက်လိမ်ကျစ်ကာ ကခုန်နေသည်။

ဤသံကြိုးများမှ မတူကွဲပြားသော သင်္ကေတအမှတ်အသားများ ထွက်ပေါ်လာကာ တဖျပ်ဖျပ် လင်းလက်နေသော အလင်းတန်းများ ဖြန့်ကျက်လိုက်၏။ သင်္ကေတအမှတ်အသားများက ချင်မူ့အရေပြားပေါ်၌ အလိုအလျောက် ခတ်နှိပ်ရင်း ပွားလာသည်။

“နေရာရွှေ့ပြောင်းသင်္ကေတတွေဟ”

ချင်မူ ခေါင်းနပန်းကြီးသွား၏။ သူ့လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ ဦးခေါင်းနှင့် ရင်ဘတ်တွင် နေရာရွှေ့ပြောင်းသင်္ကေတများစွာ ခတ်နှိပ်ခံထားရပြီး နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းခြောက်ခု ဖြစ်လာသည်။

ဤနေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းများ အသက်ဝင်သွားလျှင် သူ ခြောက်ပိုင်း ကွဲထွက်သွားလိမ့်မည်။ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို ဤသို့ အသုံးပြုသော လူတစ်ယောက်အား ချင်မူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပေသည်။

သူ မတုံ့ပြန်နိုင်ခင် သံကြိုးများဆီမှ သင်္ကေတအမှတ်အသားများက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းများကို အပြည့်အစုံ ဖော်ဆောင်ပြီးသွား၏။

“ဝေစွေ့ဖုန်း၊ သောက်ချီးထုပ်....”

ချင်မူမှာ ဤစကားသာ ပြောလိုက်ရသေးသည်၊ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကား ပေါက်ကွဲသွားချေပြီ။ သူ့ခေါင်းမှာ ဖျတ်ခနဲ ပျောက်သွားပြီး ခြေလက်များလည်း ပြတ်ထွက်သွားကာ ရင်ဘတ်ပင်လျှင် နေရာရွှေ့ပြောင်းသွား၏။

ဝေစွေ့ဖုန်းက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း သုံး၍ သူ့ကို ခြောက်ပိုင်း ပိုင်းလိုက်ပြီဖြစ်သည်။

“မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့လမ်းမှာ ပိတ်နေရင် မင်းကို သေခြင်းတရားပဲ စောင့်ကြိုနေလိမ့်မယ်”

ဝေစွေ့ဖုန်း လက်မြှောက်လိုက်သည့်အခါ သံကြိုးများ ပြိုကွဲသွားပြီး နတ်လက်နက်များအသွင် ပြောင်း၍ သူ၏ကျောနောက်၌ အလိုအလျောက် ပြန်လည်ချိတ်ဆက်သွားသည်။ သူက မှင်သေသေ ဆက်ပြောသည်။ “ငါ မင်းကို အခွင့်အရေးနှစ်ခု ပေးပြီးပြီ”

သူက မြေပြင်ပေါ်ရှိ အမျိုးသမီးအလောင်းဆီသို့ လမ်းလျှောက်သွားသည်။ သူ ဒူးကွေး၍ စစ်ဆေးကြည့်တော့မည့်အချိန် ရုတ်တရက် ခံစားချက်တစ်ခု ရလိုက်၍ ကပျာကယာ ပြန်မတ်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ ချင်မူ၏ ခြေလက်လေးဖက်၊ ဦးခေါင်းနှင့် ရင်ဘတ်က အရပ်ခြောက်မျက်နှာမှ တစ်ခုဆီသို့တစ်ခု ပျံသန်းသွားနေကြလေသည်။

“သူ ဘယ်လိုလုပ် မသေသွားတာလဲ”

ဝေစွေ့ဖုန်းမှာ အကြီးအကျယ် အံ့အားသင့်နေသည်။ ချင်မူ၏ခန္ဓာကိုယ်နှင့် ခြေလက်များက လေလယ်တွင် ဆုံတွေ့ပြီး တစ်ခုနှင့်တစ်ခု ဆက်သွားကာ ခေါင်းမရှိသော ခန္ဓာကိုယ် ဖြစ်လာသည်။ ခေါင်းပြတ်ချင်မူက ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်း၍ တစ်ဖြောင့်တည်း ပြေးလာသည်။ သူ၏ခြေတစ်လှမ်းတိုင်းက ဆယ်မိုင်ကျော်သို့ ရောက်၏။ ခေါင်းပြတ်ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ရာ သန်မာအားကောင်းလှသည့်အတွက် လေထုပင်လျှင် နံရံတစ်ချပ်သဖွယ် ဖွဲ့တည်လာသည့်တိုင်အောင် ဖိသိပ်ခံလိုက်ရသည်။ ထို့နောက် ခေါင်းပြတ်ခန္ဓာကိုယ်က ထိုလေနံရံကို ထိုးခွင်းလာလေသည်။

သူ၏ခြေတစ်လှမ်းတိုင်းနှင့်အတူ မိုးခြိမ်းသံက လိုက်ပါလာသည်။ သူ့အနောက်တွင် ဆယ်မိုင်ရှည်သော လေဟာနယ်ကွင်ပြင်ကြီး ကျန်ခဲ့၏။

ဝေစွေ့ဖုန်း မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူက အင်္ကျီလက်အိုးကို ခါလိုက်ပြီး သူ့အနောက်ရှိ နတ်လက်နက်များက တစ်ခုနှင့်တစ်ခု တချွင်ချွင် ထိတိုက်သွားရင်း ကြည်လင်နေသော ကြေးမုံတစ်ချပ် ဖြစ်လာသည်။ ကြေးမုံက ချင်မူ၏ခေါင်းပြတ်ခန္ဓာကိုယ်ဆီသို့ မျက်နှာမူမနေ၊ ဘေးသို့ လှည့်ထားသည်။

လောလောဆယ်တွင် ချင်မူ့ခေါင်းက သူ့ခန္ဓာကိုယ်ဆီ ပျံသန်းလာနေသည်။ ကြေးမုံဆီမှ အလင်းတန်းက ခေါင်းပြတ်ကို ပစ်ချလိုက်သည့်အတွက် ခေါင်းပြတ်မှာ အဝေးသို့ လွင့်ထွက်သွား၏။

ဝေစွေ့ဖုန်း လက်ဝှေ့ယမ်းလိုက်သည့်အခါ သူ့အရှေ့ရှိ ကြေးမုံက တစ်ဖြောင့်တည်း ပြေးလာနေသော ခေါင်းပြတ်ခန္ဓာကိုယ်ဆီသို့ ပျံသန်းသွားသည်။ ကြေးမုံ၏အလင်းတန်းများ ဖြာထွက်လာပြီး ကြေးမုံထဲတွင် အဆောက်အဦးတစ်ခု၏ ပုံရိပ် ထင်ဟပ်နေ၏။

ချင်မူ၏ခေါင်းပြတ်ခန္ဓာကိုယ်က ကြေးမုံဆီ တရှိန်ထိုး ပြေးဝင်လာနေပြီး ကြေးမုံကား ရုတ်တရက် ပြိုကွဲသွားကာ အဆောက်အဦးသဏ္ဍာန် ဖွဲ့တည်လာသည်။ အဆောက်အဦးသည် ဘုန်းခနဲ မြေပေါ်သို့ ကျလာ၏။

ချင်မူ့ခန္ဓာကိုယ်က အဆောက်အဦကို ဝင်တိုက်ရင်း ပြေးအားနှင့် မြေပြင်တစ်လျှောက် ဆွဲချလာသဖြင့် မီးပွားများ၊ အလင်းရောင်များ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။

အဆောက်အဦးသည် ဝေစွေ့ဖုန်း၏ အရှေ့မှာတင် ရပ်တန့်သွားပြီး အထဲမှ တဘုန်းဘုန်း မြည်ဟည်းသံကြီးများ ကြားရသည်။ ချင်မူ၏ခေါင်းပြတ်ခန္ဓာကိုယ်က အဆောက်အဦကို ထိုးဖောက်ရင်းလာနေသော အသံများ ဖြစ်သည်။

ဝေစွေ့ဖုန်းက အဆောက်အဦကို လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး လက်ဝါးတစ်ထောင်ဖြင့် အဆောက်အဦး၏ အောက်ဆုံးအထပ်အအပေါ် အဆက်မပြတ် ခတ်နှိပ်နေသည်။

“သေခြင်းရှင်ခြင်း အဆုံးအဖြတ် အန္တိမရှစ်သွယ်”

သူ၏အရိပ်က အပေါ်ပျံတက်သွားကာ ဒုတိယအထပ်သို့ ရောက်သွားသည်။ မတူညီသော ကောင်းကင်နတ်သိုင်းများဖြင့် အဆောက်အဦ၏အတွင်းပိုင်းသို့ တိုက်ခိုက်နေစဉ် သူ့အသွင်သည် ပျော့ပျောင်းသွက်လက်စွာ ကူးခတ်နေသော နဂါးတစ်ကောင်အသွင် ရှိ၏။

“ခုနစ်စဉ်ကြယ် ကောင်းကင်”

သူ့အရိပ်က တတိယအထပ်သို့ ရောက်သွားသည်။ “အရပ်ခြောက်မျက်နှာ ပြိုပျက်ခြင်း”

“ပြောင်းပြန်ဓာတ်ကြီးငါးပါး”

“သင်္ကေတစကားထာ လေးပါး”

....

သူက ကောင်းကင်နတ်သိုင်းများ ဆက်တိုက်ထုတ်လွှတ်၍ အပေါ်ဆုံးအထပ်သို့ တက်သွားရင်း အထပ်တစ်ထပ်စီတိုင်း၏ အသတ်အဖြတ်ဝင်္ကပါတစ်ခုချင်းစီအား အသက်သွင်းနေသည်။

ဝေစွေ့ဖုန်း မြေပေါ် ပြန်ဆင်းလိုက်သည်။ သူက လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားလျက် ပွေ့ဖက်နေသောအသွင်ဖြင့် ရှစ်ထပ်အဆောက်အဦးအား တုန်ခါလာစေသည်။ အဆောက်အဦးအတွင်းရှိ အသတ်အဖြတ်ဝင်္ကပါအားလုံး ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားပြီး သတ္ထုနှင့် ကျောက်တုံး ထိခတ်နေသံများ တရစပ် ထွက်ပေါ်လာ၏။

အချိန်တစ်ခုကြာသော် အဆောက်အဦးထဲမှ သွေးများ စီးထွက်လာကာ မြေပြင်တစ်ပြင်လုံး နီရဲသွားစေသည်။

ဝေစွေ့ဖုန်း လက်မြှောက်လိုက်သည်နှင့် အဆောက်အဦးသည် သေးငယ်သထက် သေးငယ်လာပြီးနောက် သူ့လက်ဝါးအပေါ် ဆင်းသက်လာ၏။

“အင်မတန် သတ်ရခက်တဲ့လူပဲ.... သိုင်းအဆင့်က နည်းနည်းနိမ့်နေတော့ နတ်ဘုရား မဖြစ်သေးတာ နှမြောစရာကောင်းတယ်”

သူက ရှစ်ထပ်အဆောက်အဦးကို အပေါ်ပစ်တင်လိုက်ရာ အဆောက်အဦးသည် နတ်လက်နက်များအဖြစ် ကွဲထွက်သွား၏။ ကြေမွနေသော အရိုးစများ အဆောက်အဦးထဲမှ ထွက်ကျလာသည်။

ရုတ်တရက် ဝေစွေ့ဖုန်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူက လမ်းလျှောက်လာနေသော ချင်မူ့ဆီသို့ လှမ်းကြည့်နေ၏။

ယခုလေးတင် ချင်မူ၏ခေါင်းပြတ်ခန္ဓာကိုယ်ကို အဆောက်အဦးထဲ၌ စိစိညက်ညက် ဖိခြေခဲ့ပြီးဖြစ်ရာ ဤချင်မူက မည်သည့်နေရာမှ ထွက်လာသနည်း။

သူ မြေပေါ်ရှိ အရိုးစများကို ငုံ့ကြည့်မိသည်။ အမှန်ပင် ချင်မူကား သေသွားချေပြီ။ သို့သော် အဘယ်သို့ပြု၍ သူ့ဆီသို့ လမ်းလျှောက်လာနေသော ချင်မူ ရှိနေသေးသနည်း။

“မဟုတ်မှ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲက ဖန်ဆင်းစာသားတွေလား”

ဝေစွေ့ဖုန်း အံ့ဩသွားပြီးနောက် ခေါင်းယမ်းလိုက်သည်။ “ဖန်ဆင်းကျင့်စဉ်အတွက် ခေါင်းကနေ ခန္ဓာကိုယ် ထွက်လာဖို့ မဖြစ်နိုင်ဘူး... ငါတောင်မှ ဖန်ဆင်းကျင့်စဉ်မှာ အဲဒီလောက်မတွေး‌ခေါ်နိုင်ခဲ့ဘူး”

“ဆရာသစ်ခုတ်သမား ခင်ဗျားကို ဖန်ဆင်းကျင့်စဉ် ပေးခဲ့တုန်းက သူတောင် ချိမင်ခေတ်ရဲ့ ဖန်ဆင်းကျင့်စဉ်ကို မသိခဲ့ဘူး... ခင်ဗျား ဘယ်လိုလုပ် တွေးခေါ်နိုင်ပါ့မလဲ”

ချင်မူ လက်ဝါးမြှောက်လိုက်သည့်အခါ ဓားစက်လုံးပေါ်လာသည်။ ဓားစက်လုံးသည် တဝှမ်ဝှမ် လည်လျက် ဓားပျံများအဖြစ် ကွဲထွက်သွား၏။ ချင်မူက ခေါင်းယမ်းလိုက်သည်။ “ဆရာသစ်ခုတ်သမားက ဘက်လိုက်တယ်... သူက တတိယညီလေးကို နှစ်နှစ်ကြာ ပညာသင်ပေးခဲ့တယ်... အစ်ကိုကြီးကို ပိုလို့တောင် ကြာကြာသင်ပေးခဲ့တယ်... ဒါပေမဲ့ ကျွန်တော့်ကိုတော့ သူကိုယ်တိုင် တစ်ခါမှ မသင်ပေးခဲ့ဘူး.... ကျွန်တော် ပိုကောင်းတာတွေ ရှာတွေ့ခဲ့တာပဲ ကံ‌ကောင်းတယ်ဆိုရမှာပေါ့”

ဝေစွေ့ဖုန်း၏အင်္ကျီလက်အိုးများ လိပ်တက်သွားပြီး သူ့အနောက်၌ နတ်လက်နက်များ ဆက်သွားပြန်သည်။ သို့သော် ဤအခိုက်အတန့်တွင် ချင်မူက လက်ဝါးမြှောက်၍ လေပေါ် ဖိချလိုက်၏။

ချင်မူ့အနောက်တွင် ကောင်းကင်သံသရာကြယ်များ ပေါ်လာသည်ကို ဝေစွေ့ဖုန်း မြင်လိုက်ရသည်။ ကောင်းကင်သံသရာကြယ်များက မရေမတွက်နိုင်သော ကြယ်များဖြင့် ကြယ်ရောင်တဖျပ်ဖျပ် လက်နေသော အဆုံးမဲ့ကြယ်စုကြီးတစ်စုအသွင် ပြောင်းသွားသည်။ သံလိုက်ဆွဲအား အလင်းတန်းများ ထုတ်လွှတ်ခံလိုက်ရပြီး ဧရာမသံလိုက်စက်ကွင်းကြီးက ဤကြယ်များ၏အလယ်၌ ဖွဲ့တည်လာသည်။

ဤသံလိုက်စက်ကွင်းမျိုးသည် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ကောင်းကင်သံသရာကြယ်များထက် များစွာပို၍ အင်အားကြီးမား၏။

အုန်း

ကြောက်မက်ဖွယ်ရာ အားလှိုင်းကြီးက ရုတ်တရက် တိုက်ခိုက်လိုက်သောကြောင့် သူ၏ကောင်းကင်လက်နက်အားလုံး မြေပြင်ပေါ် ပြုတ်ကျသွားသည်။ မြေကြီးသည် အောက်သို့ နစ်ဝင်သွားပြီး ဝေစွေ့ဖုန်း၏ခန္ဓာကိုယ်အပေါ် သက်ရောက်လာသော ဖိအားလည်း တခဏအတွင်း ဆထက်တိုးလာ၏။ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သူ့မှာ မတ်တပ်ရပ်နိုင်ရုံဆိုသည်သာ ရပ်နေနိုင်သည်။

“အစ်ကိုကြီး၊ ခင်ဗျားရဲ့အစွမ်းအစတွေက အင်မတန် ကြောက်စရာကောင်းတယ်... ကောင်းကင်နတ်သိုင်းတွေကနေတစ်ဆင့် လမ်းစဉ်ထဲ ဝင်ရောက်သွားပြီမလား”

ချင်မူ့လည်ပင်းက လှုပ်ခါလိုက်ရာ ခေါင်းနှစ်လုံး ထပ်ထွက်လာသည်။ သူ၏ချိုင်းအောက်မှ လက်များလည်း ထွက်လာပြီး သူက ဟက်ခနဲ ရယ်လိုက်၏။ “ဒါပေမဲ့ ကျွန်တော်က နှစ်နှစ်သောင်းအလွန်၊ အနာဂတ်က လာခဲ့တာ... ခင်ဗျားရဲ့ ကောင်းကင်နတ်သိုင်းတွေက ခေတ်နောက်ကျနေပြီ”

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်သံသရာကြယ် သံလိုက်စက်ကွင်းအလွှာအထပ်ထပ်က အောက်သို့ ဖိချနေသည်။ ဝေစွေ့ဖုန်းမှာ ဆက်မတောင့်ခံနိုင်တော့ပေ။ သူ့တစ်ကိုယ်လုံး ဖိနှိပ်ခံထားရ၍ ခေါင်းပင် မမော့နိုင်ဘဲ မြေပြင်တွင် အပြားလိုက် လှဲနေရသည်။

ကံကောင်းစွာနှင့် ပန်းပွင့်များအတွင်းရှိ ကမ္ဘာ၏မြေပြင်သည် အလွန်ပျော့၏။ ချင်မူ၏ ကောင်းကင်သံသရာကြယ် သံလိုက်စက်ကွင်းများက ဧရာမတောင်ကြီးများပမာ သူ့ကျောပေါ်သို့ ဖိချနေသော်လည်း သူ ဒဏ်ရာအပြင်းအထန် ရမသွားပေ။

နေရာရွှေ့ပြောင်းသင်္ကေတများ သူ့ပတ်ပတ်လည်တွင် ပေါ်လာပြီး ဝှစ်ခနဲ သူ့ကို သယ်ဆောင်သွး၏။

ချင်မူက ကောင်းကင်သံသရာကြယ် သံလိုက်စက်ကွင်းကို ဖယ်ရှား၍ ခေါင်းသုံးလုံးဖြင့် အရပ်လေးမျက်နှာကို ကြည့်နေသည်။ ဝေစွေ့ဖုန်း ပေါ်မလာပေ။

ဤအခိုက်အတန့်တွင် ချင်မူ ဗိုက်ထဲဖောင်းကားလာသည်ကို ခံစားလိုက်ရသည်။ ‘နေရာရွှေ့ပြောင်းကောင်ကင်နတ်သိုင်းပဲဟ”

သူ့ခန္ဓာကိုယ်ထဲ၌ နတ်လက်နက်များ ပေါ်လာသဖြင့် သူ့ဝမ်းဗိုက်သည် ကြောက်မက်ဖွယ်ရာ ဖောင်းသထက် ဖောင်းလာ၏။ ဝေစွေ့ဖုန်းကား သူ၏နတ်လက်နက်များကို ချင်မူ့ရင်ခေါင်းထဲသို့ နေရာရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။

“သူတို့ ငါတို့ကို ကောင်းကင်နတ်ဆိုးဂိုဏ်းလို့ ခေါ်တာလည်း အံ့ဩစရာမရှိဘူး”

ချင်မူ၏ကောင်းကင်ရတနာများအတွင်း၌ အလင်းတန်းများ တောက်ပနေသည်။ နတ်လက်နက်များ ရုတ်တရက် ပေါ်ထွက်လာမှုက သူ၏ကောင်းကင်ရတနာများကိုလည်း ဖောင်းကြွလာစေ၏။

သူ့ရုပ်ခန္ဓာမှာလည်း တရှိန်ထိုး ကားထွက်လာနေသည်။ ချင်မူမှာ ကိုယ်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့သော နတ်လက်နက်များကြောင့် တစ်ကိုယ်လုံး တစစီ ဖြစ်မသွားစေရန် ရုပ်ခန္ဓာမာကြောအောင် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

“လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၊ ရှေးဟောင်းနဂါးသံ ရှစ်ချက်”

ချင်မူ ဟိန်းဟောက်လိုက်သည်။ သူ့ရုပ်ခန္ဓာအတွင်းရှိ ချီစွမ်းအင်များ အုံကြွလာပြီး ကျယ်လောင်ပြတ်သားသည့် နဂါးတွန်သံများ ထွက်ပေါ်လာ၏။ အသံတို့သည် ကောင်းကင်နှင့်မြေပြင် ပထမဆုံး ကွဲထွက်သွားသောအချိန်၌ အသွင်သဏ္ဍာန်မဲ့ မြေထုအတွင်းတွင် ရစ်ပတ်နေသော ရှေးဟောင်းနဂါး၏ တွန်ကျူးနေသံနှင့် တူသည်။ နဂါးတွန်သံများက သူ့ကိုယ်ထဲရှိ နတ်လက်နက်များကို ဖိနှိပ်လိုက်သည်။ မရေမတွက်နိုင်သော နတ်လက်နက်များမှာ နဂါးတွန်သံများဆီမှ တွန်းကန်မှုများကြောင့် အက်ရာများပင် ပေါ်လာတော့သည်။

နဂါးတွန်သံများအောက်တွင် နတ်လက်နက်များ ပြိုကွဲသွားပြီး အသေးငယ်ဆုံး အမှုန်အထိ တုန်ခါသွားသည်။

ချင်မူက ထပ်မံဟိန်းဟောက်လိုက်ပြီး သူ၏ကောင်းကင်ရတနာများအတွင်းရှိ နေလုံးကြီး တောက်ပသွားသည်။ အလျှံတညီးညီး တောက်လောင်နေသော နေစွမ်းအင်က သူ၏ကောင်းကင်ရတနာများကို ကမ္ဘာပေါ်တွင် အပူပြင်းဆုံးမီးဖိုများအဖြစ် ပြောင်းလဲလိုက်ရင်း နတ်လက်နက်အစိတ်အပိုင်းများအား သံရည်ကြိုလိုက်တော့သည်။

ချင်မူက ရင်ဘတ်အရှေ့တွင် လက်ဝါးနှစ်ဖက်ပူးကပ်လျက် သိကြားဗုဒ္ဓ၏ လင်းရောင်ရတနာရှစ်သွယ် ခန္ဓာတော်မြတ်ကို ထုတ်လွှတ်လိုက်သည်။ အရည်ပျော်နေသော နတ်လက်နက်များမှာ အငွေ့များအဖြစ် သူ၏မွေးညင်းပေါက်များမှ ထွက်လာ၏။ အငွေ့များသည် တမုဟုတ်ချင်း ရတနာရှစ်သွယ်အဖြစ် ခဲသွားပြီး ရတနာရှစ်သွယ်က လှည့်ပတ်ပျံဝဲရင်း ချင်မူ၏ခေါင်းအနောက်တွင် သတ္ထုဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရောင်ခြည်တော်စက်ဝန်းပမာ ဖွဲ့တည်သွားသည်။

ချင်မူ အပေါ်သို့ ခုန်၍ လက်သီးဖြင့် လေထုအပေါ် ထိုးချလိုက်သည်။ နေရာဟင်းလင်းပြင်မှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ဟင်းလင်းပြင်အတွင်းထဲမှ နေရာရွှေ့ပြောင်းအလင်းရောင်တစ်ချက် လက်သွားသည်။ ဧရာမလက်ဝါးကြီးတစ်ဖက်က ဘွားခနဲ ပေါ်လာကာ သူ့လက်သီးကို ထိပ်တိုက်ရင်ဆိုင်၏။

ချင်မူက လက်ခြောက်ဖက်ဖြင့် နေရာဟင်းလင်းပြင်အတွင်းထဲသို့ အရှိန်ပြင်းပြင်း ထိုးနှက်ရင်း နေရာရွှေ့ပြောင်းအလင်းရောင်နောက် လိုက်သွားသည်။ သူက ဤကမ္ဘာ၏အနားသတ်များမှ ဆက်တိုက်ထိုးသွင်းပြီးနောက် ကောင်းကင်သို့ ပျံတက်သွားသည်။ သူ၏လမ်းကြောင်းတစ်လျှောက်တွင် လက်သီးရာများ ပေါ်လာပြီး တစ်ဖြောင့်တည်း ဆက်သွားကြသည်။

ရုတ်တရက် လက်သီးရာအားလုံး ချင်မူ့ဆီ ပြေးဝင်လာကာ ဧရာမလက်သီးကြီးအဖြစ် စုစည်းသွား၏။

ဆန်းကြယ်တောင်ထွတ်များအလွန်မှ အထီးကျန်လက်ဝါးတစ်ထောင်

ဤလက်သီးချက်နှင့်အတူ ကြောက်မက်ဖွယ်ရာစွမ်းအား တိုက်ရိုက်ထွက်ပေါ်လာရာ နေရာဟင်းလင်းပြင်စုတ်ပြဲသွားသည်။ လက်သီးရာများက ဟင်းလင်းပြင်ကို အဆက်မပြတ် ထိုးနှက်၍ အတွင်းထဲ၌ ပုန်းအောင်းနေသော ဝေစွေ့ဖုန်း၏ ပတ်ပတ်လည်ရှိ နေရာရွှေ့ပြောင်းသင်္ကေတများအား ဖြိုခွဲပစ်လိုက်၏။

ချင်မူက ဤကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ပြီးနောက် လက်သီးကို လက်ဝါးဖြန့်လိုက်သည်။ လက်ဝါးကို အရှေ့သို့ ရိုက်ထုတ်လိုက်သည့်အခါ နေရာရွှေ့ပြောင်းသင်္ကေတများ ပေါ်ထွက်လာ၏။ ဓားပျံများ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းမှတစ်ဆင့် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။

ဓားအလင်းတန်းများ အရှင်းပျောက်ကွယ်သွားချေပြီ။

ချင်မူ မြေပြင်ပေါ် ဆင်းသက်၍ ကောင်းကင်ဆီသို့ မော့ကြည့်လိုက်သည်။ သူ၏လက်ခြောက်ဖက်က အဆက်မပြတ် ပြောင်းလဲနေသော ဓားကျင့်စဉ်များကို ဆုပ်ကိုင်ထား၏။

ဝှစ်

ကောင်းကင်မှာ နှစ်ခြမ်းကွဲသွားပြီး အကွဲကြောင်းထဲမှ အလင်းတန်းတစ်တန်း မြေပြင်ပေါ် ပြုတ်ကျလာသည်။ အလင်းရောင်က ချက်ချင်း လွင့်ပျယ်သွားကာ သွေးအလိမ်းလိမ်း ဖြစ်နေသော ဝေစွေ့ဖုန်း ပေါ်လွင်လာ၏။ သူက လက်တစ်ဖက်မြှောက်လိုက်သည်။ “ညီလေး တော်တော့”

ဓားပျံများက ကျဆင်းလာပြီး သူ့ပတ်ပတ်လည်တွင် စိုက်ဝင်သွားကာ တစ်ဧကကျော် ကျယ်ဝန်းသော ဓားတောအုပ်ပမာ ဖြစ်သွားသည်။ ဓားအားလုံးက သူ့ဆီသို့ မျက်နှာမူနေသည်။ ပြောင်လက်နေသော ဓားသွားများအပေါ်ရှိ သင်္တေကအမှတ်အသားမျာက သူ့ခန္ဓာကိုယ်အပေါ် ဖြာကျလာ၏။

ဝေစွေ့ဖုန်း ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် သူ၏ချီစွမ်းအင်က ကြေးမုံများအသွင် ဖွဲ့တည်ကာ နေရာရွှေ့ပြောင်းသင်္ကေတများကို ရောင်ပြန်ဟပ်နေသည်။ သူက တဟားဟား ရယ်လျက် ပြောလေသည်။ “ညီလေး မင်းက သင်ယူတာ တော်တော်မြန်တာပဲ”

ချင်မူ လက်ဝှေ့ယမ်းလိုက်သည့်အခါ ဓားတောအုပ်သည် ကောင်းကင်သို့ မြောက်တက်သွားပြီး တချွင်ချွင်မြည်သံများနှင့်အတူ တစ်လက်နှင့်တစ်လက် ထိခတ်ကာ ဓားစက်လုံးအသွင် ပြောင်းသွား၏။ “အစ်ကိုကြီး၊ ကျွန်တော်က ဆရာတူညီလေးဆိုတာ ဝန်ခံပြီလား”

ချင်မူမှာ ဝေစွေ့ဖုန်း၏အကွက်ကို သင်ယူခဲ့သော်လည်း နေရာရွှေ့ပြောင်းသင်္ကေတများနှင့်တင် ဝေစွေ့ဖုန်းကို ရင်ဆိုင်ရန် လုံလောက်မည်မဟုတ်‌ပေ။

ဝေစွေ့ဖုန်း၏ ချီစွမ်းအင်မှ ဖွဲ့တည်ထားသော ကြေးမုံများသည် ဓားပျံများအပေါ်ရှိ နေရာ‌ရွှေ့ပြောင်းသင်္ကေတများကို ရောင်ပြန်ဟပ်နေ၏။ ချင်မူ နေရာရွှေ့ပြောင်းသင်္ကေတများကို အသက်သွင်း၍ ဝေစွေ့ဖုန်းကို ရှစ်ပိုင်းပိုင်းချင်လျှင် ဝေစွေ့ဖုန်းအနေဖြင့် ကြေးမုံများမှတစ်ဆင့် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို ဖျက်စီးနိုင်သည်။

နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထွက်ပေါ်လာလျှင် ချင်မူအနေဖြင့် မည်သို့မျှမဖြစ်သော်လည်း ဓားပျံများ စိစိညက်ညက် ကြေမွသွားလိမ့်မည်။

မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ဤအတိုင်းအတာအထိ ကျင့်ကြံထားသော လူတစ်ယောက်အား ချင်မူ ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ ကောင်းကင်နတ်သိုင်းအပြောင်းအလဲတွင် ဝေစွေ့ဖုန်းသည် သူ ရင်ဆိုင်ခဲ့ဖူး‌သော နတ်ဘုရားများ၊ မိစ္ဆာများအနက် ရှုရှန်းဟွာနှင့် ယှဉ်နိုင်သည့် တစ်ယောက်တည်းသောသူ ဖြစ်၏။

ရှုရှန်းဟွာမှာ အတွေ့အကြုံမရှိသေး၍ ဝေစွေ့ဖုန်းအောက် နိမ့်ကျသေးသည်ဟုပင် ဆိုရမည်။

“ဆရာတူအစ်ကိုကြီး နောက်ဆုံးတော့ ကျွန်တော်တို့ ဆုံရပြီပေါ့”

ချင်မူက တဟားဟား ရယ်မောရင်း ခြေလှမ်းကြဲကြဲများဖြင့် လျှောက်လာကာ ဝေစွေ့ဖုန်းကို တင်းတင်းကြပ်ကြပ် ဖက်သည်။ သူက စိတ်လှုပ်တရှား ပြောနေလေသည်။ “ကျွန်တော် အစ်ကိုကြီးရဲ့ ခြေလှမ်းတွေနောက် လိုက်ရင်း သမိုင်းကြောင်းရဲ့ အမှန်တရားတွေကို ရှာဖွေနေခဲ့တာဗျ”

ဝေစွေ့ဖုန်းမှာ အနေရခက်နေသည်။ ဤနှစ်များအတွင်း သူတစ်ယောက်တည်းသာ သမိုင်းကြောင်း၏ အမှန်တရားများကို လိုက်ရှာနေခဲ့သည့်အတွက် ချင်မူ၏ တက်ကြွနေသောအပြုအမူအကြောင့် မည်သို့ပြောရမည်မှန်း မသိတော့ပေ။

သူက ချင်မူဖက်ထားသည့်ကြားမှ ရုန်းထွက်သော်လည်း ရုန်းမရ၍ ပြန်သာဖက်လိုက်ရသည်။ “ညီလေး၊ အခု လွှတ်လို့ရပြီ.... ညီလေး လွှတ်လို့ရပြီလို့... လွှတ်ပါတော့ကွာ... ဒီအမျိုးသမီးအလောင်းက ဘယ်လိုလဲ”

ချင်မူက သူ့ကို လွှတ်ပေးကာ ပြုံးနေသည်။ “ဒီအမျိုးသမီးအလောင်းက ကောင်းကင်နတ်ဧကရီရဲ့ ညီမပါ ... အစ်ကိုကြီး ကျွန်တော့်အတွက် ထားခဲ့တာလေ”

ဝေစွေ့ဖုန်း ခေါင်းယမ်းသည်။ “မင်းကက လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကနေ ငါ့ခေတ်ဆီ ရောက်လာပြီး ဒီအမျိုးသမီးအလောင်းကို တွေ့ခဲ့တာမဟုတ်လား... မင်းအတွက် ငါ ထားခဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ... တခြားတစ်ယောက် ထားခဲ့တာပဲ နေမှာ”

ချင်မူ အံ့အားသင့်သွားသည်။ “ဒါပေမဲ့ အနာဂတ်မှာ အစ်ကိုကြီးက ကျွန်တော့်အတွက် အဆုံးသတ်မြို့ပျက်ရဲ့ မြေပုံထားခဲ့ပြီး ဒီနေရာကို မှတ်ပြထားတာ”

ဤသည်ကို ကြားလျှင် ဝေစွေ့ဖုန်းမှာ မဖြစ်နိုင်သလို ခံစားနေရသော်လည်း အမှန်တရားဖြစ်၍ လက်ခံလိုက်ရသည်။

“ညီလေး ငါ ဒီနေရာကို ဝိုင်းထားတာဆိုရင် တစ်ခုခုရှိတဲ့ သဘောပဲ.... ဒါပေမဲ့ ဒါကိုတော့ ငါ ထားခဲ့တာမဟုတ်လောက်ဘူး”

သူက ဒူးတစ်ဖက်ထောက်၍ ကောင်းကင်နတ်ဧကရီ၏ညီမ၏ ခေါင်းထဲရှိ မက်မွန်သားဆံထိုးကို ဆွဲထုတ်သည်။ “ဒီအမျိုးသမီးက ဒီဆံထိုးကြောင့် သေခဲ့ရတာ.... ဆံထိုးပိုင်ရှင်က မင်းအတွက် ဒါကို ထားခဲ့တာ ဖြစ်နိုင်မယ်ထင်တယ်... ငါ ထူးဆန်းတဲ့အဖြစ်အပျက်တွေ အများကြီး တွေ့ခဲ့ဖူးတယ်”

သူက လက်ဝါးထဲသို့ အားထည့်ကာ ဆံထိုးကို ဆွဲထုတ်ရန် ပြင်နေသည်။ ချင်မူ ရင်ထဲတွင် တစ်စုံတစ်ခု ခံစားလိုက်ရ၍ အလျင်အမြန် အော်လိုက်သည်။ “မဆွဲထုတ်လိုက်နဲ့”

သို့သော် နောက်ကျသွားချေပြီ။

ဝေစွေ့ဖုန်းကား ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးကို ဆွဲထုတ်ပြီးချေပြီ။ ဤအခိုက်အတန့်တွင် မြူခိုးများ ပေါ်လာပြီး သူ့ကို လွှမ်းခြုံသွား၏။

ချင်မူ ဝေစွေ့ဖုန်းကို အလျင်အမြန် လှမ်းဆွဲလိုက်သော်လည်း ဝေစွေ့ဖုန်းကား မြူခိုးများနှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်သည်။

ဝေစွေ့ဖုန်း စိတ်နှင့်ကိုယ် ပြန်ကပ်သည့်အချိန်တွင် မြူခိုးများအတွင်း၌ စီးဆင်းနေသော ကောင်းကင်နတ်မြစ်ကို မြင်ရသည်။ ကျားသစ်ကွက်စကပ်နှင့် မြက်ဖိနပ်ဝတ်ထားသော အမျိုးသမီးတစ်ယောက်က လက်တွင် မီးအိမ်တစ်လုံးကိုင်လျက် မြစ်ပြင်ထက်၌ ရပ်နေသည်။

“ဘာလို့ နင်လဲ”

အမျိုးသမီး၏အမူအရာက စိတ်ပျက်သည့်ဟန် ဖြစ်သွားသည်။ သူမသည် မီးအိမ်ကို သူ့လက်ထဲ ထိုးထည့်ပြီး သူ့ဆီမှ ဆံထိုးကို ယူကာ မြူခိုးများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ “ငါ့ကို ကူညီဖို့ ပြန်ရောက်လာတာ သူ ဖြစ်သင့်တာ... ဝေစွေ့ဖုန်း၊ ငါတို့ ပြန်တွေ့တဲ့အချိန်က နင် ထွက်သွားရမယ့် အချိန်ပဲ... မမေ့နဲ့၊ ဒီမီးအိမ်နဲ့ ငြိမ်းသေသွားတဲ့နေ့မှာ နင် ပြန်နိုင်လိမ့်မယ်”

မြူခိုးများ လွင့်စင်သွားသည့်အခါ ဝေစွေ့ဖုန်းမှာ ငေးငိုင်လျက် ကျန်ခဲ့သည်။ ကောင်းကင်နတ်မြစ်သည် တသွင်သွင်စီးဆင်းနေပြီး သင်္ဘောများက သူ့ဘေးမှ ဖြတ်သွားသည်။

“မင်းက ဘယ်သူလဲ... မင်းလိုကောင်ကများ ရာရာစစ ကောင်းကင်နတ်ဧကရာဇ် တိုင်းခန်းလှည့်လည်နေတာကို လမ်းပိတ်ရဲတယ်လို့” ရုတ်တရက် ငှက်ခေါင်းလူကိုယ်နှင့် နတ်ဘုရားတစ်ပါးက သင်္ဘောတစ်စင်းဆီမှ လှမ်းအော်သည်။

ဝေစွေ့ဖုန်း အံ့အားသင့်သွား၏။ “ကောင်းကင်နတ်ဧကရာဇ်ဟုတ်လား... ဒါက...”

“အရူး... ဒါက နဂါးဟန်ကောင်းကင်နတ်ဘုံပဲ”

နတ်ဘုရားက ရယ်သည်။ “ကိုယ့်လူတို့၊ ဒီအရူးကို သတ်ပစ်ကြစမ်း”

ဝေစွေ့ဖုန်းက ကောင်းကင်နတ်သိုင်းများ လျင်မြန်စွာ ထုတ်ဖော်ပြီး သူ့ကို ဖမ်းချုပ်ရန် ရောက်လာသည့် နတ်ဘုရားတချို့အား ရိုက်နှက်လိုက်သည်။ ငှက်ခေါင်းလူကိုယ် နတ်ဘုရား၏မျက်လုံးများ အရောင်တောက်သွားပြီး သူက ချီးကျူး၏။ “မင်းရဲ့အစွမ်းအစတွေက မဆိုးဘူးပဲ... ရောင်ရင်း၊ ငါ့ယွီလင်နန်းစောင့်တပ်ဖွဲ့ထဲ ဝင်ချင်လား”

All Chapters