ဥပဒေအဖွဲ့
Vol. 1 Ch. 6
ကျန်းဝူ ဖန်းမြို့မှာ ကြက်လိုပျံပြီး ခွေးလိုပြေးနေတဲ့ သတင်းတွေကို လုရွှမ်တစ်ယောက် ဘာမှမသိဘဲ သူသည် ကျောင်းတော်ထဲကို ပြန်ရောက်နေပြီ ဖြစ်သည်။
ကျောင်းတော်ထဲ ဝင်ပြီးနောက် လုရွှမ်သည် အိပ်ဆောင်သို့ မပြန်ဘဲ ကျောင်းတော်ရဲ့ နောက်ဘက် တောကြီးမျက်မည်းသို့ ရောက်အောင်သွားပြီး ဆိတ်ငြိမ်သောနေရာကို ရှာကာ တင်ပျဉ်ခွေထိုင်လိုက်သည်။
"ကြွက်သားနဲ့ အရိုးတွေ ဒဏ်ရာရထားပြီး ကျင့်ကြံမှုကလည်း မကောင်းဘူး... အမာရွတ်တွေကလည်း အထပ်ထပ်နဲ့ ... ကောင်းကောင်းသာ ပြန်မလေ့ကျင့်ရင် မသန်မစွမ်းဖြစ်ပြီး အရိုးတွေက နည်းနည်းတောင် လှုပ်ရှားနိုင်မှာ မဟုတ်ဘူး...."
မျက်မှောင်ကြုတ်ကာ သူ့ကိုယ်ပေါ်ရှိ ပြဿနာအားလုံးကို ပြောနေမိသည်။ အရင်ဘဝမှာဆို သူသည် မယုံနိုင်လောက်အောင် မြင့်မားသော အထွတ်အထိပ် အဆင့်ကို ရောက်ရှိခဲ့၏။
သူ့မျက်လုံးထဲမှာ ဒီခန္ဓာကိုယ်က အကုန်လုံး ပြဿနာတွေချည်းသာ။ ဒီပြဿနာတွေကိုသာ မဖြေရှင်းထားရင် နောက်ပိုင်း ကျင့်ကြံမှုတိုးတက်ဖို့က ကောင်းကင်ကို တက်ရတာထက်ပင် ခက်ခဲလောက်သည်။
လိုအပ်တဲ့ ဆေးပင်တွေကို ပမာဏအလိုက် စုစည်းပြီး ဗိုက်ထဲ မျိုချလိုက်သောအခါ အပူများ ထိုးတက်လာသည်။ တံတွေးထွေးချင်စိတ်ကို သည်းခံရင်း ပိုင်ရွှယ်ဟွေ့ ကောင်းကင်မြေပုံထဲက အတိုင်း အပူစီးဆင်း အားလုံးကို ပျက်စီးနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးဆီကို ပျံ့နှံ့သွားစေလိုက်သည်။
တစ်ညတာ ကုန်လွန်သွားပြီးနောက် လုရွှမ်သည် သက်ပြင်းတစ်ချက်ကို ရှုရှိုက်လိုက်ပြီး ရွှင်လန်းမှု အလင်းတန်းများက သူ့မျက်လုံးထဲမှ ထွက်ပေါ်လာသည်။
ဆေးပင်များကို ရွှေစပေါင်း သောင်းနှင့်ချီ၍ ဝယ်ယူခဲ့ရသော်လည်း တစ်ညအတွင်း အားလုံး ပြောင်သွားခဲ့ပြီ။ သို့သော် ခန္ဓာကိုယ်မှ ဖုံးကွယ်ထားသော အတွင်းဒဏ်ရာများမှာ လုံးဝပျောက်ကင်းသွားသည်။
တစ်ကိုယ်လုံးရှိ ကြွက်သားများ အရိုးများလည်း သံမဏိကြိုးများကဲ့သို့ ကြံ့ခိုင်လာသည်။
" ဂိုဏ်းကြီးခြောက်ခုရဲ့ အစွမ်းထက်ဆုံး မူလကိုယ်ခန္ဓာ လေ့ကျင့်ရေး နည်းလမ်းလို့ကို မပြောရဘူး... အံ့သြစရာပဲ"
ပိုင်ရွှယ်ဟွေ့ ကောင်းကင်မြေပုံထဲက အတိုင်း တစ်ညတာသာ လေ့ကျင့်ခဲ့သော်လည်း ရွှေစသောင်းချီပေးရတဲ့ ဆေးပင်တွေရဲ့ ရလဒ်ကတော့ ခန္ဓာကိုယ်ကို အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားစေသည်။
"စွမ်းအင်ကို စမ်းကြည့်ရအောင်"
ခြေတစ်ချက်နင်း၍ လက်ဝါးတစ်ချက် ရိုက်လိုက်စဥ် ဝုန်းခနဲ အသံကြီးနဲ့အတူ သူ့ရှေ့က သစ်ပင်ပေါ်တွင် လက်ဝါးရာတစ်ခု ဖြစ်သွားသည်။
ဖုန်း!
သူ့ရှေ့မှာ လူတစ်ယောက် ပွေ့ဖက်ထားနိုင်တဲ့ သစ်ပင်ကြီးမှာ နှစ်လက်မနက်တဲ့ လက်ရာတစ်ခု ပေါ်လာပြီး သစ်ရွက်တွေ ကြွေကျလာ၏။
လက်မောင်းများ တုန်ခါသွားကာ တစ်ကိုယ်လုံးရှိ ကြွက်သားများမှ ဖိသိပ်ထားခဲ့သော စွမ်းအင်များက ပြတ်သား ပြင်းထန်သော အသံများအဖြစ် ထွက်ပေါ်လာသည်။
ဝုန်းဝုန်းဝုန်းဝုန်းဝုန်း!
တစ်ချက်တည်းဖြင့် အသံငါးသံ။
"ပြက်သားတဲ့ အသံစွမ်းအင် ငါးခုလား?"
လုရွှမ် မျက်ခုံးပင့်လိုက်သည်။
"အသံငါးကွင်း နယ်ပယ်ကို ရောက်လာတော့ ဝိညာဥ်စွမ်းအင်ကို ခံစားမိလာတယ်... စစ်သည်အဆင့် တိုက်ခိုက်သူ ဖြစ်လာဖို့ နီးပြီပေါ့ ဒါပေမဲ့ ကျင့်ကြံခြင်း အစောပိုင်းအဆင့်မှာ ဝိညာဥ်ချီ စုဆောင်းမှု ပိုများလေ နောက်ပိုင်း အကျိုးသက်ရောက်မှု ပိုများလေပဲ.... အရင်ဘဝက ငါအသံ၈ကွင်း နယ်ပယ်ကို ရောက်တော့ ဝူအဆင့်ရဲ့ ပထမတန်းစားလို့ ပြောကြတယ်... "
"ဒဏ္ဍာရီမှာတော့ ဝူအဆင့်ရဲ့ ထိပ်တန်းက အသံကိုးကွင်းလို့ ပြောထားတယ်... ရှေးဟောင်းသွေးလည်းရှိ အစွမ်းထက်ပြီး ထူးချွန်ထက်မြက်သူတွေသာ လုပ်နိုင်ကြမှာ...ဒီဘဝမှာရော အောင်မြင်ပါ့မလားတောင် မသိဘူး"
အသံ၅ကွင်း နယ်ပယ်ကိုရောက်ရင် ဝူအဆင့်တပည့်တွေနဲ့ တိုက်ခိုက်နိုင်ပြီ။ သို့သော် မတိုက်ခင်မှာ အသံကွင်းတွေကို ပိုစုဆောင်းထားရမည်။ သို့မှသာ အောင်မြင်မှုက ကြီးမားမှာဖြစ်သည်။
အရင်ဘဝမှာတုန်းက သူသည် အသံကွင်း၈ခုအထိ ရရှိခဲ့သည်။ ဒီဘဝမှာ ပိုင်ရွှယ်ဟွေ့ကောင်းကင်မြေပုံနဲ့ နှစ်ဘဝ အတွေ့အကြုံတွေ ရှိနေပြီ။ ဒဏ္ဍာရီထဲက အသံကိုးကွင်းအထိ မရောက်နိုင်မှာတော့ မဖြစ်နိုင်ချေ။
ဂွီ.....
အတွေးဝင်နေတုန်း သူ့ဗိုက်ထဲက အသံတစ်သံ ထွက်လာ၏။
"အခုလက်ရှိ အခြေအနေကို မေ့သွားတာပဲ"
သူတွေးရင်း ခေါင်းယမ်းလိုက်သည်။
လက်ရှိ ခွန်အားဖြင့် သူသည် စစ်သည်တော်အဆင့်ပင် မဟုတ်သေးချေ။ ဆာလောင်မှုကို ဖိနှိပ်မထားနိုင်တော့ဘဲ မှောင်ခိုဈေးက ထွက်လာတာ တစ်ရက်နီးပါးပင် ရှိနေပြီမို့ ဗိုက်ဆာနေပြီဖြစ်သည်။
"တစ်ခုခု အရင်စားလိုက်တာပေါ့...ဒီအတိုင်းသာ ဆက်ကျင့်နေရင် စွမ်းအင်တွေ မစုစည်းနိုင်တဲ့အပြင် လူတောင် ငတ်ပြီးသေသွားလိမ့်မယ်!"
သက်ပြင်းတစ်ချက်ချကာ တောအုပ်ထဲမှ ထွက်လာခဲ့သည်။
"လုရွှမ် လုရွှမ်..... ငါမင်းကို နောက်ဆုံးတော့ ရှာတွေ့ပြီ"
တောအုပ်ကြီးနဲ့ မနီးမဝေးမှာ ခပ်ကျယ်ကျယ် အော်သံကြားရပြီး အလောတကြီး မျက်နှာထားနဲ့ လူတစ်ယောက် ပြေးလာလေ၏။
ယွမ်ချောင်ဟုခေါ်သော ထိုလူငယ်လေးသည် သူ၏အခန်းဖော်ဖြစ်ပြီး မူလပိုင်ရှင်နဲ့ ဆက်ဆံရေး မဆိုးလှချေ။
"ပြဿနာတက်ပြီ!...."
ပြင်းပြင်းထန်ထန် အော်ဟစ်ရင်း ပြေးလာသူ ယွမ်ချောင်ရဲ့ မျက်နှာပေါ်တွင် ထိတ်လန့်မှုများဖြင့်။
"ဥပဒေအဖွဲ့က လူတွေ မင်းကိုရှာနေတယ်...."
"ဥပဒေအဖွဲ့?"
လုရွှမ် မျက်မှောင်ကြုတ်ကာ အနည်းငယ် ထူးဆန်းနေတယ်လို့ ခံစားနေရသည်။
"ငါ့ကိုရှာပြီး ဘာလုပ်မလို့လဲ?"
ဥပဒေအဖွဲ့သည် ကျောင်းတော်အတွင်း ရာဇ၀တ်မှုဆိုင်ရာ ဥပဒေများအတွက် တာဝန်ရှိသော ကျောင်းတော်၏ အထူးဌာနတစ်ခု ဖြစ်သည်။ စည်းကမ်းဖျောက်ဖျက်ပါက ဘယ်လို ကျောင်းသားမဆို ခေါ်ယူအပြစ်ပေးပြီး ဆရာတွေလည်း ချွင်းချက်မရှိချေ။
ရက်စက် ကြမ်းကြုတ်မှုကြောင့် လူသိများပြီး လူတိုင်းသည် မြွေများနှင့် ကင်းမြီးကောက်များနှယ် ကြောက်ကြသည်။
ဒါပေမဲ့ စည်းကမ်းဖောက်ဖျက်တဲ့ လူကို သွားရှာလေ။ သူ့ကိုရှာပြီး ဘာလုပ်မှာလဲ။
"ငါလည်း မသိဘူး .... ခဏနေလို့ သူတို့နဲ့ စကားပြောရင် သေချာပေါက် သတိထားရမယ်နော် ဥပဒေအဖွဲ့ထဲက လူတွေက ရက်စက်ပြီး ယုတ္တိမရှိကြဘူး... တကယ်လို့ စွဲချက်မရှိရင်တောင် သူတို့ တစ်ချက်ရိုက်လိုက်တာနဲ့ အထဲမှာ သေသွားနိုင်တယ်"
ယွမ်ချောင်က စိုးရိမ်မှုအပြည့်ဖြင့် ပြောပြလာသည်။
ကျောင်းထဲတွင် ထိုသို့သော ဥပမာများစွာရှိသည်။ အချို့သော သူများသည် ဥပဒေအဖွဲ့ဝင်များကို စော်ကားသောကြောင့် မခိုင်လုံသောစွဲချက်များဖြင့် တရားစွဲဆိုခံရသည်။
အသက်ရှင်လျက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့ကြကြောင့် ထိုနေရာသည် ကျောင်းသားအားလုံး၏ နှလုံးသားထဲတွင် အိပ်မက်ဆိုးကြီး ဖြစ်နေပေတော့သည်။ တရားဥပဒေအဖွဲ့မှ ကျောင်းသားတစ်ဦးကို တွေ့ရင် ရှောင်ထွက်သွားကြသည်။
လုရွှမ် ခေါင်းညိတ်လိုက်ပြီး။
"ငါသတိထားပါ့မယ်!"
သူ့အတွက်က ဒုက္ခနည်းလေလေ ပိုကောင်းလေပဲ။ အခု အရေးကြီးဆုံးက ကျင့်ကြံဖို့သာ။ ဒုက္ခဖြစ်စေတဲ့ ကိစ္စတွေကို သွားမရှုပ်တာ အကောင်းဆုံးပဲ။
"ဘယ်သူလာတာလဲ မင်းသိလား"
လမ်းလျှောက် ပြန်လာရင်း လုရွှမ်က မေးလိုက်သည်။
ဥပဒေအဖွဲ့၏ အဖွဲ့ဝင်များသည် အဆင့်အားလုံးမှ တစ်ယောက်ချင်း ဆွဲထုတ်၍ ဖွဲ့စည်းထားသော အထက်တန်းစား ကျောင်းသားများအဖွဲ့ ဖြစ်သည်။ များသောအားဖြင့် အဆင့်တူတွေထဲမှ လူတွေပါကြပြီး အများစုကို နာမည်တပ်ခေါ်ကြသည်။
"စုစုပေါင်း သုံးယောက်လာတာ... တစ်ယောက်က အရင်နှစ် ပြိုင်ပွဲတုန်းက စတုတ္ထ ရခဲ့တဲ့ လျိုချွမ်း... သူက အသံငါးကွင်း အဆင့်ကို ရောက်နေပြီး အချိန်မရွေး ဝူအဆင့် ဖြစ်လာနိုင်တယ်လို့ ပြောနေကြတာ သူက အခုနှစ်ပြိုင်ပွဲမှာလည်း ရေပန်းစားတဲ့ ပြိုင်ပွဲဝင် တစ်ဦးပဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်မှ ဥပဒေအဖွဲ့ထဲ ဝင်သွားတာ ကျန်တဲ့နှစ်ယောက်က ကျောင်းလျောင့်နဲ့ လျိုယောင်... သူတို့ကလည်း အဆင့်ပြိုင်ပွဲမှာ ထိပ်တန်းအဆင့် 30 အတွင်း ဝင်ခဲ့ကြသူတွေ"
ယွမ်ချောင်က ရှင်ပြလေ၏။
ကျန်းဝူကျောင်းတော်၏ အောက်တန်းအဆင့်တွင် လူ၁သောင်း ထက်မနည်းရှိသည်။ ထိပ်တန်း၁၀၀ထဲ ဝင်နိုင်လျှင်ပင် အလွန်ထူးခြားတဲ့ ရလဒ်ဖြစ်နေပြီ။
ပြိုင်ပွဲတွင် ထိပ်တန်းလေးယောက်ကို တစ်သောင်းထဲက တစ်ယောက်ဟု သတ်မှတ်နိုင်သည်။
"သူတို့လား?"
ခေါင်းထဲကို ထိုလူ၃ယောက်ရဲ့ ပုံရိပ်တွေ ဝင်လာ၏။ လုရွှမ်ဟာ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ထိပ်တန်း ၁၀၀၀ စာရင်းမှာတောင် မပါဝင်ခဲ့ချေ။ ထိပ်တန်း အယောက်၃၀သည် လူတိုင်းနီးပါး နာမည်တပ်ခေါ်နိုင်တဲ့အထိ သိနိုင်ကြပြီး သူတို့အပေါ်လည်း လေးနက်တဲ့ အမြင်တွေ ရှိလေသည်။
"ဟုတ်တယ်... သူတို့တစ်ယောက်စီက စကားပြောလို့ သိပ်မကောင်းဘူး အထူးသဖြင့် လျိုချွမ်း... သူ့အပေါ် အာဃာတကြီးတဲ့ အတန်းဖော်ဟောင်းတချို့ကို ဖမ်းဆီးပြီး ဥပဒေအဖွဲ့ဆီ ပို့လိုက်တာ ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရတယ်လို့ ကြားတယ်။ စွဲချက်တွေကလည်း သူတို့ဘာသာ ပြောကြတာ... တကယ်ဟုတ်လား မဟုတ်လားဆိုတာတောင် ဘယ်သူမှ မသိကြဘူး... "
ဒါကိုပြောပြီး ယွမ်ချောင် တုန်ရီနေတာကိုပင် မထိန်းနိုင်တော့ချေ။
ဥပဒေအဖွဲ့ဟုသာ ခေါ်ကြတာ လက်တွေ့မှာတော့ ကျန်းဝူကျောင်းတော်ရဲ့ အမှောင်ဆုံးနေရာ တစ်ခုပင်။ တစ်ကြိမ် အဖမ်းခံရတာနဲ့ ဘယ်လို စည်းကမ်းကို ဖောက်ဖျခဲ့တယ် အသာထား သူတို့ပြောတဲ့အတိုင်းသာ လုပ်ရသည်။
"အင်း"
လုရွှမ် မျက်ခုံးသာပင့်၍ စကားမဆိုတော့ပေ။ ကြည့်ရတာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဒီလိုအဖွဲ့အစည်းမျိုး ရှိနေပုံပဲ။ အရင်တုန်းက ရွှမ်ချင်းဂိုဏ်းမှာလည်း အကြီးအကဲတွေက သူ့အမှားတွေကို ဝန်ခံစေဖို့ ထိုအဖွဲ့အစည်းမျိုး ဖွဲ့ခဲ့ဖူးသည်။
မထင်မှတ်ဘဲ သူက ပြန်မွေးဖွားလာပြီမို့ ထိုအရာနဲ့ မတွေ့ဘူးလို့ ထင်ထားခဲ့တာ။ အခုတော့ ထပ်တွေ့ပြန်ပြီ။
တောအုပ်ထဲက ထွက်လာပြီး အိပ်ဆောင်တွေနဲ့ မလှမ်းမကမ်းကို ရောက်တော့ စကားပြောသံတွေကို ကြားလိုက်ရသည်။
"မင်းဘယ်လိုနေနေ သေရမှာကို မသိဘူးလား ဥပဒေအဖွဲ့က သူ့ကိုဖမ်းဖို့ ရောက်လာတာတောင် မင်းကသူ့ကို ဖုံးကွယ်ပေးထား ချင်တယ်ပေါ့ အရမ်းကောင်းတယ်... မင်းနာမည်က ရန်လင် ဟုတ်တယ်ဟုတ်? မင်းက လုရွှမ်ရဲ့ အခန်းဖော်မလား... မင်းတို့က ဆက်ဆံရေး မဆိုးဘူးလို့ ကြားမိတယ်... အခုသူ ပုန်းနေပြီး မထွက်လာလည်း ရတယ် မင်းကိုဖမ်းသွားပြီး ပြစ်မှုကျူးလွန်သူကို ဖုံးဖိမှုနဲ့ စွဲချက်တင်လိုက်မယ်...."
အေးစက်ပြီး မာနကြီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဖုံးဖိမှု.... ငါမဟုတ်ဘူး!"
ရန်လင် ကမန်းကတမ်း ထပြောလိုက်ပေမယ့် စကားမဆုံးခင်မှာပဲ ဖြောင်းကနဲ အသံတစ်ခု ထွက်ပေါ်လာ၏။
အေးစက်စက်နှင့် အထင်အမြင်သေးသော အသံက ဆက်လက် ထွက်ပေါ်လာသည်။
"အရှက်မရှိတဲ့ကောင် ငါမင်းကို စကားပြောခိုင်းလို့လား? သခင်လေးလျိုက သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းဖို့လာတာကို မင်းက ဖုံးဖိပေးရဲတယ်ပေါ့ တော်တော် သတ္တိကောင်းတာပဲ ယုံချင်ယုံ မယုံချင်နေ ငါအခုမင်းရဲ့ စွမ်းအင်ကို ဖျက်ဆီးပစ်လိုက်မယ်..."
"သူ့ကို ဖျက်စီးမယ်? မင်းသတ္တိရှိရင် နောက်တစ်ကြိမ် ထပ်စမ်းကြည့်လိုက်လေ"
မောက်မာနေသော စကားလုံးများ မဆုံးခင် အခန်းထဲတွင် ပိုအေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လျှောက်ဝင်လာသော လုရွှမ်ရဲ့ မျက်နှာပေါ်မှာတော့ ရွာတော့မယ့်မိုးလို အုံ့မှိုင်းနေ၏။