← Chapters

စိတ်လှုပ်ရှားနေတဲ့ ကျောင်းအုပ်ကြီး

Vol. 1 Ch. 4

စိတ်လှုပ်ရှားနေတဲ့ ကျောင်းအုပ်ကြီး

Vol. 1 Ch. 4

ပုံမှန်ဆိုလျှင် အဖြေတွေကို စစ်ဆေးပိုင်းခြားတဲ့အခါ အဆင့်၄ဆင့်သာ ရှိသည်။ ပုံမှန်အဆင့်၊ အရည်အချင်း ပြည့်မှီအဆင့်၊ ကောင်းမွန်အဆင့်နဲ့ အကောင်းဆုံးအဆင့်။ သို့သော် ဒဏ္ဍာရီထဲမှာ ပြောထားတဲ့ အဆင့်တစ်မျိုးလည်း ရှိသေးသည်။

ထိုကဲ့သို့သော အဖြေမျိုးသည် မေးခွန်းကို လုံးဝပြီးမြောက်စေသော အရာဖြစ်သည်။ ထိုအရာက စောစောက ရှန်းရွှယ့်ဆေးလုံးကို သန့်စင်သည့် မေးခွန်းလိုပင်။

ပြီးပြည့်စုံတဲ့ အဖြေဆိုတာ အတိုင်းအတာ တစ်ခုအထိ အစွန်းဆုံးရောက် ကောင်းမွန်နေသော အရာဖြစ်ကာ ၎င်းနှင့် နှိုင်းယှဉ်ပါက အခြားအဖြေများသည် ဖုန်မှုန့်ကဲ့သို့ အရောင်အဆင်း မရှိလှပေ။

ဒီလို သက်မှတ်ချက်ရှိတဲ့ အဆင့်က ဒဏ္ဍာရီထဲမှာပဲ ရှိခဲ့တာ။ ဒီလို သေးငယ်တဲ့ ဖန်းမြို့လို နေရာမျိုးကို လုံးဝ မကြားဖူးကြချေ။ သူတို့ရှေ့က မျက်နှာခပ်ပိန်ပိန် ကောင်လေးက သခင်ဖန်းတောင် မဖြေနိုင်တဲ့ မေးခွန်းတွေကို ဖြေသွားရုံတင်မကဘူး ပြီးပြည့်စုံတဲ့ အဖြေတစ်ခုလည်း ဖြစ်နေသေးသည်။

သူတို့ မျက်လုံးတွေ ကန်းကုန်တာများလား။

အားလုံးရဲ့ခေါင်းထဲ ဗလာတွေ ဖြစ်ကုန်ကြသည်။ တင်းချောင်ကျန်းလည်း မြေကြီးထဲမှာသာ အပေါက်ရှိခဲ့ရင် ဝင်သာပုန်းနေချင်တော့သည်။

အခုနကတင် သူမပြောခဲ့တာက တစ်ဖက်လူဟာ ကံမကောင်းလို့ ကံလာစမ်းတာ ဟန်ဆောင်နေတာဟု။ ရလဒ်ကတော့ ထိုလူဟာ အဖြေကို ဖြေနိုင်ရုံတင် မဟုတ်ဘဲ အကောင်းဆုံး အဆင့်ကိုတောင် ကျော်လွန်သွားသေးသည်။ အဲဒါကသူမရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။

"စုန့်ယွဲ့ကို ပြောလိုက် အဲဒီကောင်လေးကို ကောင်းကောင်းဆက်ဆံလိုက် လုံးဝ မပေါ့ဆမိစေနဲ့လို့.... "

ထိုအချိန်တွင် တင်းချောင်ကျန်းသည် မျက်နှာကို ဂရုမစိုက်နိုင်ဘဲ အရေးတကြီး အမိန့်ပေးလိုက်ရ၏။

သခင်ဖန်းပင် ပြီးပြည့်စုံသော အဆင့်အထိ မဖြေရှင်းနိုင်သော မေးခွန်းများကို သူကဖြေဆိုနိုင်တယ်တဲ့။ မျက်စိရှေ့က လူက လူရှုပ်မဟုတ်သလို တကယ်ကို အစွမ်းထက်တဲ့လူပဲ။

ဒီနေရာကလူ လုံးဝ မဖြစ်နိုင်ဘူး။ ကြီးကျယ်ခမ်းနားသော နေရာတစ်ခုက ဖြတ်သန်းသွားလာနေတဲ့ ပါရမီရှင်တစ်ဦးသာ ဖြစ်နိုင်သည်။ အဲဒီလိုလူကို သေချာပေါက် ကောင်းကောင်း ဆက်ဆံရမည်။

သူမသည် စိတ်လှုပ်ရှားမှုနဲ့အတူ ဆုလာဘ်တံတိုင်းရှေ့တွင် ရူးသွပ်တော့မတတ် ဖြစ်သွားသည်။ မူလက အလွန်ဆိတ်ငြိမ်သောနေရာသည် ချက်ချင်းပင် လူစည်ကားသော ဟင်းသီးဟင်းရွက်ဈေးအဖြစ် ပြောင်းလဲသွားသည်။

"တကယ့်ကို လိမ္မော်ရောင် အလင်းတန်း ငါးခုနဲ့ ပြီးပြည့်စုံတဲ့ အဖြေပဲ... အဘိုးကြီး ဒီနေ့ မလာဖြစ်တာ နှမြောစရာပဲ"

"ဒီလောက် အစွမ်းထက်တဲ့ လူကြီးတစ်ယောက်ရဲ့ အဖြေကို ငါ့မျက်လုံးနဲ့ တပ်အပ် မြင်လိုက်ရတာ ငါဒီဘဝမှာ နေရတာ အချည်းနှီး မဖြစ်တော့ဘူး.... "

"သခင်လေးကို မြန်မြန် သတင်းပို့လိုက် သူပဟေဠိတွေကို စိတ်ဝင်စားတယ်မလား အခွင့်အရေးတွေလက်လွတ်သွားရင် အရမ်းနောက်ကျသွားမယ်..."

တက်ကြွနေသော်လည်း လူတိုင်းက လုရွှမ်ကို အနှောင့်အယှက် ပေးမိမှာကို ကြောက်သောကြောင့် အသံကို အတတ်နိုင်ဆုံး လျှော့ချလိုက်ကြသည်။ သို့သော် လူတိုင်းရဲ့ မျက်နှာပေါ်က စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုကို အနည်းငယ်မျှပင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ပြီးပြည့်စုံတဲ့ အဖြေကို ကိုယ်တိုင် မျက်စိဖြင့် မြင်ခြင်းသည် အမှန်တကယ် အချည်းနှီးတော့ မဟုတ်ပေ။

......

ကျန်းဝူကျောင်းတော်၏ အတွင်းခြံဝင်းရှိ အိမ်ကြီးထဲတွင် အဘိုးကြီးတစ်ယောက်သည် ဆေးဖက်ဝင် လက်ဖက်ရည် တစ်ခွက်နဲ့အတူ အခန်းထဲက ထွက်လာ၏။

နေ့စဥ် ညစာစားပြီးတိုင်း သူသည် ဆေးဖက်ဝင် အပင်များဖြင့် နှပ်ထားသော လက်ဖက်ရည်သောက်သည့် အလေ့အထရှိသည်။ ထိုအချိန်သည် သူစိတ် အသက်သာဆုံး အပေါ့ပါးဆုံး အချိန်ဖြစ်သည်။

ဘုရင်မင်းမြတ် ကြွလာရင်တောင် သူ့ရဲ့အနားယူမှုကို အနှောင့်အယှက် ပေးစေမည်မဟုတ်ဟု ကြိုတင် ရှင်းပြထားပြီးသား ဖြစ်သည်။ အကြောင်းမှာ သူသည် ကျန်းဝူကျောင်းတော်၏ ကျောင်းအုပ်ကြီး ဖြစ်သောကြောင့်ပင်။

ကျန်းဝူနိုင်ငံတော်၏ ဒုတိယသခင် လော်ယန့်ချင်း။

လဲလျောင်းခုံပေါ်တွင်ထိုင်ကာ မျက်လုံးအနည်းငယ်မှိတ်၍ သူ့စိတ်ထဲတွင် တစ်နေ့တာအဖြစ်အပျက်များကို တွေးနေမိသည်။ ထိုအချိန်တွင်။

"ကျောင်းအုပ်ကြီး.... ကျောင်းအုပ်ကြီး.... "

သူ့ရဲ့ စိတ်နှလုံးတွေ ငြိမ်သက်သွားတုန်းရှိသေး ရုတ်တရက် စိုးရိမ်သောကဖြင့် အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာသည်။ လူလတ်ပိုင်းတစ်ဦး ခြေလှမ်းကျဲများဖြင့် ဖြတ်လျှောက်လာသည်။

မျက်နှာပေါ်က စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့လည်း ခက်နေ၏။ သင်ကြားရေး၏ ဒုတိယညွှန်ကြားရေးမှူး ကျိတောက်မင်ပင် ဖြစ်သည်။

"ဒီအချိန် ငါ့ကို လာမနှောင့်ယှက်ပါနဲ့လို့ ပြောထားတယ် မဟုတ်ဘူးလား?"

ကျောင်းအုပ်ကြီး လော်ယန့်ချင်းသည် ဒေါသမထွက်သော်လည်း မျက်နှာကတော့ မည်းမှောင်သွားသည်။

"ကျောင်းအုပ်ကြီး.... "

ညွှန်ကြားရေးမှူးကျိသည် ထိုအချိန်ကို သတိရလိုက်သည်နှင့် သူ့မျက်နှာမှာ တုန်လှုပ်သွားပြီး ခေါင်းပေါ်မှပင် ချွေးအေးများ စီးကျလာသည်။

"ထွက်သွား ငါ့အထင်တော့ မင်း သင်ကြားရေး လက်ထောက် နေရာကို မလိုချင်တော့ဘူး ထင်တယ်"

သူ့လက်ကို ဝှေ့ယမ်းပြီးနောက် လော်ယန့်ချင်းက စကားရပ်လိုက်ပြီး သူ့ရှေ့က ဆေးဖက်ဝင်အပင် လက်ဖက်ရည်ကို ဖြည်းညှင်းစွာ ကောက်ယူကာ တစ်ကျိုက်တည်း သောက်လိုက်သည်။

"ဟုတ်!"

ပြစ်ဒဏ်ကိုကြားတော့ လက်ထောက် ညွှန်ကြားရေးမှူးကျိရဲ့ မူလက တောက်ပနေတဲ့ မျက်လုံးတွေက ချက်ချင်းပဲ မီးခိုးရောင်ပြောင်းသွားသည်။ အဲဒီနေရာကို ရဖို့ မလွယ်ကူခဲ့ဘူး။ ဒီတစ်ခါတော့ သေချာပေါက် ရိုက်ချခံရတော့မည့်ပုံပင်။

ကျောင်းတော်၏ သင်ကြားရေးရုံးတွင် လက်ထောက် ညွှန်ကြားရေးမှူး လေးဦးရှိပြီး ညွှန်ကြားရေးမှူး အစစ်အမှန်မရှိပေ။ လေးဦးစလုံးက ပြိုင်ဆိုင်နေကြသည်။

ထိုနေရာ ထိုရာထူးက အဆင့်အတန်းတစ်ခု ဖြစ်ရုံသာမက ကျင့်ကြံမှုအတွက်လည်း များစွာ အထောက်အကူ ပြုလေသည်။ အားလုံးက ထိုနေရာအတွက် မရေမတွက်နိုင်တဲ့ နည်းလမ်းတွေကို သုံးခဲ့ကြသည်။

လက်ရှိနေရာက သူလိုချင်သော အနေအထားနဲ့ နီးကပ်နေပြီ။ ယခုအချိန်တွင် ကျောင်းအုပ်ကြီးက သူ့ကို ဒုညွှန်မှူးရာထူးမှ နုတ်ထွက်ခိုင်းရင် အခြားသုံးဦးမှာလည်း ဒုက္ခရောက်မည်မှာ သေချာပြီး နောက်တစ်ကြိမ် ပြန်စဥ်းစားရင်တောင် ပြန်လှည့်ဖို့ အခွင့်အလမ်းမရှိတော့ချေ။

မှုန်မှိုင်းသောမျက်နှာဖြင့် သူသည် လမ်းလျှောက်လာရင်း ညှိုးငယ်စွာဖြင့် နောက်ဆုတ်သွားခဲ့သည်။ ရာထူးအတွက် သူမဆင်မခြင် လုပ်လို့မဖြစ်။ ခုနကကြားရတဲ့ သတင်းကြောင့် အရမ်းတုန်လှုပ်သွားပြီး မနေနိုင်မထိုင်နိုင် ဖြစ်သွားခဲ့ခြင်းသာ။

"နေဦး....ငါ့ကိုရှာပြီး ဒီလောက်လောနေတာ တစ်ခုခု ဖြစ်လို့လား?"

ဆေးဖက်ဝင် အပင်များဖြင့် နှပ်ထားသော လက်ဖက်ရည်သောက်ပြီးနောက် လော်ယန့်ချင်း၏ နှလုံးသားထဲတွင် ဒေါသများလည်း ပျောက်ကွယ်သွားခဲ့သည်။ ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး မျက်လုံးတခြမ်းဖွင့်ကာ တစ်ဝက်ပိတ်ထားသည်။

"ဟုတ်ကဲ့.... ကျွန်တော် စောစောက သတင်းတစ်ခု ကြားခဲ့တယ်...ဖန်းမြို့မှာ ကျောင်းအုပ်ကြီး ချန်ထားခဲ့တဲ့ မေးခွန်းတွေကို လူတစ်ယောက်က ဖြေလိုက်ပြီတဲ့... ပြီးတော့ ပြီးပြည့်စုံတဲ့ အဖြေတစ်ခု.... အဲဒါကြောင့် အာ?"

ခေါင်းငုံ့ပြီး သူမကြာခင်က သိလာခဲ့သော သတင်းကို အမြန်ပြောပြသည်။ လက်ထောက်ညွှန်ကြားရေးမှူးကျိက သူစကား မဆုံးခင်မှာ လေထုက မမှန်ဘူးလို့ ခံစားလိုက်တာကြောင့် အရမ်းကြောက်သွားပြီး မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။

ခုနက ကုလားထိုင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျောင်းအုပ်ကြီးက ဘယ်အချိန် သူ့ရှေ့ကို ရောက်လာခဲ့သလဲမသိ။ မျက်လုံးတွေက သံတိုင်ကြီး တစ်ခုလိုပဲ။

သူ့တစ်ကိုယ်လုံး မရပ်မနား တုန်လှုပ်သွားပြီး သူ့လက်ထဲက ဆေးဖက်ဝင်အပင် လက်ဖက်ရည်ကိုလည်း သတိမထားမိဘဲ ကြမ်းပြင်ပေါ် ပြုတ်ကျအောင် လုပ်မိသွားသည်။

"တောင်းပန်ပါတယ် ကျောင်းအုပ်ကြီး.... "

ကျယ်လောင်သော အော်ဟစ်သံကြောင့် တစ်ဖက်သားကို ပို၍ပင် ဒေါသထွက်စေခဲ့မှာကို စိုးရိမ်ပြီး လက်ထောက် ညွှန်ကြားရေးမှူးကျိသည် သူ့ရဲ့အနာဂတ်အတွက် ပို၍ပင် စိတ်ဓာတ်ကျလာခဲ့သည်။

"တောင်းပန်တာကို အသာထား မင်းခုနက ဘာပြောလိုက်တယ်?။ ငါ့ချန်ခဲ့တာကို တစ်ယောက်ယောက်က ဖြေရှင်းပေးခဲ့တယ် ပြီးတော့ အဲဒါက ပြီးပြည့်စုံတဲ့ အဖြေ? မင်းရဲ့ဒီသတင်းက.... တကယ်ပဲလား?"

လော်ယန့်ချင်းသည် ရိုင်းစိုင်းသော အပြုအမူမဟုတ်ဘဲ သူ့ရဲ့ ပခုံးကိုဆွဲကာ အလျင်စလိုမေးလာသည်။ ဒီအချိန်တွင် ကျောင်းအုပ်ကြီး မဟုတ်တော့ဘဲ အစားကြူးသော ကလေးတစ်ဦး အရသာရှိသော အစားအစာကို မြင်နေရသလိုပင်။

"ကျွန်တော် ခုနက ကြားလာခဲ့တဲ့ သတင်းက လုံးဝကို မှန်ပါတယ်...."

လက်ထောက် ညွှန်ကြားရေးမှူးကျိသည် ကြက်သေသေနေရာမှ ပြန်ဖြေလိုက်၏။

လက်ထောက်တစ်ယောက် အနေဖြင့် လော်ယန့်ချင်းရဲ့ အကြောင်းကို သူသိသည်။ အဲဒီနှစ်တုန်းက တခြားသူတွေနဲ့ တိုက်ပွဲဖြစ်လာတဲ့အခါ ညိုမည်းနေတဲ့ ဒဏ်ရာတွေ ရလာခဲ့ပြီး ညရောက်တိုင်း ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရ၏။

ညခင်းဘက် လက်ဖက်ရည်သောက်ချိန် ဆိုတာသည်မှာ အမှန်တကယ်တော့ ဝေဒနာက ပြင်းထန်လွန်းတာကြောင့် တခြားသူတွေကို မြင်တွေ့သွားမှာ ကြောက်ပြီး ရှက်စရာတစ်ခု ဖြစ်လာမှာကို စိုးရိမ်နေတာ ဖြစ်သည်။

"မြင်းလှည်း မြန်မြန် မပြင်သေးဘူးလား... ငါဖန်းမြို့ကို သွားမယ်"

စကားပြောလို့ပင် မဆုံးသေး ကျောင်းအုပ်ကြီးရဲ့ စိုးရိမ်တကြီး ဟောက်လုနီးပါး အသံကို ကြားလိုက်ရသည်။

"မြင်းလှည်း? ဖန်းမြို့ကိုသွားမယ်?....အခုက မိုးမှောင်တော့..... "

ကျိတောက်မင်လည်း ဘယ်လို ပြန်ဖြေရမှန်း မသိတော့ချေ။

"ဘာအပိုတွေ ပြောနေတာလဲ!! မြန်မြန် လုပ်!!"

ကျောင်းအုပ်ကြီးက အော်လည်းအော် အပြင်ကိုလည်း လျှောက်ထွက်သွားသည်။

"ကျောင်းအုပ်ကြီး.... ကျောင်းအုပ်ကြီးရဲ့ ဖိနပ်...."

သူထွက်သွားတာကိုမြင်တော့ လက်ထောက်ညွှန်ကြားရေးမှူးကျိက ကျောင်းအုပ်ကြီး သူ့ဖိနပ်ကို ချွတ်ပြီး ကုတင်ပေါ်မှာ ထိုင်နေခဲ့မှန်း သတိရသွားသည်။ အခုက ဖိနပ်လည်း မစီးထားသလို အဝတ်အစားကလည်း သေသေသပ်သပ် မရှိဘူး။

တခြားသူတွေက ကျောင်းအုပ်ကြီးဟာ တင်းကြပ်တဲ့ လူတစ်ယောက်လို့ သိထားပြီး အခုပုံစံကို မြင်သွားရင်... ။

"မြန်မြန်လုပ်လေ....ဟုတ်သားပဲ ဒီနေ့ကစပြီး မင်းကကျောင်းတော်ရဲ့ ညွှန်ကြားရေးမှူးပဲ"

"ညွှန်ကြားရေးမှူး.... ကျွန်တော်က?"

ခဏအတွင်းမှာပင် ကျိတောက်မင်သည် ပျော်ရွှင်မှု အရှိန်အဟုန်ကြောင့် မူးမေ့လဲမတတ် ဖြစ်သွားသည်။

.......

"ဘာ? တစ်စုံတစ်ယောက်က ငါ့မေးခွန်းကို ပြည့်စုံစွာ ဖြေခဲ့တယ်? တကယ်လား? ငါအခုလာခဲ့မယ်"

"ဒီလိုလူမျိုး ကျန်းဝူမြို့မှာ ဘယ်တုန်းကပေါ်လာတာလဲ? မြန်မြန်လုပ်.... ဘယ်လိုပဲဖြစ်ဖြစ် ငါသူနဲ့ တွေ့ကိုတွေ့မယ်.... "

"အဲဒီလူက အသက်ဘယ်လောက်ရှိပြီလဲ? ချောလား? ငါသူ့ကို မွေးစားချင်တယ်... "

......

ဖန်းရှစ်[ဖန်းမြို့]မှာ ပြီးပြည့်စုံတဲ့ အဖြေတစ်ခု ပေါ်ထွက်လာတဲ့ သတင်းက ချက်ချင်းပင် အတောင်များပေါက်ကာ ငှက်ကလေးများနှယ် လေဟုန်နှင့် ပျံထွက်သွားသည်။

မရေမတွက်နိုင်သော မင်းမျိုးမင်းနွယ်များ ၊ ချမ်းသာပြီး သြဇာကြီးသူများ အားလုံးသည် သတင်းကြားရပြီး မနေနိုင် မထိုင်နိုင် ဖြစ်နေကြတော့သည်။

လူပေါင်းများစွာ မဖြေနိုင်ခဲ့တဲ့ မေးခွန်းကို သူကပြီးပြည့်စုံအောင် ဖြေနိုင်တယ်ဆိုတော့ ဘယ်လိုပဲ ဖြစ်နေပါစေ သူနဲ့ မိတ်ဖွဲ့ရမည်။

ခဏလောက်ကြာတော့ လူအုပ်ကြီးနဲ့ မရေမတွက်နိုင်တဲ့ လူတွေက ကျန်းဝူ ဖန်းမြို့ဆီကို ပြေးလာကြလေ၏။

All Chapters