← Chapters

ကောင်းကင်နတ်မြစ်၏ မိတ်ဆွေဟောင်း

Vol. 67 Ch. 880

ကောင်းကင်နတ်မြစ်၏ မိတ်ဆွေဟောင်း

Vol. 67 Ch. 880

“မကယ်ဘူး”

ချင်မူ ဆိတ်သားရေကို မြေကြီးပေါ် ပစ်ချကာ ခြေထိပ်ဖြင့် နှစ်ကြိမ် ဆောင့်ဆောင့်အောင့်‌‌အောင့် နင်းလိုက်သည်။ သူက သရော်တော်တော် ပြော၏။ “ချီးကို ကယ်ရမှာလား... ဘယ်သူ့စကားမှ နားမထောင်ဘဲ ကိုယ့်ကိုယ်ကို အဟုတ်ကြီး မှတ်နေတာ ကိုယ့်ဘာသာကိုယ် ကယ်ပေါ့”

သူက လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း တခဏတွေးပြီးသော် ဆိတ်သားရေကို ပြန်ကောက်၍ ဖုန်ခါသည်။ ထောင်ကျယ်အိတ်ထဲသို့လည်း သေသေချာချာ ထည့်ပြီး ပွစိပွစိ ပြောနေသည်။ “ကယ်ခိုင်းမယ်ဆိုလည်း ဘယ်နေရာမှာ ဖမ်းခံထားရလည်း ပြောဦးမှပေါ့... ရှင်းရှင်းမပြောတော့ ဘယ်လိုလာကယ်ရမှာလဲ”

သူသည် အနက်ရောင်နန်းတော်အပြင်ထွက်၍ အနီရောင်ပန်းကမ္ဘာထဲသို့ လျှောက်လာ၏။ နဂါးချီလင်က သူ့ကို ကပျာကယာ ကြိုကာ ဟိုကြည့်သည်ကြည့် ကြည့်နေသည်။ “ဂိုဏ်းသခင်၊ အမျိုးသမီးအလောင်းရော”

“စောစောကပဲ အသက်ဝင်လာလို့ ငါ အစ်ကိုကြီးဆီ ပို့လိုက်တယ်”

ချင်မူက နဂါးချီလင် ခေါင်းပေါ်ရှိ အစိမ်းရောင်စာကလေးကို ကြည့်လိုက်ပြီး ချစ်စရာကောင်းသော စာကလေးသေးသေးလေးသည် ယခုတွင် လေထိုးထားသကဲ့သို့ ဖောင်းကားနေကြောင်း မြင်လိုက်ရ၏။ လုံးလုံးလေး ဖြစ်နေသော်လည်း အလွန်ချစ်စရာကောင်းနေသေးသည်။

“သခင်လေး၊ ငါက ယန်အာပါ” ဖောင်းကားလုံးဝိုင်းနေသော အစိမ်းရောင်စာကလေးက ပြော၏။

ချင်မူ ပြုံးလိုက်မိသည်။ “မမကြီးယန်အာကလည်း ကျွန်တော် မှတ်မိပါတယ်ဗျ... မြွေမကို စားပြီးသွားတာလား”

သူက အနီရောင်ပန်းပွင့်ကမ္ဘာဆီသို့ ကြည့်ပြီး တုတ်တုတ်ထွားထွား ဝတ်ဆံအားလုံး အစအနပင်မကျန် ပျောက်နေကြောင်း မြင်လိုက်ရ၏။ အကုန်လုံး အပြောင်ရှင်းခံထားရလေသည်။ “ရှေးဟောင်းနတ်ဘုရားက အစာချေဖို့ ခက်တာလား”

“တီကောင်ကြီးက သိပ်စားကောင်းတာပဲ”

စာဖောင်းဖောင်းလေးက ရှင်းလင်းပြတ်သားပြီး အနည်းငယ် ရှက်နေသော အသံလေးဖြင့် ဖြေသည်။ “အကုန်စားဖို့ တော်တော်လေး အချိန်ယူလိုက်ရတယ်... စားကောင်းကောင်းနဲ့ စားလိုက်တာ သခင်လေးအတွက်လည်း ချန်ထားဖို့ မေ့သွားတယ်... ဖက်တီးနဂါးကတော့ မစားချင်ဘူးတဲ့... အဲဒါနဲ့ ငါလည်း အကုန်စားပစ်လိုက်တာ”

ချင်မူ မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်မိသည်။ အကုန်စားပစ်လိုက်သည်တဲ့လော။

မြွေမက ပန်းကမ္ဘာ၏ ဝတ်ဆံများမှ မွေးဖွားလာပြီး ဝတ်ဆံအားလုံးသည် ကောင်းကင်နှင့်မြေပြင်ကြားက ထောက်တိုင်ကြီးများပမာ ထူမတ်နေခဲ့၏။ သို့သော် သူမကြောင့် အကုန်စားပစ်ခံလိုက်ရပြီတဲ့လော။

နဂါးချီလင်က ခပ်တိုးတိုး ဝင်ပြောသည်။ “ကျွန်တော့်ကို ဝတယ်မခေါ်ဘူး.. သူကမှ...”

အစိမ်းရောင်စာကလေးက နဂါးချီလင်၏‌ခေါင်းကို ဂွပ်ခနဲ ထိုးဆိတ်လိုက်သောကြောင့် နဂါးချီလင် ပြဲလန်အောင် အော်တော့သည်။ သူ ချက်ချင်း အပေါက်ပိတ်သွား၏။

ချင်မူ ကောင်းကင်ယံသို့ ကြည့်လိုက်သည့်အခါ အနီရောင်ပန်းပွင့်သည် ပိတ်လျက်သာ ရှိသေး၏။ သူတို့အားလုံး ချောက်နက်ထဲတွင်သာ ဖြစ်လိမ့်မည်။ ထွက်သွားနိုင်ရန် မြေအောက်ရေစီးကြောင်း ပန်းထုတ်မည့်အချိန်ကို စောင့်ရမည်။

သူက မြေပုံများ ထုတ်ကာ ဖြန့်ခင်းလိုက်သည်။ ဤမြေပုံများသည် ပရမတ္တလှေ၏အပြင်တွင် ဝေစွေ့ဖုန်း ရေးဆွဲပြခဲ့သော မြေပုံများဖြစ်၏။ တချို့မြေပုံများဆီသို့ သူ သွားပြီးချေပြီ။

ဥပမာ နဂါးရွာမြေပုံတွင် အဘိုးချင်းဟွမ်ဆီမှ ယွီလင်နန်းစောင့်တပ်ဖွဲ့၏ တပ်မှူးချုပ်အမိန့်ပြားကို သူ လက်ခံရရှိခဲ့သည်။ ဆန်းကြယ်ကြယ်မြေပုံမှတစ်ဆင့် နတ်ဘုရားစီရင်ရာစင်မြင့်အထက်တွင် နတ်ဘုရားချိရှီနှင့် ဆုံတွေ့ကာ နတ်ဘုရားစီရင်ရာဓားမအား ရခဲ့၏။

ထို့အပြင် ထိုက်မင်ကောင်းကင်ဘုံ၏ မြို့ပျက်တွင် ဦးနှောက်အကောင်းဆုံးနတ်ဘုရား ရင်ကျောက်ကို တွေ့ဆုံကာ ပရမတ္တလှေ၏ ပုံကြမ်းများကိုလည်း ရခဲ့သည်။

အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်၌မူ ကောင်းကင်နတ်အရှင်လင်၏ မက်မွန်သားဆံထိုးကို လက်ခံရခဲ့သည်။

အမှန်တွင် ဆရာတူအစ်ကိုကြီး ဝေစွေ့ဖုန်း၏ မြေပုံများကို သူ့ကို ဤနေရာဆီသို့ တစ်ထစ်ချင်း၊ တစ်လှမ်းချင်း လမ်းပြပေးခဲ့ခြင်း ဖြစ်၏။

ချင်မူ မြေပုံဟောင်းများကို သပ်သပ်ဖယ်ကာ ကျန်မြေပုံများ ကြည့်ရင်း ဝေစွေ့ဖုန်း ဖမ်းခံထားရသည့်နေရာကို ရှာနေသည်။

ဘေးတွင် ယန်အာသည် နဂါးချီလင်နှင့် တိုးတိုးပြောနေ၏။ “သခင်လေးက အမျိုးသမီးအလောင်းကို သူ့အစ်ကိုကြီးဆီ ပို့လိုက်တယ်ပြောတယ်... သူ့မှာ အစ်ကိုကြီး ရှိသေးတာလား... ငါ ဘာလို့ တစ်ခါမှ မတွေ့ဖူးတာလဲ”

နဂါးချီလင်က ချင်မူ့ကို ကြည့်ပြီး လက်သည်းတစ်ချောင်းဖြင့် သူ့ခေါင်းဆီသို့ ထိုးပြသည်။ ထို့နောက် ခပ်တိုးတိုး ပြောသည်။ “ဂိုဏ်းသခင်ရဲ့ အစ်ကိုကြီးက တကယ်တော့ ဂိုဏ်းသခင်ပဲ... ဂိုဏ်းသခင်က အမြဲတမ်း သူ့မှာ အင်မတန် အင်အားကြီးပြီး ရက်စက်တဲ့အစ်ကိုတစ်ယောက် ရှိတယ် ထင်နေတာ.... သွားမပြောနဲ့ဦး”

ယန်အာက တောင်ပံတစ်ဖက်မြှောက်ကာ တောာင်ပံထိပ်ဖျားဖြင့် သူမခေါင်းလေးအား ပွတ်သပ်နေသည်။ သူမ မယုံနိုင်ဖြစ်နေ၏။ “ဒါဆို သခင်လေးက .....”

နဂါးချီလင် ခေါင်းညိတ်ပြသည်။

ယန်အာမှာ မြေပုံများ လေ့လာနေသော ချင်မူ့ကို ကြည့်ပြီး ကရုဏာသက်လာတော့သည်။ “သခင်လေးတော့ အထီးကျန်လွန်းပြီး အဲဒီလို ထင်နေတာနေမှာ”

ချင်မူ မြေပုံများကို အတန်ကြာ လေ့လာနေသော်လည်း မြေပုံအားလုံးက စီမ်းနေသည့်အတွက် ဝေစွေ့ဖုန်း ဖမ်းခံထားရသော နေရာကို မပြောတတ်ပေ။

“အရင်တုန်းက ဆရာသစ်ခုတ်သမားဆီ ဒီမြေပုံတွေ ပြတုန်းက မြေပုံတွေကို သူ သိနေတဲ့ပုံပဲ.... ငါတို့ သူ့ကို သွားရှာနိုင်လောက်တယ်.... ဆရာက သူ့တပည့်ကြီးကို ရှာဖို့ဆို အားစိုက်ထည့်လောက်တယ်”

ချင်မူ မြေပုံများကို သိမ်း၍ ကောင်းကင်နတ်အရှင်လင်၏ မက်မွန်သားဆံထိုးကို ထုတ်သည်။

ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးသည် အရိုးရှင်းဆုံး သာမန်မက်မွန်သားဆံထိုးလေးသာ ဖြစ်ပြီး ထူးထူးခြားခြား မရှိပေ။ သင်္ကေတအမှတ်အသားများလည်း ခတ်နှိပ်ထားခြင်းမရှိ။ ချင်မူ အသေးစိတ်ကြည့်နေသော်လည်း အထဲ၌ နှစ်မြုပ်ထားသော ကောင်းကင်နတ်သိုင်း သို့မဟုတ် မဟာတာအိုကို ရှာမတွေ့ပေ။

သူက အသာအယာ အားထည့်လိုက်သည့်အခါ ဆံထိုးမှာ အချိန်မရွေး ကျိုးတော့မည့်အလား ကွေးျသွား၏။

“ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက ဒီဆံထိုးထဲမှာ မဟုတ်ဘူး... ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ ပစ္စည်းက ဒီလောက်ရိုးရှင်းနိုင်ပါ့မလား”

ချင်မူ မှော်စွမ်းအင် ထုတ်လွှတ်၍ မက်မွန်သားဆံထိုးထဲသို့ ထည့်ကြည့်သော်လည်း မည်သည့်အပြောင်းအလဲမှ ဖြစ်မသွားပေ။ သို့သော် ဆံထိုးထဲ၌ အတိုင်းထက်အလွန် အင်အားကြီးမားပြီး ထူးဆန်းသော စွမ်းအားတစ်ရပ် နစ်မြုပ်နေသည်ကို ခံစားလိုက်ရသည်။

သူ့ရင်ထဲတွင် လှုပ်ရှားလာပြီး ဖန်ဆင်းပညာကို ထုတ်ဖော်ကြည့်သည်။ အနီရောင်ဆံထိုးသည် သူ့လက်ထဲတွင် ရုတ်တရက် အပင်ပေါက် ဖြစ်လာကာ မက်မွန်ပင်အဖြစ် ပြောင်းလဲသွား၏။

မက်မွန်ပင်က ပွင့်လာပြီး အသီးသီးလာသည်။ မကြာမီ မက်မွန်သီးများ ရင့်မှည့်လာသည်။

ချင်မူ မက်မွန်သီးတစ်လုံး ခူး၍ အခွံနွှာကာ တစ်ကိုက်ကိုက်ကြည့်သည်။ အရသာသည် ချိုမြိန်နေ၏။

‘ဒါပေမဲ့ ဒီစွမ်းအားကို ငါ အသက်မသွင်းနိုင်လိုက်ဘူး... ပိုပြီး နက်နဲတဲ့ ဖန်ဆင်းပညာ လိုလောက်တယ်”

ရုတ်တရက် မက်မွန်ပင်က ဖျတ်ခနဲ လက်ကာ ပျောက်ကွယ်သွားပြီး ဆံထိုးတစ်လက် ပြန်ဖြစ်သွားကာ သူ့ဘေးသို့ ကျသွား၏။

‘မပြောင်းလဲနိုင်တဲ့ ဒြပ်ထု’

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားကာ ဆံထိုးကို ကောက်သည်။ သူက ဖန်ဆင်းကောင်းကင်နတ်သိုင်းဖြင့် ဆံထိုး၏ ဒြပ်တည်ဆောက်ပုံကို ပြောင်းလဲရင်း အပင်ပေါက်လာစေ၏။ ထို့နောက် ဆံထိုးအတွင်းရှိ ထူးဆန်းသော စွမ်းအားက မူလအခြေအနေသို့ ပြန်ရောက်သွားစေသည်။

ဤသည်ကား မပြောင်းလဲသော ဒြပ်တစ်ခု၏ သဘာဝပင် ဖြစ်ချေသည်။

မက်မွန်ပင်သည် ဆံထိုးအဖြစ်သာ ပြောင်းလဲသွားရုံသာမက သူ စောစောက စားခဲ့သော မက်မွန်သီးနှင့် မက်မွန်အူတိုင်လည်း ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရ၏။ ၎င်းတို့က မူလဒြပ်အဖြစ် ပြန်ပြောင်းသွားချေသည်။

‘ဒီဆံထိုးက ထာဝရမပြောင်းလဲမယ့် ဒြပ်တစ်ခု ဖြစ်လာခဲ့ပြီပဲ... ဒါကို ဘယ်လိုပဲလုပ်လုပ် ပျက်စီးမှာမဟုတ်ဘူး’

ချင်မူ ဖန်ဆင်းကောင်းကင်နတ်သိုင်းကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သည့်အခါ စီးဆင်းနေသော ရေစီးကြောင်းတစ်ကြောင်းက ဆံထိုးထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး မယုံနိုင်လောက်အောင် လေးလံသည့် မိုးပျံကောင်းကင်နတ်မြစ်အဖြစ် ဖွဲ့တည်သွားသည်။ ကောင်းကင်နတ်မြစ် ပေါ်လာသည့်အချိန်တွင် ပန်းပွင့်ထဲရှိ ကမ္ဘာပင် ယိမ်းခါသွား၏။

မလှမ်းမကမ်းတွင် နဂါးချီလင်နှင့် ယန်အာမှာ အငိုက်မိသွား၍ ကောင်းကင်နတ်မြစ်ဖြင့် တိုက်ချခံလိုက်ရသည်။ နှစ်ကောင်သား ကမ္ဘာ၏ အနားသတ်ဆီသို့ လွင့်ထွက်သွားကာ နံရံနှင့် ဝင်တိုက်သွားတော့သည်။

ကောင်းကင်နတ်မြစ်၏ ဖိအားက ပြင်းထန်လွန်းသဖြင့် နဂါးချီလင်မှာ မခံနိုင်ပေ။ သူ့မှာ ပြားကပ်လုနီးပါး ဖြစ်နေ၍ ယန်အာက တောင်ပံဖွင့်ကာ သူ့ကို ကာပေးသည်။

ရုတ်တရက် ကောင်းကင်နတ်မြစ် ရပ်တန့်ပြီး ပျောက်ကွယ်သွားသည်။ မြစ်ရေအားလုံး တစ်ခါမှ မပေါ်လာဖူးသည့်အလား အစအနပင် မကျန်တော့ပေ။ ကျန်ခဲ့သည့်အရာမှာ မက်မွန်ဆံထိုးကို စပ်စပ်စုစု ကြည့်၍ တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေသော ချင်မူသာ ဖြစ်သည်။

နဂါးချီလင်နှင့် ယန်အာမှာ ပန်းပွင့်နံရံမှ လျှောကျလာ၏။ နှစ်ကောင်သား ဘာဖြစ်၍ဘာဖြစ်သွားမှန်း မသိသေးခင် ကောင်းကင်နတ်မြစ်က ပေါ်လာပြီး သူတို့ကို ပန်းပွင့်နံရံဆီသို့ တိုက်ချသွားပြန်သည်။

ယန်အာက နဂါးချီလင်ကို ကာကွယ်ပေးလိုက်ပြန်ပြီး ဖိအား ပြင်းထန်သထက် ပြင်းထန်နေသည်ကို ခံစားလာရသည်။ ရုတ်တရက် ကောင်းကင်နတ်မြစ်က ပျောက်ကွယ်သွားပြန်၍ နှစ်ကောင်သား မြေပုံအပေါ် ပြုတ်ကျသွားပြန်သည်။

ယန်အာသည် ချစ်စရာကောင်းသောအသံလေးဖြင့် တစ်ချက်အော်၍ နဂါးစာကလေးအသွင် ပြောင်းလိုက်၏။ သူမခန္ဓာကိုယ်မှာ ဧရာမကြီးမားနေပြီး ဖောင်းကားနေသည်။ သူမက တောင်ပံကြီးနှစ်ဖက်ဖြင့် အရှေ့သို့ ကာထားကာ ပတ်ဝန်းကျင်ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်နေ၏။

ရုတ်တရက် ကောင်ကင်နတ်မြစ်က စီးဆင်းလာပြန်၍ သူမကိုယ်ပေါ်ရှိ မီးငှက်မီးလျှံအားလုံးနီးပါး ငြိမ်းသေတော့မလို ဖြစ်သွားသည်။ နှစ်ယောက်သား ပန်းပွင့်နံရံကို ဝင်တိုက်ကြပြန်သည်။

‘ထူးဆန်းတယ် ရေက ဘယ်ကထွက်လာတာလဲ’

ချင်မူက ထပ်စမ်းနေပြန်သဖြင့် နဂါးချီလင်နှင့် ယန်အာမှာ သေလုမျောပါး နှိပ်စက်ခံနေရတော့သည်။

ချုံဧကရာဇ်ကောင်းကင်ဘုံ၏ မြို့ပျက်၊ မရဏနတ်တောင်ကြားတွင် မျက်မမြင်အဘိုးအို ရီရှစ်ရှန်းသည် ကောင်းကင်နတ်အရှင်လင်၏ အလောင်းကို ဆယ်ယူနေသည့် ခုလတ်ဖြစ်၏။ သူ ထိုနေရာတွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း‌လေးသောင်း ကျော်ချေပြီ။

ရုတ်တရက် ဤမျက်မမြင်အဘိုးအိုမှာ အံ့အားသင့်သွားဟန်ဖြင့် တစ်ယောက်တည်း ရေရွတ်နေသည်။ “ကောင်းကင်နတ်မြစ်ရေတွေ တိမ်သွားသလိုပဲ... အရင်တုန်းက ဒီလိုမဖြစ်ဖူးပါဘူး... ဘာလို့ ဒီလိုဖြစ်နေတာလဲ”

သူ မျှော်လင့်လာမိသည်။ ‘ဆရာ ရုန်းထွက်လာနိုင်တော့မှာလား... ထပ်ခါထပ်ခါ သေနေရတာကနေ လွတ်မြောက်လာတော့မှာလား’

တခဏကြာသော် ကောင်းကင်နတ်မြစ်ရေက ပုံမှန်အမြင့်သို့ ပြန်ရောက်လာသည်။

ရီရှစ်ရှန်း မှင်သက်သွား၏။

တခဏကြာသော် ကောင်းကင်နတ်မြစ်ရေ ကျဆင်းသွားပြန်ပြီး တခဏကြာသော် ပုံမှန်ပြန်ဖြစ်ပြန်သည်။

ရီရှစ်ရှန်းမှာ မြစ်ဘေးတွင် မတ်တပ်ရပ်ကာ ဇဝေဇဝါ ဖြစ်နေတော့သည်။ ဘာဖြစ်နေမှန်း သူ မသိတော့ပေ။

အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်ထဲရှိ ပန်းကမ္ဘာထဲတွင် ချင်မူ စမ်းသပ်မှုများကို ရပ်၍ ခေါင်းကုတ်နေသည်။ “ဆံထိုးရဲ့စွမ်းအားက လုံလောက်ပေမယ့် သူ ငါ့ကို ဒီဟာပေးခဲ့တဲ့ အကြောင်းရင်းက ဒါမဟုတ်ဘူး... အကြောင်းမဲ့သက်သက်‌တော့ မပေးမှာ သေချာတယ်... ဒါပေမဲ့ ဒီဆံထိုးရဲ့ စွမ်းအားအစစ်ကို ဘယ်လိုထုတ်လွှတ်ရမလဲ... မပြောင်းလဲတဲ့ ဒြပ်ထု၊ မပြောင်းလဲတဲ့ ဒြပ်ထု...”

ချင်မူ ရှေ့လျှောက်နောက်လျှောက်ရင်း အသည်းအသန် စဉ်းစားနေပြီးနောက် မျက်လုံးများ အရောင်တောက်လာသည်။ သူက လျင်မြန်စွာ ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ ဒီဆံထိုးကို အသက်သွင်းလိုက်ရင် ဘာဖြစ်သွားမလဲ... မပြောင်းလဲတဲ့ဒြပ်ထုက မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းနဲ့ ဆုံတွေ့ရင် ပြောင်းလဲမှုတစ်ခုခုတော့ ဖြစ်လာလိမ့်မယ်”

ချင်မူသည် တစ္ဆေသင်္ဘောအပေါ်တွင် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို ဖြေရှင်းခဲ့ရ၍ သင့်တင့်ရုံမျှ နားလည်ခဲ့၏။ ပြန်လည်ဖန်တီးနိုင်ရန်မှာတော့ ဝေးသေးသည်။

ထိုစဉ်တုန်းက ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းမှာ အစပျိုးအဆင့်၌သာ ရှိသေး၍ မည်မျှရှုပ်ထွေးကြောင်း စိတ်ကူးကြည့်နိုင်သည်။ ချင်မူ မက်မွန်ဆံထိုးကို ဆုပ်ကိုင်၍ မပြည့်စုံသေးသည့် ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ကြည့်၏။

ယန်အာနှင့် နဂါးချီလင်မှာ သူ ဆံထိုးအား ဆုပ်ကိုင်လိုက်သည်ကို မြင်လျှင် ခေါင်းနပန်းကြီးသွားပြီး ပြေးပုန်းကြတော့သည်။

ကောင်းကင်နတ်မြစ်က ပြန်ပေါ်လာသော်လည်း ယခင်ကကဲ့သို့ ကြောက်စရာမကောင်းပေ။ ကောင်းကင်နတ်မြစ်၏ အပိုင်းတစ်ပိုင်းက ကောင်းကင်ထဲတွင် ဖွဲ့တည်လာပြီး သူတို့ဆီမှ အလွန်ဝေးကွာနေသယောာင် ခံစားရသည်။

မြစ်ပြင်ထက်၌ မြူခိုးများ ဝေနေပြီး ကျားသစ်ကွက်စကပ်၊ မြက်ဖိနပ်ဝတ်ထားသော အမျိုးသမီးတစ်ယောက် မြူခိုးများအကြား၌ ရပ်နေသည်ကို ဝိုးတိုးဝါးဝါး မြင်ရသည်။

“ကောင်းကင်နတ်အရှင်လင်” ချင်မူ ကျယ်လောင်စွာ လှမ်းအော်လိုက်၏။

ကျားသစ်ကွက်စကပ်၊ မြက်ဖိနပ်နှင့် အမျိုးသမီးက သူ့အသံကို ကြားလိုက်ရသည့်အလားး လှည့်လာသည်။ သူမမျက်နှာအပေါ်ရှိ အံ့အားသင့်နေမှုသည် အပြုံးလေးအဖြစ် ဖြစ်ထွန်းလာ၏။

သူမ ပါးစပ်ဟ၍ စကားပြောရန် ပြင်သည့်အချိန် သူမအနောက်ရှိ မြူခိုးထဲတွင် ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာသည်။

ချင်မူ့မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ “သတိထား နောက်မှာ”

အလင်းတန်းတစ်တန်း ပေါ်လာပြီး ကောင်းကင်နတ်အရှင်လင်၏ ရင်ဘတ်ကို ထိုးဖောက်သွား၏။ ထို့နောက် သူမမှာ ထိုးကော်ခံလိုက်ရကာ မြစ်ထဲသို့ ရိုက်ချခံလိုက်ရသည်။

ချင်မူ တောင့်တင်းသွားပြီး တစ်ကိုယ်လုံး အေးခဲသွား၏။

ကောင်းကင်နတ်မြစ်ထဲတွင် ကောင်းကင်နတ်အရှင်လင်၏မျက်နှာသည် သူ့ဘက်သို့ မျက်နှာမူလျက် ရှိပြီး လှံရှည်တစ်လက်က သူမခန္ဓာကိုယ်ကို ဖောက်ဝင်နေ၏။ လှံက ဧရာမအရိပ်ကြီး၏လက်ထဲတွင် ဖြစ်လေသည်။

သူမအပြုံးက ပျောက်ကွယ်မသွားဘဲ သူမသည် တိုးညှင်းအားပျော့စွာ ပျံ့လွင့်လာ၏။ “ကယ်ပါဦး”

မြူခိုးထဲရှိ အရိပ်ကြီးက ချဉ်းကပ်လာပြီး ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းထဲမှ လွတ်မြောက်ရန် ရုန်းထွက်ချင်နေပုံရသည်။ သူက ချင်မူ့ဆီသို့ ပြေးလာ၍ အဆုံးမဲ့သံသရာထဲမှ ထွက်လာချင်နေသည်။

“ခင်ဗျားက ဘယ်သူလဲ”

ချင်မူ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မျက်နှာပြစမ်း’

ထိုအရိပ်က ကောင်းကင်နတ်မြစ်၏အရှေ့ပိုင်းဆီ ပြေးချလာကာ ခုန်ထွက်ရန် ပြင်သည်။ သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်နတ်မြစ်သည် အုံကြွလာ၏။ သူနှင့် ကောင်းကင်နတ်အရှင် ပျောက်ကွယ်သွားသည်။

ချင်မူ မှင်သက်နေသည်။ သူက မက်မွန်သားဆံထိုးကို မြှောက်၍ ကောင်းကင်နတ်သိုင်းအား ထုတ်လွှတ်ပြန်သည်။ ကောင်းကင်နတ်မြစ်၏ လှီးထုတ်ခံထားရသော အပိုင်းပေါ်လာပြီး စောစောက မြင်ကွင်းလည်း ပြန်ဖြစ်ပေါ်လာ၏။

ကောင်းကင်နတ်အရှင်လင်မှာ အသတ်ခံလိုက်ရပြီး မြူခိုးထဲရှိ အရိပ်ကြီးက ပြေးထွက်လာရန် ကြိုးစားနေသ်ောလည်း ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲနိုင်သော ကောင်းကင်နတ်သိုင်းဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ သို့သော် ဤတစ်ကြိမ် သူက အရှေ့အပိုင်းနှင့် ပိုနီးကပ်လာ၍ ချင်မူ သူ့မျက်နှာကို ဝိုးတဝါး မြင်လိုက်ရ၏။ ရှင်းတော့ မရှင်းသေး‌။

ဤအရိပ်သည် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းထဲ ပိတ်မိနေသောကြောင့် ကောင်းကင်နတ်မြစ်ထဲမှ ခုန်ထွက်မလာနိုင်သလို၊ သံသရာမှလည်း မလွတ်မြောက်နိုင်ဖြစ်၏။

“သခင်လေး၊ မြေအောက်ရေစီးကြောင်း ပန်းထွက်တော့မယ်”

ယန်အာက ချင်မူ့ကို လှမ်းသတိပေးနေသည်။ “ပန်းပွင့်ကမ္ဘာ မြောက်နေပြီ ... ငါတို့ အခု ဒီကနေ ထွက်သွားသင့်တယ်”

ချင်မူက သူမကို လျစ်လျူရှု၍ ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ပြန်သည်။ ပန်းပွင့်ကမ္ဘာသည် မြောက်တက်နေပြီး ကောင်းကင်မှာ ကွဲထွက်လာ၏။ အမြွှာပန်းကား ပွင့်ပေတော့မည်။

သူ့အရှေ့တွင် ကောင်းကင်နတ်မြစ်၏ တဝုန်းဝုန်း စီးဆင်းနေပြီး ကောင်းကင်နတ်အရှင်လင် အသတ်ခံနေရသော မြင်ကွင်း ပြန်ပေါ်လာသည်။ အရိပ်ကြီးသည် ကောင်းကင်နှင့်မြေပြင်ကို အုပ်မိုးလျက် ချင်မူ့ဆီသို့ တည့်တည့်လာနေ၏။

ပန်းပွင့်ကမ္ဘာမှာ လုံးလုံးလျားလျား ပွင့်သွား၍ အပြင်တွင် အဆုံးသတ်မြို့ပျက် ပေါ်လာသည်။ အမှောင်ကောင်းကင်နတ်မြစ်သည် ကောင်းကင်ထက် ပျံဝဲလျက် ရပ်တန့်နေ၏။ အနီရောင်ကြာပွင့်နှင့် အနက်ရောင်ကြာပွင့်က မြစ်ပြင်ထက်၌ တိတ်ဆိတ်ငြိမ်သက်နေသည်။

ယန်အာနှင့် နဂါးချီလင်က ချင်မူ့ကို စိုးရိမ်ပူပန်စွာ ကြည့်နေကြပြီး နဂါးချီလင်က လှမ်းအော်ပြောသည်။ “ဂိုဏ်းသခင် ကျွန်တော်တို့ အခုမထွက်ရင် နောက်တစ်ကြိမ် ပွင့်လာဖို့ ဘယ်လောက်အထိ စောင့်နေရမလဲ မသိနိုင်ဘူး”

နောက်ဆုံးတော့ ကောင်းကင်နတ်မြစ်ထဲရှိ ဧရာမအရိပ်ကြီးသည် ချင်မူ့မျက်နှာဆီ ပြေးလာကာ မမြင်ရသော အတားအဆီးတစ်ခုနှင့် ပြင်းပြင်းထန်ထန် ဝင်တိုက်သွား၏။ သူ့မှာ ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းအထဲမှ မထွက်လာနိုင်သေးပေ။

သူက ဒေါသတကြီး အော်ဟစ်နေပြီး ကောင်းကင်နတ်မြစ်နှင့်အတူ ပျောက်ကွယ်သွားပြန်သည်။

ချင်မူ ထိုမျက်နှာကို ငေးကြည့်နေမိသည်။ ဤတစ်ကြိမ်တွင်တော့ မည်သူ့မျက်နှာမှန်း သူ မြင်လိုက်ရချေပြီ။

ယန်အာက အပြေးအလွှားလာ၍ ငှက်ဝဝကြီးအသွင် ပြောင်းကာ သူနှင့်နဂါးချီလင်ကို သုတ်ချီရင်း ပိတ်တော့မည့် ကောင်းကင်ဆီ ပျံသန်းသွားသည်။

နောာက်ဆုံးတော့ အမြွှာပန်းနှစ်ပွင့် မပိတ်သွားခင် ပန်းပွင့်ကမ္ဘာအပြင်သို့ သူမ ထွက်လိုက်နိုင်၏။

အပြင်တွင် အမှောင်ကောင်းကင်နတ်မြစ်က နောက်ပြန်စီးသွားပြီး စီးဆင်းနှုန်းက မြန်သထက် မြန်လာသည်။ အသူရာချောက်နက်၏ ဆွဲအားကလည်း အားကောင်းသထက် အားကောင်းလာ၍ ယန်အာမှာ မူလဝိညာဉ်ကို နဂါးစာကလေးအသွင် ပြောင်းလဲကာ ဆွဲအားနှင့် ဖိအားကို ရုန်းကန်လျက် တောင်ပံတဖျတ်ဖျတ် ခတ်ရင် ပျံထွက်နေသည်။

ဘုန်း

ယန်အာမှာ ကောင်းကင်နတ်ဧကရီ၏ အရန်နန်းတော်အပေါ် ကျသွားပြီး နန်းဆောင်များ၊ စင်္ကြံများကို တိုက်ချသွားပြီးနောက်မှ ရပ်တန့်နိုင်လိုက်၏။

All Chapters