လျိုချွမ်း
Vol. 1 Ch. 7
လမ်းမှာ ဥပဒေစိုးမိုးရေးအဖွဲ့က မာနကြီးတယ်လို့ ကြားခဲ့ပေမယ့် ဒီလောက်မောက်မာမယ်လို့ မမျှော်လင့်ထားဘူး။
ပြစ်မှုကျူးလွန်သူ ရာဇဝတ်သား?
သူ့ကိုယ်သူတောင် ဘာကို ကျူးလွန်ခဲ့မိလဲ မသိ။ သူ့ကိုရှာမတွေ့တာနဲ့ပဲ ဖုံးဖိမှုဖြစ်သွားရောလား? ဖုံးဖိမှုကရော ဘာလဲ?။
ရန်လင်ကို ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံး ညိုမည်းနေတာကို တွေ့လိုက်ရသည်။ ရန်လင်နဲ့ ယွမ်ချောင်က သူ့ရဲ့အခန်းဖော်တွေ။ ဆက်ဆံရေးကလည်း မဆိုးခဲ့ချေ။ သူ့ကို ရှာမတွေ့တာနဲ့ဘဲ ဒီလောက်အထိ အရိုက်ခံလိုက်ရမယ်လို့ မထင်ထားဘူး။
မျက်နှာက ရောင်ကိုင်းနေပြီး သွားတွေလည်း ကျိုးကုန်ပြီ။ သူသာ နည်းနည်း နောက်ကျသွားခဲ့ရင် တစ်ဖက်လူက သူ့လက်တွေ ခြေတွေကို ချိုးပစ်လိုက်မှာကိုပင် ကြောက်ရသည်။
"မင်းက လုရွှမ် ဆိုတာလား? ငါတို့ကို ဒီမှာအကြာကြီး စောင့်ခိုင်းရအောင် မင်းအတော် သတ္တိကောင်းနေတာပဲ!"
လူနှစ်ယောက် လမ်းလျှောက်လာရင်း သူတို့ကို လျစ်လျူရှုထားတာကို မြင်လိုက်ရတော့ စောစောက စကားပြောခဲ့တဲ့ သူရဲ့ မျက်နှာဟာ ရက်စက်မှုတွေ ပြည့်နှက်လာသည်။
"အခုဒူးထောက်ပြီး လိမ်လိမ်မာမာနဲ့ သံကြိုးအချည်ခံပြီး ဥပဒေအဖွဲ့ဆီ လိုက်ခဲ့.... အဲ့လိုဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်.... မဟုတ်ဘဲ ခုခံရင်တော့ မင်းကို ဒီမှာ ပွဲချင်းပြီး အသေသတ်ရင်တောင် ဘယ်သူမှ မပြောရဲဘူး!"
"ခုခံရင်?"
ရှေးယခင်က အရူးဧကရာဇ်သည် လောကကို အုပ်စိုးသော ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ အရှင်သခင်ဖြစ်သည်။ ဧကရာဇ်ငါးပါးကို ထည့်ပေါင်းရင်တောင် ဘယ်သူမှသူ့ကို ဒီစကားမျိုး မပြောရဲချေ။
သူပြန်မွေးဖွားလာ ပြီးပြီးချင်းမှာ တစ်စုံတစ်ယောက်က သူ့ကို ဒူးထောက်ခိုင်းနေမယ်လို့ မထင်ထားခဲ့။
လုရွှမ်သည် အေးစက်သော လေအပြည့်ဖြင့် ရှေ့ကိုကြည့်လိုက်သည်။ အခန်းထဲတွင် ရန်လင်အပြင် တခြားလူ၃ယောက်ရှိ၏။ အားလုံးက မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။
အရပ်ရှည်ပိန်ပါးပါး အသက်၁၇ သို့မဟုတ် ၁၈ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးသည် အိပ်ဆောင်အလယ်ရှိ ထိုင်ခုံပေါ်တွင် ထိုင်လျက်။ ထိုသူက ယွမ်ချောင်ပြောတဲ့ လျိုချွမ်း ဖြစ်နိုင်သည်။
ဘယ်နဲ့ညာမှာလည်း လူတစ်ယောက်စီ ရပ်နေသည်။ သူတို့က ကျောင်းလျောင့်နဲ့ လျိုယောင် ဖြစ်မည်။ စောစောက လုရွှမ်ကို ဒူးထောက်ခိုင်းသူဟာ ညာဘက်တွင်ရပ်နေသော ကျောင်းလျောင့်ဆိုသူ ဖြစ်၏။
"ကောင်လေး မင်းကို မြေပြင်ပေါ်မှာ ဒူးထောက်ပြီး မင်းရဲ့ပြစ်မှုကို ဝန်ခံဖို့ ငါတို့မင်းကို သုံးစက္ကန့် အချိန်ပေးမယ် မဟုတ်ရင် သေဖို့ လမ်းတစ်ခုပဲ ရှိလိမ့်မယ်!"
ကျောင်းလျောင့်က ရှေ့တစ်လှမ်းတိုးပြီး ဟောက်လိုက်သည်။ ဒါကိုကြားတော့ လုရွှမ်က တက်သွားပေမယ့် တစ်စုံတစ်ယောက်က သူ့လက်ကိုဆွဲကိုင်လာ၏။
ခေါင်းကိုလှည့်ကြည့်လိုက်တော့ ယွမ်ချောင်က စိုးရိမ်တကြီး ခေါင်းခါနေတာကို တွေ့လိုက်ရသည်။
"လုရွှမ် မင်းငါ့ကို အခုနပဲ ကတိပေးထားတယ်လေ ပေါ့ပေါ့ဆဆ မလုပ်နဲ့... ငါတို့ ဥပဒေအဖွဲ့နဲ့ သွားရှုပ်လို့ မဖြစ်ဘူး...."
အမှားကို ဝန်ခံရင်း ဥပဒေအဖွဲ့က အရေခွံ ခွာလိမ့်မယ်။ သူတို့နဲ့ သွားရှုပ်ပြန်ရင်လည်း အာခံသည်ဟုဆိုတာ ဘယ်လိုသေသွားရမှန်း မသိ သေရလိမ့်မည်။
"စီနီယာသုံးယောက်ခင်ဗျာ.... လုရွှမ်က အစ်ကိုတို့ဒီကို ရောက်လာတာကြားတော့ လန့်သွားတာမလို့ ခဏလောက် တုံ့ပြန်ဖို့ မေ့သွားတာပါ.. စိတ်မဆိုးပါနဲ့..."
ယွမ်ချောင်ရှေ့သိူ့ အလျင်အမြန် တိုးသွားပြီး ရှင်းပြလိုက်သည်။
"လန့်သွားတာ? ငါ့အထင်တော့ သူက အဖမ်းမခံချင်တဲ့အပြင် အပြစ်လည်း ဝန်ခံချင်ပုံ မရဘူး... "
ကျောင်းလျောင့်သည် ယွမ်ချောင်ကို တွန်းလိုက်ရာ တုန်တုန်ယင်ယင်ဖြင့် လဲကျလုနီးပါး ဖြစ်သွားသည်။ သူက လုရွှမ်ဆီသို့ လှမ်းတက်ကာ နဖူးကို လက်ညိုးထိုးရင်း။
"ခွေးကောင်လေး ဒူးမထောက်ဘူးပေါ့ ဟုတ်လား? လောင်ဇီအခုပဲ မင်းကို....."
"အား....."
သူစကားမဆုံးခင်မှာ ရုတ်တရက် သနားစရာကောင်းတဲ့ အသံကို ထုတ်လွှတ်လိုက်ပြီး လုရွှမ်ရဲ့ နဖူးပေါ်ရှိ လက်ချောင်းကို ဘယ်အချိန် နောက်ပြန်ချုပ်ထားလိုက်မှန်း မသိ။
"ငါ့ကို ခြိမ်းခြောက်တာ ငါမကြိုက်ဘူး! ဧကရာဇ်ငါးပါးလည်း မရဘူး နတ်ဆိုးဧကရာဇ် ချုံလူလည်း မရဘူး....မင်းဆို..... ပိုတောင်မရဘူး!"
လုရွှမ်က ပေါ့ပေါ့တန်တန် ပြောပြီး တစ်ချက်တည်းနဲ့ သူ့လက်ကို တွန်းထုတ်လိုက်သည်။ လက်ချောင်းက ကျိုးသွားသည်။ ကျောင်းလျောင့် အရူးတစ်ယောက်လို ထလာပြီး။
"ငါအခုပဲ မင်းကို သတ်ပစ်မယ်!"
ဥပဒေအဖွဲ့သည် ကျန်းဝူကျောင်းတော်ကို ကိုယ်စားပြုသည်။ ကျောင်းသားများကို ကြောက်ရွံ့တုန်လှုပ်ကာ စကားအနည်းငယ် ကြိမ်းမောင်းနေသမျှ ကာလပတ်လုံး သူတို့စကားကို နာခံကာ ငြိမ်းချမ်းဖို့အတွက် ဆုတောင်းနေကြမှာ ဖြစ်သည်။
အရင်ကတည်းက ဒီလုရွှမ်က အသုံးမကျတဲ့လူကို ကြားဖူးပြီးသား။ စကားနှစ်ခွန်းတည်းနဲ့ လက်ချောင်းကို အချိုးခံလိုက်ရမယ်လို့ အိပ်မက်ထဲမှာတောင် မမက်ခဲ့ဖူးချေ။
အော်သံများကြားရှိ ကျောင်းလျောင့်၏လက်များ တုန်ခါသွားပြီး သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများက ဝုန်းဝုန်းဝုန်းဝုန်း ဆိုပြီး အသံလေးချက် ထွက်ပေါ်လာသည်။
"အသံလေးကွင်းရဲ့ နယ်ပယ်? ဝူအဆင့်နဲ့ အကန့်အသတ်မရှိ နီးကပ်နေတာပဲ... ဒါက အရမ်းဆိုးတာပဲ..."
"မနှစ်က ပြိုင်ပွဲမှာ ထိပ်တန်း၃၀ စာရင်းဝင်ခဲ့ပေမယ့် ဒီတစ်ခါတော့ ပိုလို့တောင် ကြောက်စရာကောင်းလာတယ်... ငါပြောရဲ့သားနဲ့ လုရွှမ်က ဘာလို့ ဒီလောက်တောင် ဂရုမစိုက်ရတာလဲ..."
တစ်ဖက်က ယွမ်ချောင်မှာ ထိတ်လန့်တကြားဖြစ်သွားပြီး ဒဏ်ရာရသွားတဲ့ ရန်းလင်လည်း စိုးရိမ်စိတ်အပြည့်နဲ့။ အသံငါးကွင်း နယ်ပယ်ဆို ဝူအဆင့်တွေနဲ့ တိုက်ခိုက်နိုင်ပြီ။
အခုသူတို့ရှေ့က ကျောင်းလျောင့်က အသံ၄ကွင်း နယ်ပယ်ကို ရောက်နေပြီဆိုတော့ အင်မတန် နီးကပ်နေပြီ။ အဆင့်ပြိုင်ပွဲတွင် ထိုကဲ့သို့သော ခွန်အားသည် ထိပ်တန်းဆယ်ယောက်ကို အလွယ်တကူ ဝင်ရောက်နိုင်သည်။
၁၀ယောက်စာရင်း ဝင်နိုင်သူရဲ့ လက်ချောင်းကို ချိုးပစ်လိုက်တာက သေကြောင်းရှာတာပဲမလား။
"ခွေးကောင်.... ဒီနေ့တော့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး... သေပေတော့.... "
ကျောင်းလျောင့်က အသံလေးကွင်းကို သူ့ရဲ့ ရက်စက်မှု ပြည့်နေသော မျက်နှာနဲ့အတူ လုရွှမ်ခေါင်းတည့်တည့် ထိုးချလိုက်လေ၏။ တကယ်ထိမှန်ရင် သူ့ရဲ့ဦးခေါင်းက ဘယ်လောက်ပဲ မာနေပါစေ ပေါက်ကွဲပြီး လုံးဝသေသွားနိုင်သည်။
သို့သော် လက်သီးချက်က လုရွှမ်ရဲ့ ခန္ဓာကိုယ်ပေါ် မရောက်ခင်မှာ သူ့ရှေ့မှာ ခြေထောက်တစ်ချောင်း ပေါ်လာပြီး တဖြည်းဖြည်း ပိုကြီးလာတာကို တွေ့လိုက်ရသည်။
ဝုန်း!
သူ့မျက်နှာမှာ ကြီးမားတဲ့ ခြေရာတစ်ခုနဲ့ ဖြစ်တည်သွားပြီး မြေပြင်ပေါ် လဲကျသွားသည်။ ဝုန်းခနဲ အသံ နှစ်ချက်အပြီးမှာ ခြေဖဝါးက ရင်ဘတ်ပေါ် နေရာယူလျက် အရိုးပေါင်းများစွာ အက်ကွဲသွားစေ၏။
"မင်း......"
သူ့ကို မြေပြင်ပေါ် လှဲကျအောင် တိုက်ခိုက်တဲ့လူဟာ တခြားသူတွေ အသုံးမကျဘူးလို့ ပြောနေတဲ့ လုရွှမ်ပဲဆိုတာကို ကျောင်းလျောင့် သဘောပေါက်သွားသည်။
"အခုနကတင်ပဲ မင်း ရန်းလင်ကို နာကျင်စေပြီး ငါ့ကို ကျိန်ဆဲတယ်၊ ငါ မင်းကို ဖြည်းဖြည်းချင်း ခံစားခွင့်ပေးရမှာပေါ့"
သူ့ခြေဖဝါးကို တစ်ဖန်ပြန်မြှောက်လိုက်ရင်း လုရွှမ်သည် ကျောင်းလျောင်ရဲ့ ဒန်တီယန်ပေါ်ကို တက်နင်းလိုက်သည်နှင့်အမျှ သူ့ကျင့်ကြံမှုတွေ ပျက်စီးသွားလိမ့်မယ် ဆိုတာကို သူများများ တွေးနေစရာကို မလိုပေ။
"လုရွှမ် မင်းလုပ်ရဲလား! အခုရပ်စမ်း... မရပ်ရင် မင်းသေရုံတင် မကဘူး မင်းရဲ့အခန်းဖော်တွေအကုန် ဥပဒေအဖွဲ့ဌာနကို ဆွဲခေါ်သွားရမယ်!!"
အရာအားလုံး မြန်ဆန်လွန်းသဖြင့် လျိုယောင်သည် ကျောင်းလျောင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါမလုပ်ရဲရင်?......"
အရင်တုန်းက အရူးဧကရာဇ်ဟာ ဘာကိုမှမကြောက်ဘဲ နတ်ဆိုးဧကရာဇ် ချုံလူကို ဆယ်ရက်ဆယ်ညတောင် တိုက်ခိုက်နိုင်ခဲ့တာ။ ဒီသေးငယ်တဲ့ လူတစ်ယောက်လောက်ကို သူက ဘာကြောက်နေရမှာလဲ။
စကားမဆုံးခင်မှာ လုရွှမ်သည် ကျောင်းလျောင့်ရဲ့ ဒန်တီယန်ပေါ် ဖိနင်းလိုက်လေပြီ။ နှစ်ပေါင်းများစွာ ကျင့်ကြံထားခဲ့သော အရာများ ခဏအတွင်း ပြာဖြစ်သွား၏။
"အား......."
လျိုယောင်သည် ဒေါသတကြီး အော်ဟစ်ကာ တိုက်ရိုက် ပြေးဝင်သွားလေသည်။
"သေချင်နေတာပဲ..... "
ဒီကောင်က ဒီလောက်ထိ ရူးနေမယ်လို့ မထင်ထားခဲ့။ သူက လုပ်မယ်လို့ပြောတာနဲ့ ချက်ချင်း လှုပ်ရှားလိုက်တာပဲ။
လျိုယောင် အပြေးအလွှား ဝင်သွားလိုက်ချိန် အင်မတန် နီးကပ်လာတဲ့ လက်ဝါးကြောင့် သူ့မျက်နှာထက် နာကျင်သွားသည်။
ဗုန်း!
ခန္ဓာကိုယ်က လေထဲမှာ လှည့်ပတ်ပြီး ဘေးဘက်ကို ပြင်းပြင်းထန်ထန် လဲကျသွားသည်။ စောစောကပဲ မောက်မာလွန်းနေတဲ့ ကောင်လေးက မျက်စိတစ်မှိတ် အတွင်းမှာ အရိုက်ခံရပြီး ပြန်ခုခံဖို့ ခွန်အားမရှိတော့ချေ။
ဝုန်းဝုန်းဝုန်းဝုန်း!
"ငါမင်းကို အထင်သေးမိသွားတာပဲ! အသံလေးကွင်းကို ထုတ်လွှတ်နိုင်ပြီဆိုတော့ လျိုယောင်တောင် မင်းရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး... မင်းမာနထောင်လွှားနေတာ မထူးဆန်းတော့ပါဘူး"
အခန်းအလယ်မှာ မလှုပ်မယှက်နဲ့ တစ်ချိန်လုံး ထိုင်နေခဲ့တဲ့ လျိုချွမ်းက မတ်တတ်ထရပ်လာသည်။ လက်ခုပ်တီးရင်း ထလာကာ သူ့မျက်လုံးတွေကတော့ အေးစက်နေ၏။
"ဒါပေမဲ့... ငါနဲ့ယှဥ်ရင်တော့ မင်းကအများကြီး လိုနေသေးတယ် မင်းမှာ အင်အားနည်းနည်း ရှိပြရုံနဲ့ ဘာမှဖြစ်မသွားဘူး တကယ့် သန်မာမှုဆိုတာ ဘာလဲ မင်းကို ငါပြမယ်!!"
စကားပြောပြီးနောက် သူ့တစ်ကိုယ်လုံး တစ်ချိန်တည်းမှာပင် ဆက်တိုက်မြည်နေသည့် အသံများ ထွက်ပေါ်လာသည်။
ဝုန်းဝုန်းဝုန်းဝုန်းဝုန်း!
ပြတ်သားသော အသံငါးခု၊ အသံငါးကွင်း နယ်ပယ်။
"အသံ၅ကွင်း နယ်ပယ်ကို ရောက်နေပြီဆိုတော့ အချိန်မရွေး ဝူအဆင့်ကို ထိုးဖောက်တော့မှာပေါ့... "
ရန်းလင် နှင့် ယွမ်ချောင်တို့ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
အသံလေးကွင်းနှင့် အသံငါးကွင်းကြား အနည်းငယ် ကွာခြားမှု ရှိသော်လည်း ၎င်းသည် ဝူအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ အခွင့်အလမ်းကို ကိုယ်စားပြုသည်။ ဝူအဆင့်နှစ်ခု ကြားတွင်လည်း အရည်အသွေး ကွာခြားမှု ရှိ၏။
ထို့အတွက်ကြောင့် လေးကွင်းကို ငါးကွင်းက တိုက်ခိုက်နိုင်ခြင်းသည် အဆန်းမဟုတ်ပေ။
လူတိုင်း၏ အမြင်တွင် လုရွှမ်သည် အသံလေးကွင်း နယ်ပယ်က ကျောင်းလျောင့် နှင့် လျိုယောင်တို့ကို အနိုင်ယူနိုင်ခဲ့သော ခွန်အားကို ပြသခဲ့ပြီး သူသည် အလွန်သန်မာသော်လည်း အသံငါးကွင်းကိုတော့ ခုခံနိုင်ခြင်း မရှိသေးပေ။
"သန်မာတဲ့သူ? ဒီလူကို သန်မာတဲ့သူလို့ ခေါ်တာလား?"
နှစ်ယောက်သား၏ ကြောက်ရွံ့မှုမှာ မပြီးပြတ်သေးဘဲ တိုးတိုးတိတ်တိတ် ငြီးငြူးနေစဥ် ပြင်းထန်သော အသံတစ်ခုကို ထပ်ကြားလိုက်ရသည်။
သူ့စွမ်းအင်ကို ပြသဖို့ ပြေးထွက်သွားသော လျိုချွမ်းသည် လျိုယောင်ကဲ့သို့ မြေပြင်ပေါ်သို့ အရိုက်ခံလိုက်ရသည်ကို သိလိုက်ရသည်။ လျိုချွမ်း၏ခေါင်းသည် အခုထိ မသိမ်းဆည်းရသေးသော အခန်းထဲက အမှိုက်ပုံကြီးထဲမှာ စိုက်နေ၏။
"အာ?"
ရန်းလင်နဲ့ ယွမ်ချောင်တို့ နှစ်ယောက်သည် သူတို့မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ကြရ၏။