← Chapters

နောင်တ

Vol. 1 Ch. 10

နောင်တ

Vol. 1 Ch. 10

ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး မှတ်ဉာဏ်တွေကို ရရှိခဲ့ပြီးနောက် လုရွှမ်သည် မူလပိုင်ရှင်အကြောင်း သေသေချာချာ ရှင်းရှင်းလင်းလင်းကို နားလည်သွားပြီ ဖြစ်သည်။

သူသည် မျက်စိရှေ့က ဆူးယာကို အသက်နဲ့ရင်းပြီး ချစ်မြတ်နိုးသူ ဖြစ်ပေ၏။ ငွေစတွေကို အားသွန်ခွန်စိုက် ကြိုးစားရှာဖို့ သူမကျောင်းတက်နိုင်ဖို့သာ မကူညီပေးခဲ့ပေးရင် နောက်ဆုံးမှာ သူမက ရွာကျော်အလှပဂေးပဲ ဖြစ်နေမှာ။

ပြီးတော့ သူမပါးစပ်က ပြောသလို 'ဘာဆက်ဆံရေးမှ မရှိဘူး' ဆိုရင် သူတို့နှစ်ယောက် ထာဝရ အတူနေမယ်လို့ တိတ်တိတ်လေး ကတိပြုခဲ့တာတွေကရော။ အဲဒါကြောင့်သာ မဟုတ်ရင် မူလပိုင်ရှင်က မှောင်ခိုဈေးကွက်မှာ ကျောက်စိမ်း လက်ကောက်တစ်ကွင်းအတွက် အသက်သေတဲ့အထိ တိုက်ခိုက်ခဲ့မှာ မဟုတ်ဘူး။

တစ်ဖက်လူကတော့ သူ့ကို သာမန်သူငယ်ချင်းလိုပဲ ဆက်ဆံတယ်တဲ့လေ။

"ကောင်းလိုက်တဲ့ သာမန်သူငယ်ချင်း"

လုရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"လုရွှမ် နင်ဘယ်အချိန်က ရောက်နေတာလဲ?"

ဆူးယာလန့်သွားပြီး ခေါင်းကို အမြန်လှည့်လိုက်တော့ လူငယ်လေးက သူမရှေ့ကို ဖြတ်လျှောက်လာနေတာ တွေ့လိုက်ရသည်။

"မင်းရဲ့ အခွင့်အရေးကောင်းကို နှောင့်ယှက်မိသွားလို့လား?"

လုရွှမ် အေးစက်စွာ ရယ်လိုက်သည်။ အရင်က သူ့ရဲ့ ညီနောင် မူလပိုင်ရှင်အတွက် ဆန္ဒကို ဖြည့်ဆည်းပေးချင်ခဲ့ပေမယ့် အခုတော့ ဒီအမျိုးသမီးအပေါ် အမြင်ကောင်းတွေ တစ်ခုမှ မရှိတော့ပေ။

"ဘာတွေ လျှောက်ပြောနေတာလဲ?"

ဆူးယာသည် သူမ၏ လှပသော အသွင်အပြင်ကို ပြန်လည်ဖမ်းယူလိုက်ပြီး မကျေမနပ်နဲ့ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက မော့ချန်လူကြီးမင်း.... မြန်မြန် ဂါဝရမပြုသေးဘူးလား?"

"မလိုဘူး" လုရွှမ် လက်ဝေ့ယမ်းလိုက်သည်။

ဘာလူကြီးမင်း မော့ချန်လဲ။ သူနဲ့ ဘာမှမပတ်သက်ဘူး။ သူက မူလပိုင်ရှင်အတွက် ကျောက်စိမ်းလက်ကောက်ကို ပေးပြီး ထွက်သွားချင်ခဲ့ရုံပဲ။

"ကောင်းကောင်း ဖြေရှင်းလိုက်.... ငါမင်းဆီက သတင်းကို စောင့်နေမယ်"

မော့ချန်ဟုခေါ်သော အဘိုးအိုသည် လုရွှမ်ကိုပင် မကြည့်ဘဲ ဆူးယာကို တစ်ချက်ကြည့်လိုက်ပြီး တောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။

"လူကြီးမင်း....."

မျက်နှာအမူအရာ ဗလာနဲ့ ထွက်သွားတဲ့ လူကြီးကိုကြည့်ပြီး ဆူးယာမျက်နှာလည်း မည်းမှောင်သွားကာ ခြေစောင့်လိုက်တော့သည်။

"လုရွှမ် နင်တကယ်ပဲ ဘာလုပ်ချင်နေတာလဲ? နင်နဲ့ငါက ဒီအတိုင်း တစ်လောကထဲက လူသာသာပဲ နင်မသိဘူးလား? ဟုတ်တယ် ငါအရင်က နင့်ကိုမှီခိုပြီး နင့်ပိုက်ဆံတွေနဲ့ ကျောင်းတက်ခဲ့တယ် ဒါပေမဲ့ အဲဒါတွေက ဖြစ်ပြီးသား ကိစ္စတွေလေ!"

ဒီအကြောင်းပြောရင်း အိတ်ကပ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ပြီး ပစ်ပေးလိုက်သည်။

"ဒါက ရွှေစတစ်ထောင် ချက်လက်မှတ်ပဲ ဒီနှစ်တွေထဲ သုံးစွဲခဲ့တဲ့ ပိုက်ဆံကို ငါပြန်ပေးမယ်!! နင့်ကျန်တဲ့ ဘဝတစ်သက်လုံး ဖြုန်းဖို့ လုံလောက်မှာပါ"

ရွှေစတစ်ထောင် ချက်လက်မှတ်နဲ့သာဆိုရင် ဘဏ္ဍာရုံးကနေ ရွှေစတွေကို တိုက်ရိုက် ထုတ်ယူနိုင်သည်။ ဒီလောက်များတဲ့ ပိုက်ဆံဆိုတာ သာမန်လူတွေ အတွက်တော့ တကယ်ကို များပြားလွန်းလှ၏။

လုရွှမ်က အေးစက်စွာ ကြည့်နေပြီး လက်ချောင်းတစ်ချောင်းပင် မလှုပ်။

"မလိုချင်ဘူးလား?"

ဆူးယာသည် မျက်ခုံးပင့်ကာ မဲ့ပြုံးတစ်ပွင့် ပြလိုက်သည်။

"ဒီလောက်ပမာဏ များတဲ့ ငွေတွေကိုမြင်ပြီး လန့်သွားတာလား? စိတ်ချပါ ဒီရွှေစတွေလောက်က ငါ့အတွက် ဘာမှမဟုတ်ဘူး စောစောက လူကြီးမင်းမော့ချန်ကို နင်လည်း တွေ့လိုက်မှာပါ ဝူယန်ကျောင်းတော်က လာပြီး သူတို့ရဲ သခင်လေးချင်ဟွာအတွက် အရည်အချင်း ပြည့်မီတဲ့ ကျင့်ကြံဖော်ကို လာရွေးတာ"

ထိုအကြောင်းကို ပြောရင်း ဆူယာက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

"ငါ အရွေးခံရပြီးပြီ... ဒီရက်ပိုင်းထဲ ဝူယန်ကျောင်းတော်ကို သွားတော့မှာ ..အရင်က နင်သေမတတ် ရှာဖွေခဲ့တဲ့ ရွှေစတွေကို ငါပြန်ပေးပြီးပြီ ကောင်းကောင်း သုံစွဲ! ပြီးတော့ ငါကနောက်ဆို ပိုရလာတော့မှာ ပိုက်ဆံရှိတယ်ဆိုတာ ဘာလဲသိလား? အဲဒါက ငွေကိုရေလို သုံးတာကို ပြောတာ နင်နားလည်မှာ မဟုတ်ပါဘူး... အဲဒါကြောင့် နောက်ဆို ငါ့ကိုလာမရှာတော့နဲ့! လာလည်း မရှုပ်တော့နဲ့ ဒီပိုက်ဆံတွေက နင့်ကိုလျော်ကြေးပေးတာ..."

"ကျင့်ကြံဖော်? နားမလည်ဘူး?"

လုရွှမ် အေးစက်စွာ ရယ်လိုက်သည်။

ကျင့်ကြံဖော်။ တချို့ သခင်လေးတွေက သူတို့ကျင့်ကြံနေချိန် အထီးကျန်တယ်လို့ ခံစားလာရတဲ့အခါ အပျင်းဖြေစရာအဖြစ် ရှာကြတာ။ ဝူအဆင့်တောင် မဟုတ်သေးတာကို ဘယ်လိုလုပ် ကျင့်ကြံဖော် ဖြစ်နိုင်မှာလဲ။

ဒီအတိုင်း ကျင့်ကြံမှု တိုးတက်လာအောင် လေ့ကျင့်ဖို့ ပစ္စည်းတစ်ခုသာသာပဲ။ ကိုယ်လုပ်တော်တောင် မဟုတ်တာ ဘယ်နားမှာ သာလွန်မှာလဲ။ ဒါ့အပြင် ဒါကဘာတွေလဲ ဆိုတာ လုရွှမ် တကယ်နားမလည်ဘူး။

ယွမ်ချောင်နှင့် အခြားသူများ စကားပြောနေတာကို ကြားရပြီးနောက် သူရောက်ရှိနေတဲ့ ကျန်းဝူအင်ပါယာသည် အလွန်ဝေးလံပြီး လက်အောက်ခံ နိုင်ငံတစ်ခုသာ ဖြစ်ကြောင်း သူသိထားပြီး ဖြစ်သည်။

အရင်ဘဝက သူသည် ထိုကဲ့သို့သော အင်ပါယာလေးလောက်ကို ကြည့်လည်းမကြည့် အရေးလဲ မထားခဲ့တာကြောင့် အင်ပါယာငယ်လေးရဲ့ ဘာသခင်လေးတွေ ဘာတွေကို ဘယ်လိုလုပ် နားလည်ပါ့မလဲ။

သခင်လေး မပြောနဲ့ သူတို့ရဲ့ သခင်ကြီးနဲ့ ဘိုးဘေးတွေတောင် သူ့ဖိနပ်လောက်တောင် တန်ဖိုးမရှိခဲ့ဘူး။

"ယူလိုက်! နင့်ရဲ့ အရည်အချင်းနဲ့ဆို ကျင့်ကြံမှုမှာ တစ်ခုခု အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရွှေဒင်္ဂါးတွေထုတ်ပြီး လယ်ဧက နည်းနည်းဝယ် စိတ်အေးချမ်း သာသာယာယာနဲ့ သူဌေးဖြစ်ရတာလည်း မဆိုးပါဘူး!"

လူငယ်လေး၏ မျက်နှာပေါ်က ရွဲ့စောင်းနေခြင်းကို မြင်လိုက်ရတော့ ဆူးယာသည် ထိုသူ တွန့်ဆုတ်နေပြီး မကျေမနပ် ဖြစ်နေသည်ဟု ထင်မိသည်။

လူဆိုတာ ကိုယ့်နေရာကို သိရမယ်မလား။

အရည်အချင်း ဆိုတာကို သူတကယ် မသိဘူးလား? ဒီတစ်ဘဝလုံး ဝူအဆင့်တောင် ရောက်အောင် မလုပ်နိုင်တာ သူမနဲ့အတူ နေချင်တယ်တဲ့။ တကယ် စိတ်ကူးယဥ်နေတာပဲ။

သူမမှာ ပင်ကိုယ်စွမ်းရည် သို့မဟုတ် အလှတရား မည်သို့ပင် ရှိစေကာမူ သူမသည် အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်တာမို့ အနှေးနဲ့အမြန် ကျင့်ကြံခြင်း လမ်းကြောင်းပေါ် လှမ်းတက်ကာ ဖီးနစ်တစ်ကောင် ဖြစ်လာလိမ့်မည်။

ဘယ်လိုလုပ် ရွှံ့အိုင်ထဲက ဘာမဟုတ်တဲ့ လူတစ်ယောက်နဲ့ အတူနေချင်ပါ့မလဲ။

လုရွှမ် သူ့နှုတ်ခမ်းကို ဖွင့်ဟလိုက်သည်။

"သူ အရင်တုန်းက တကယ်ပဲ မျက်စိကန်းနေလို့ မင်းကိုသဘောကျသွားတာလား မသိဘူး!"

ဒီမိန်းကလေးရဲ့ စွမ်းရည်ကြောင့် သူစိတ်ဆိုးလာတာ မဟုတ်ဘဲ မူလပိုင်ရှင် သေပေးရလောက်တဲ့အထိ သူမက မထိုက်တန်ဘူးလို့ ထင်မိလို့သာ။

"နင်ဘာပြောတယ်? နင်ဘာလို့ ငါ့ကိုအဲ့စကားမျိုး ပြောတာလဲ?? လုရွှမ် နင့်ကိုနင် ဘယ်သူလဲဆိုတာရော သိရဲ့လား??"

မမျှော်လင့်ဘဲ သူမကို အမြဲနာခံတတ်တဲ့ လုရွှမ်က ဒီလိုစကားမျိုး ပြောရဲလာတာကြောင့် ဆူးယာ ခဏလောက် အံ့သြသွားပြီးနောက် သူမရဲ့ လှပတဲ့မျက်နှာက ဒေါသတွေထွက်ကာ နီရဲလာတော့သည်။

"ဒီပစ္စည်းကို အစကတော့ မင်းကို ပေးချင်ခဲ့တာ... ကြည့်ရတာ မလိုတော့ဘူးပဲ...."

သူမ၏ သဘောထားကို လျစ်လျူရှုကာ လုရွှမ်သည် သူ့ရင်ခွင်မှ ကျောက်စိမ်းလက်ကောက်ကို ထုတ်ယူလိုက်သည်။ ဒီမိန်းကလေးကို လာရှာတာ မူလပိုင်ရှင်ရဲ့ ဆန္ဒကြောင့်သာ။

တစ်ဖက်က ပယ်ချလိုက်ပြီဆိုတော့ မပေးရုံပဲပေါ့။

"စုတ်ပြက်နေတဲ့ ကျောက်စိမ်းလက်ကောက် တစ်ကွင်းကို ထုတ်လာတယ်ပေါ့.... လောကကြီးကို တကယ် မမြင်ဖူးသေးဘူးပဲ"

ဆူးယာက အေးစက်စက်နဲ့ ရယ်လိုက်သည်။

ဘယ်နားက ဝယ်လာတဲ့ ပစ္စည်းအတုလဲ မသိ။ ငါတကယ် ပြန်လှည့်ကြည့်မယ်လို့ ထင်နေလား?။

သို့သော် သူမ၏လှောင်ပြောင်မှု မဆုံးခင် တောအုပ်အပြင်ဘက်မှ အံ့အားသင့်နေသော အသံတစ်ခုကို ကြားလိုက်ရသည်။

"တင်လန်လက်ကောက်? အကောင်းဆုံး အပြာရောင် ကျောက်စိမ်းကနေ ထွင်းထုထားတဲ့ လက်ရာမြောက်ပြီး ကျွမ်းကျင်အဆင့် လက်ကောက်တစ်ကွင်းပဲ ... ဒီကျောက်စိမ်းလက်ကောက်က အနည်းဆုံး ရွှေစ တစ်သောင်းအထက်မှာ ရှိလောက်တယ်"

စကားပြောနေစဥ် အတွင်း ပါးလွှာသော ပုံရိပ်တစ်ခုက လျှောက်လာနေ၏။ တစ်ကိုယ်လုံး လာဗင်ဒါပန်းရောင် ဂါဝန်ကို ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးဖြစ်သည်။

သွယ်လျပြီး ဖြောင့်စင်းနေသော ခြေထောက်တစ်စုံက ပြောမပြတတ်အောင် ဆွဲဆောင်မှု ရှိလေသည်။

"ခရိုင်မင်းသမီး လော့ရုံ?"

ဆူးယာ မှတ်မိသွားသည်။ သူမက အဆင့်မြင့် တပည့်တွေထဲတွင် နံပါတ်၁ အလှလေးဖြစ်ကာ ကျန်းဝူကျောင်းတော်တွင် နာမည်ကြီးသော ကျောင်းပန်းကလေး လော့ရုံ။

လော့ရုံက လှပရုံတင်မဟုတ် သူမရဲ့ နောက်ခံကလည်း ကြောက်စရာကောင်းသည်။ သူမက ကျန်းဝူဧကရာဇ်ရဲ့ အချစ်ဆုံး သမီးဖြစ်သလို ကျင်းဝူအင်ပါယာ၏ မင်းသမီးလည်း ဖြစ်သည်။

အောက်နိုင်ငံများ၏ အဆင့်အတန်းသည် အလွန်နိမ့်ကျသောကြောင့် ဧကရာဇ်သည် ခရိုင်ဧကရာဇ်သာဖြစ်ပြီး မင်းသမီးကို ခရိုင်မင်းသမီးဟုသာ ခေါ်နိုင်သည်။

ဝူအဆင့် တပည့်တွေသည် အဆင့်နိမ့်ကြပြီး ဝူအဆင့်ကို ကျော်ဖြတ်ပြီးမှသာ အဆင့်မြင့်ရာသို့ တက်လှမ်းနိုင်မှာ ဖြစ်သည်။ လော့ရုံသည် နောက်ခံကောင်းသူ ဖြစ်တာကြောင့် အဆင့်မြင့်အတန်းမှာ နေရသော်လည်း သူမက ဝူအဆင့်သာရှိ၏။

"ဒီတင်လန် လက်ကောက်က ဈေးကွက်တစ်ခုလုံးမှာ တစ်စုံပဲရှိတာ... ကျွန်မအမြဲတမ်း ဝယ်ချင်ပေမယ့် ဝယ်လို့မရခဲ့ဘူး... ပြီးတော့ ဒီလက်ကောက်က ပိုက်ဆံရှိတိုင်း ဝယ်လို့ရတာ မဟုတ်ဘူး ... ဝယ်ချင်ရင် အနည်းဆုံး အဲဒီလူက ဖန်းရှစ်ရဲ့ ရွှေကဒ်ကို ပိုင်ဆိုင်ထားဖို့ လိုတယ်... "

ဘေးက ဆူးယာကို လျစ်လျူရှု၍ လော့ရုံသည် လုရွှမ်ရဲ့လက်ထဲက ကျောက်စိမ်းလက်ကောက်ကို စိုက်ကြည့်ရင်း မျက်လုံးတွေက တောက်ပနေသည်။

"သူ မလိုချင်ဘူးဆိုမှတော့ ကျွန်မကို ပေးပါလား... စိတ်ချပါ ကျွန်မရှင်လိုချင်သလောက် ပေးမှာပါ ...ဒါပေမဲ့ အရစ်ကျ ပေးချေမှရမှာ လောလောဆယ် ကျွန်မမှာ ပိုက်ဆံ သိပ်မရှိတော့ဘူးလို့"

"မလိုဘူး"

လော့ရုံ၏ အသွင်အပြင်ကို လျစ်လျူရှုရင်း လုရွှမ်သည် မှုန်မှိုင်းစွာ ပြုံးကာ ရုတ်တရက် သူ့လက်ဖဝါးကို ဖိချလိုက်သည်။

သာမန်လူများ မဝယ်နိုင်သော ရွှေစ၁သောင်း တန်သော တင်လန်လက်ကောက် တစ်ကွင်းသည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး သူ၏ လက်ချောင်းများကြားမှ ပြုတ်ကျသွားသည်။

သူဒီလက်ကောက်ကို မူလပိုင်ရှင်ရဲ့ ဆန္ဒကြောင့် ဝယ်ခဲ့တာ။ အသုံးမဝင်တော့ဘူး ဆိုမှတော့ ချန်ထားနေစရာ အကြောင်း မရှိတော့ဘူး။

"ရှင်!....."

မထင်မှတ်ပဲ လူငယ်လေးသည် ထိုကဲ့သို့ အဖိုးတန်သောအရာကို တိုက်ရိုက် ချေမှုန်းပစ်သဖြင့် လော့ရုံ လန့်သွားပြီး စိုးရိမ်တကြီး ကြည့်နေလိုက်သည်။

ရွှေစသောင်းချီတန်တဲ့ ကျောက်စိမ်း လက်ကောက်ကို ဒီအတိုင်း ချေမွပစ်လိုက်တာ ဖြုန်းတီးပစ်ရာ မကျဘူးလား။

"နှုတ်ဆက်တယ်!"

လုရွှမ်သည် အဖိုးတန်သော ကျောက်စိမ်း လက်ကောက်ကို ဖျက်စီးပစ်ပြီးနောက် တောအုပ်လေးထဲ လှည့်ထွက်သွားရာ ခဏအတွင်း ပျောက်ကွယ်သွားတော့သည်။

မူလပိုင်ရှင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပြီးပြီ။ ဘာမှ စဥ်းစားနေစရာ မလိုတော့ဘူး။ အခု အရေးအကြီးဆုံးက သူ့စွမ်းအားတွေ တိုးတက်လာဖို့ပဲ။

"ဒါ....ဒါ....ဒါ ငါအရမ်းလိုချင်နေတဲ့ တင်လန်လက်ကောက်လေး"

မြေကြီးပေါ်မှာ အပိုင်းပိုင်း ကျိုးပဲ့နေတဲ့ လက်ကောက်ကိုကြည့်ပြီး လော့ရုံ စိတ်မကောင်းဖြစ်သွားသည်။

"မင်းသမီး လော့ရုံ... ကျွန်မ အဲဒီလုရွှမ်းကို သိတယ် သူကအရမ်း ဆင်းရဲတာ ကျောက်စိမ်းလက်ကောက် တစ်ကွင်းကို ဝယ်လာဖို့ သူဘယ်က ပိုက်ဆံရမှာလဲ? ဒါသေချာပေါက် အတုပဲ ဖြစ်မှာ!!"

သူမ စိတ်မကောင်း ဖြစ်သွားပုံကြောင့် ဆူးယာက အပြုံးလေးနဲ့ ပြောလိုက်၏။

အခုအချိန်ထိ စားဖို့တောင် အနိုင်နိုင်လုပ်နေရတဲ့ လူတစ်ယောက်က ရွှေစသောင်းချီတဲ့ ကျောက်စိမ်းလက်ကောက်ကို ဘယ်လိုလုပ် ဝယ်နိုင်မှာတဲ့လဲ။

"အတု? နင်က ငါ့အမြင်ကို စော်ကားတာလား? "

လော့ရုံသည် ဒေါသထွက်ထွက်ဖြင့် ကျောက်စိမ်း အပိုင်းအစများကို ကောက်ယူလိုက်၏။

"တကယ်လို့ အတုဆိုရင် ဒီလိုတောက်ပနေမှာလား? ဒီပုံစံနဲ့ ထွင်းထုနိုင်မှာလား? ကောင်းပြီ အတုဆိုရင် နင်ငါ့ကိုဝယ်ပေးလေ... ဘယ်လောက်ပဲ ကုန်ကျကုန်ကျ!"

"ဒါက....."

ထိုမှသာ ဆူးယာသည် လော့ရုံ လက်ထဲက အပိုင်းအစများကို သတိထားမိလိုက်သည်။ မိန်းမတစ်ယောက်အနေနဲ့ ရတနာတွေကို သဘာဝအတိုင်း အာရုံခံတတ်သူပဲ။ သူတို့ဟာ အပိုင်းအစတွေ ဖြစ်ပေမယ့် ကြည်လင်ပြတ်သားပြီး တောက်ပနေဆဲ။ ထိုအရာက အစစ်အမှန်ဆိုတာ နှစ်ခါကြည့်စရာပင် မလို။

"သူက ဆင်းရဲသား တစ်ယောက်ပဲလေ... ဘယ်လိုလုပ် ဒီလိုလက်ကောက်ကို ဝယ်နိုင်မှာလဲ?"

ဆူးယာသည် မယုံနိုင်မှု များစွာဖြင့် ထိတ်လန့်နေချေပြီ။

ရွှေစတစ်ထောင်သည် သူမဘ၀တွင် တွေ့ဖူးသမျှထဲ အကြီးမားဆုံးသော ပမာဏတစ်ခုဖြစ်သည်။ သူမနှင့်အတူ ကြီးပြင်းလာခဲ့သည့် ဆင်းရဲသား ကောင်လေးက တစ်သောင်းတန် ကျောက်စိမ်း လက်ကောက်ကို မည်သို့ တတ်နိုင်မည်နည်း။

"ဆင်းရဲသား?"

မင်းသမီးလော့ရုံသည် သူမ၏ မျက်လုံးထဲ ရွဲ့စောင်း လှောင်ပြောင်ကာ ကြည့်နေလေသည်။

"ဒီကျောက်စိမ်း လက်ကောက်ကိုဝယ်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်လဲ ဆိုတာကို နင်သိလား။ နင့်မှာ ကျန်းဝူ ဖန်းရှစ်ရဲ့ အမြင့်မြတ်ဆုံးရွှေကတ်ရှိရမယ်! ဖန်းရှစ်မှာ ရွှေစ ၅သောင်းနဲ့ အထက် ရှိတဲ့သူပဲ အဲ့လိုရွှေကတ်မျိုးကို ရဖို့ အရည်အချင်း ပြည့်မီတာ...နင်တကယ် ပြောတာလား ရွှေကတ်ပိုင်ဆိုင်ထားတဲ့ လူက သနားစရာကောင်းတဲ့ ဆင်းရဲသားဆိုတာ...."

"အဆင့်မြင့် ရွှေကတ်? ရွှေစ ၅သောင်း?"

သူမခေါင်းထဲ ပေါက်ကွဲသံ တစ်ခုကို ကြားလိုက်ရသည့်နှယ် မျက်နှာက ဖြူဖတ်သွားသည်။

"မဖြစ်နိုင်ဘူး.... သူ့မှာ ဘယ်လိုလုပ် ဒီလောက်များတဲ့ ပိုက်ဆံတွေရှိမှာလဲ?"

ဖန်းရှစ်မှာ ရွှေစ၅သိန်းဆိုရင် အိမ်ကြီးတစ်လုံးကို အလွယ်တကူ ဝယ်ယူလို့ရသည်။ ရွှေစ၁သောင်းတန် ကျောက်စိမ်း လက်ကောက်ကို ဖြစ်သလို ဝယ်ဖြစ်နိုင်သလို ရွှေစ၅သောင်းကိုလည်း ကိုင်ဆောင်ထားသေးသည်။

ရုတ်တရက် ထိုကောင်လေးက သူစိမ်းတစ်ယောက်လားဟုတောင် ထင်သွားသည်။

"ပိုက်ဆံရှိတော့ရော ဘာအသုံးဝင်မှာလဲ.... နောက်ဆုံးတော့ ဒီလောကကြီးက ခွန်အားကို အသုံးပြုရတာပဲလေ... ခွန်အားမရှိရင် ငွေကြေးဆိုတာ အနှေးနဲ့အမြန် နောက်မှာကျန်ခဲ့မှာ"

သူမ ရွေးချယ်မှု လုပ်ခဲ့တာကို ပြန်စဥ်းစားကြည့်ပြီး အံကြိတ်၍ မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။

"ခွန်အားမရှိရင်? အဟား... နင့်အမြင်က ဒီလောက်ထိ ဆိုးဝါးနေမယ်လို့ မထင်ထားဘူး... သူနဲ့ မတိုက်ခိုက်မိပေမယ့် သူ့အသက်ရှုသံက ငြိမ်သက်နေပြီး သူ့အရှိန်က မြန်တယ် အနည်းဆုံး ကွင်းငါးကွင်းကို ရောက်နေလောက်ပြီ... ဝူအဆင့်ကို အချိန်မရွေး ရောက်သွားနိုင်တယ် အဲဒီလို ပါရမီရှင်ကို ခွန်အားမရှိဘူးလို့ ပြောတယ်ပေါ့?"

မင်းသမီးလော့ရုံက ရယ်မောလိုက်လေ၏။

အဆင့်မြင့်တန်းက ကျောင်းသူ တစ်ယောက်အနေနဲ့ သူမသည် ဝူအဆင့်ဖြစ်တာကြောင့် တခြားသူတွေ လုရွှမ်ရဲ့အဆင့်ကို မမြင်နိုင်သော်လည်း သူမကတော့ မြင်နိုင်သည်။

ကွင်း၅ကွင်း နယ်ပယ်ကို ရောက်နေပြီဆိုတော့ အောက်ခြေအဆင့်မှာ ထိုသူကို ထိပ်တန်းဟု ဆိုနိုင်ပြီလေ။

"ကွင်း၅ကွင်း....."

ဆူးယာသည် လျှပ်စီးနဲ့ အတို့ခံလိုက်ရသလို သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် နှစ်ကြိမ်တိုင်တိုင် တုန်ခါသွားသည်။

ပိုက်ဆံရှိတယ်။ အရည်အချင်း ရှိတယ်။ အဓိကက သူမအပေါ်မှာ ကောင်းမွန်တယ်။ ဒါပေမဲ့ သူမကတော့ ထိုအရာကို ပယ်ချခဲ့တယ်။

ဆူးယာသည် ရုတ်တရက် နှလုံးသားထဲတွင် နာကျင်ခြင်းနှင့်အတူ ပြင်းထန်စွာ နောင်တရသွားပြီး သူမ တကယ် မှားသွားပြီဆိုတာ သိလိုက်ရသည်။

All Chapters