လူဆိုး
Vol. 1 Ch. 12
အိပ်ဆောင်ကို ပြန်ရောက်တော့ ရန်းလင်နဲ့ ယွမ်ချောင်တို့ရဲ့ မျက်နှာတွေပေါ်၌ စိုးရိမ်ပူပန်နေတဲ့ ပုံစံတွေကို တွေ့လိုက်ရသည်။ ဘာတွေဖြစ်နေလဲ မသိ သူအခန်းထဲ ဝင်လာတာကိုတောင် မသိကြချေ။
"ဘာတွေဖြစ်နေကြတာလဲ?"
လုရွှမ် ဝင်လာရင်း မေးမြန်းလိုက်သည်။
"အာ....လုရွှမ် မင်းပြန်လာပြီ! ပြန်လာတာကောင်းတယ်... ဘယ်သူမှ မင်းကိုမတွေ့ဘူးမလား?"
နှစ်ယောက်သား အလောတကြီး ထရပ်လာသည်။
၈ရက် ကြာသွားပြီးနောက် ရန်းလင်ရဲ့ ဒဏ်ရာတွေလည်း သက်သာလာခဲ့ပြီ။ အသက်ရှူသံက မဆိုးဘဲ လုရွှမ် တစ်ချက်ကြည့်လိုက်တော့ အသံ၂ကွင်း အထွတ်အထိပ် အဆင့် ရောက်နေတာ တွေ့ရ၏။
ယွမ်ချောင်နဲ့ အဆင့်ချင်း သိပ်မကွာပါ။ ဒီအဆင့်က အောက်တန်းကျောင်းသားတွေထဲ အဆင့်မြင့်တာလည်း မဟုတ်သလို နိမ့်လည်းမနိမ့်ကျချေ။
"ဘယ်သူမှ မတွေ့ဘူး? ငါလူသိမခံတဲ့ ကိစ္စတစ်ခုမှ မလုပ်ထားဘူးလေ.... လူတွေတော့ ဘာဖြစ်လို့လဲ?" လုရွှမ် ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး..."
ရန်းလင်သည် သူ့မျက်နှာပေါ်တွင် ညှိုးငယ်သေအမူအရာဖြင့် လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ဖြစ်တာက လျိုချွမ်း...."
လုရွှမ် မျက်မှောင်ကျုံ့လိုက်ကာ
"သူဘာဖြစ်လို့လဲ? ထပ်ပြီး လာရှုပ်တာလား?"
လျိုချွမ်းဆိုတာ အရင်တစ်ခါက သူ့ကိုလာဖမ်းတဲ့ ဥပဒေအဖွဲ့ဝင် တစ်ယောက်ပဲ။ အရင်နှစ် အဆင့်ပြိုင်ပွဲမှာ နံပါတ်၄နေရာ ရသွားတဲ့လူ။ လျိုချွမ်းကို သူသင်ခန်းစာ ပေးလိုက်တာတောင် လာရဲသေးတယ်လား?။
ရန်းလင်က လက်ဝေ့ယမ်းရင်း။
"လာရှုပ်တာ မဟုတ်ပါဘူး... ဒီအတိုင်း... သူက ခွန်အားတွေကောင်းလာတာ... ရုတ်တရက်ကြီး ဝူအဆင့်ကို ထိုးဖောက်သွားတာကွ! အဆင့်ပြိုင်ပွဲမှာ အဲဒီနေ့က ကိစ္စကို လက်စားပြန်ချေမယ်လို့ ပြောသွားတယ်......"
"ဝူအဆင့်ကို ရောက်သွားတယ်?"
လုရွှမ်သိပ်ပြီး အံ့သြမနေချေ။ လွန်ခဲ့တဲ့ ၈ရက်လောက်က လျိုချွမ်းဟာ ၅ကွင်းနယ်ပယ်ထဲကို ရောက်နေပြီလေ။ ဒီလိုအဆင့်နဲ့ အထက်ကို ထိုးဖောက်ချင်ရင် သိပ်တော့ မခက်ခဲချေ။
အဲဒီနေ့တုန်းက ရိုက်ပစ်လိုက်တာနဲ့ ပတ်သက်ပြီး လက်စားချေမယ့်အကြောင်း ပြောလိုက်ပေမယ့် လုရွှမ် သိပ်ဂရုစိုက်မနေပါ။
"ဥပဒေအဖွဲ့က ပြဿနာလာရှာသေးလား?"
လျိုချွမ်း ချိုးဖောက်သွားပြီဆိုတာ ကျိုးကြောင်းသင့်သည်။ သို့သော် အရင်တစ်ခေါက်က ဥပဒေအဖွဲ့ရဲ့ မျက်နှာ အရိုက်ခံလိုက်ရလို့ ဆက်ပြီး ပြဿနာမရှာတော့တာလား။
"ဟင့်အင်း! ကြည့်ရတာ လျိုချွမ်းက ပြောထားပုံပဲ...သူက အဲဒီနေ့က ကိစ္စအတွက် နှစ်ဆလက်စားချေမယ်လို့ ပြောသွားတာ!"
ရန်းလင်က တစ်ချက်စဥ်းစားကြည့်ပြီးနောက် ပြောလေ၏။
လုရွှမ် ခေါင်းညိတ်လိုက်သည်။
ထိုကောင်လေးက လူကဆိုးပေမယ့် မာနတော့ ရှိလေသည်။ အရိုက်ခံလိုက်ရတဲ့ ကိစ္စကို ဥပဒေအဖွဲ့ကို ပြန်မပြောဘဲ ပိုအားကောင်းလာအောင် ဝူအဆင့်ကို ထိုးဖောက်ပြီး သူ့ကိုလက်စားချေဖို့ လုပ်နေတာပဲ။
"ဒီလိုဆိုမှတော့... အဆင့်ပြိုင်ပွဲကျရင် သူ့ကိုတစ်ချက် ထပ်ချလိုက်တာပေါ့"
လုရွှမ် ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"သူ့ကို....ချမယ်?"
ရန်းလင်နဲ့ ယွမ်ချောင်မှာ သူတို့ပါးစပ်ထဲက ရေတွေကို မှုတ်ထုတ်လုနီးပါး ဖြစ်သွားသည်။
နားကြားများ လွဲတာလား! တစ်ဖက်လူက ထိုးဖောက်သွားပြီနော်... ပြီးတော့ အဲဒါက ဝူအဆင့်ကို။ ဒါတောင် မင်းကသူ့ကို ချမလို့လား?
ဘယ်လိုပဲ တွေးနေပါစေ ရယ်စရာကောင်းတယ်လို့ ခံစားရပေမယ့် ရှေ့က လူငယ်လေးကတော့ သူ့လေသံမှာ လှိုင်းလုံးတွေမပါဘဲ သာမန်အရိုးရှင်းဆုံး စကားလုံးတွေကိုပဲ ပြောနေပုံရသည်။
နှစ်ယောက်သား စကားမပြောနိုင်ဘဲ တုံ့ဆိုင်းသွားသည်ကို မြင်လိုက်ရသဖြင့် လုရွှမ်လည်း
"ပြဿနာရှိလို့လား?"
အချိန် အတော်ကြာပြီးနောက်မှ ယွမ်ချောင်က အားတုံ့အားနားနဲ့ ပြောလာသည်။
"တကယ်တော့... လျိုချွမ်းရဲ့ ခြိမ်းခြောက်မှုကို ကြားတာနဲ့ မင်းအတွက် အဆင့်ပြိုင်ပွဲကို ငါတို့ ဖျက်သိမ်းလိုက်တယ်..."
"ဖျက်သိမ်းလိုက်တယ်?"
"မင်းသာ အဆင့်တစ်ခုကို မချိုးဖောက်နိုင်ဘဲ ဝူအဆင့်လူနဲ့ သွားတွေ့ရင် သေကြောင်းကြံသလို ဖြစ်နေမှာလေ အဲဒီပြိုင်ပွဲမှာ ပါဝင်ပြီး အရှက်ရစေမယ့်အစား ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး အင်အားကောင်းလာမှ လက်စားချေလည်း နောက်မကျသေးပါဘူး"
ယွမ်ချောင် ကမန်းကတမ်း ရှင်းပြလေ၏။
အဆင့်ပြိုင်ပွဲတွင် စည်းမျဥ်းစည်းကမ်းအရ အားလုံးဝင်ပြိုင်ရမှာ ဖြစ်သည်။ သို့သော် ချွင်းချက်တော့ ရှိ၏။ ဒဏ်ရာရနေသူ၊ တံခါးပိတ် ကျင့်ကြံနေသူများက ပြိုင်ပွဲမှာ မယှဥ်ပြိုင်လည်း ကိစ္စမရှိချေ။
မပါဝင်ရင်တော့ ရလဒ်တစ်ခု ရမှာမဟုတ်သလို ကျောင်းတော်မှာလည်း နေရာမရဘဲ အရှက်သာရလိမ့်မည်။
ရှင်းပြချက်တွေကို ကြားပြီးနောက် လုရွှမ်ဆွံ့အသွားသည်။ သူပြိုင်ပွဲမှာ ပါဝင်ဖို့ စဥ်းစားထားတာက ယွမ်လိမှော်ဆေးလုံးနဲ့ ရွှေဝိညာဥ်ရေကန်ထဲ ဝင်ချင်တဲ့ စိတ်ကူးကြောင့်ပင်။
ဖျက်သိမ်းလိုက်ပြီဆိုတော့ သူ့စိတ်ကူးတွေ ပြိုကွဲသွားပြီပေါ့။
သို့သော် စိတ်ဆိုးဖို့ မတတ်နိုင်ပါ။ ထို့နှစ်ယောက်က သူကောင်းဖို့ လုပ်ခဲ့ကြတာပဲလေ။
"မပါဝင်ရဘူး ဆိုတော့လည်း မပါဝင်ရဘူးပေါ့!"
အခု စာရင်းသွင်းဖို့ နောက်ကျနေပြီဆိုတာ သိလိုက်ရတော့ လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ယွမ်လိမှော်ဆေးလုံးနဲ့ ရွှေဝိညာဥ်ရေကန်ထဲ ဝင်ဖို့ကိုတော့ သူထပ်စဥ်းစားရမည်။ သူအများကြီးလည်း မမျှော်လင့်ထားခဲ့ပေ။ ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီဆိုတော့ တခြားနည်းလမ်းကို ရှာရမည်။
ချက်ချင်း ထရပ်ပြီး သူ့လက်ထဲက သေတ္တာတစ်ဘူးကို ထုတ်ပြီး လွှဲပေးလိုက်သည်။
"ဒါက ငါအပြင်ကနေ မတော်တဆ ရလာခဲ့တဲ့ဟာ.. သောက်ပြီးရင် မင်းတို့ခွန်အားတွေကို တိုးလာစေလိမ့်မယ်!"
သူသည် ဝံပုလွေဘုရင်ကြီး၏ သွေးဆေးကို သောက်ပြီးနောက် သာမန် သံမဏိနှလုံး ဝံပုလွေ၏ မှော်ဆေးလုံးသည် အကျိုးသက်ရောက်မှု မရှိသောကြောင့် ၎င်းတို့ကို ပေးလိုက်ခြင်း ဖြစ်၏။
အဲဒီတုန်းက ဥပဒေအဖွဲ့က သူတို့ကို အဲဒီလို ညှဉ်းပန်းနှိပ်စက်ပေမယ့် သူတို့ကို ပြန်မတိုက်ခိုက်နိုင်ခဲ့ဘူး။ ဒီနှစ်ယောက်က ကူညီပေးဖို့ ထိုက်တန်ပါတယ်။
ရန်းလင် နှင့် ယွမ်ချောင်တို့သည် သံသယစိတ်ဖြင့် သေတ္တာကိုယူလိုက်ကြပြီး ချက်ချင်းဆိုသလိုပင် သူတို့မျက်နှာဆီသို့ ပြင်းထန်သောသွေးများ တဟုန်းဟုန်း စီးကျလာသလို ခံစားလိုက်ရပြီး သူတို့၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားကြသည်။
ဒီပစ္စည်းက ဘာလဲဆိုတာ မသိပေမယ့် စွမ်းအင်ကို ခံစားမိသည်နှင့် လုံးဝ ပစ္စည်းကောင်းတစ်ခု ဆိုတာကို သိနိုင်သည်။ အသုံးဝင်ရုံသာမက စွမ်းအင်တွေကိုပင် အများကြီး အကူအညီ ဖြစ်စေသေးသည်။
"ဒါအရမ်း ဈေးကြီးလွန်းတယ်.... ငါတို့....."
နှစ်ယောက်သား ဘာပြောချင်တယ် ဆိုတာကို သိတာကြောင့် လုရွှမ်တစ်ချက်ကြည့်ပြီး လှည့်ထွက်လာခဲ့၏။
"ငါတစ်ချက် သွားပြီး ပြန်လာခဲ့မယ်"
ချက်ချင်းကို ပျောက်ကွယ်သွားတော့သည်။ ကျေးဇူးတင်စကားတွေကို သူနားမထောင်ချင်ပါ။ နားထောင်ရမှာလည်း ပျင်းသည်။ တစ်ဖက်သားရဲ့ ခံစားချက်ကို စိတ်ထဲမှာ သိမ်းထားလိုက်တာပဲ ကောင်းပါ၏။
ထုတ်ပြောလိုက်လည်း ဘာမှအသုံးမဝင်ဘူးလေ။ အရင်ဘဝက ကျိုရန်ဧကရာဇ်လိုပေါ့။
အစပိုင်းတွင် ၎င်းသည် သူ့နောက်သို့ လိုက်ကာ နေ့တိုင်း သစ္စာရှိမှုကို ပြသနေသည့် ခွေးတစ်ကောင်ကဲ့သို့ ခြေလှမ်းတိုင်းကို လိုက်နေခဲ့ပြီး နောက်ဆုံးတွင် သူ့ကို သစ္စာဖောက်ခဲ့သည်။
လုရွှမ်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ဒါတွေကို မတွေးတော့ဘဲ သူ အခု ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုသာ တွေးနေလိုက်သည်။
ခုနစ်ကွင်း၏ အထွတ်အထိပ်တွင် ၈ကွင်းနယ်ပယ်ကို လွယ်လွယ်တက်လှမ်းနိုင်သော်လည်း ယခင်ဘဝက မရောက်နိုင်သော ကိုးကွင်းကို ရောက်ရှိရန်မှာ မလွယ်ကူလှပေ။
ဒီဘဝမှာ ကျင့်ကြံခြင်း အတွေ့အကြုံတွေနဲ့ ပိုင်ရွှယ်ဟွေ့ ကောင်းကင်မြေပုံ ရှိသော်လည်း ၉ကွင်းနယ်ပယ်ဆိုတာ ဒဏ္ဍာရီထဲမှာသာ ရှိပြီး ထိုအဆင့်ကို ရောက်ချင်ရင် အခွင့်အရေးနဲ့ နားလည်နိုင်စွမ်း မရှိရင် အလွန်ခက်ခဲနိုင်သည်။
"မြန်မြန် မြန်မြန်... လျိချွမ်းနဲ့ ချောင်ချန် တိုက်နေကြပြီ"
"မင်းပြောတာ အရင်နှစ်က အဆင့်၄နေရာ ရသွားတဲ့ လျိုချွမ်းလား? ချောင်ချန်က ငါမှတ်မိတာ မမှားဘူးဆိုရင် အဆင့်၃မလား?"
"တစ်ယောက်က အဆင့်၃ တစ်ယောက်က အဆင့်၄... အားလုံးက ဒီနှစ်ရွှေတံဆိပ် နေရာဝင်နိုင်တဲ့ လူတွေပဲ...ပြိုင်ပွဲတောင် မစသေးဘူး သူတို့က ထချကြလိမ့်မယ်လို့ မထင်ထားဘူး!"
"လျိုချွမ်းက ဝူအဆင့်ကို ထိုးဖောက်သွားပြီလို့ ကြားတယ်... အရင်နှစ်က ရန်ငြိုးကို အစပျိုးပြီး စိန်ခေါ်လိုက်တာဆို!"
"ဝူအဆင့်တွေက သူတို့ရဲ့ကိုယ်ခန္ဓာကို ဒေါသအဖြစ် ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူကြပြီး အဲဒါက တပည့်တွေကြားက မရှိမဖြစ် ကွာဟချက်ပဲ ဝူအဆင့်ဖြစ်သွားပြီဆိုတော့ ချောင်ချန်အတွက် အန္တရာယ်ရှိလိမ့်မယ်..."
"သွားကြည့်ရအောင်။ ခွန်အားရှိတဲ့သူတွေရဲ့ တိုက်ပွဲကနေ အများကြီး သင်ယူနိုင်တယ်..."
ရှေ့ဆက် ဘယ်လိုလျှောက်ရမလဲ တွေးနေတုန်း အလျင်စလို ဖြတ်သွားနေတဲ့ ကျောင်းသားတွေ အများကြီး စကားပြောနေတာကို ကြားလိုက်ရသည်။
ဤအဆင့်နိမ့် ပြိုင်ပွဲမျိုးသည် လုရွှမ်၏ မျက်လုံးထဲသို့ မ၀င်ရောက်နိုင်သော်လည်း ယခုတော့လုပ်စရာ မရှိတော့သောကြောင့် သူခဏလောက်ကြည့်မည်ဟု တွေးကာ နောက်သို့အနီးကပ် လိုက်သွားလိုက်သည်။
တိုက်ပွဲနေရာသည် ကျောင်းဝင်း၏ အလယ်ဗဟိုတွင် ပြိုင်ပွဲ စင်မြင့်မှာ ဖြစ်သည်။ ယခုအချိန်တွင် စင်မြင့်ပတ်လည်၌ လူများက စက်ဝိုင်းပုံစံ ရှိနေပြီဖြစ်၍ ဖြတ်ကျော်ရန် လမ်းမရှိတော့ပေ။ နေစရာနေရာ မရှိသလောက်ပဲ။
ကြည့်ရတာ လျိုချွမ်းဖြစ်ဖြစ် ချောင်ချန်ဖြစ်ဖြစ် ဒီကျောင်းတော်ထဲမှာ အလွန်လွှမ်းမိုးနိုင်သူတွေ ဖြစ်လိမ့်မည်။
လှည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ဦး၏ ဘေးနားက နေရာကျယ်ကြီး တစ်ခုကို တွေ့လိုက်ရသည်။
အပြာနုရောင် ဂါဝန်ရှည်ကို ၀တျဆငျထားပွီး ချောမောလှပကာ ဖြူဝင်းသည့် အသားအရေလည်း ရှိသည်။ ထိုနေရာတွင် မတ်တပ်ရပ်ကာ ချောမောလှပသော ပုံပန်းသဏ္ဌာန်ကို ပြသထားသည်။
သူမ၏ အလှသည် ဆူးယာထက် မနိမ့်ကျသော်လည်း သူမ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေသဖြင့် ချဥ်းကပ်ဖို့ ခဲခက်ပုံ ပေါက်နေသည်။
ထိုမိန်းကလေးသည် မူလပိုင်ရှင်နှင့် ရင်းနှီးပုံရသည်။ သူမကို ယခင်က မြင်ဖူးပုံပေါ်သော်လည်း အချို့သော မှတ်ဉာဏ်များက မရှင်းလင်းချေ။
အချင်းချင်းသိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူ့အတွက် အရေးမကြီးပေ။
"ဟားဟား၊ နောက်တစ်ယောက် လာပြီး သေကြောင်းရှာပြန်ပြီ"
"အဲ့ကောင်လေး တကယ် မျက်စိကန်းနေတာပဲ သူမဘေးမှာတောင် ရပ်ရဲတယ်....ကန်ထုတ်ခံရဖို့ စောင့်နေတာနေမှာ!"
"မဟုတ်ဘူးလို့ ဘယ်သူပြောလဲ? လူသုံးယောက် ရိုက်နှက်ခံရပြီး ကန်ထုတ်ခံရပြီးပြီ သူတို့က ရူးနေကြတာပဲ!"
ကောင်မလေးဘေးက ရှင်းလင်းတဲ့ နေရာကို လျှောက်သွားနေတာကို မြင်တော့ ပတ်ဝန်းကျင်က လူတွေက ရယ်ရယ်မောမောဖြင့် မျက်နှာတွေပေါ်မှာ လူတိုင်းက ပွဲကြီးပွဲကောင်းကို ကြည့်နေရသလို အရိပ်အယောင်တွေ ရှိနေကြသည်။
လုရွှမ်သည် ပြောဆိုမှုများကို ကြားပေမယ့် ဂရုမစိုက်ဘဲ ရှေ့ကိုသာ ဆက်လျှောက်လာခဲ့သည်။
တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသော မိန်းကလေးသည် အေးစက်စက် ဒေါသအရိပ်အယောင်ကို ပြသလာခဲ့သည်။
"ဒီကနေ ထွက်သွား!"
လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။
"ငါ့ကို လက်ပါရအောင် မလုပ်နဲ့!"
ကောင်မလေးက အေးစက်စွာပြောသည်။
တစ်ဖက်သားရဲ့ မျက်ခုံးကျုံ့ကာ မတ်တပ်ရပ်နေပြီး သူ့မျက်လုံးထဲက လူမဆန်တဲ့ မျက်လုံးတွေကို မြင်တော့ လုရွှမ်ဟာ အနည်းငယ် ထူးဆန်းသလို ခံစားရလိုက်ရပြီး သူကိုယ်တိုင်လည်း သူမကို စိတ်အနှောင့်အယှက် ပေးမိပုံ မပေါ်ပါဘူး။
ဒါပေမယ့် သူက ဘယ်သူလဲ၊ တစ်ဖက်သားက ဘာလို့ ဒီလိုပုံစံလဲ ဖြစ်နေလဲဆိုတာ ချက်ချင်းနားလည်သွားသည်။
ဒီနေ့ခေတ်မှာ သူတို့ကိုသူတို့ ကောင်းတယ်လို့ ထင်တဲ့သူတွေ အများကြီးရှိတာပဲ။
"ဒါ မင်းအိမ်လား" လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောတယ်။
မိန်းကလေးက မျက်မှောင်ကြုတ်ကာ
"မဟုတ်ဘူး၊ ဘာဖြစ်လဲ!"
"မဟုတ်ရင် ပြီးတာပဲ... ထွက်သွားချင်ရင် မင်းဘာသာသွား ငါစိတ်ဝင်စားမနေဘူး"
လုရွှမ်က ဘာမှမထူးခြားသလို ကြည့်ကာ ဆိုလိုက်သည်။
"သေချင်နေတာပဲ!"
သူမသည် လေးစားအားကျစရာ ကောင်းသော အဆင့်အတန်းရှိပြီး ကျောင်းတော်တွင် မည်သူမျှ သူမကို မလေးစားဘဲ မနေကြ ရိုင်းစိုင်းသော စကားတစ်ခွန်းကိုမျှ မပြောရဲကြပေ။
ဒီလူက သူမကို ထွက်သွားရန် အမှန်တကယ် ပြောခဲ့သည်။ သူမ ဒေါသအရမ်း ထွက်လာပြီး ပေါက်ကွဲဖို့ သူမရဲ့ ကျောက်စိမ်းလက်ကို မြှောက်ပြီး သူ့ကို တိုက်ရိုက် ရိုက်ချလိုက်သည်။
ဟူ.....
လက်ဖဝါး မကျလာခင်မှာ လေထုထဲမှ ဖိအားတစ်ခုနှင့် အသံတစ်သံထွက်လာပြီး အေးစက်တဲ့ လက်ဖဝါးနဲ့ မျက်နှာကို ရိုက်ခတ်သွားသည်။
"ဝူအဆင့် နယ်ပယ်?"
လုရွှမ်သည် အစပိုင်းတွင် အလေးအနက် မထားသော်လည်း ထိုလှုပ်ရှားမှုကို မြင်သောအခါတွင် သူ၏မျက်ခုံးများ လှုပ်ရှားသွားသည်။
ဒီမိန်းကလေးမှာ ဝူအဆင့် တပည့်တစ်ယောက်ရဲ့ ခွန်အားတွေ ရှိနေသည်။ သူမဟာ ပထမအဆင့်ရဲ့ အစမှာသာ ရှိပေမယ့် သူမရဲ့ ခွန်အားက ကြီးမားပြီး သူမလက်ဖဝါးတွေရဲ့ အားက ပြက်သားလှသည်။
ကျင့်ကြံမှုကတော့ မပျော့ညံ့ဘူးလို့ ပြောလို့ရသည်။ သူမသည် ဝူအဆင့်ဖြစ်လာစဥ် အချိန်က အနည်းဆုံး ခုနစ်ကွင်းနယ်ပယ်အထိ စုဆောင်းနိုင်ခဲ့တာ ဖြစ်မည်။
သူအရင်ကလောက် အားမကောင်းတော့ပေမယ့် ဉာဏ်ကြီးရှင်လို့ ပြောရမှာပဲ။
ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် သူ၏ခြေဖဝါးကို ပွတ်ဆွဲလိုက်ခြင်းဖြင့် လုရွှမ်သည် သူ၏လက်မောင်းကို မြှောက်လိုက်ပြီး အဆိပ်ပြင်းမြွေတစ်ကောင်သည် တံတွေးထွေးလိုက်သကဲ့သို့ ရှေ့တည့်တည့်သို့ တိုက်ရိုက် ပြေးဝင်သွားသည်။
သူသည် ယခု ၇ကှငျးရဲ့ အထွတ်အထိပ်တွင်သာ ရှိသေးပြီး သာမန်သူရဲများထက် များစွာ အားကောင်းသော်လည်း ၇ကှငျးနယျပယျကို အောင်မြင်ထားတဲ့ လူများနဲ့ ယှဥ်လို့မရချေ။
သူ၏ အရင်ဘဝက တိုက်ပွဲအတွေ့အကြုံကိုသာ အားကိုးရတော့မည်။
တစ်ဖက်က လက်ဖဝါးကို အောက်သို့ လှဲချကာ တည့်တည့် လက်သီးချက်ဖြင့် ထိုးနှက်တိုက်ခိုက်လာသည်။ နောက်ပိုင်းတွင် ခုခံကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ပထမဆုံး တိုက်ခိုက်ခြင်းပင်။
သို့သော် သူ့အတွက်ကတော့ ဒီဟာက အကောင်းဆုံးနည်းလမ်း ဖြစ်ပေမယ့် သူ့ရှေ့က မိန်းကလေးအတွက်တော့ မျက်ခုံးတွေ တွန့်ချိုးပြီး ထွက်ပြေးလုမတတ် ဖြစ်စေလိမ့်မည်။
အကြောင်းမှာ တိုက်ခိုက်မှုရဲ့ ဦးတည်ရာက သူမရဲ့ ရင်ဘတ်တည့်တည့်ကို ဖြစ်နေလို့။
ဘာသာပြန်သူ - အဂ္ဂိရတ်ဆရာကြီး ယွမ်ဟုန်ရဲ့ 'ယွမ်'နဲ့ ယွမ်ချောင်ရဲ့ 'ယွမ်'က အသံထွက်တူပြီး စာလုံးကွဲပါတယ်