← Chapters

ဆူးယာ

Vol. 1 Ch. 9

ဆူးယာ

Vol. 1 Ch. 9

"လုရွှမ်....."

မရေရာသော မျက်နှာဖြင့် ထိုနေရာတွင် ရပ်နေသော သူ့ကို မြင်လိုက်ရတော့ ယွမ်ချောင်က မထိန်းနိုင်ဘဲ အော်လိုက်သည်။

ဒီနေ့ သူတို့အတန်းဖော်က သူတို့ကို အံ့သြမှုအကြီးကြီး ပေးခဲ့သည်။ စရိုက်က ပြောင်းလဲသွားသလို စွမ်းအားကလည်း အသံငါးကွင်း နယ်ပယ်က လျိုချွမ်းတောင် မယှဥ်နိုင်ချေ။

အခုသူ့မှာ ဘယ်လို စွမ်းအားတွေများ ရှိနေတာလဲ?။

".....မင်း ဝူအဆင့်ရောက်သွားပြီလား?"

တစ်စုံတစ်ခုကို တွေးတောမိသွားတော့ ယွမ်ချောင်ရဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသာ ဝူအဆင့်သို့ မရောက်သေးပါက ကွင်းငါးကွင်းရှိတဲ့ ဝူအဆင့် တပည့်တစ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။

ဝူအဆင့်ကိုရောက်ရင် ဝိညာဥ်ချီကို ခံစားနိုင်ပြီး ထိန်းချုပ်နိုင်ကြသည်။ ထိုအဆင့်က စစ်သည်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်း လိုသေးသော်လည်း စွမ်းအင်ကတော့ ကောင်းကင်နဲ့ မြေကြီးကို တုန်ခါစေနိုင်၏။

တကယ်လို့ ဝူအဆင့်ကို ရောက်သွားမယ်ဆိုရင် ကျောင်းကနေ အကျိုးအမြတ်တွေ ရရှိမှာဖြစ်ပြီး တကယ့် အထက်တန်းစား ကျောင်းသား ဖြစ်လာရင်တော့ ဆရာနဲ့ ကျောင်းရဲ့ အရေးပေးတာကို ရရှိမှာပဲ ဖြစ်သည်။

"ဝူအဆင့်လား?"

လုရွှမ်သည် နှစ်ယောက်သားရဲ ရှုပ်ထွေးနေသော မျက်နှာများကို မြင်လိုက်ရသဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်။

"သိပ်မကြာခင်ပေါ့!"

"မဟုတ်သေးဘူးလား? မဟုတ်ဘူးဆိုရင် မင်းလျိုချွမ်းကို ရိုက်ပစ်လိုက်တဲ့ ပြဿနာက မသေးတော့ဘူးနော်!"

ယွမ်ချောင်၏ မျက်လုံးများသည် စိုးရိမ်မှု အပြည့်နှင့် ပြောလာ၏။ ဝူအဆင့်ကို ရောက်ရှိတာက ကောင်းကင်ကို ခြေတစ်လှမ်း လှမ်းလိုက်သလိုပဲ အခြေအနေတွေကလည်း ပြောင်းလဲလာလိမ့်မည်။

လျိုချွမ်းနဲ့ တခြားသူတွေကို ရိုက်လိုက်တာက သက်ရောက်မှု များများစားစား မရှိနိုင်ဘူး။ ဒါပေမဲ့ ဝူအဆင့်ကို မရောက်သေးဘူး ဆိုရင်တော့ ကိစ္စတွေက ဒီလောက်နဲ့ မပြီးသေးမှာ ကြောက်ရတယ်။

"မဟုတ်ရင်......" တစ်ခုခုကို တွေးမိသွားပုံရတဲ့ ယွမ်ချောင်ရဲ့ လေသံမှာ ချိတုံချိတုံဖြင့်။

"မဟုတ်ရင် ဘာလဲ?"

လုရွှမ် လှည့်ကြည့်ပြီး ပြန်မေးလိုက်သည်။

လျိုချွမ်းနဲ့ တခြားသူတွေကို လွှတ်ပေးလိုက်တာက ပြဿနာကြီး ဖြစ်လာစေမယ် ဆိုတာကို သူသိသည်။ သို့သော် လက်ရှိအင်အားက လူသတ်နှုတ်ပိတ်ဖို့အထိ မလုံလောက်သေးချေ။

နောက်ဆုံးမှာ သူတို့ သုံးယောက် ဒီကို ရောက်လာခဲ့မှန်း လူတော်တော်များများ သိကြပြီး သူတို့သာ သေသွားရင် ပြဿနာက ပိုတောင်ကြီးသွားနိုင်သည်။

တကယ်တော့ ဒီလူသုံးယောက်ကို သူလုပ်ခဲ့တာတွေကို မပြောရဲအောင် လုပ်နိုင်တဲ့ နည်းလမ်းတချို့လည်း ရှိပါသည်။ သို့သော်ငြားလည်း သူတို့တွေက ယုတ်မာကြတာကြောင့် အထင်သေးခံရတာနဲ့ပဲ တန်သည်။

ထိုလူ၃ယောက်သာ အပြောဆိုးပေမယ့် သူ့ရဲ့အဓိက အချက်ကို မထိပါးသရွေ့ ဆိုးဆိုးဝါးဝါး ရက်စက်ပစ်ဖို့အထိ မလိုအပ်သေးချေ။

"မဟုတ်ရင်.... လာမယ့်ရက်ပိုင်းထဲ ကျင်းပမယ့် အဆင့်ပြိုင်ပွဲရဲ့ ရွှေတံဆိပ် နေရာကြောင့်ကို ရယူလိုက်လေ!"

ယွမ်ချောင်က ပြော၏။

"ရွှေတံဆိပ် နေရာကို ရရင် ဒုတိယတန်းစား ယွမ်လိမှော်ဆေးလုံးကို ရရုံတင်မကဘူး ... ရွှေဝိညာဥ်ရေကန်ထဲကိုလည်း တစ်ကြိမ် ဝင်ခွင့်ရမှာ ... အဲဒီလိုဆို ဥပဒေအဖွဲ့ရဲ့ စွပ်စွဲချက်တွေ အောက်က လွတ်မြောက်ခွင့်ရမှာ! ဒါပေမဲ့....အဲဒီနေရာရဖို့က အရမ်းခက်တယ် ...ကြားဖူးတာတော့ အရင်နှစ်က ပြိုင်ပွဲမှာ နံပါတ်၁နေရာ ရခဲ့တဲ့ ချန်ဖုန်းက ရွှေတံဆိပ်အတွက် သူ့ကျင့်ကြံမှုကို အသည်းအသန် ကြိုးစားခဲ့တာ အသံ၇ကွင်းအထိ ရောက်ခဲ့တယ်တဲ့... သာမန် ဝူအဆင့်တွေတောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး!"

"ရွှေဝိညာဥ်ရေကန်? ယွမ်လိမှော်ဆေးလုံး?"

အစကတော့ လုရွှမ် ကျောင်းသားတွေရဲ့ အဆင့်ပြိုင်ပွဲတွေကို စိတ်မဝင်စားချေ။ ထိုအရာ၂ခုကို ကြားလိုက်ရတော့ သူ့မျက်လုံးများက မထိန်းနိုင်ဘဲ တောက်ပလာသည်။

ဒုတိယတန်းစား မှော်ဆေးလုံးဆိုတာ အရင်ဘဝတုန်းက လှည့်ပင် ကြည့်စရာမလိုတဲ့ အရာဖြစ်ပေမယ့် အခုလက်ရှိ ခန္ဓာကိုယ်နဲ့ ဆိုရင်တော့ အင်မတန်ကောင်းတဲ့ အသုံးချစရာတစ်ခု ဖြစ်သည်။

အထူးသဖြင့် အရင်ဘဝက ရောက်ရှိခဲ့တဲ့ ကွင်းကိုးကွင်းကို ပြန်ရချင်တယ် ဆိုရင်တော့ ဒါဟာ မရှိမဖြစ်ပဲ။ ရွှေဝိညာဉ်ရေကန်က ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်ကို ထိန်းရန် နေရာကောင်း တစ်ခု ဖြစ်သည်။ ဝင်ပြီး လေ့ကျင့်နိုင်ပါက အပြင်ရှိ လေ့ကျင့်ချိန် များစွာကို သက်သာစေ၏။

"ကြည့်ရတာ ရွှေတံဆိပ်နေရာအတွက် ယှဥ်ပြိုင်ရတော့မယ် ထင်တယ်"

လုရွှမ်က မျက်စိတစ်မှိတ် အတွင်းမှာပဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။ အခုသူက အသံငါးကွင်း နယ်ပယ်။ အရင်ဘဝက အတွေ့အကြုံနဲ့ အသိဉာဏ်ကို အားကိုးမယ်ဆိုရင်တော့ အသံ၆ကွင်း နယ်ပယ်လောက်ကိုတော့ အနိုင်ယူနိုင်သည်။

သို့သော် တစ်ဖက်က အသံ၇ကွင်း နယ်ပယ်ဆိုရင်တော့ သူကလုံးဝကို ပြိုင်ဘက်မဟုတ်နိုင်ဘူး။

ဝူအဆင့် ကွင်း၅ကွင်းပြီးလျှင် နောက်တစ်ကွင်း ရဖို့အတွက် မလွယ်လှ။ တိုက်ပွဲမှာ ကွင်းတစ်ခု တိုးလာတိုင်း စွမ်းအားကလည်း ၄ဆလောက် တိုးလာမည်။ တစ်နည်းဆိုရသော် ကွင်း၆ကွင်းသည် ၅ကွင်းအဆင့် ၄ယောက်နဲ့ ညီမျှပြီး ၇ကှငျးသညျ ၆ကွင်းအဆင့် ၄ယောက်နဲ့ ညီမျှသည်။

ကြည့်ရတာ ရွှေတံဆိပ်နေရာ ရချင်ရင် အဲ့လောက် မလွယ်လောက်ဘူး။

"ပြိုင်ပွဲစဖို့ ၈ရက်လိုသေးတယ်... ကွင်း၆ကွင်း နယ်ပယ်ကို ရောက်ဖို့က မျှော်လင့်ချက် ၂၀ ရာခိုင်နှုန်းပဲ ရှိတယ်။ ရွှေတံဆိပ်နေရာကို ၁၀၀ ရာခိုင်နှုန်း လိုချင်ရင် ကွင်း၇ကွင်း နယ်ပယ် ရောက်နေမှဖြစ်မယ်! ဒီအတိုင်း လေ့ကျင့်မယ်ဆိုရင် အချိန်မမှီဘူး...... သားရဲသစ်တောကို သွားကြည့်ရမယ်"

ကျန်းဝူကျောင်းတော်သည် သားရဲသစ်တောကြီး၏ ဘေးတွင်ရှိပြီး အနက်ရှိုင်းဆုံး အပိုင်းတွင် မရေမတွက်နိုင်သော အစွမ်းထက်တဲ့ သားရဲတိရစ္ဆာန်များ ရှိသည်။

တစ်ကောင်စီတိုင်းက ဝူအဆင့်ကို တိုက်ခိုက်နိုင်စွမ်းရှိကာ စွမ်းအင်မြင့်ကြသည်။ တကယ်လို့သာ ထိုသားရဲ၏သွေးကို သားရဲသွေးမှော်ဆေးလုံး အဖြစ် လုပ်နိုင်မယ်ဆိုရင် ၈ရက်အတွင်း ကွင်း၇ကွင်း နယ်ပယ်ကို ရောက်ဖို့အတွက် မျှော်လင့်ချက် ရှိသည်။

"ငါအပြင် သွားလိုက်ဦးမယ်.... ပြိုင်ပွဲမစခင် ပြန်လာခဲ့မယ်"

ထိုအကြောင်းကို တွေးကြည့်ရုံဖြင့် လုရွှမ်သည် လုံးဝ တွန့်ဆုတ်မနေတော့ဘဲ မတ်တပ်ထရပ်ကာ အိပ်ဆောင်အပြင်ဘက်သို့ လျှောက်သွားပြီး ခဏအကြာတွင် ပျောက်ကွယ်သွားခဲ့သည်။

"ဒါ......"

ရန်းလင်နဲ့ ယွမ်ချောင်သည် မျက်တောင်တွေ ပုတ်ခတ်ရင်း ကျန်နေခဲ့တော့သည်။ အရင်တုန်းက လုရွှမ်ဟာ အလုပ်လုပ်ရင် အမြဲနှေးတိနှေးကွေးနဲ့ အချိန်တော်တော်များများက လှုပ်ပင်မလှုပ်။ ဒီတစ်ခေါက်တော့ ဘယ်လိုဖြစ်တာလဲ?။

လျိုချွမ်းနဲ့ တခြားသူတွေကို ရိုက်ပစ်ရုံတင် မကဘူး သွားမယ်ဆိုပြီး တန်းထသွားတာ တုံ့ဆိုင်းမှုတောင် မရှိဘူး။ အရမ်းလည်း မြန်လွန်းတယ်လေ။

"လုရွှမ် ပြောင်းလဲသွားပြီ ထင်တယ်"

အချိန် အတော်ကြာပြီးနောက် ရန်းလင်သည် စကားတစ်ခွန်းသာ ပြောနိုင်၏။ ယွမ်ချောင်လည်း ရန်းလင်ရဲ့ ထင်မြင်ချက်ကို ထောက်ခံတဲ့ စကားတစ်ခွန်း ထပြောလိုက်၏။

"ပြောင်းလဲသွားပြီ.... ဒါပေမဲ့ ဒီလိုပြောင်းလဲသွားတာကို.... ငါကြိုက်တယ်!"

ရန်းလင် -"......."

........

"မူလပိုင်ရှင်ရဲ့ စွဲလမ်းမှုကို အရင်လုပ်ပေးလိုက်တာ ကောင်းပါတယ်"

သိပ်ဝေးဝေးကို မရောက်ခင် လုရွှမ် ကိစ္စတစ်ခုကို သတိရသွားတာကြောင့် လက်အိတ်ထဲက ထုတ်လိုက်သောအခါ ကျောက်စိမ်း လက်ကောက်တစ်ကွင်း ထွက်လာ၏။

မူလပိုင်ရှင်သည် မသေဆုံးမီတွင် စွဲလမ်းမှု တစ်ခုရှိခဲ့ပြီး ထိုအရာက ကျောက်စိမ်းလက်ကောက်ကို သူ၏ ချစ်ရသူ ဆူးယာရဲ့ မွေးနေ့မှာ ပေးနိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်သည်။ ဒီနေ့က သူမရဲ့မွေးနေ့ ဖြစ်နိုင်သည်။

သူက တခြားသူရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားမှတော့ စွဲလမ်းတဲ့ ဆန္ဒတစ်ခုကိုတော့ ပြီးမြောက်အောင် လုပ်ပေးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဝယ်တောင် ဝယ်လာပြီးပြီပဲလေ။

ဒါကို စဉ်းစားမိရင်း လုရွှမ်သည် မှတ်ဉာဏ်ထဲက နေရာအတိုင်း ဆူးယာ၏ အိပ်ဆောင်ဆီသို့ လျှောက်သွားလိုက်သည်။ ဆူးယာသည် ဤခန္ဓာကိုယ်ပိုင်ရှင်၏ ငယ်စဉ်က ချစ်ရသူဖြစ်ပြီး ဖြူစင်ပြီး ချစ်စဖွယ်ကောင်းသလို သူ့အပေါ်လည်း ကောင်းစွာ ဆက်ဆံတတ်သူ ဖြစ်သည်။

သူမသည် ကျင့်ကြံမှု စွမ်းရည်တွင် အားနည်းသူမဟုတ်ဘဲ ကွင်းလေးကွင်း နယ်ပယ်တွင်ရှိကာ ထင်ရှားကျော်ကြားသော အလှတရား တစ်ခုကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။

အောက်တန်းအဆင့်မှာတော့ သူမက နံပါတ်၁ အလှလေးဖြစ်၏။ ကျောင်းတော်၏ အလှပဂေးလည်း ဖြစ်ပေသည်။

အခုသူကတော့ မှတ်ဉာဏ်ထဲက သူမပုံစံကို မြင်ပြီးနောက် အံ့သြမိရုံမှတစ်ပါး ဘာမှမခံစားရချေ။

"အဲဒီကောင်လေး သူမအတွက် အသက်စွန့်ရဲတာ မထူးဆန်းတော့ပါဘူး"

လုရွှမ်သက်ပြင်းချ၍ ခေါင်းခါလိုက်သည်။ မူလပိုင်ရှင်သည် ကျင့်ကြံမှုအဆင့် မကောင်းသလို ရန်လိုတတ်သူလည်း မဟုတ်။ ဒီလိုလှပတဲ့ မိန်းကလေးကို ဇနီးလောင်းအဖြစ် ရှာတွေ့ထားတာ တကယ် ကံကောင်းမှုကြီးပင်။

တစ်သတ်လုံး အမြတ်တနိုးနဲ့ တန်ဖိုးထားသင့်တယ်။

"မိန်းကလေး ဆူးယာ... မင်းသေချာ ဆုံးဖြတ်ပြီးပြီလား? မင်းအနေနဲ့ ပြောရရင် ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲ... တစ်ခါလွဲချော်သွားတာနဲ့ ဒီဘဝ ထပ်ရဖို့ မစဥ်းစားတော့နဲ့"

ဆူးယာရဲ့ အိပ်ဆောင်အနီးက သစ်ပင်ကြားက လမ်းပေါ်ရောက်တဲ့ အချိန်မှာ ယောကျ်ားတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရ၏။ 'ဆူးယာ'ဆိုတဲ့ နာမည်ကိုကြားတော့ လုရွှမ် ငြိမ်သက်သွားသည်။

ထို့နောက် သူရပ်မနေတော့ဘဲ သစ်ပင်ကြီး တစ်ပင်နောက်မှာ ပြေးပုန်းနေလိုက်၏။ မနီးမဝေးတွင် ၁၅ ၁၆နှစ်အရွယ် ပိန်ပါးသော မိန်းကလေးတစ်ယောက် ရပ်နေသည်။ သူမသည် အဝါဖျော့ဖျော့ ဂါဝန်ကို ဝတ်ဆင်ထားပြီး ဖွံ့ဖြိုးခါစ ခန္ဓာကိုယ်ကို ကောင်းစွာပုံဖော်ထားသည်။

ရင်ဘတ်သည် ပုံမှန်မဟုတ်စွာ လုံးဝန်း ဖောင်းကြွနေပြီး ဖြူစင်သော အသားအရေ ရှိသည်။ ဘေးက ကြည့်ရုံဖြင့် သူမသည် မိန်းမလှလေး တစ်ဦးဖြစ်ကြောင်း ကောင်းစွာ သိနိုင်၏။

မိန်းကလေးရဲ့ အရှေ့မှာတော့ ၆၀ ၇၀အရွယ် အဖိုးကြီးတစ်ယောက် ရှိနေသည်။ အပြာဖျော့ဖျော့ကို ဝတ်ဆင်ထားကာ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်သော်လည်း တန်ဖိုးရှိတဲ့ အဝတ်အစားနဲ့ အပြင်အဆင်တွေကို ကြည့်ခြင်းအားဖြင့် သူဟာ နောက်ခံကောင်းတဲ့ လူတစ်ယောက် ဖြစ်နိုင်သည်။

"အဲဒါ.... ကျွန်မ သေချာစဥ်းစားပြီးပါပြီ"

သူမ၏ ပါးလွှာသော နှင်းဆီရောင် နှုတ်ခမ်းပါးကို ဖွင့်ဟလိုက်ပြီး သူမရှေ့က လူအိုကြီးကိုကြည့်ကာ ပြောလိုက်သည်။

"ကျွန်မ ရှင့်ရဲ့ တောင်းဆိုချက်ကို သဘောတူတယ်!"

"အရမ်းကောင်းတယ်... ဒီအရာကို ဖြေရှင်းဖို့ မင်းကို တစ်လခွဲအချိန်ပေးမယ်"

အဘိုးအိုက သူမကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး။

"လုရွှမ်ဆိုတဲ့ ကောင်လေးနဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ငါကြားတယ်... မင်းမထွက်ခွာခင် သေချာကိုင်တွယ် ဖြေရှင်းလိုက်ပါ...ဒီကိစ္စ သခင်လေးရဲ့ နားထဲကို ရောက်သွားပြီး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေချင်ဘူး"

"ကျွန်မနဲ့ လုရွှမ်က ဒီအတိုင်း သိကျွမ်းရုံပါ... ဘာဆက်ဆံရေးမှ မရှိပါဘူး... "

ဆူးယာ အလျင်စလို ရှင်းပြလိုက်သည်။

"သူကသာ တစ်ဖက်သတ် စိတ်ကူးယဥ်နေတာပါ ကျွန်မသူ့ကို သာမန်သူငယ်ချင်း တစ်ယောက်လိုပဲ ဆက်ဆံပါတယ်...."

"တစ်ဖက်သတ် စိတ်ကူးယဥ်တယ်? သာမန်သူငယ်ချင်း?"

လုရွှမ်၏ မျက်လုံးများ အေးစက်လာပြီး သူ့မျက်နှာသည် အလွန်ကြည့်ရဆိုးလာသည်။

All Chapters