တိုက်ခိုက်ခြင်း
Vol. 2 Ch. 30
"မင်းက လုရွှမ်လား? ငါတို့ အကြာကြီး စောင့်ခိုင်းရအောင် သတ္တိတော်တော် ကောင်းနေလား?"
သူရောက်လာတာကိုမြင်တော့ မီးခိုးရောင်ဝတ်လူငယ် ဝမ်ချောင်က ပြုံးပြပြီး သိုးတစ်ကောင်ကို စိုက်ကြည့်နေတဲ့ ကျားရဲတစ်ကောင်လို ကြွက်သားတွေနဲ့ အရိုးတွေ အက်ကွဲနေတဲ့ အသံနဲ့ သူ့ကိုတွေ့ဖို့ ရှေ့ကို လှမ်းလာ၏။
"အရေပြားအရိုးနယ်ပယ်?"
လုရွှမ်သည် ပြိုင်ဘက်၏ ကျင့်ကြံမှုအဆင့်ကို တစ်ချက်ကြည့်လိုက်သည်။
ဝူဒုတိယအဆင့် အရေခွံနှင့် အရိုးနယ်ပယ်။
မူလအမှတ်ကို ရှာဖွေပြီး ဝိညာဥ်စွမ်းအင် ပမာဏအချို့ကို စုဆောင်းပြီးနောက် ဝူအဆင့်များသည် ကြွက်သား၊ အရေပြား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများကို ဖုံးအုပ်ပေးနိုင်သော အစောပိုင်း၊ အလယ်၊ နှောင်းပိုင်းနှင့် အထွတ်အထိပ် အဆင့်များအဖြစ် ကျင့်ကြံနိုင်ကြသည်။
သူ့ရှေ့ကလူသည် စွမ်းအင်ပြည့်ဝပြီး အရေခွံနှင့် အရိုးနယ်ပယ်ကို ရောက်ရှိနေတာ ကြာခဲ့ပြီဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်သည်။ သူသည် အရိုးကို ကောင်းမွန်စွာ ကျင့်ကြံထားသူ ဖြစ်လိမ့်မည်။
အရိုးနှင့် အရေခွံနယ်ပယ်ကို ရောက်ပြီဆိုတော့ အထွတ်အထိပ်ကို ရောက်နေလောက်ပြီ။
သူနဲ့ သိပ်တော့ မကွာပါဘူး။
"သီးသန့်ပြိုင်ပွဲတွေကို အကယ်ဒမီက ခွင့်မပြုပါဘူး.... မင်းက ကျောင်းစည်းကမ်းကို ဖောက်ဖျက်ချင်တာလား"
လုရွှမ်က သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။
ပြိုင်ဘက်၏ ခွန်အားသည် မိမိထက် ကြီးမားသော အဆင့်ဖြစ်သောကြောင့် မတိုက်ခိုက်မိတာ အကောင်းဆုံးဖြစ်သည်။
"ကျောင်းစည်းကမ်းကို ဖောက်ဖျက်တာလား? သေချာပေါက် မဟုတ်ဘူးပေါ့!"
ဒီကလေးက ကျောင်းစည်းကမ်းတွေနဲ့ တကယ်ပဲ သူ့ကို နှိပ်ကွပ်ဖို့ သုံးလာတာကို မြင်လိုက်ရတော့ ဝမ်ချောင်ရဲ့ မျက်နှာက အေးစက်သွားပြီး သူ့နှလုံးသားက ပိုပိုပြီး မုန်းတီးလာခဲ့သည်။
"ငါက အကြီးတန်း ကျောင်းသား...မင်းက အဆင့်အတန်းနိမ့်တဲ့ ကောင်လေးတစ်ယောက်ပဲ ငါနဲ့ တိုက်တာ မင်းမှာ အရည်အချင်း ရှိမရှိ စမ်းသပ်တာပဲပေါ့"
သူက ရယ်မောရင်း
"ဒါပေမယ့် အကြီးတန်း တစ်ယောက်အနေနဲ့ မင်းရဲ့ အလေ့အကျင့်အတွက် အကြံဉာဏ်တစ်ခု ပေးမယ်....ငါအကြံဉာဏ် ပေးနေတုန်း မင်းကို မတော်တဆ ထိခိုက်မိသွားနိုင်တယ် မင်းအပြစ်တင်ချင်ရင် မင်းကိုယ်မင်း အပြစ်တင်လိုက်... မင်းရဲ့ ညံ့ဖျင်းတဲ့ အခြေခံကျင့်စဥ်နဲ့ ကိုယ်ခန္ဓာ အားနည်းလို့ ငါသင်ပြရင်း ထိခိုက်သွားတာ ဖြစ်မှာပဲလေ"
ရယ်မောသံများကြားတွင် ဝမ်ချောင်သည် သူ့နှင့် နှစ်မီတာသာဝေးသော လုရွှမ်ဆီသို့ ရောက်နေပြီဖြစ်ပြီး သူ့မျက်လုံးများက လုရွှမ်ကို အေးစက်စွာ စိုက်ကြည့်နေပြီး အချိန်မရွေး လှုပ်ရှားတော့မည့်နှယ်။
"မင်းက ငါ့ကို သင်ပေးချင်တာလား" လုရွှမ် ပြန်ကြည့်လိုက်သည်။
တစ်ဖက်သားရဲ့ စကားက လွန်နေပေမယ့် ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။
အကယ်ဒမီမှာ အကြီးတန်း ကျောင်းသားတွေက အငယ်တန်း ကျောင်းသားတွေကို သင်ပြပေးနိုင်တယ်။ သင်ကြားရေးနဲ့ လေ့ကျင့်ရေး လုပ်ငန်းစဉ်မှာ အချင်းချင်း ထိမိခိုက်မိတာက ဖြစ်တတ်သည့် သဘောပင်။
မလွဲမသွေ ဒဏ်ရာတွေနဲ့ ကြုံတွေ့ရတတ်ပေမယ့် ကြမ်းကြုတ်တဲ့ လက်နက်တွေကို မသုံးတတ်သရွေ့တော့ များသောအားဖြင့် အကယ်ဒမီက ခွင့်ပြုပေးသည်။
"မှန်တယ်! အကြီးတစ်ယောက် အနေနဲ့ မင်းကို လေ့ကျင့်နည်းကို ငါသင်ပေးမယ်....မင်းကို မာနမကြီးစေဖို့လေ အဆင်ပြေတယ်မလား!"
ဝမ်ချောင်၏ စကားလုံးများတွင် ဖိနှိပ်မှု ခံစားချက်များ ရှိနေပြီး သူ့ပါးစပ်ထောင့်များက ကွေးညွတ်နေသည်။
"ဟာဟား.... မင်းက အောက်တန်းက ပထမနေရာကို နိုင်ခဲ့တာ မဟုတ်ဘူးလား? မင်းအဆင့်မြင့်တဲ့လူနဲ့ တွေ့တော့ ကြောက်သွားတာလား?"
"ငကြောက်တစ်ကောင်ပဲကိုး! မလုပ်ရဲဘူးဆိုရင် ချက်ချင်း ထွက်သွားလိုက်တော့ ရွှေဝိညာဥ်ရေကန်က မင်းလို အသုံးမကျတဲ့ လူအတွက် ဖြုန်းတီးဖို့ မဟုတ်ဘူး!"
"ကောင်လေး မင်းမှာ ခွန်အားမရှိရင် အတင်း ဟန်ဆောင်မနေနဲ့...တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ် နောက်တစ်ခါ အဆင့်မြင့် အတန်းကလူတွေ ရှိမှန်းသိရင် မင်းအရင်လာသင့်တယ်.... တစ်ခုခုထုတ်ပြီး ကမ်းလှမ်းလိုက်.... မင်းကို တစ်ခါလောက် လွှတ်ပေးလိုက်မယ်"
"စည်းမျဥ်း စည်းကမ်းတွေကို နားမလည်တဲ့ကလေးကို ဝမ်ချောင်က ညွှန်ပြပေးလိမ့်မယ်... လူကြီးကို လေးစားတာက ဘာကိုဆိုလိုတယ်ဆိုတာ သိအောင် ပြောပြပါစေ!"
တခြားသူတွေကပါ အော်ဟစ်လာ၏။
"ကိစ္စမရှိပါဘူး ဒါပေမယ့်..."
လူတိုင်း၏ အသွင်အပြင်နှင့် ဝမ်ချောင်၏ အသွင်အပြင်ကို မြင်လျှင် လုရွှမ်သည် ဤတစ်ကြိမ်တွင် သူဖုံးကွယ်၍ မရနိုင်တော့ကြောင်း သိလိုက်ရသောကြောင့် ခေါင်းကိုမော့ကာ စကားပြောရန် ပါးစပ်ကိုဖွင့်တော့မည့် အချိန် ရုတ်တရတ် ခြေဖဝါးဖြင့် မြေပြင်ကို နင်းလိုက်သည်။
ဝှစ်.....
စွမ်းအင်သည် ခြေဖဝါးကို ဖြတ်သန်းသွားကာ မြေပြင်ပေါ်တွင် နက်နဲသော ခြေရာများ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် လက်ဖဝါးကို လှန်လိုက်ရာ ယွမ်ယန်ကျင့်စဥ်သည် ခန္ဓာကိုယ်ထဲတွင် ကျယ်လောင်စွာ ထွက်လာပြီး မူလအမှတ်မှ အရှိန်အဟုန်ပြင်းပြင်း ထွက်ပေါ်လာသည်။
လုံရှန့်သိုင်းပညာ ပထမအဆင့်။
ပထမအဆင့်သာ ရှိသေးသော်လည်း ၎င်းသည် ရွှမ်ချင်ဂိုဏ်း၏ အထွတ်အထိပ် ကိုယ်ခံပညာဖြစ်ပြီး ဖိအားတစ်ချက် အောက်တွင် လေထုသည် ကြေမွနေသကဲ့သို့ တုန်လှုပ်ခြောက်ခြားသွားစေသည်။
"မကောင်းတော့ဘူး!"
မထင်မှတ်ပဲ သူ့ရှေ့က လူငယ်က အရင်တိုက်ခိုက်လာခဲ့သည်။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ စကား အရသာခံနေချိန် တစ်ဖက်က တိုက်ခိုက်လာတော့ ဝမ်ချောင်လည်း သူ့လက်သီးတွေကို မြှောက်လိုက်သည်။
"ဖန်ကျန်းလက်သီး!"
ဖန်ကျန်းလက်သီးသိုင်းသည် သာမန်အဆင့်နိမ့် ကိုယ်ခံပညာ ဖြစ်ကာ ဝမ်ချောင်၏ အကောင်းဆုံး သိုင်းကွက်ဖြစ်သည်။ အလျင်စလို ဖြစ်နေချိန်တွင် မဆိုင်းမတွ ထုတ်သုံးခဲ့သည်။
သို့သော် ၎င်းတို့နှစ်ဦးသည် တစ်ယောက်နဲ့ တစ်ယောက် လွန်စွာနီးကပ်နေပြီး နှစ်မီတာအကွာတွင်မို့ လုရွှမ်သည် နောက်တစ်ကြိမ် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
ဝမ်ချောင်၏ ဖန်ကျန်းလက်သီးသည် သူ့ထံမရောက်မီတွင် လုံရှန့်သိုင်းလက်ဝါးက တစ်ဖက်လူရဲ့ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီဖြစ်သည်။
ဝုန်း..... ဝုန်း ဝုန်းဝုန်းဝုန်း
အရေပြားနှင့် အရိုး၏ ခုခံကာကွယ်မှု အားကောင်းကြောင်း သိလိုက်ရသဖြင့် လုရွှမ်သည် လှုပ်ရှားလိုက်သောအခါ ဘာမှမထိန်းနိုင်ဘဲ ယွမ်ယန်ကျင့်စဥ်မှ ထုတ်ပေးသော ဝိညာဥ်စွမ်းအင်သည် မူလအမှတ်တစ်လျှောက် ပြင်းထန်စွာ ပျံ့နှံ့သွားသည်။
လုံရှန့်သိုင်းလက်ဝါး၏ ပြင်းထန်သော စွမ်းအားသည် ဝမ်ချောင်၏ တစ်နေရာကို ငါးကြိမ်ဆက်တိုက် တစ်ချိန်တည်းတွင် ထိမှန်သွားသည်။
ဖူး.....
ဝမ်ချောင်သည်ပင် တုံ့ပြန်ချိန် မရလိုက်ဘဲ သူ့ရင်ဘတ်ရှိ အရိုးများသည် ပြတ်သားသော အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကြီးသည် သဲအိတ်ကဲ့သို့ လွင့်ထွက်သွားကာ သွေးတစ်လုတ်နဲ့အတူ မြေပြင်ပေါ်သို့ လဲကျသွား၏။
".......မင်းက? ငါ့ကို သင်ပြချင်တယ်ပေါ့?"
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝမ်ချောင်ကို ကြည့်လိုက်ပြီး လုရွှမ် မျက်ခုံးပင့်ကာ ယခုနက မပြီးသေးသော စကားကို ဆက်ပြောလိုက်သည်။
ဝမ်ချောင်က သူ့ထက် သန်မာသည်။ သူတစ်ယောက်တည်း တိုက်ခိုက်ရင် သူက ၎င်း၏ပြိုင်ဘက်မဟုတ်တာ သေချာ၏။ အခုအခြေအနေမှာ သူ့ကို လွှတ်ထားဖို့တော့ မဖြစ်နိုင်ဘူး။ အရှက်ခွဲခံရတာကို ရှောင်ချင်ရင် အရင်ဆုံး တိုက်ခိုက်ရမယ်။
အကွာအဝေးက နီးပေမယ့် လုံရှန့်လက်ဝါးက အစွမ်းထက်ပါသည်။ နှစ်ဘဝ အတွေ့အကြုံတွေနဲ့အတူ ထိုးနှက်ချက်က အောင်မြင်သွားခဲ့သည်။
"ခွေးကောင်... ငါ့ကို တိုက်ခိုက်ရဲတယ်?!! မင်းဘဝကို သေတာထက် ပိုဆိုးစေရမယ်..."
ဝမ်ချန်သည် မတ်တတ်ထရန် ရုန်းကန်ကာ ပြင်းထန်စွာ ဟစ်အော်လိုက်သည်။
ဂုဏ်သိက္ခာရှိသော စီနီယာကျောင်းသား တစ်ဦးကို ဂျူနီယာကောင်လေးက ရိုက်နှက်ဆုံးမခဲ့ပြီး လန်ရော့ရှင်းရှေ့မှာ အရှက်ခွဲခံရတဲ့ ခံစားချက်က သူ့ကို ရူးသွပ်သွားစေခဲ့သည်။
ဟူ......
အော်သံမပြီးခင်မှာ သူ့ခေါင်းမှာ စူးစူးရှရှ နာကျင်မှုတွေ ခံစားရပြီး လုရွှမ် တစ်ချိန်တည်းမှာ သူ့ဆီရောက်လာပြီး သူ့လက်ကြီးနဲ့ ဆံပင်တွေကို ဆုပ်ကိုင်လိုက်ကာ သူ့ကို မြှောက်ယူလိုက်သည်။
ထို့နောက် သူ့မျက်နှာကို ကျယ်လောင်စွာ ရိုက်လာတော့သည်။
"အား......အား....."
ဝမ်ချောင် ထအော်သည်။ ဦးရေပြားနဲ့ မျက်နှာက အရမ်းနာနေပြီ။ အရေခွံနဲ့ အရိုးနယ်ပယ်မှာ ဝူအဆင့်ဖြစ်ရင်တောင် မထိန်းနိုင်သေးဘူး။
"ခွေးကောင်....."
ဖြောင်း.....ဖြောင်း....
အော်ဆဲပြီးနောက် မျက်နှာနှင့် ပါးစပ်ပေါ်ကို လက်ဝါးရာများ ထပ်ကျလာရာ ပါးစပ်မှ သွေးများ ထွက်ကျလာပြီး ကျိုးပဲ့နေသော သွားများနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"မင်း……"
ဝမ်ချောင်သည် တစ်ဖက်လူ၏ အသွင်အပြင်ကို ကြည့်ပြီး ကလဲ့စားချေရန် အခွင့်အရေးကို ရှာဖွေသော်လည်း အေးစက်ပြီး ဘာမှမထူးခြားသော မျက်လုံးတစ်စုံကိုသာ မြင်လိုက်ရသည်။
ရေခဲကဲ့သို့ ဝိညာဉ်ကို ထိုးဖောက်စေသော ဤမျက်လုံးမျိုးသည် သူ့ကို ပါးရိုက်ခြင်း၊ ရိုက်နှက်ခြင်းသည် အသေးအဖွဲကိစ္စဟု ထင်ရသည်။ သူ့ကို အထီမဲ့မြင် စော်ကားသူကို တိုက်ရိုက်သတ်ပစ်မယ် ဆိုတဲ့ အကြည့်တွေ။
အရမ်း ကြောက်စရာကောင်းတယ်။
ဤလျစ်လျူရှုမှုမျိုးသည် ဘဝ၏ အနှစ်သာရမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဒီလိုအကြည့်ကို ယခင်က ဝံပုလွေများတွင်သာ မြင်ဖူးသည်။
လန်ရော့ရှင်းရဲ့ ဥပေက္ခာလို့ ခေါ်တဲ့အရာက ဒါနဲ့ နှိုင်းစာရင် အသေးအဖွဲ့လေးပဲ။
"……ငါမှားသွားပါတယ်……"
သူ့နှလုံးသားတွေ တုန်လှုပ်နေပြီး စော်ကားချင်ပေမယ့် စကားတစ်ခွန်းမှ မပြောနိုင်တဲ့အပြင် ထိုစကားသုံးခွန်းသယ နှုတ်ခမ်းကနေ ညှစ်ထွက်လာ၏။
သူကြောက်သွားပြီ!
ဆက်ပြီး ကြိမ်းမောင်းနေရင် တစ်ဖက်က သူ့ကို တကယ်သတ်သွားမှာကို ကြောက်ရသည်။
အဆင့်မြင့် အတန်းက ကျောင်းသားများသည် အောက်ခြေအဆင့်များနှင့် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ရိုက်နှက်ဆုံးမကာ အမှားများကို ဝန်ခံခဲ့စေ၏။
အကြီးကို အငယ်က ဆုံးမလိုက်တယ်ဆိုတာ ကျန်းဝူအကယ်ဒမီ တည်ထောင်ပြီးကတည်းက တစ်ခါမှ မရှိခဲ့ဖူးဘူး။
ဖြောင်း!
"နောက်တစ်ခါ မင်းငါ့ကို ထပ်လာရှုပ်ရင် မင်းကို ငါသတ်ပစ်မယ်!"
ဝမ်ချောင်သည် ဆယ်ကျော်သက် အရွယ်ထံမှ သူသာ ကြားနိုင်သည့်အသံကို ကြားရပြီး သူ၏ခန္ဓာကိုယ်သည် တုန်ခါသွားကာ ရွှံ့ဗွက်အိုင်ကဲ့သို့ မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွားသည်။