← Chapters

လျူချန်း၏ဆုံးဖြတ်ချက်

Vol. 008 Ch. 716

လျူချန်း၏ဆုံးဖြတ်ချက်

Vol. 008 Ch. 716

“တော်ဝင်ကျဲနန်းတော်အတွက်… မြေရိုင်းပြည်နယ်အတွက်…” ထောင်ကျန်းက တော်ဝင်ကျဲနန်းတော် သခင်ကို ကြည့်ကာ ပြောသည်… “ကျုပ်တစ်ခါ ပြောပြီးပြီ… နန်းတော်က ယိုယွင်းနေပြီ… ဒီအတွက် ပြန်ပြီး တည်ဆောက်ဖို့လိုတယ်… ဖျက်ဆီးမှုမရှိရင် တည်ဆောက်ခြင်းလည်း မရှိဘူး… အခုထိ မင်းက နန်းတော်ကို တွယ်ငြိနေတုန်းပဲ… လျူချန်း… ဒါဆိုလည်း နန်းတော်က အရင်လို ပြန်ဖြစ်လာဖို့ မျှော်လင့်ချက် မရှိတော့ဘူး… မြေရိုင်းပြည်နယ် ကောင်းစားဖို့ဆိုတာက မင်းရဲ့ အကြောက်တရားက ဖြစ်လာတဲ့ ကောက်ချက်တွေပဲ… မင်းက အခက်အခဲကို ရင်ဆိုင်ဖို့ သတ္တိမရှိဘူး… ဒါတောင် မင်းက ရှန့်ထိုတစ်ပါး မွေးဖွားချင်သေးတယ်… မင်းစဉ်းစားစမ်း… အဲဒီလိုပုဂ္ဂိုလ်ထူးတွေက မင်း ဖန်တီးရုံနဲ့ရတဲ့ဟာတွေလား…”

“ထောင်ကျန်း… မြေရိုင်းပြည်နယ်က ရှုပ်ထွေးနေပြီ… ဒီအထဲမှာ တော်ဝင်ကျဲနန်းတော်ကပါ ပြိုကွဲပျက်စီးမှာကို ငါမလိုလားဘူး… ငါမင်းနဲ့ မတိုက်ခိုက်ချင်ဘူး…” လျူချန်းက ထောင်ကျန်းကို ကြည့်ကာ ပြောသည်။

“ဒါဆိုလည်း နန်းတော်သခင်က ဘယ်လောက်စွမ်းလဲ ကြည့်ရတာပေါ့…” ထောင်ကျန်းက ရှေ့ကို တစ်လှမ်း တက်လာသည်တွင် ထောင်ကျန်းခန္ဓာကိုယ်က ကြီးမားသော အရှိန်အဝါနှင့် ထွက်ပေါ်လာသည်။

“အစ်ကို…” ကျန့်ကန်းက ထောင်ကျန်းကို ကြည့်ကာ မည်သို့ လုပ်ရမည် မသိတော့ပေ။

လျူချန်းက ထောင်ကျန်းကို ကြည့်ကာ အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြောသည်… “ထျန်ရှင်း… ”

ထျန်ရှင်းက လျူချန်း ခေါ်လိုက်သည်နှင့် ဓားတစ်လက်ကို ကိုင်ကာ ရှေ့ကို တက်လာသည်။ ဓားကား လျှပ်စီး အလင်းတန်းများ ဝင်းလက်နေသည်။

ထောင်ကျန်းက ဓားကို မြင်သည်တွင် လွန်စွာ စိတ်ပျက်ဟန်ဖြင့် ပြောသည်… “မင်းက တော်ဝင် ရတနာကိုတောင် ပြင်ဆင်ထားတာပဲ…”

“ထောင်ကျန်း… မင်းလည်း ဒီဓားကို သိတာပဲ… ဒီဓားက အရင် ရှန့်ထိုဘိုးဘေးတွေ ထားခဲ့တဲ့ဓားပဲ… ဒီဓားကို ကိုင်ဆောင်ထားတဲ့လူက နန်းတော်ရဲ့ အပြစ်စီရင်မှု အားလုံးကို တာဝန်ယူရတဲ့လူပဲ… ဒီဓားကို ကိုင်ဆောင်ထားတဲ့လူက နန်းတော်သခင် မှားနေရင်တောင် နန်းတော်သခင်ကို အပြစ်ပေးဖို့ အခွင့်အရေးရှိတယ်… မင်းက တော်ဝင်ကျဲနန်းတော်ကို ဆန့်ကျင်ဖို့ သေချာပြီလား…” ထျန်ရှင်းက ထောင်ကျန်းကို ကြည့်ကာ ပြောသည်။

“ဆရာ… ထားလိုက်ပါတော့…” ရီဖူရှင်းကလည်း အလွန်အမင်း စိတ်ပျက်စွာ ပြောသည်။ သူကား ပိုင်လွေလီနှင့် တိုက်ခိုက်သာ သူ၏စွမ်းရည်များအား သက်သေပြရန် ရောက်ရှိလာခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဖြစ်ပျက်ခဲ့သည်များက သူမထင်မှတ်သည်များ ဖြစ်သည်။ တော်ဝင်ကျဲနန်းတော်က သူ့အား ထိုအခွင့်အရေး မပေးခဲ့ပေ။ လျူချန်းက သူ၏ယုံကြည်မှုတွင်သာ မြဲမြံစွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

တော်ဝင်ကျဲနန်းတော်ကား ယခု သူ့ကို ဖမ်းဆီးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏အစ်ကိုကြီးက ပါဝင်တိုက်ခိုက်လျှင်ပင် ဘာမှ ပြောင်းလဲမည် မဟုတ်ပေ။ လျူချန်းပြောခဲ့သလိုပင် အဆုံးသတ်ကား ဆုံးဖြတ်ထားပြီးဖြစ်ကာ တခြားမလိုအပ်သော စတေးမှုများလုပ်ရန် မလိုတော့ပေ။ သူကား လျူချန်းကို ကြည့်ကာ အလွန် စိတ်ပျက်ရသည်။ သူလေ့ကျင့်ခဲ့ဖူးသော နေရာကို စိတ်ပျက်ရသည်။

“ဖူရှင်း… ဒါက မင်း တစ်ယောက်တည်းရဲ့ တိုက်ပွဲ မဟုတ်တော့ဘူး… ဒါက ငါ့တိုက်ပွဲဖြစ်သွားပြီ…” ထောင်ကျန်းက ပြောသည်… “ဒါက ငါ့ယုံကြည်မှုနဲ့ သက်ဆိုင်သွားပြီ… ငါက ရှန့်ထိုအဆင့်ကို တက်လှမ်းတဲ့အခါ ဘေးသင့်မယ်လို့ ယုံကြည်ခဲ့တယ်... ဒါပေမဲ့ နန်းတော်ထဲမှာပဲ ဒီကိစ္စ ဖြစ်လာမယ်လို့ မထင်ခဲ့ဘူး… ဘယ်လောက် အဓိပ္ပာယ် ကင်းမဲ့လိုက်သလဲ…” ထောင်ကျန်းက ပြောရင်းဖြင့်ပင် ရှေ့ကို တက်သွားသည်။ အဆုံးအစမဲ့သော စွမ်းအားများ ကွဲထွက်လာကာ ရွှေရောင်အလင်းများ သူ့ထံမှ ဖြာထွက်လာသည်။

“ထောင်ကျန်း… မင်းက တကယ်ပဲ ခေါင်းမာတဲ့လူပဲ…” ထျန်ရှင်းက အေးစက်စွာ ပြောသည်။ သူက ရှေ့ကို တက်လာသည်တွင် လောကဓာတ်က လေထဲတွင် စတင် ဖြစ်ပေါ်လာသည်။ သူက လက်တွင် ထိုစွမ်းအားများကို စုစည်းပြီး ဓားထံသို့ ပို့လွှတ်လိုက်သည်။ အလင်းတန်းများက လေဟာနယ်ကို ဖြတ်တောက်လျက် ရှေ့ကို တိုးဝင်လာသည်။

ဘုန်း… ထောင်ကျန်းက ရှေ့ကို တက်လာသည်တွင် အလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို လာရောက် ရိုက်ခတ်သည်။ သို့သော်လည်း အလင်းတန်းများက သူ၏ခန္ဓာကိုယ်တွင် အရာပင် ထင်ကျန်အောင် မလုပ်နိုင်ပေ။

ထောင်ကျန်းကား မြေရိုင်းပြည်နယ်၏ နံပါတ်တစ်ခန္ဓာကိုယ် လေ့ကျင့်သူဖြစ်သည်။ သူ၏ခန္ဓာကိုယ်က အမြင့်ဆုံးသော မာကျောမှု၊ ကြံ့ခိုင်မှုများနှင့် အဆုံးစွန်သော ခွန်အားများကို ပိုင်ဆိုင်၏။ သူက လက်ကို မြှောက်ကာ ထျန်ရှင်းထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ထျန်ရှင်း၏ အမူအရာကား အလွန်အမင်း အေးစက်နေသည်။ ထောင်ကျန်း၏ ခွန်အားများကား အတိုင်းအဆမဲ့သည်။ သူကား တော်ဝင်ကျဲနန်းတော်၏ နန်းဆောင်သခင် တစ်ယောက်ဖြစ်ကာ ကောင်းကင်မြေရိုင်း အဆင့်၇တွင်ရှိသည်။ သူ၏လောကဓာတ်က ခွန်အားဖြစ်ကာ အရာခပ်သိမ်းကို လှုပ်ခတ်နိုင်စွမ်းသော အားလည်းဖြစ်သည်။

ထျန်ရှင်းက သူ၏ဓားဖြင့် ဆက်တိုက် ခုတ်လိုက်သည်တွင် မရေမတွက်နိုင်သော အလင်းတန်းများက ကွန်ချာအသွင်ဖြင့် တိုးဝင်လာကြသည်။

အဆုံးအစမဲ့သော အလင်းတန်းများက စုစည်းလာသည်တွင် ဧရာမလက်ဝါး ပုံရိပ်ကလည်း ပြိုပျက်သွားရသည်။ သို့သော်လည်း လက်ဝါးပုံရိပ်၏ အရှိန်အဝါက သူ့အား နောက်ကို လွင့်စဉ်သွားစေကာ မျက်နှာက ရှုံ့မဲ့သွားသည်။ သူကား မည်သို့ဆိုစေ တော်ဝင်ကျဲနန်းတော်၏ နန်းဆောင်သခင် တစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူကား တော်ဝင်ရတနာကို ကိုင်ဆောင်ထားသည့်တိုင် တစ်ချက်တည်းဖြင့် နောက်ကို လွင့်စဉ်သွားရ၏။

ထျန်ရှင်းက ဓားကို တင်းတင်းဆုပ်ကာ​​ ရှေ့ကို တက်လာသည်တွင် ပိုမိုကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက ဓားထံမှ ထွက်ပေါ်လာသည်။ သူ၏မျက်လုံးများက လေထဲကို ကြည့်သည်တွင် အလင်းတန်းများ စတင် ဖြစ်ပေါ်လာ၏။ မရေမတွက်နိုင်သော အလင်းတန်းများက ထောင်ကျန်းကို သွားရောက် ရစ်ပတ်ကြကာ ထွက်ပေါက်မရှိအောင် ပိတ်ဆို့သည်။ ထျန်ရှင်းက အရာခပ်သိမ်းအား ဗဟိုပြုကာ အားလုံးကို ထိန်းချုပ်သည်။

“ထောင်ကျန်း… နောက်ဆုတ်… မင်းရဲ့ ရုပ်ခန္ဓာက အားကောင်းချင် အားကောင်းလိမ့်မယ်… ဒါပေမဲ့ မင်းက တရားမျှတခြင်းဓားနဲ့ ရင်ဆိုင်တဲ့အခါ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး…” ထျန်ရှင်းက ပြောသည်တွင် ဓားအရောင်အဝါက မရေမတွက်နိုင်သော ဓားအလင်းတန်းများ အဖြစ် ပြောင်းလဲလာပြီး သူတို့အားလုံးကို ရစ်ပတ်သွားကာ အချိန်မရွေး သတ်ဖြတ်နိုင်သော အခြေသို့ ရောက်လာ၏။

“ထျန်ရှင်း… မင်းက တော်ဝင်ကျဲနန်းတော်ရဲ့ စည်းကမ်း ထိန်းသိမ်းရေးမှူး ဖြစ်ရင် ဖြစ်လိမ့်မယ်… ဒါပေမဲ့ မင်းမှာ ယုံကြည်မှုအားလုံး ပျက်ပြားနေပြီ…” ထောင်ကျန်းက ပြောသည်တွင် ပိုမိုအားကောင်းသော အရှိန်အဝါများ သူ့ထံမှ ဖြာထွက်လာသည်။ သွေးကြောမ ခုနစ်ခုလုံးက ကွဲထွက်လာသည်တွင် ခေါင်းအစခြေအဆုံး အလွန်ပြင်းထန်သော စွမ်းအားများ စတင်စီးဆင်း လာတော့သည်။ အလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်စီးဆင်းသည်တွင် သူကား ထိုအခိုက်၌ပင် နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရသည်။ သူက လက်ကို မြှောက်လျက် အော်ဟစ်လိုက်သည်တွင် မရေမတွက်နိုင်သော လက်ဝါးပုံရိပ်များ လေထဲတွင် ဖြစ်ပေါ်လာပြီး လောဟာနယ်အား ပျံ့လွင့်သွားသည်။

“သတ်…” ထျန်ရှင်းက အေးစက်စွာ ပြောသည်။ မရေမတွက်နိုင်သော အလင်းတန်းများက လက်ဝါးပုံရိပ်များဖြင့် ရင်ဆိုင်မိသည်တွင် ပြင်းထန်စွာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။

ထျန်ရှင်းက ရှေ့ကို မြန်ဆန်စွာပင် တက်ကာ တရားမျှတခြင်း ဓားဖြင့် ထောင်ကျန်းကို ဦးတည်၍ လှမ်းခုတ် လိုက်သည်။

“ပျက်စမ်း…” ထျန်ရှင်းက အော်ဟစ်လိုက်သည်တွင် ဓားထံမှ မယုံကြည်နိုင်ဖွယ် စွမ်းအားများ ကွဲထွက်လာပြန်သည်။ ထောင်ကျန်း၏ ခန္ဓာကိုယ်က အလွန် သန်မာသည့်တိုင် ရှန့်ထိုဓားအား တားဆီးရန် ဖြစ်နိုင်ပါမည်လော...။

ထောင်ကျန်းက လက်သီးကို တင်းတင်း ဆုပ်လိုက်သည်တွင် အဆုံးအစမဲ့သော အလင်းတန်းများက သူ၏ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာကြသည်။ ဓားက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်တွင် အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော အလင်းတန်းများ သူ၏ခန္ဓာကိုယ်ကို ဖြတ်တောက် သွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် ထောင်ကျန်းကလည်း ထျန်ရှင်းထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်

ပတ်ဝန်းကျင် တစ်ခုလုံး စွမ်းအင်ပြိုကွဲမှုများဖြင့် ရှုပ်ထွေးသွားသည်။ ထောင်ကျန်း၏ ခန္ဓာကိုယ်တွင် ဓားအလင်းတန်းများကြောင့် ဒဏ်ရာ ဒဏ်ချက်များကို မြင်ရပြီး သွေးများ ယိုစိမ့် ထွက်နေကြသည်။ သို့သော် ထျန်ရှင်းကား လက်ဝါးတစ်ချက်တွင် အဝေးကို လွင့်စဉ်သွားခဲ့သည်။ သူ၏အရိုးများအားလုံးက ကြေပျက်သွားပြီး ဖြစ်သည်။ အကယ်၍ ထောင်ကျန်းကသာ မညှာခဲ့ပါက ထျန်ရှန်းက သေရမည် သေချာ၏။

လျူချန်းနှင့် တော်ဝင်ကျဲနန်းတော်မှ လူများအားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြသည်။

ထျန်ရှင်းကား တော်ဝင်ရတနာကို ကိုင်စွဲထားသည့်တိုင် ထောင်ကျန်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ခြင်း မရှိဘဲ သူကိုယ်တိုင်က တိုက်ခိုက်နိုင်စွမ်း မဲ့သွားပြီဖြစ်သည်။

ထျန်ရှင်းက တရားမျှတခြင်း ဓားဖြင့်ပင် ထောင်ကျန်းကို ရှုံးနိမ့်ခဲ့ရသည်ကို လျူချန်းက မယုံကြည်နိုင်ပေ။ တိုက်ခိုက်ရေး ရှီနန်းဆောင်သခင် ထောင်ကျန်းကား မပျက်စီးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူကား တော်ဝင်ရတနာ၏ တိုက်ခိုက်မှုများကိုပင် ကြံ့ကြံ့ခံနိုင်၏။ အကယ်၍​ထောင်ကျန်းကသာ နန်းတော်အတွင်း အတူတူ လေ့ကျင့်ခဲ့ဖူးသော မျက်နှာကို ထောက်၍ ညှာတာခြင်း မရှိခဲ့လျှင် ထောင်ကျန်းကား ထိုလက်ဝါးရိုက်ချက်၌ အသက်ရှင်နိုင်မည် မဟုတ်ပေ။

“ဆရာ…” ရီဖူရှင်းက တီးတိုးရေရွတ်သည်။ ထောင်ကျန်းက သူ၏ဆရာဖြစ်သော်လည်း တော်ဝင်ကျဲနန်းတော်တွင် ရှိစဉ်ကာလပတ်လုံး သူနှင့် ထောင်ကျန်းက သိပ်ထိတွေ့ဆက်ဆံခြင်း မရှိခဲ့ကြပေ။ သို့သော်လည်း ထောင်ကျန်း၏ စကားများကို ရီဖူရှင်းက အလွန်ရှင်းလင်းစွာ မှတ်မိပေသည်။ သူ၏ခန္ဓာကိုယ်ကား တခြာသူများနှင့်မတူဘဲ မည်သည့် တိုက်ခိုက်မှုကိုမဆို ခံနိုင်စွမ်းရှိသည်။ တခြားလူများမူကား သူနှင့်မတူပေ။ အကယ်၍ သူ၏တိုက်ခိုက်မှုကသာ တခြားလူများကို ထိမှန်မည်ဆိုပါက တစ်ချက်တည်းဖြင့် သူတို့အား ပျက်စီးရန် လုံလောက်ပေသည်။ ယခု သူ၏ဆရာက သူပြောခဲ့သည်များအား သက်သေပြနေသည်။

ရီဖူရှင်းက တခြားလူများ၏ အကူအညီကိုယူရန် တစ်ခါမှ မစဉ်းစားဖူး သော်လည်း တော်ဝင်ကျဲနန်းတော်တွင် သူ့အတွက် တိုက်ခိုက်ပေးလိုသူများ အများအပြားကို သူမြင်နေရသည်။

သူ့ထံတွင် သူတို့ ဘာမြင်သည်ကို ရီဖူရှင်းက စိတ်ဝင်စားမိသည်။ ထိုအရာက  သူ၏ဆရာကပင် တော်ဝင်ကျဲနန်းတော်ကို ဆန့်ကျင်ရဲသော တစ်စုံတစ်ခု၊ သူ၏အသက်ကိုရင်း၍ တိုက်ခိုက်လိုစိတ် ရှိသော တစ်စုံတစ်ခုလည်း ဖြစ်သည်။

“လျူချန်း… ဒါက သူ့ကို ပထမဆုံး မြင်ဖူးတာ ဆိုပေမဲ့ ငါ့သမီးက သူ့ကို ကိုယ်တိုင် လာကြည့်ဖို့ ပြောခဲ့တယ်… ထိပ်သီး တန်ခိုးရှင်တွေ အများကြီးက သူ့အတွက် တိုက်ခိုက်ပေးတာကို ကြည့်ခြင်းအားဖြင့် ရှင့်ရဲ့စိတ်ကို ပြောင်းလဲဖို့ အခြေအနေ မရှိတော့ဘူးလား…” ရေခဲနန်းတော်သခင်က ပြောသည်။

လျူချန်းက သူမကို ကြည့်ကာ သက်ပြင်းချသည်။ ရီဖူရှင်းက သူ၏ပါရမီကို ထုတ်ဖော်ခဲ့သည့် အချိန်၌ သူက စိတ်မလှုပ်ရှားဘဲ​ မည်သို့ နေမည်နည်း။ သူကလည်း မိမိကိုယ်ကို မေးခွန်း ထုတ်ခဲ့သည်။ သို့သော် အခြေအနေက သည်အထိ ရောက်လာမှတော့ သူ့အတွက် နောက်ဆုတ်စရာလမ်း မရှိတော့ပေ။

“ငါက နန်းဆောင်ခြောက်ခုကို စုစည်းပြီး မင်းကို ရှီနန်းတော်ထဲကို ဝင်ခွင့်ပေးဖို့ ဆွေးနွေးခဲ့တယ်… နဂါးပတ်တောင် ကိစ္စမှာတောင်မှ မင်းကို နန်းတော်ကို ပြန်ဖို့… ရှီနန်းတော်ကထဲကို ဝင်ဖို့ ပြင်ဆင်ဖို့ ငါတိုက်တွန်းခဲ့တယ်… ငါမင်းကို တောင်းဆိုတာ တစ်ခုတည်းပဲရှိတယ်.. ဒါက နဂါးပတ်တောင် ကိစ္စမှာ ဝင်မပါဖို့ဘဲ… တကယ်လို့ မင်း သဘောတူခဲ့ရင် ဒါတွေ ဖြစ်လာမှာ မဟုတ်ဘူး...” လျူချန်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

“ကျုပ်ရဲ့အစ်မ၂ကို ပိုင်လွေလီနဲ့ လက်ထပ်စေဖို့ အတွက်လား… အစ်ကို၃ကို ကျိရှမ်းကမ်းပါးသို့ ခေါ်သွားခွင့် ပေးဖို့လား…” ရီဖူရှင်းက လျူချန်းကို ကြည့်ကာမေးသည်… “သူတို့ ဘာအမှား လုပ်မိလို့လဲ…”

“သူတို့ ဘာအမှား လုပ်မိလို့လဲ…” လျူချန်းက ရီဖူရှင်းကို ကြည့်သည်… “ဒါတွေ အကုန်လုံး အဆုံးသတ်သင့်တဲ့ အချိန်ရောက်ပြီ… လူအများကြီးကို ဒီအထဲ ပါဝင်ပတ်သက်ခိုင်းဖို့ မလိုတော့ဘူး…” လျူချန်းက ဆက်ပြောသည်… “ထို့ကျန်း… ထောင်ကျန်းကို ခေါ်သွားလိုက်…

ထို့ကျန်းက ဟက်ခနဲ ရယ်လိုက်သည်။ အရာအားလုံးက သည်အခြေအနေသို့ အထိရောက်ရန် လိုအပ်ပါ၏လော။

“ဆရာ…” တော်ဝင်ကျဲနန်းတော်တစ်နေရာမှ အသံတစ်သံ ထွက်လာသည်တွင် ထို့ကျန်းက လှမ်းကြည့်သည်။ ထိုနေရာမှ ယွန်စွေ့ရှင်း၊ ဖီးနစ်နှင့် တခြား တပည့်များအား သူမြင်ရသည်။ သူတို့၏မျက်လုံးများထဲမှ ဆိုလိုရင်းကို သူနားမလည်ဘဲ​ မည်သို့ နေမည်နည်း။

ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်စဉ်က သူကား ပါရမီရှင် အဆင့်တစ်ဖြစ်ကာ အများအပြားက သူ့ထံတွင် လာရောက် သင်ယူ ဆည်းပူးခဲ့ကြသည်။ လူငယ်မျိုးဆက်များ ထဲတွင် အများအပြားက ရီဖူရှင်းကို လေးစား အားကျကြသည်။ ထို့ကြောင့်ပင် များစွာသော ထိပ်သီး တန်ခိုးရှင်များကလည်း ပါဝင်စွက်ဖက်ကြရာ ယနေ့ တိုက်ပွဲများ ဖြစ်လာခဲ့သည်။

“ထို့ကျန်း… ဓားနန်းဆောင်က ဒီနေ့ကိစ္စမှာ ဝင်မပါဘူး…” နောက်တစ်နေရာမှ နောက်တစ်ယောက်က လှမ်းပြောသည်။ သူကား ဓားမိစ္ဆာဖြစ်သည်။

ဓားမိစ္ဆာက လျူချန်း၏ ဆန္ဒာကို ယခင် တစ်ကြိမ်ကလည်း သွေဖည်ခဲ့သည်။ သူက သည်ကိစ္စတွင် ပါဝင်မည်မဟုတ်ဟု ကြေညာသည်တွင် ထို့ကျန်းကလည်း သည်ကိစ္စတွင် မပါဝင်စေလိုပေ။

ထို့ကျန်းက သက်ပြင်းချသည်။ သည်နေရာတွင် အမှန်အမှား မရှိပေ။ အားလုံးက ကိုယ်စီ အမှန်တရားကို ဆုပ်ကိုင်ထားကြကာ သူတို့ ယုံကြည်ရာအတွက် တိုက်ခိုက်ကြသည်။ သို့သော် အခြေအနေက နောက်ပြန်လှည့်၍​ မရနိုင်တော့ကြောင့် သူ နားလည်ထားသည်။

ထို့ကျန်းက တွန့်ဆုတ်နေသည်ကို လျူချန်းက မြင်သည်တွင် သက်ပြင်းချသည်။ ရီဖူရှင်းကား မြေရိုင်းပြည်နယ်၏ ထိပ်သီး တန်ခိုးရှင်များအား စုစည်းနိုင်ကာ နန်းတော်၏ တိုက်ခိုက်ရေး ရှီနန်းဆောင် သခင်ပင် သူ့အတွက် တိုက်ခိုက်ပေးသည်။ ထို့အတူ ဓားမိစ္ဆာနှင့် ထို့ကျန်းတို့ကလည်း သည်ကိစ္စတွင် လက်ရှောင် လိုကြသည်။ အားလုံးက သူ၏ပါရမီတွင် စိတ်ယိမ်း နေကြသည်ကို သိသာလှသည်။ သို့သော်လည်း သူတစ်ယောက်တည်း အား​ဖြင့် စိတ်ပြောင်းခြင်း အလျှင်းမရှိပေ။ အကယ်၍ အားလုံးက သူ့အား မကောင်းမှုကို ကျူးလွန်သူ၏ စွပ်စွဲလျှင်ပင် သူကား အရာအားလုံးကို ထမ်းပိုးကာ လုပ်သင့်သည်များကို လုပ်ရပေတော့မည်။ သူက ရှေ့ကို လျှောက်လှမ်း သွားသည်တွင် ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါက အပေါ်မှ ကျဆင်းလာပြီး ရီဖူရှင်းကို လွှမ်းခြုံလာသည်။

ထောင်ကျန်းကလည်း ရှေ့ကို တက်လာသည်။

“ထောင်ကျန်း… မင်းက ခေါင်းမာနေတုန်းပဲလား…” လျူချန်းက ထောင်ကျန်းကို ကြည့်ကာ ပြောသည်… “မင်းက တကယ်ပဲ ငါ့ကို တိုက်ခိုက်မှာလား…”

“ငါက ငါ့ယုံကြည်ချက်အတွက် တိုက်ခိုက်တယ်… ငါ့မှာ တွန့်ဆုတ်နေစရာ အကြောင်းမရှိဘူး… မင်းလည်း လုပ်စရာရှိတာကိုလုပ်…” ထောင်ကျန်းက ပြောကာ လေထဲတွင် မားမားမတ်မတ် ရပ်သည်။

***

All Chapters