ချန်ဖုန်း ပထမပိုင်း
Vol. 2 Ch. 23
"သုံးရက်ကြာ လေ့ကျင့်မှုက ငါ့ကိုဝူအဆင့်နယ်ပယ် မူလအစရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်သွားစေတာပဲ... အထွတ်အထိပ်နဲ့တော့ ဝေးကွာနေသေးတယ်... တကယ်ကို ကောင်းကင်ကိုးလွှာ ကန့်သတ်မဲ့ကျင့်စဥ်ကို ကျော်လွန်နိုင်တဲ့ စွမ်းရည်တစ်ခုပဲ... ကျင့်ကြံမှုက အရင်ဘဝကထက်တောင် အများကြီး ပိုမြန်နေသေးတယ်"
ဝူအဆင့်တစ်ခုစီကို အစောပိုင်းအဆင့်၊ အလယ်တန်းအဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွတ်အထိပ်နှင့် ပြီးပြည့်စုံမှုဟူ၍ အဆင့်ငါးဆင့် ခွဲခြားထားသည်။
သုံးရက်အတွင်း အစောဆုံးအဆင့်မှ နှောင်းအဆင့်သို့ တက်သွားကာ အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ခဲ့သည်။ ယခင်ဘဝတွင် မူလအမှတ်ကို ရှာဖွေပြီး လက်ရှိ အခြေအနေအထိ ကျင့်ကြံရန် နှစ်ဝက်လောက် ကြာသည်။
နှစ်ဝက်နဲ့ သုံးရက်။ အရင်ဘဝက အတွေ့အကြုံတွေ စုဆောင်းထားချက် အရဆိုရင် ယွမ်ယန်ကျင့်စဥ်က တကယ် ကြီးစိုးနိုင်တယ်ဆိုတာ တွေ့ရသည်။
"သုံးရက်ကျော်ပြီးတော့...စွမ်းအားတွေက အရင်ထက် အဆပေါင်းများစွာ ပိုသန်မာလာတာပဲ!"
အရင်ကတော့ ကွင်းရှစ်ကွင်းရဲ့ အစောပိုင်းအဆင့်မှာသာ ရှိခဲ့ပြီး ဝူအဆင့်တွေရဲ့ နယ်ပယ်ကို မရောက်ခင်မှာ အများစုကတော့ ပထမဝူအဆင့်တွေရဲ့ အလယ်တန်းနဲ့ နှောင်းပိုင်းအဆင့်က လူတွေနဲ့သာ တိုက်ခိုက်ခဲ့ရင် ကြောက်စရာ မရှိချေ။
ယွမ်ယန်ကျင့်စဥ်လို ကောင်းကင်ကို စိန်ခေါ်နိုင်တဲ့အရာ ရှိနေမှတော့ ဝူဒုတိယအဆင့် ရောက်လာရင်တောင် ကြောက်စရာမလိုဘူး။
ဝူဒုတိယအဆင့်တွေဟာ အရိုးကဲ့သို့ အရေပြားများ ရှိကြပြီး ဝိညာဥ်စွမ်းအင်ကလည်း အရိုးနဲ့ အရေပြားရဲ့ ခွန်အားကို တိုးမြှင့်ပေးသည်။
ထိုကဲ့သို့ ဝူအဆင့်တွေသည် သူတို့ရဲ့ မူလအမှတ်ကို တိုက်ခိုက်နိုင်ဖို့ မပြောနှင့် သူတို့ရဲ့ ခုခံကာကွယ်မှုကိုတောင် ချိုးဖျက်ဖို့ ခက်လေသည်။
"စွမ်းအင် စမ်းသပ်ကြည့်ရအောင်!"
လုရွှမ်သည် ထိုနေရာမှ ခုန်ထကာ ခန္ဓာကိုယ်ကို ဆန့်တန်းကာ သစ်ပင်ကြီး တစ်ပင်ဆီသို့ ပျံသနိးလာပြီး လက်ဖဝါးဖြင့် ရှေ့ကို ရိုက်လိုက်သည်။
ဝုန်း!
လူတစ်ယောက် ပွေ့ဖက်ထားနိုင်သော သစ်ပင်ကြီးတစ်ပင်သည် ခုတ်ထွင် ရှင်းလင်းပစ်သလိုပဲ အကိုင်းအခတ်နှင့် သစ်ရွက်များ ကြွေကျလာသည်။
လုရွှမ် မျက်လုံးများလည်း တောက်ပလာသည်။ ဤလက်ဖဝါးအားဖြင့် ယွမ်ယန်ကျင့်စဥ်၏ လွှမ်းမိုးမှုကို မြင်နိုင်သည်။
အလားတူပင် မူလအမှတ်၏ နှောင်းပိုင်းအဆင့်တွင် သိုင်းစွမ်းအင်ကို အသုံးမပြုဘဲနဲ့တောင် လက်ဖဝါး အရာများသည် နှစ်လက်မ သို့မဟုတ် သုံးလက်မခန့်အထိ နက်သော်လည်း ယခုအခါ ၎င်းသည် အပေါက်ကြီးအဖြစ် တိုက်ရိုက်ဖောက်ထွက်သွားပြီး လက်ဖဝါး အစွန်းများတွင် မီးတောက်အစအနများပင် ရှိနေသည်။
ဤတိုက်ခိုက်မှုမျိုးသည် ဝူအဆင့်၏ သိုင်းစွမ်းအင်ကို အသုံးမပြုထားဘဲတောင် လူကို ထိတ်လန့်စေလိမ့်မည်။
ကျင့်ကြံမှုစွမ်းရည်နှင့် ကျင့်ကြံမှုသည် လေ့ကျင့်သူ၏ တိုက်ခိုက်ရေးစွမ်းအင် အားသာချက်များထဲမှ တစ်ခုသာဖြစ်ပြီး ထို့ထက်အရေးကြီးသော အချက်မှာ သိုင်းပညာဖြစ်သည်။
ကုန်းမြေကြီးထဲက လူအများအပြားသည် သိုင်းစွမ်းအင် တိုးတက်လာဖို့ စိန်ခေါ်မှုများကို ဖြတ်ကျော်ကာ အောင်မြင်ရန် ၎င်းတို့၏ အရည်အချင်းများကို အားကိုးကြသည်။
ဂွီ......
"နောက်မှ ဆက်ကျင့်တော့မယ်...အခုအချိန်စားဖို့ မပြန်ရင် ဒီမှာငတ်ပြီး သေလိမ့်မယ်!"
သူ့ဗိုက်ထဲက အော်သံကိုကြားတော့ လုရွှမ်ပြုံးပြီး ထရပ်လိုက်သည်။ သုံးရက်ဆက်တိုက် လေ့ကျင့်ပြီးနောက် ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးတဲ့ ဝိညာဉ်စွမ်းအင်တွေရှိပေမယ့် မစားဘဲနဲ့တော့ မခံနိုင်ချေ။
ခန္ဓာကိုယ်အားမရှိရင် ဘယ်လိုဆက်ပြီး လေ့ကျင့်ရမလဲ။
ဒါကိုတွေးပြီး သိုင်းပညာကို ဆက်လေ့ကျင့်ဖို့ တွန်းအားကို မျိုသိပ်ပြီး တောအုပ်ထဲက ထွက်လာကာ အိပ်ဆောင်ဆီ လမ်းလျှောက်သွားခဲ့သည်။
အစာစားဖို့ မသွားခင် သူ့ခန္ဓာကိုယ်ကို အရင်သန့်စင်ရမည်။ ၉ကွင်းနယ်ပယ်ကို ဖြတ်ကျော်ပြီးနောက် သူ့တစ်ကိုယ်လုံး သွေးတွေလွှမ်းနေရာ တခြားလူတွေမြင်ရင် သူတစ်ယောက်ယောက်ကို သတ်ပြီး ပြန်လာတယ်လို့ ထင်ကြလိမ့်မည်။
အိပ်ဆောင်ထဲမှာ တစ်ယောက်မှ မရှိပေ။ သူတို့အားလုံး အတန်းပြိုင်ပွဲကို သွားကြည့်ကြပုံပင်။ အချိန်တွက်ချက်မှုအရ ပြိုင်ပွဲက ယနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
ရေချိုးပြီး အဝတ်သန့်သန့် ၀တ်ပြီး စားစရာ တစ်ခုခု ရှာဖို့ အပြင်ထွက်တော့ တံခါးဝမှ အော်သံနဲ့အတူ လူနှစ်ယောက် ဝင်လာသည်။
"ဟူး...သူ့ကို ရွှေတံဆိပ်နေရာ ရသွားမယ်လို့ ငါမမျှော်လင့်ထားဘူး... ဒီကောင်ကို ငါမကြိုက်ဘူး ကြည့်မိတာနဲ့ စိတ်တိုလာတယ်"
"ဘယ်သူကရော စိတ်မတိုလို့လဲ လုရွှမ်ရဲ့ပွဲကို ငါတို့က ပယ်ချခဲ့ရတာ နှမြောစရာပဲ လန်ရော့ရှင်းတောင် သူ့ပြိုင်ဘက် မဟုတ်တာကို ဘာလို့ ကိုယ့်ဘာသာ ဆုံးဖြတ်ခဲ့မိပါလိမ့်...."
ထိုလူများသည် အခန်းထဲ မ၀င်မီတွင် စတင်ဆွေးနွေးတော့သည်။ စကားစမြည်ပြောပြီး တစ်ဝက်လောက်တွင် သူတို့ရုတ်တရက် လုရွှမ် အခန်းထဲမှာတွေ့ပြီး တစ်ချိန်တည်းတွင် အော်ပြောလိုက်သည်။
"လုရွှမ် မင်းပြန်လာပြီလား..."
အိပ်ဆောင်ထဲမှ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ရန်းလင် နဲ့ ယွမ်ချောင်ပင်။
လုရွှမ်က ခေါင်းညိတ်လိုက်ပြီး
"ပြိုင်ပွဲက ပြီးသွားပြီလား?"
"အစောကပဲ ပြီးသွားတယ်...ရွှေတံဆိပ်နေရာက မနှစ်က ချန်ဖုန်းပဲ....ဒီကောင်လေးက ပထမဝူအဆင့်ရဲ့ အလယ် အလတ်အဆင့်ကို ရောက်နေပြီ...သူက ကျင့်ကြံထားတဲ့ အဆင့်ကို ဖုံးကွယ်ထားပြီး အဆင့်မြင့်အတန်းကို မဝင်ခဲ့ဘူး"
ရန်းလင်က ဆိုလေ၏။
ကျန်းဝူအကယ်ဒမီတွင် ဝူအဆင့်တစ်ယောက် ဖြစ်လာသရွေ့ အဆင့်မြင့် အတန်းများထဲ ဝင်ရောက်ပြီး ၎င်းတို့ထဲမှ တစ်ယောက်ဖြစ်လာနိုင်သည်။ ဤလူသည် တစ်ချိန်လုံး ပုန်းကွယ်နေခဲ့ပြီး အတန်းပြိုင်ပွဲတွင် လူတွေကို အံ့သြစေချင်ပုံရ၏။
"မူလနယ်ပယ်ရဲ့ အလယ်တန်းအဆင့်လား.. အံ့သြစရာတော့ မဟုတ်ပါဘူး!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
ထိုသူ ရှစ်ကွင်းနယ်ပယ်ကို ရောက်နေပြီဆိုတာ အရင်က ကြားခဲ့သည်။ အခုသူဝူအဆင့် မူလနယ်ပယ်ရဲ့ အလယ်အလတ်မှာ ရောက်နေပြီဆိုတော့ အောက်တန်းက ဘယ်သူမှ မခုခံနိုင်တာ သာမာန်ပါပဲ။
"မင်း သူ့ကို မကြိုက်ဘူးလို့ ပြောနေတာက ဘာဖြစ်လို့လဲ? သန်မာတဲ့သူတွေကို အများစုက လေးစားကြတယ် မဟုတ်လား?"
လုရွှမ်က ထူးဆန်းစွာ ကြည့်လိုက်၏။
အဲဒီချန်ဖုန်းက မနှစ်က နံပါတ်၁ ဖြစ်သလို ဒီနှစ်လည်း နံပါတ်၁ပင်။ သူ့မှာ နာမည်ကောင်းရနေတာကို အခန်းဖော်တွေက သူ့ကို ဘာလို့ အရမ်းမုန်းနေတာလဲ?
"ဒီကောင်က စရိုက်ဆိုးရှိတယ်... သူက လန်ရော့ရှင်းကို ကြိုက်နေတာ... လူသိရှင်ကြား ငြင်းဆိုခံရတော့ ရှက်ရွံ့ဒေါသ ထွက်သွားပြီး မနှစ်က ပြိုင်ပွဲစင်မြင့်မှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်လေ... ဆရာသာ မတားရင် မိန်းမလှလေးလန်က သူ့ကြောင့် ဒဏ်ရာရသွားမှာ... ဒီလိုယုတ်မာတတ်မှတော့ သန်မာတော့ရော ဘာဖြစ်လဲ? ငါမကြိုက်ဘူး!"
ရန်းလင်က အော်ဟစ်လိုက်သည်။
လုရွှမ်က ခေါင်းညိတ်လိုက်ပြီး မေးခွန်းတွေ ထပ်မမေးတော့ချေ။
သူကြိုက်တဲ့လူကိုတောင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်? ဒီကောင်လေးက သူ့စရိုက်နဲ့ ပတ်သတ်ပြီး ပြဿနာရှိနေတာပဲ
"လုရွှမ် မင်းကိုကြည့်ရတာ တစ်ချိန်လုံး လေ့ကျင့်ပြီး ကောင်းကောင်း မစားရသေးဘူးထင်တယ် ငါတို့ မင်းကိုချွေ့ကျူလုံမှာ ထမင်းစား ဖိတ်ဖို့စီစဉ်ထားတယ်..ပထမအချက်.... ငါတို့ကြောင့် မင်းပြိုင်ပွဲကို ဝင်မပြိုင်လိုက်ရဘူး တောင်းပန်ပါတယ်.... ဒုတိယက ဒီတစ်ခါတော့ မင်းရဲ့မှော်ဆေးလုံးကြောင့် အတန်းပြိုင်ပွဲမှာ တခြားသူတွေကို အထင်ကြီးအောင် လုပ်နိုင်ခဲ့တယ်...ဒီတစ်ခါတော့ မင်းငြင်းလို့မရဘူး!"
ယွမ်ချောင် ရယ်လိုက်သည်။
ချွေ့ကျူလုံသည် အနီးနားရှိ စားသောက်ဆိုင်ကြီး တစ်ခုဖြစ်ပြီး ကျန်းဝူအကယ်ဒမီမှ ကျောင်းသားများသည် ထိုနေရာတွင် စားသောက်နိုင်သည့်အတွက် ဂုဏ်ယူကြသည်။
၎င်းတို့ သုံးဦးသည် တစ်ခန်းတည်းတွင် နှစ်အတော်ကြာ နေထိုင်ခဲ့ကြသော်လည်း ထိုနေရာကို မရောက်ဖူးကြပေ။
လုရွှမ်ပေးသော သားရဲသွေးဆေးကြောင့် သူတို့ နှစ်ယောက် သည် ထိပ်တန်းအယောက် ၅၀ထဲသို့ မတက်နိုင်ကြသော်လည်း အနည်းဆုံး သူတို့အယောက် ၁၀၀ထဲ ဝင်ရောက်နိုင်ခဲ့ကြသည်။
မနှစ်ကဆို အယောက်၅၀၀ ဝန်းကျင်သာ ရောက်ခဲ့ကြ၏။
"ဖိတ်ကျွေးချင်လည်း ရတယ်"
လုရွှမ်ရယ်ရင်း ထရပ်လိုက်သည်။
သူ့မှတ်ဥာဏ်ထဲတွင် ဤအခန်းဖော်နှစ်ယောက်၏ မိသားစုအခြေအနေက သိပ်မကောင်းကြောင်း သူသိသည်။ ယခု သူ့မှာ ပိုက်ဆံမလောက်တော့ပါ။
"ဘယ်သူဘဲ ဖိတ်ထားပါစေ ငါ ဒီနေ့ ပွဲကြီးစားရမယ်"
လုရွှမ်နှင့် ပတ်သက်၍ ယွမ်ချောင် နှင့်ရန်းလင် နှစ်ယောက်လုံးမှာ အပြစ်ရှိကြောင်း အနည်းငယ် ခံစားရဆဲပင်။ မည်သို့ပင် ပြောပါစေ လန်ရှော့ရှင်းကို အနိုင်ယူနိုင်သူကို လက်လွှတ်လိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။
ချွေ့ကျူလုံသည် အနီးနားရှိ ထိပ်တန်းစားသောက်ဆိုင်ကြီး တစ်ခုဆိုတာ အံ့သြစရာမရှိ ၎င်းသည် ထမင်းစားချိန် မတိုင်မီတွင်ပင် လူများဖြင့် စည်ကားနေပြီဖြစ်သည်။
သုံးယောက်သား အထဲကိုဝင်လာပြီး ဧည့်ခန်းထဲမှာ ကြုံသလိုထိုင်ကာ ဝိုင်နဲ့ အစားအသောက်တွေကို စားပွဲတစ်လုံးမှာ ချခိုင်းပြီး သူတို့စိတ်တိုင်းကျ စားသောက်ကြပါတော့သည်။
ဒီနေရာရဲ့ အစားအသောက်က တကယ်ကောင်းတယ်လို့ ပြောရမည်။ လုရွှမ် မချီးကျူးဘဲ မနေနိုင်တော့။
ဝိုင်သုံးအိုးနှင့် အရသာရှိ ဟင်းလျာငါးမျိုးကို စားသောက်ပြီးနောက် မကြာမီတွင် ညီအစ်ကိုသုံးဦးသည် အတူတူစားကြပြီး စကားများစွာပြောခဲ့ကြသည်။
"လုရွှမ် ဆုံးဖြတ်ချက်ကောင်းတွေချပြီး မင်းကို အတန်းပြိုင်ပွဲကို စွန့်လွှတ်ဖို့ ကူညီပေးတာက ဒီတစ်ခါ ငါတို့ရဲ့အမှားပဲ... မဟုတ်ရင် ဒီကောင်လေး ချန်ဖုန်းက ရွှေတံဆိပ်နေရာတောင် ရနိုင်မှာ မဟုတ်ဘူး!"
"ဟုတ်တယ်၊ အဲဒီကောင်လေးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်ကို မြင်ရင် ငါ့ကို ဒေါသထွက်တယ်! သူ့ကို ရွှေတံဆိပ်နေရာ ပေးလိုက်တာက ကျန်းဝူအကယ်ဒမီကိုတောင် မျက်နှာပျက်စေတယ်!!"
အများကြီး သောက်ပြီးတဲ့အခါ ယွမ်ချောင် နဲ့ ရန်းလင်တို့လည်း ရိုင်းစိုင်းတဲ့ စကားတွေ စပြောလာကြသည်။
"ငါ စားသောက်ဆိုင်ကို ရောက်တာနဲ့ ဟောင်သံကြားရတာပဲ စည်းမျဥ်းမသိတဲ့ ဘယ်ခွေးက ဒီမှာရှိတာလဲ?"
စကားလုံးတွေက အေးစက်တဲ့ အသံတစ်ခုဖြင့် ထွက်ပေါ်လာသည်။
ခေါင်းကို လှည့်ကြည့်လိုက်တော့ ယွမ်ချောင် နဲ့ ရန်းလင်ရဲ့ အမူအရာတွေက တစ်ချိန်တည်းမှာ ပြောင်းလဲသွား၏။
"ရှောက်ချန်.... ချန်ဖုန်း...."
စားသောက်ဆိုင်၏ ဧည့်ခန်းအ၀င်ဝဆီမှ လူအနည်းငယ် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ တစ်ယောက်က သူ့မျက်လုံးထဲတွင် ထိန်းမနိုင်သိမ်းမရ အအေးဓာတ်များ တဖျပ်ဖျပ်ခတ်လျက် ရှိတာကို မြင်လိုက်ရသည်။
အခုနက စကားတွေက သူပြောခဲ့တယ်ဆိုတာ သိသာထင်ရှားလှသည်။ ခန့်မှန်းစရာ မလိုအောင် ထိုသူက ဒီနှစ် အငယ်တန်းပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ ချန်ဖုန်းသာ ဖြစ်၏။
နံပါတ် ၁ အဆင့်အတန်းက မနိမ့်ပေမယ့် သူက ဒီလူအုပ်စုရဲ့ အသည်းကျော်တော့ မဟုတ်သေးပေ။ ထိုသူက မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက် ဖြစ်ကာ အသက်၂၀ခန့် ရှိမည်။
"ဟားဟား....ချန်ဖုန်း မင်းရွှေတံဆိပ်နေရာ ရသွားတာကို တချို့လူတွေက မကျေနပ်ကြပုံပဲ...ငါမင်းအတွက် ဖြေရှင်းပေးရမလား?"
လူငယ်က ပြုံး၍ပြောလိုက်သည်။
"ဘယ်လို သေရမှန်းမသိတဲ့ အရာလေးနှစ်ခုပါပဲ... ငါကိုယ်တိုင်ဖြေရှင်းနိုင်တယ်!"
ထိုလူငယ်များ၏ ကျိန်ဆဲခြင်းကို ခံရသော ချန်ဖုန်း၏ မျက်နှာသည် မှင်ပက်သလို အရုပ်ဆိုးသွားကာ ရှေ့သို့ ခြေလှမ်းနှစ်လှမ်းဖြင့် ရောက်ရှိလာကာ ရန်းလင် နှင့်ယွမ်ချောင်ကို ကြည့်ကာ လက်ဖဝါးကို စားပွဲပေါ်တင်လိုက်သည်။
ဝုန်း!
နံ့သာဖြူစားပွဲသည် သူ့လက်ဖဝါးကို မခံနိုင်သဖြင့် ပြိုကျကာ စားပွဲပေါ်ရှိ အစားအစာများနှင့် ဝိုင်များ ဖိတ်စင်သွားသည်။
"ဒူးထောက်ပြီး တောင်းပန်မလား!! ဒါမှမဟုတ် ငါမင်းတို့ ဒူးထောက်လာအောင် ရိုက်ရမလား!!?"
ဝူအဆင့်များနှင့် သက်ဆိုင်သော အရိပ်အယောင် ထွက်လာပြီး ချန်ဖုန်းက သူတို့ နှစ်ယောက်ကို အေးစက်စွာ ကြည့်နေသည် ။