← Chapters

အနှစ်၃၀၀ ကြာပြီ

Vol. 1 Ch. 8

အနှစ်၃၀၀ ကြာပြီ

Vol. 1 Ch. 8

လျိုချွမ်းက ဘယ်သူလဲ။

မနှစ်က အဆင့်ပြိုင်ပွဲမှာ စတုတ္ထနေရာ ရထားပြီး အသံငါးကွင်း နယ်ပယ်ရောက်ထားတဲ့ သန်မာတဲ့လူက လုရွှမ်ဆီမှာ အရိုက်ခံလိုက်ရတယ်?။ တကယ်ကြီးလား?။

သူတို့ အမြင်မမှားပါဘူးနော်?။

လုရွှမ်ရဲ့ အခန်းဖော်ဖြစ်တဲ့ ရန်းလင်နဲ့ ယွမ်ချောင်သည် လုရွှမ်၏ စွမ်းအင်အကြောင်းကို ကောင်းကောင်းကြီး သိထားကြသည်။ သူသည် အလွန်ကြိုးစား လေ့ကျင့်သော်လည်း အသံတစ်ကွင်း အဆင့်သာရှိ၏။

ထိုအဆင့်က သာမန်လူတွေအတွက်ဆို မဆိုးဘူးလို့ ဆိုရမည်။ သို့သော်လည်း သူတို့အတန်းက လျိုချွမ်းလို ကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက်နဲ့ ယှဉ်ရင် တော်တော် ကွာခြားလှသည်။

ဒါပေမဲ့ အခုတော့ ကျော်ကြားလှတဲ့ ပါရမီရှင်က လုရွှမ်ဆီမှာ ခွေးသေတစ်ကောင်လို ပါးရိုက်ခံလိုက်ရပြီ။ ဒီလောကကြီးက သူတို့ကို အမြင်မှားအောင် နောက်ပြောင်နေတာများလား?။

"မင်းမှာ အရည်အချင်းရှိရင် ခိုးပြီး မတိုက်ခိုက်နဲ့ ငါနဲ့ သေချာ တိုက်ခိုက်စမ်းပါ!!"

သူတို့နှစ်ယောက် မယုံနိုင်လောက်အောင် ဖြစ်နေတာက လျိုချွမ်းရဲ့ ရူးတော့မယ့် ပုံစံနဲ့ သူ့မျက်နှာက ဒေါသကြောင့် နီရဲနေပြီး လူတစ်ကိုယ်လုံးကလည်း ပေါက်ကွဲတော့မယ့် အတိုင်းပင်။

သူသည် ကျန်းဝူကျောင်းတော်၏ ကြီးကျယ်ခမ်းနားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ လူတိုင်း လေးစားအားကျရသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။

လုရွှမ်က ဘယ်သူလဲ။ လူသိနည်းတဲ့ ကောင်လေးတစ်ယောက်သာ ဖြစ်ပြီး သေချာပေါက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့ သူ့ကို နာကျင်စေခဲ့တာဖြစ်မယ်။

တကယ်လို့ ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးဆိုရင် အသံငါးကွင်းနယ်ပယ်နဲ့ ဝူအဆင့်ကို အချိန်မရွေး ခုန်ကူးသွားနိုင်သူကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ။ အခုအချိန်ဆို တစ်ဖက်လူက မှောက်နေလောက်ပြီ။

"ခိုးပြီး တိုက်ခိုက်တယ်?"

လုရွှမ် ခေါင်းခါလိုက်သည်။ မှော်ဆေးပင်များ ရာနှင့်ချီ စားပြီး အဓိက ဂိုဏ်းခြောက်ခု၏ အပြင်းထန်ဆုံး ပိုင်ရွှယ်ဟွေ့ ကောင်းကင်မြေပုံကို သုံးကာ ကျင့်ကြံထားခြင်းကြောင့် သူ့စွမ်းအင်ဟာ အသံငါးကွင်း နယ်ပယ်ကို ရောက်နေပြီ။

အရင်ဘဝက အသိပညာတွေလည်း ပေါင်းစပ်ထားသေးတယ်။ ဒီလို အဆင့်တူတဲ့ ကောင်လေးကိုတောင် မချနိုင်ရင် လုံးဝ အဓိပ္ပာယ်မရှိတော့ဘူးပေါ့။

"သွားသေလိုက်စမ်း!!"

သူခေါင်းခါနေတာကို တွေ့တော့ လျိုချွမ်းလည်း အခွင့်အရေး ရပြီဟု တွေးလိုက်သည်။ ဟိန်းသောက်သံနဲ့အတူ လေဖိအား မြှားတစ်စင်းက နဂါးတစ်ကောင်၏ ပုံရိပ်ကဲ့သို့ ပြေးဝင်သွားသည်။

လက်သီးမြှား သိုင်းကွက်သည် နာမည်ကြီး သိုင်းစွမ်းအင်တစ်ခု မဟုတ်သော်လည်း ၎င်းကို အချိန်အတော်ကြာ လေ့ကျင့်ထားရပြီး ၎င်း၏ စွမ်းအင်သည် အလွန်ပြင်းထန်ကြောင်း တွေ့မြင်နိုင်၏။

လက်သီးသိုင်းကွက်က လေထုကိုသာ ထိုးမိသွားရာ သူ့လက်သီးကလည်း လုရွှမ်မျက်နှာမှ ချော်ထွက်သွားသည်။ တစ်ဆက်တည်း သူ့မျက်နှာ နောက်တစ်ကြိမ် နာကျင်သွားသည်။

ဝုန်း!

လျိုချွမ်းရဲ့ အမြင်အာရုံတွေ မည်းမှောင်သွားပြီး သူနောက်တစ်ကြိမ် လဲကျသွားပြန်သည်။ မတ်တပ် ထရပ်ခါနီးတွင် ခြေဖဝါးတစ်ခုက သူ့မျက်နှာကို ဖိနင်းလိုက်တာကြောင့် မြေကြီးပေါ် မိတ်ဆက်သွားခဲ့သည်။

"ငါက ဥပဒေအဖွဲ့ဝင် တစ်ယောက်ပဲ မင်းငါ့ကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိရင် ဥပဒေကို ချိုးဖောက်တာပဲ..."

သူ့မျက်နှာပေါ်က ဖိအားတွေကို ခံစားလိုက်ရတော့ လျိုချွမ်း ထိတ်လန့်သွားသည်။

"ဥပဒေကို ချိုးဖောက်တယ်? မင်းမပြောနိုင်ရင် ထားလိုက်တာ ကောင်းမယ် မင်းပါးစပ်က ပြောနေတာ ငါက ဥပဒေကို ချိုးဖောက်လို့ မင်းက လာဖမ်းနေတာ ဟုတ်လား.... ငါတကယ်မေးချင်တာ ငါက ကျောင်းစည်းကမ်းရဲ့ ဘယ်အဆင့်ကို ချိုးဖောက်ခဲ့တာလဲ?"

လုရွှမ်ငုံ့ကြည့်ရင်း သူ့မျက်လုံးတွေက ရေခဲတမျှ အေးစက်နေသည်။

ဒီလိုအကြည့်မျိုးကို မြင်လိုက်ရတော့ လျိုချွမ်းဟာ ဆာလောင်နေတဲ့ ဝံပုလွေဆီက စိုက်ကြည့်ခံနေရသလို ခံစားလိုက်ရသည်။ တကယ်လို့ လိမ်ပြောလိုက်ရင် တဖက်လူက သူ့ခေါင်းကို ကြိတ်ချေသွားမှာ သေချာသည်။

"ဟုတ်တယ် တုယန်သေသွားပြီ.... တစ်ယောက်ယောက်က မင်းနဲ့ တုယန် ယှဥ်ပြိုင်နေတာကို တွေ့ခဲ့တယ်... အဲဒါကြောင့်... ငါတို့က မင်းသတ်လိုက်တာလို့ သံသယဝင်တာ.... "

လျိုချွမ်းက တုန်တုန်ယင်ယင်နဲ့ ပြောလိုက်သည်။

"တုယန်? တုယန်သေပြီ?"

တုယန်ဆိုတာက သူပြန်မွေးဖွားလာပြီးနောက် မှောင်ခိုဈေးကွက်မှာ သူနဲ့ယှဥ်ပြိုင်ခဲ့တဲ့ ကောင်လေးပဲ။ မနေ့က ကောင်းကောင်း အသက်ရှင်နေပြီး သူ့ကိုတောင် သင်ခန်းစာ ပေးဖို့ စိတ်ကူးနေသေးတာကို ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်း သေသွားတာလဲ။

ဒါပေမဲ့ သူ့မျက်လုံးထဲက ထိုကောင်လေးက ဘာမှမဟုတ်တဲ့ အရာပဲ။ သေတော့လည်း သေပေါ့။ သူနဲ့ဘာဆိုင်နေလို့လဲ။

"ငါသတ်တာ မဟုတ်ဘူး!"

လုရွှမ် ခြေထောက်မြှောက်လိုက်တဲ့အခါ တစ်ဖက်လူရဲ့ လက်လည်း ကြေမွသွားသည့်အလား နာကျင်သွား၏။

"မင်းရဲ့ ဥပဒေအဖွဲ့ဆီ ပြန်သွား.... ဘယ်လိုပြောရမလဲ မင်းသိမှာပါ"

"ဟုတ်ကဲ့...."

ပြင်းထန်သော နာကျင်မှုကြောင့် လျိုချွမ်း ပြန်ဟောက်လုနီးပါး ဖြစ်ခဲ့သော်လည်း ကောင်လေး၏ အေးစက်သော မျက်လုံးများကို မြင်လိုက်ရသဖြင့် သူ သည်းခံနေလိုက်သည်။

"အရမ်းကောင်းတယ်... တကယ်လို့ မင်းပြန်သွားပြီး ပြောတဲ့စကားက ငါပြောတဲ့အတိုင်း မဟုတ်ဘူးဆိုတာ ကြားရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်လဲ ဆိုတာ ငါ့ထက်မင်းက ပိုသိမှာပါ.... "

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ သူ့အပြုံးက ဖြူစင်ပြီး အပြစ်ကင်းစင်သလို ဖြစ်နေသော်လည်း လျိူချွမ်းရဲ့ မျက်လုံးထဲမှာတော့ သူဟာ နတ်ဆိုးတစ်ကောင်နဲ့ အလားတူပင်။

"ငါသိပါပြီ....."

သူ့ခေါင်းပေါ်မှ ချွေးအေးများ စီးကျလာပြီး တစ်ကိုယ်လုံး တုန်နေသည်။ သူသည် မာနကြီးပြီး မောက်မာနေသော်လည်း နောက်ဆုံးတွင် သူသည် ၁၆နှစ် သို့မဟုတ် ၁၇နှစ်သာ ရှိသေးသည်။

ဒီလိုနတ်ဆိုးဆန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ဘယ်မှာတွေ့ဖူးမှာလဲ။ ကြောက်ရွံ့မှု အရိပ်ဟာ သူ့နှလုံးသားရဲ့ နက်နဲတဲ့ အထဲမှာ ပေါ်ပေါက်လာ၏။

"သိပြီဆိုရင် မသွားသေးဘူးလား!"

လုရွှမ် လက်ဝေ့ယမ်းလိုက်သည်။

"ဟုတ်.... "

ဤအချိန်တွင် လျိုချွမ်း ရပ်မနေရဲတော့ဘဲ မြေပြင်ပေါ်ရှိ ကျောင်းလျောင့် နှင့် လျိုယောင်တို့နှင့်အတူ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

တကယ်ကြောက်ပါပြီ။

"လုရွှမ်...."

လူသုံးယောက် ထွက်သွားတော့ အခန်းက ပြန်လည် ငြိမ်သက်သွားသည်။ အချိန်အတော် ကြာပြီးနောက် ယွမ်ချောင်သည် တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး သူ့ရှေ့က လူငယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ဒါက သူတို့ရဲ့ ရှက်ကြောက်တတ်တဲ့ အခန်းဖော်ရော ဟုတ်သေးရဲ့လား။

"အခုက ဘယ်နှစ်လဲ?"

အခန်းဖော် နှစ်ယောက်ရဲ့ မျက်နှာထားကို ကြည့်ပြီး လုရွှမ်သည် ယခုအဖြစ်အပျက်က တစ်ဖက်လူကို အလွန်တုန်လှုပ်စေကြောင်း သိသော်လည်း သူရှင်းပြရန် အလွန်ပျင်းနေခဲ့သည်။

ပြန်လည်မွေးဖွားလာပြီ ဆိုကတည်းက သူ့ကိုယ်သူ ရှင်သန်ဖို့က အရေးကြီးဆုံး ဖြစ်ပြီး တခြားသူတွေ ဘယ်လိုတွေးတွေး သူဂရုစိုက်နေမည် မဟုတ်။

ဖြစ်နိုင်တာက အခုသူဟာ အရင်ဘဝက အရူးဧကရာဇ်လို့ ခေါ်ဝေါ်ခဲ့ကြတဲ့ 'သူ ' မဟုတ်တော့တာကြောင့် ဖြစ်မည်။

"ဘယ်နှစ်လဲ?"

ရန်းလင် သံယောင်လိုက်ရင်း ယွမ်ချောင်နဲ့ တစ်ယောက်ကို တစ်ယောက် စူးစူးစိုက်စိုက်ကြည့်ကာ စိတ်ထဲမှာ ထူးဆန်းတာကို မျိုသိပ်ထားလိုက်သည်။ ရန်းလင်က

"ဒါက... ကျိုရန်ပြက္ခဒိန်ရဲ့ အနှစ်၃၀၀လေ!"

"ကျိုရန်ပြက္ခဒိန်?"

"ဟုတ်တယ်လေ ဧကရာဇ်ကျိုရန်က နတ်ဆိုးဧကရာဇ် ချုံးလူကို သတ်ပြီးနောက် အဓိက ဂိုဏ်းခြောက်ခုကို သုတ်သင်ပြီး ပြည်မကြီးကို ပေါင်းစည်းခဲ့တယ်... နတ်ဆိုးဧကရာဇ် ချုံးလူကို သတ်တဲ့နှစ်က တော်တော်တောင် ကြာသွားပြီ အခုဆို အနှစ်၃၀၀ တောင်ရှိသွားပြီ!"

ရန်းလင် ဖြည်းညှင်းစွာ ပြောပြသည်။

"အနှစ်၃၀၀? သူက နတ်ဆိုးဧကရာဇ် ချုံးလူကို သတ်လိုက်တာ??"

လုရွှမ်မျက်နှာ မည်းမှောင်သွားတော့သည်။

နတ်ဆိုးဧကရာဇ်ကို ၁၀ရက်၁၀ည တိုက်ခိုက်ပြီးတော့မှ သူကိုယ်တိုင် သတ်လိုက်တာလေ။ ဘယ်လိုလုပ် ဧကရာဇ်ကျိုရန်က သတ်လိုက်တာ ဖြစ်သွားတာလဲ။

ဂိုဏ်းကြီးခြောက်ခုကို သုတ်သင်ပြီး ပြည်မကြီးကို ပေါင်းစည်းခဲ့တယ်?။

နှစ်ပေါင်းသုံးရာ ကြာပြီတဲ့

အနှစ်သုံးရာ ကြာသွားပြီ

ရန်းလင် နဲ့ ယွမ်ချောင်တို့ရဲ့ မရပ်မနား ရှင်းပြချက်တွေကနေ တစ်ဆင့် လွန်ခဲ့တဲ့ အနှစ်သုံးရာအတွင်းမှာ ဖြစ်ပျက်ခဲ့တာကို သူသိခဲ့ရသည်။

ထိုသူက နတ်ဆိုးဧကရာဇ်ကို သတ်ပြီးနောက် အင်အားကြီးတဲ့ ဂိုဏ်းကြီး၆ဂိုဏ်းကို ဖျက်စီးခဲ့သည်။ ထို့နောက် လောကတွင် အင်အားအကြီးဆုံး ကျိုရန်ဧကရာဇ် ဖြစ်လာခဲ့သည်။

ကမ္ဘာကို စိုးမိုးပြီး ကုန်းမြေပေါ်တွင် အကြီးဆုံး အင်ပါယာဖြစ်တဲ့ ကျိုရန်အင်ပါယာကို တည်ထောင်ခဲ့သည်။ ကမ္ဘာကို ကြီးစိုးဖို့ နှစ်ပေါင်း၃၀၀ အတွင်း မရေမတွက်နိုင်သော ဂိုဏ်းများကို သုတ်သင်ရှင်းလင်းခဲ့၏။

အမျိုးမျိုးသော နည်းလမ်းတွေဖြင့် အမြင့်ဆုံးနေရာကို ရောက်လာခဲ့သည်။ အခုအချိန်မှာ ကုန်းမြေတိုက်ကြီးက ဘယ်လောက်ပဲ ဝေးနေပါစေ ကျိုရန်ဧကရာဇ်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ရိုသေလေးစားမှုတွေ ပြည့်လျှံလာကြတော့သည်။

"အနှစ်၃၀၀? ကျိုရန်... ငါမင်းကို အနှစ်၃၀၀တောင် အသက်ရှင်ခိုင်းထားပြီးပြီ ကောင်းကင်က ငါ့ကို လုရွှမ်အဖြစ် ပြန်မွေးဖွားစေမှတော့ မင်းရဲ့ဆိုးညစ်မှုတွေကို တစ်ကမ္ဘာလုံး သိအောင် ငါထုတ်ပြလိုက်မယ်.... ငါ့ကို သစ္စာဖောက်တဲ့အတွက် ပြန်ပေးဆပ်ရမယ်ဆိုတာ မင်းသိစေရမယ်!!"

လုရွှမ်သည် သူသိလိုက်သော သတင်းကို ကြားလိုက်ရသောအခါ အံကြိတ်ပြီး ဒေါသထွက်မလာခင် အချိန်အတိုင်းအတာ တစ်ခုအထိ အချိန်ယူခဲ့ရသည်။

အရင်ဘဝက မင်းငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး သတ်ပစ်ခဲ့တာအတွက် ဒီဘဝမှာ မင်းငါ့ကို အကြွေးတွေ အကုန်ပြန်ဆပ်ရရုံတင် မကဘဲ မင်းရဲ့နာမည်လည်း ပျက်စီးပြီး နှစ်ထောင်ချီပြီး နာမည်ဆိုး တွင်ကျန်စေရမယ်။

တစ်လောကလုံး သိစေရမယ်။ မင်းငါ့ကို သစ္စာဖောက်တာက တစ်ဘဝလုံးမှာ အကြီးမားဆုံး အမိုက်မဲဆုံးပဲဆိုတာ မင်းသိစေရမယ်။

All Chapters