← Chapters

အဂ္ဂိရတ်တံဆိပ်ပြား

Vol. 1 Ch. 15

အဂ္ဂိရတ်တံဆိပ်ပြား

Vol. 1 Ch. 15

ဝုန်း......

တောအုပ်ထဲမှာ လျှပ်စီးကြောင်း တစ်ခုလို အလှည့်အပြောင်း ပုံရိပ်တစ်ခုသည် သစ်ပင်တွေပေါ် တက်လိုက်ဆင်းလိုက်ဖြင့်။ ရပ်တန့်လိုက်တိုင်း သစ်ရွက်များကို လှုပ်ခါသွားစေ၏။

ဟူ......

လူပုံသဏ္ဍာန်က ရပ်တန့်သွားကာ အသက်ရှုထုတ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများသည် မိုးကြိုးပစ်ချ လိုက်သလို ရှစ်ကြိမ်ဆက်တိုက် တုန်ခါသွားသည်။

"၈ကွင်းနယ်ပယ်.... နောက်ဆုံးတော့ ပေါင်းစပ်နိုင်သွားပြီ"

ပေါ့ပေါ့ပါးပါး ပြုံးရင်း သူ့သွားဖြူတွေ ပေါ်လွင်နေတဲ့ လူဟာ ပြိုင်ပွဲကွင်းက ထွက်ခွာလာခဲ့တဲ့ လုရွှမ်ပဲ ဖြစ်သည်။

လန်ရော့ရှင်းနှင့် အခြားသူများရှေ့က ထွက်ခွာသွားပြီးနောက် အိပ်ဆောင်သို့ မပြန်ဘဲ အနောက်ဖက် တောင်ပေါ်ရှိ တောအုပ်သို့ ထွက်လာခဲ့သည်။ လေ့ကျင့်မှု တစ်ရက်ပြီးသောအခါ နောက်ဆုံးတွင် ၈ကွင်းနယ်ပယ်ကို စုစည်းခဲ့သည်။

"၉ကွင်းနယ်ပယ်ကို ရောက်ဖို့ ကျင့်ကြံရုံနဲ့တော့ မဖြစ်နိုင်ဘူး"

လေ့ကျင့်တာကိုရပ်ပြီး လုရွှမ် စဥ်းစားလိုက်သည်။

သူသည် သူ့ယခင်ဘဝက ပေါ့ပေါ့ပါးပါး ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သော်လည်း ကျင့်ကြံသည့် ပတ်ဝန်းကျင် သို့မဟုတ် အရင်းအမြစ် နှစ်ခုစလုံးသည် ဤဘဝထက် များစွာသာ လွန်ကောင်းမွန်ခဲ့သည်။

အဲဒီအချိန်တုန်းက ၈ကွင်းနယ်ပယ်ကို အသာလေး ရောက်ခဲ့ပြီးပြီ။

၉ကွင်းနယ်ပယ်သာ ရောက်ရှိဖို့ လွယ်ကူခဲ့ရင် တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးက ကျင့်ကြံသူများနှင့် နတ်ဆိုးတွေ ဘယ်လိုလုပ် မအောင်မြင်ဘဲ နေမလဲ။

"၈ကွင်း အထွတ်အထိပ် အဆင့်ကို ရောက်ပြီဆိုတော့ ပိုင်ရွှယ်ဟွေ့ကောင်းကင်မြေပုံရဲ့ အကူအညီနဲ့ မူလအမှတ်ကို ရှာမယ့်အစား ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်စုပ်ယူလိုက်မယ်...ဒါပေမဲ့ အဲဒါက ၉ကြိမ်သေပြီး ၁ကြိမ်ပဲ အသက်ရှင်နိုင်တဲ့ နည်းလမ်းကြီး...."

လုရွှမ်သည် ဂိုဏ်းကြီးခြောက်ခုတွင် သူမြင်ခဲ့ဖူးသော စာအုပ်ဟောင်းကို တွေးတောနေခဲ့သည်။

သာမာန် ကျင့်ကြံသူများသည် ဝူအဆင့်ရောက်သည်နှင့် အဆင့်ထိုးဖောက်ဖို့ မူလအမှတ်ကို ဦးစွာရှာဖွေကြမှာ ဖြစ်သည်။

မူလအမှတ်သည် လူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်ကို ပြောင်းလဲပေးသည့် အရာဖြစ်သည်။ မတူညီသော ဖွဲ့စည်းပုံများကြောင့် လူတစ်ဦးစီ၏ ခန္ဓာကိုယ် အနေအထားမှာလည်း ကွဲပြားပါလေရာ မူလအမှတ်ကလည်း မတူကြချေ။

ထိုမူလအမှတ်ရဲ့ တည်နေရာကို ရှာဖွေခြင်းဖြင့်သာလျှင် ဝိညာဉ်စွမ်းအင်ကို သန့်စင်စေပြီး ခန္ဓာကိုယ်ကို အဆင့်မြင့် ဝူအဆင့်အဖြစ် တိုးတက်လာစေမှာ ဖြစ်သည်။

အဲဒီစာအုပ်ထဲက ရေးသားချက်အရဆိုရင် ကိုးကွင်းနယ်ပယ်ကို ထိုးဖောက်ချင်တယ် ဆိုရင်တော့ သာမန် နည်းလမ်းတွေက လုံးဝအလုပ်ဖြစ်မှာ မဟုတ်။

နည်းလမ်းတစ်ခုကတော့ ရှစ်ကွင်းရဲ့အထွတ်အထိပ်ကို ရောက်ပြီးနောက် လေထဲက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူဖို့ ကျင့်ကြံမှုကို အသုံးပြုရမည်။ ထိုအရာက မူလဇစ်မြစ်ကို မဖြတ်သန်းဘဲ ခန္ဓာကိုယ်ထဲ ဝိညာဥ်စွမ်းအင်များ စုပ်ယူနိုင်ဖို့လည်း လိုသည်။

ဝိညာဥ်စွမ်းအင် ပြင်းထန်ပြီး ရှစ်ကွင်း၏ အထွတ်အထိပ်ဖြစ်လျှင်ပင် ၎င်းသည် သားရဲကောင်များ၏ စွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ ဆွဲဆောင်ခြင်းနှင့် ညီလေသည်။

ဤနည်းလမ်းကို တီထွင်ခဲ့သူသည်လည်း မရေမတွက်နိုင်သော ပင်ကိုယ်စွမ်းရည်များဖြင့် ကြိုးစားခဲ့သည်။ လူဘယ်နှစ်ယောက်တောင် စမ်းသပ်ခဲ့ကြလဲမသိ နောက်ဆုံးတွင် ၎င်းတို့အားလုံး ပေါက်ကွဲသေဆုံးသွားခဲ့သည်။

မအောင်မြင်ရင် လျှို့ဝှက်နည်းလမ်းက အမှိုက်ဖြစ်သွားပြီး သမိုင်းထဲက မြေမှုန့်ဖြစ်သွားလိမ့်မည်။

သို့သော် အခြားသူများ မအောင်မြင်နိုင်ဘူးလို့ ထင်ထားတဲ့ အရာကို လုရွှမ်ကတော့ ဖြစ်နိုင်သည်ဟု ထင်၏။

ပြင်းထန်သော ဝိညာဥ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ အမှန်တကယ် ထည့်သွင်းနိုင်လျှင် ကွင်းကိုးကွင်းကို ထိုးဖောက်ဖို့ အလားအလာ အလွန်ကောင်းသည်။

သို့သော်လည်း ၎င်းမှာ အန္တရာယ်များလွန်းသည်။

"မူလအမှတ်ကို အရင်ရှာလို့ မဖြစ်ဘူး... ဘာလို့လဲဆိုတော့ ဝိညာဥ်စွမ်းအင် စုပ်ယူလိုက်ရင် မူလအမှတ်က သူ့အလိုလို ပြောင်းသွားလိမ့်မယ် ငါဆန္ဒရှိရင်တောင် ပြန်ပြောင်းလို့မရတော့ဘူး"

"ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးရင် အသက် ဆယ်ကြိမ်ရှူချိန်တိုင်း အရမ်းတန်ဖိုးရှိပြီး ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် နာကျင်လာလိမ့်မယ်.... နာကျင်နေတုန်း မူလအမှတ်ကို ဝိညာဥ်စွမ်းအင်က ရှာတွေ့သွားမှာ ပထမအချက် အာရုံစူးစိုက်ဖို့ ခက်ခဲမယ်.... ဒုတိယအချက် အချိန်တိုလွန်းတယ်။ ဒါက ပေါက်ကွဲမှုပြီး သေဆုံးရခြင်းရဲ့ အကြီးမားဆုံး အကြောင်းရင်းပဲ"

[tn - နည်းနည်း ရှင်းပြမယ်နော်။ ၅ကွင်းနယ်ပယ်ကျော်ရင် ဝူအဆင့်ကို ထိုးဖောက်ပြီးပြီမလို့ မူလအမှတ်ကိုရှာပြီး ဝိညာဥ်စွမ်းအင် စုပ်ယူကြတယ်။ ဒါပေမဲ့ ၉ကွင်းကို ထိုးဖောက်ရင် မူလအမှတ်က အခက်အခဲ ဖြစ်နိုင်တယ်... သူက ပြင်းထန်တဲ့ ဝိညာဥ်စွမ်းအင်ကို စုပ်ယူမိနိုင်ပြီး ကျင့်ကြံမှုကို ပျက်စီးသွားစေနိုင်လို့]

"ငါကတော့ မတူဘူး... ငါ့မှာ အရင်ဘဝက ကျင့်ကြံထားတဲ့ အတွေ့အကြုံ ရှိတယ် ဘယ်လောက်ပဲ နာကျင်နေပါစေ ခံနိုင်ရည် ရှိနေပြီ... နောက်ပြီး မူလအမှတ် ပေါ်လာတဲ့ နေရာကိုလည်း မှန်းဆလို့ရတော့ လုံးဝ စမ်းသပ်ကြည့်လို့ရတယ်"

"ငါအခု ကွင်း၈ ကွင်းနယ်ပယ်ကို ရောက်နေပြီ.. အတွေ့အကြုံနဲ့ တည်ငြိမ်တဲ့ တိုက်ပွဲတွေကို ဖြတ်ကျော်ဖို့တောင် ငါလုပ်နိုင်သေးတာ ငါ့အရင်ဘဝရဲ့ အမြင့်ကို ပြန်ရောက်အောင်ဖို့ ခွန်အားနည်းနည်း တိုးလိုက်ရုံနဲ့ ကိစ္စမရှိဘူး... စွန့်စားလိုက်ရုံပေါ့။ ကိုးကွင်းနယ်မြေက ဒဏ္ဍာရီထဲမှာပဲရှိပြီး ပြီးမြောက်အောင် ဘယ်သူမှ မထိုးဖောက်နိုင်ခဲ့ဖူးဘူး.... "

သူ့ခေါင်းထဲတွင် အတွေးတွေ အစီအရီ လှည့်ပတ်နေပြီး ပိုတွေးလေ သူ့နှလုံးသားက တဖြည်းဖြည်း တုန်လှုပ်လာလေဖြစ်သည်။

အရင်ဘဝက သူသည် ကွင်း ရှစ်ကွင်းထဲသာရှိ၍ ကွင်းကိုးကွင်းကို ထိုးဖောက်တာက အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပင် ဖြစ်ခဲ့သည်။ ၉ကွင်းနယ်ပယ်ဆိုတာ ပါးစပ်ကသာ ပြောလို့ကောင်းတာ ဘယ်သူမှတော့ မအောင်မြင်ခဲ့ကြဘူး။

ခက်ခက်ခဲခဲ ပြန်လည်မွေးဖွားပြီးနောက် သေခြင်းတရားကို ဖိတ်ခေါ်မလား သွေးကြွေးအတွက် လက်စားချေမလား ရွေးချယ်ရတော့မည်။

"ထားလိုက်ပါတော့...."

အဲဒါကို တွေးကြည့်လိုက်တော့ ၉ကွင်းနယ်ပယ်ရဲ့ အကျိုးသက်ရောက်မှုက အန္တရာယ်ရှိပြီး ဘာမှ အကျိုးမရှိဘူးဆိုတာ သိလိုက်ရ၏။ လုရွှမ်ဟာ သူ့နှလုံးသားထဲမှာ အလင်းတန်းတွေ လင်းလက်တောက်ပလာချိန်မှာတော့ မျက်လုံးတွေက ပြင်းထန်တဲ့ အကြည့်တွေနဲ့ မွေးဖွားလာခဲ့သည်။

"ရွှမ်ချင်ဂိုဏ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို စိန်ခေါ်တုန်းက ငါအောင်မြင်မယ်လို့ ဘယ်သူမှ မထင်ခဲ့ဘူး။ ကြယ်တစ်သောင်းမြစ်ထဲကို ဝင်လိုက်တုန်းကလည်း ငါ အသက်ရှင်လျက် ထွက်လာနိုင်မယ်လို့ မထင်ကြဘူး... နတ်ဆိုးဧကရာဇ်ကို စိန်ခေါ်လိုက်တော့လည်း လူတိုင်းက ငါရူးနေပြီထင်ကြတယ်!"

"သူများတွေ မလုပ်နိုင်တာနဲ့ ငါလုရွှမ်က မလုပ်နိုင်တော့ဘူးလား? ငါ စမ်းကြည့်လို့ ရသေးတယ်... တခြားသူတွေ လုပ်နိုင်တာကို ငါထပ်လုပ်မယ်...မဟုတ်ရင် အရူးဧကရာဇ်ဆိုတဲ့ ငါ့ရဲ့ဂုဏ်ပုဒ်တွေက ဘာအရေးပါတော့မှာလဲ?"

ထိုအချက်ကို ထပ်တွေးပြီးနောက် လုရွှမ်သည် မရယ်နိုင်တော့ဘဲ မတ်တပ်ထရပ်ကာ ခဏတာ စိတ်သက်သာရာရသွားသည်။

တခြားသူတွေ မလုပ်နိုင်တော့ ဘာဖြစ်လဲ? တစ်လောကလုံးက လူတွေ မလုပ်နိုင်တော့ရော ဘာဖြစ်လဲ? လုရွှမ်ဆိုတဲ့ သူကရော လုံးဝ မလုပ်နိုင်တော့ဘူးတဲ့လား?

သူများတွေ မလုပ်နိုင်ဘူးရင် သူသေချာပေါက် လုပ်မယ်!

အဲဒါကြောင့် သူ့ကို အရူးဧကရာဇ်လို့ ခေါ်ကြတာပဲ။ ကြောက်ရွံ့မှု အနည်းငယ်ကြောင့် နောက်ပြန်ဆုတ်သွားရင် အသက်ရှင်ရတာ ဘာ အဓိပ္ပာယ် ရှိတော့မှာလဲ။

"၈ကွင်းရဲ့ အထွတ်အထိပ်ကိုပဲ အရင်ရောက်ထားဦးမယ်!"

၉ကွင်းကို ထိုးဖောက်ဖို့ ဆုံးဖြတ်ထားသော်လည်း ၈ကွင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ဦးစွာရောက်ရှိရန် လိုအပ်သေးသည်။ တကယ်လို့သာ ဒီနှစ်အဆင့်ပြိုင်ပွဲမှာ ရွှေတံဆိပ်နေရာကို ရခဲ့ပြီး ယွမ်လိမှော်ဆေးလုံးသာ ရခဲ့ရင် အဆင့်တက်ဖို့ လွယ်ကူလောက်သည်။

မရလည်း ကိစ္စမရှိပါ။ ကျန်းဝူမြို့ကြီးထဲမှာ အဂ္ဂိရတ်ပညာရှင်တွေ ရှိသည်။ ပတ်သွားပြီးတွေ့ရင် ဝယ်လို့ ရလောက်သည်။

အဂ္ဂိရတ်ပညာရှင်အဖွဲ့သည် ဧကရာဇ်မြို့နှင့် နီးကပ်သော ကျန်းဝူမြို့၏ အချမ်းသာဆုံးအပိုင်းတွင် တည်ရှိပြီး ၎င်း၏ခမ်းနားထည်ဝါသော ခန်းမသည် ဖန်းရှစ်ထက်ပင် သာလွန်ပေ၏။

မကြာခင်မှာပဲ လုရွှမ်ဟာ ကောင်တာထဲကို ဝင်သွားပြီး ဧည့်ကြို ဝန်ထမ်းတစ်ယောက်ကို ကြည့်ပြီး

"ဒီမှာ ယွမ်လိမှော်ဆေးလုံး ရှိလား? ငါဝယ်ချင်ပါတယ်!"

"ယွမ်လိဆေးလုံး?"

၁၇နှစ် သို့မဟုတ် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် သူ့ကို တစ်ချက်ကြည့်လာပြီး လက်ဖဝါးကို ဆန့်ထုတ်လိုက်ကာ

"ပေး!"

"ဘာလဲ?"

သူက ဈေးမေးနေပေမယ့် တစ်ဖက်က တစ်ခုခု တောင်းလာတော့ လုရွှမ်လည်း နည်းနည်းထူးဆန်းသလို ခံစားလာရသည်။

"အဂ္ဂိရတ်တံဆိပ်ပြားလေ! အဂ္ဂိရတ်တံဆိပ်ပြား မရှိရင် ဘယ်လို ဆေးဝယ်မလို့လဲ ရှင့်ကိုယ်ရှင် အဂ္ဂိရတ်ပညာရှင်လို့ ပြောမလို့လား?"

မိန်းကလေးက မျက်မှောင်ကြုတ်လိုက်သည်။

"အဂ္ဂိရတ်တံဆိပ်ပြား? အဂ္ဂိရတ်ပညာရှင်?"

ပထမတော့ အံ့အားသင့်သွားပြီး လုရွှမ် တစ်ခုခုကို တွေးမိပြီး ပြုံးလိုက်သည်။

အဂ္ဂိရတ်သမားများသည် အလွန်မြင့်မားသော အရည်အချင်းရှိရန် လိုအပ်ပြီး အရေအတွက်လည်း ရှားပါးလှပါသည်။ ထို့ကြောင့် သန့်စင်ထားသော ဆေးလုံးတိုင်းသည် အလွန်ရှားပါး၍ အဖိုးတန်လှပါသည်။

ငွေအမြောက်အမြားရှိ၍ ဝယ်ယူလိုပါက သင့်တွင် အဂ္ဂိရတ်ပညာရှင် သို့မဟုတ် အဂ္ဂိရတ်ပညာရှင်အဖွဲ့မှ ထုတ်ပေးသော အဂ္ဂိရတ်တံဆိပ်ပြား မရှိပါက ဝယ်ယူလို့မရချေ။

ထိုအရာကို ကန့်သတ်ဝယ်ယူမှုလို့ ခေါ်သည်။

အဂ္ဂိုရတ်တံဆိပ်ပြား မရှိရင် ပိုက်ဆံဘယ်လောက်ရှိရှိ ဆေးလုံးတွေကို ဝယ်လို့ရမှာမဟုတ်ပေ။

အရင်ဘဝတုန်းက သူဟာ ကမ္ဘာပေါ်မှာရှိတဲ့ အံ့ဖွယ်၆ပါးထဲက တစ်ယောက်ဖြစ်ပါပြီး သူ့ရဲ့အဆင့်အတန်းကို လေးစားရုံသာမက အထွတ်အမြတ်ထားရာ အဂ္ဂိရတ်သူတော်စင်လည်း ဖြစ်ခဲ့သည်။

အဂ္ဂိရတ် တံဆိပ်ပြားရဲ့ စည်းမျဉ်းများကိုပင် သူချမှတ်ခဲ့တာ ဖြစ်သည်။

စိတ်ဝင်တစားနဲ့ ဆေးလုံးလာဝယ်လိုက်တာ ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ တည့်တည့်ပြန်တိုးနေမယ်လို့ မထင်ထားဘူး။ ရယ်စရာ ကောင်းလိုက်တာ။

"အဂ္ဂိရတ်ပညာရှင်တော့...လောလောဆယ် ငါမဖြစ်သေးဘူး..."

လုရွှမ်က ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။

"လောလောဆယ်တော့ မဖြစ်သေးဘူး ဟုတ်လား? ဒါဆို ရှင်က အလုပ်သင်လား? အဆင့်မြင့် အတန်းကဆိုရင် ကျောင်းကဆရာကို သတင်းပို့ပြီး ဝယ်လို့ရတယ် ဒါပေမယ့် ပထမတန်းဆေးလုံးပဲ ရလိမ့်မယ်"

မိန်းကလေးက လေးစားမှုကို ပြသည်။

တရားဝင် အဂ္ဂိရတ်ပညာရှင် မဖြစ်လာမီ ၎င်းတို့အားလုံးကို အလုပ်သင်များဟု ခေါ်ဆိုကြပြီး အဆင့်နိမ့် အလယ်အလတ်နှင့် အထက်တန်း အဆင့်များရှိသည်။ အထက်တန်း အဆင့်မြင့် အလုပ်သင်တိုင်းသည် ကြိုတင်ပြင်ဆင်ထားသော အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး ၎င်းတို့၏ အဆင့်အတန်းမှာ မနိမ့်ကျပေ။

ထို့ကြောင့် ၎င်းတို့သည် ဆရာတွေထံ တံဆိပ်ပြားကို လျှောက်ထားပြီးနောက် ဝယ်ယူရန် အရည်အချင်း ပြည့်မီကြသည်။

"ကျွန်တော်က အထက်တန်း အဆင့်မြင့် အလုပ်သင်လည်း မဟုတ်ပါဘူး..."

"မဟုတ်ဘူး? ရှင်က အလယ်အလတ် အလုပ်သင်လည်း မဟုတ်သေးဘူးလို့ မပြောနဲ့နော် ပြဿနာရှာချင်ရင် တခြားနေရာကို သွားလိုက်ပါ... ဒါက အဂ္ဂိရတ်ပညာရှင် အဖွဲ့အစည်း ပြဿနာမရှာမိအောင် သတိထားပါ"

မိန်းကလေးက ရယ်လိုက်လေသည်။

သူမအမြင်အရတော့ သူမရှေ့ကလူက အဂ္ဂိရတ်တံဆိပ်ပြားလည်း မရှိဘူး အဂ္ဂိရတ်ဆရာလည်း မဟုတ်ဘူး။ ဒါကြောင့် သူက ပြဿနာရှာဖို့ လာတာ သေချာနေပါပြီ။

"အဂ္ဂိရတ်ဆရာတွေကို ဘယ်မှာ စမ်းသပ်တာလဲ"

တစ်ဖက်သား၏ ရှုတ်ချမှုကို လျစ်လျူရှုကာ လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အဂ္ဂိရတ်ဆရာအတွက် အရေးကြီးဆုံး အရာမှာ ဝိညာဉ်စွမ်းအား ဖြစ်သည်။ သူမွေးဖွားလာ သူ၏ ဝိညာဉ်စွမ်းအားက အဂ္ဂိရတ်ဆရာ ဖြစ်ရန် အားနည်းလွန်းသော်လည်း ယခုအချိန်တွင် မတူတော့ပါ။

သူ့စိတ်ထဲမှာ သူ့စိတ်ဝိညာဉ်စွမ်းအားကို တိုးလာစေဖို့အတွက် လျှို့ဝှက်ချက်များစွာရှိပြီး သူပြန်လည် မွေးဖွားပြီးနောက်မှာ သူ့စိတ်ဝိညာဉ်က ဦးဆောင်နေတာမို့ ပထမတန်းစား အဂ္ဂိရတ်ပညာရှင်ငယ် တစ်ယောက်ဖြစ်ဖို့တော့ ပြောစရာမလိုချေ။

"ဟိုမှာ!"

မိန်းကလေးက သူမမျက်လုံးတွေကို ပိုပြီးလှောင်ပြောင်တဲ့ အကြည့်ဖြင့် ညွှန်ပြလိုက်သည်။

ဒီကောင်က ပြဿနာ ရှာလာသလားဆိုတာ အခုနက မသေချာဘူး ဆိုရင်တောင် အခုတော့ အတည်ပြုလိုက်ပါပြီ။

အဂ္ဂိရတ်ဆရာတွေ မပြောနဲ့ ပထမအဆင့် အဂ္ဂိရတ်အလုပ်သင် အများစုတောင်မှ အကဲဖြတ် စစ်ဆေးတဲ့ နေရာကို သိကြတယ်လေ။ ဘာမှမသိပါဘူး ဆိုပြီး ဘာတွေ ဟန်ဆောင်နေတာလဲ။

"အိုး!"

တစ်ဖက်လူ၏ သဘောထားကို လျစ်လျူရှုကာ လုရွှမ်သည် ခြေဆန့်ကာ အကဲဖြတ်ရာ နေရာဆီသို့ လျှောက်သွားကာ ခဏအကြာတွင် ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့သည်။

"လျိုရှင်း အဲဒါက ဘယ်သူလဲ"

သူထွက်သွားပြီးတာနဲ့ နောက်ဧည့်ကြို တစ်ယောက် သူမဆီလာပြီး သံသယနဲ့ မေးလာ၏။

"ငတုံးတစ်ကောင်ပဲ!" လျိုရှင်းသည် ရှုတ်ချမှုအပြည့်နှင့် ပြောလိုက်သည်။

"ငတုံး?"

"အဂ္ဂိရတ်ပညာသင်တောင် မဟုတ်ဘဲ အဂ္ဂိရတ်ပညာကို စမ်းသပ်ဖို့ ဘယ်ကိုသွားရမလဲ မေးနေသေးတယ်... ကောင်းကင်က ဘယ်လောက်မြင့်လဲ မသိပုံပဲ"

လျိုရှင်းက သူ့လက်ကို ဝှေ့ယမ်းပြီး လျစ်လျူရှုလိုက်သည်။

သူမမျက်လုံးထဲမှာတော့ ထိုကောင်လေးက ဘာမှနားမလည်တဲ့ အမှိုက်သာသာပဲ။ အခုဝင်သွားပြီး ခဏကြာပြီးရင် ကန်ထုတ်ခံရလိမ့်မယ်။

Translator note - လျိုရှင်းရဲ့ 'လျို'က လုရွှမ်ကိုပြဿနာလာရှာတဲ့ သုံးယောက်ထဲက လျိုယောင်ရဲ့ 'လျို'နဲ့ စာလုံးပေါင်း တူလို့ အသံထွက်လည်း အတူတူရေးလိုက်ပါတယ်

တရုတ်ကနေ ဘာသာပြန်တာ ဖြစ်တဲ့အတွက် အမှားပါရင် သည်းခံပေးဖို့ တောင်းဆိုပါတယ်

ကျောင်းတော်ကို အကယ်ဒမီလို့ပဲ ဘာသာပြန်တော့ပါမယ်နော်

All Chapters