သခင်ငယ်လေး
Vol. 3 Ch. 38
နားကြားမှားခဲ့သလို အိပ်မက်တစ်ခုလို့ ထင်ပြီး တစ်ညလုံး ရုန်းကန်ခဲ့ရပေမယ့် အခုတော့ အိပ်မက် မဟုတ်တော့ဘူး ဆိုတာ သိလိုက်ရသည်။
"ဆေးပင်တွေ ဝယ်ပြီးပြီလား"
ရှက်ကိုးရှက်ကန်းကို ထိန်းထားရင်း လုရွှမ်က မေးသည်။
"ဒီမှာအကုန်ရှိပြီ၊ ဘယ်လိုလုပ်ရမလဲ? အဂ္ဂိရတ်ပညာရှင် အဖွဲ့ထဲက တစ်ယောက်ယောက်ကို ဆေးလုံးအဖြစ် သန့်စင်ခိုင်းဖို့ လိုသေးလား?"
မုယန်ဖုန်း လှည့်ကြည့်လိုက်ပြီး အိတ်ကြီးတစ်လုံးကို ထုတ်လိုက်သည်။ ဖွင့်လိုက်သည်နှင့် သင်ပျံ့သော ဆေးအနံ့တွေ ထွက်ပေါ်လာသည်။
လုရွှမ်စာရင်းတွင် ရေးထားသော ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။
"မလိုပါဘူး အဲဒီလူတွေကို လုပ်ခိုင်းလိုက်ရင် ဆေးပင်တွေကိုပဲ ဖြုန်းတီးရာ ရောက်လိမ့်မယ်"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
အမှန်တိုင်း ပြောရရင် ဒီဆေးပင်တွေက ဈေးမကြီးပေမယ့် တစ်ဖက်သားရဲ့ အဆုတ်ကို ကုသပေးနိုင်သည်။ ဆေးသည် အလွန်အစွမ်းထက်သောကြောင့် မဟုတ်ဘဲ သန့်စင်ခြင်းနှင့် နည်းလမ်းကြောင့်ပင်။
အနည်းငယ် ပေါ့ဆလိုက်တာနဲ့ ဆေးပင်တွေ အသုံးမဝင်နိုင်တော့သလို လူလည်း သေသွားနိုင်သည်။
"ငါ ဒီဆေးပင်တွေကို အရင်သန့်စင်လိုက်မယ် ခဏစောင့်!"
ရွှေဝိညာဥ်ရေကန်၏ မြေအောက်နန်းတော်တွင် အဂ္ဂိရတ်ဆေးမီးဖို တစ်လုံးရှိသည်။ အလွန်သာမန်ဆန်သော်လည်း အသုံးပြုဖို့ရာ လုံလောက်ပေ၏။
လုရွှမ် မီးတောက်တစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် အရွက်ဖြူမြက်ကို မီးဖိုထဲ ပစ်ထည့်လိုက်သည်။
ကျစ် ကျစ် ကျစ်.....
အရွက်ဖြူမြက်က မီးထဲတွင် နီရဲလာပြီး မည်းသွားတော့သည်။ အနက်ရောင် ပြောင်းခါနီးတွင် ပိုင်စွေ့ပန်းကို အထဲသို့ ထပ်ပစ်ထည့်လိုက်သည်။
ဒါဇင်ပေါင်းများစွာသော ဆေးပင်များသည် ပြေးလွှားနေသော တိမ်မျှင်များနှင့် စီးဆင်းနေသော ရေများကဲ့သို့ အဂ္ဂိရတ်မီးဖိုထဲသို့ စီးဆင်းသွားသည်။ အနည်းငယ်မျှ သွေဖည်မှု သို့မဟုတ် မှားယွင်းမှုမရှိ။
အားလုံးသည် မျက်စိပသာဒ ဖြစ်စေသော အနုပညာတစ်ရပ်ကဲ့သို့ လူကိုစိတ်ဝင်စားစေသည်။
ဘေးမှာရပ်နေတဲ့ မုယန်ဖုန်းမှာ အဂ္ဂိရတ်ပညာအကြောင်း သိပ်မသိပေမယ့် တခြားသူတွေ အဂ္ဂိရတ် ဆေးဖော်တာကို သူမြင်ဖူးပါသည်။ ဒီလို ပေါင်းစပ်နည်းစနစ်နဲ့ အရှိန်အဟုန် ပြင်းပြင်းကိုမြင်တော့ သူအရမ်းကြောက်သွားပြီး ပါးစပ်ကိုဖွင့်ထားတာ ပိတ်လို့ပင် မရတော့ပေ။
ဒီလိုစွမ်းရည်မျိုးကို ကျန်းဝူအင်ပါယာမှာ အပြင်းထန်ဆုံး အဂ္ဂိရတ်ပညာရှင် ဆရာယွမ်ဟုန်ကတောင် မလုပ်နိုင်ဘူး။
သူက ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ် ကောင်လေးပဲလေ။ သူဘယ်လိုလုပ် လုပ်နိုင်လိုက်တာလဲ?
"သူက ငါ့အဆုတ်ယင်ဖြတ်ခြင်းကို တကယ် ကုသနိုင်တာ ဖြစ်ရမယ်"
ဘယ်လိုပဲ ခက်ခဲနေပါစေ စိတ်ထဲမှာ ပေါ်လာတဲ့ အတွေးတစ်ခုကို တားဆီးလို့မရချေ။
အရင်တုန်းကတော့ လုရွှမ်ဟာ သူ့ရဲ့ရောဂါကို ကုသပေးနိုင်မယ်လို့ မျှော်လင့်ထားပေမယ့် အခုအချိန်မှာတော့ ဒီထင်မြင်ယူဆချက်က ၅၀ ရာခိုင်နှုန်း ကျော်လွန်သွားခဲ့ပါပြီ။
"ကောင်းပြီ!"
သိပ်မကြာခင်မှာပဲ အဂ္ဂိရတ်မီးဖိုကို ဖွင့်လိုက်တော့ အပူတွေ တက်လာပြီး ဆေးရည်ပန်းကန် တစ်လုံး ထွက်လာသည်။
"ပူနေတဲ့အချိန်မှာ သောက်လိုက်!"
ဤဆေးပင်များကို အချိုးအစားအလိုက် ရောစပ်ထားခြင်းသည် မှော်ဆေးလုံးကို သန့်စင်ခြင်း မဟုတ်ဘဲ အလွန်ရိုးရှင်းစွာ ပြုလုပ်သွားခြင်း ဖြစ်သည်။
"အင်း!"
မုယန်ဖုန်း တွန့်ဆုတ်မနေဘဲ ပန်းကန်လုံးကို ကောက်သောက်လိုက်သည်။ ဆေးရည်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသောအခါ မီးဖိုထဲသို့ ဝင်သွားသလိုမျိုး သူ့တစ်ကိုယ်လုံးရှိ အပူများ ရုတ်ရုတ်သဲသဲ ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။
"တင်ပျဉ်ခွေထိုင်လိုက်!"
လုရွှမ်သည် အမိန့်ပေးကာ လက်ဖဝါးကို ဆန့်ထုတ်၍ ကြီးမားသော အပ်စိုက်ကုထုံး အချက်ပေါင်းများစွာကို ဆက်တိုက်ရိုက်လိုက်သည်။
သူရိုက်လိုက်တိုင်း ယွမ်ယန်ကျင့်စဥ်မှ စုစည်းထားသော ဝိညာဥ်စွမ်းအင်များသည် သူ့လက်ချောင်း ထိပ်များမှတစ်ဆင့် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်လာသည်။
ရိုးရိုးသားသား ပြောရရင် သူ့ရဲ့ခွန်အားက နည်းနေပါသေးသည်။ နန်းတော်ပင်လယ်ဘုံကို ရောက်ပြီဆိုရင် သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားက စစ်မှန်တဲ့ ချီအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး ဆေးပင်တွေပင် မလိုအပ်ချေ။
စစ်မှန်တဲ့ ချီတစ်ခုတည်းက သူ့ခန္ဓာကိုယ်ထဲက အေးစက်တဲ့ ယင်စွမ်းအင်တွေကို ချေဖျက်နိုင်သည်။
လက်ရှိနည်းလမ်းမှာ ယင်အအေးဓာတ်၏ စွမ်းအားကို တိုက်ဖျက်ရန် ယန်ဝိညာဥ်စွမ်းအင် ရှိတဲ့ ဆေးပင်များ၏ စွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ယင်နှင့် အအေးဓာတ်တို့၏ စွမ်းအားကို တွန်းလှန်ခြင်းသည် အလုပ်များရုံ သာမက ပိုအရေးကြီးသည်မှာ ခန္ဓာကိုယ်ရှိ စွမ်းအင်၏ ဦးတည်ရာကို ရှင်းရှင်းလင်းလင်း သိနားလည်ထားရမည်။
အမှားလုပ်မိလျှင် တစ်ဖက်လူကို မိစ္ဆာစိတ်များ ဝင်လာစေသည့်အပြင် အရာအားလုံးကိုလည်း ဆုံးရှုံးစေမည် ဖြစ်သည်။
သို့သော် လုရွှမ်အတွက်တော့ ဘာမှမဟုတ်ခဲ့ပါ။
သူ၏ယခင်ဘဝတွင် သူသည် တိမ်ပင်လယ်နယ်မြေ တစ်ခုလုံး၏ အထွတ်အထိပ်တွင် ရပ်နေသော အဂ္ဂိရတ်ပညာရှင် ဖြစ်ခဲ့သည်။ လူ့ခန္ဓာကိုယ်နှင့်ပတ်သက်၍ သူ၏ နားလည်မှုသည် ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
မုယန်ဖုန်းသည် ဆေးရည်ကို သောက်လိုက်သောအခါတွင် သူ့ဝိညာဉ်စွမ်းအင်ကိုလည်း ထိန်းချုပ်ထားပြီမို့ မျှော်လင့်ထားသလို အမှားတွေ ရှိမှာမဟုတ်ချေ။
အချိန်ကြာလာသည်နှင့်အမျှ လုရွှမ်၏ လှုပ်ရှားမှုများသည် တဖြည်းဖြည်း မြန်ဆန်လာသည်။ သူ့လက်ချောင်းများလည်း ပုံရိပ်တွေကဲ့သို့ လှုပ်ရှားနေ၏။
ဘယ်လောက်ကြာသွားလဲ မသိ။
"အာ……"
မုယန်ဖုန်းသည် ရှည်လျားသော အသက်ရှုသံကို ထုတ်လိုက်ပြီး အသံတစ်သံ ထွက်လာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် လှိုင်းလုံးများကဲ့သို့ စွမ်းအင်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ဗုန်း.....
ပေါက်ကွဲသံကဲ့သို့ အသံနှင့်အတူ မုယန်ဖုန်းသည် မူလက ဝူအဆင့်၄ ခွန်းအားသည် ဆက်တိုက်ဆိုသလိုပင် ပေါက်ကွဲထွက်လာခဲ့သည်။
ဝူအဆင့်၅
ဝူအဆင့်၆
ဝူအဆင့်၇
ဝူအဆင့်၇ အစောပိုင်းအဆင့်တွင် ခွန်အားသည် ရပ်တန့်သွား၏။
"ဝူအဆင့်၇ကို ပြန်ရောက်နိုင်မယ်လို့ မမျှော်လင့်ထားဘူး..."
သူ့ခန္ဓာကိုယ်ပေါ်က စွမ်းအားတွေကို ခံစားလိုက်ရတော့ မုယန်ဖုန်းရဲ့ မျက်လုံးတွေ နီရဲလာတော့သည်။
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ။
နှစ်ပေါင်းများစွာ သူ့အဆုတ်ယင် ဝေဒနာကို ခံစားနေခဲ့ရသည်။ မည်မျှပင် အားနည်းနေပါစေ နေ့တိုင်း ညှဉ်းပန်းနှိပ်စက် ခံနေရသည်။ ဒီဘဝမှာတော့ ပြန်လည် မတောက်ပနိုင်တော့ဘူးလို့ ထင်ထားခဲ့၏။
ဒီနေရာမှာ အသက်ကြီး ဖျားနာတဲ့အထိ နေပြီး သေရတော့မယ်လို့ တွေးထားခဲ့တာ ဖြစ်သည်။
ဒုန်း...
မြေပြင်တွင် ဒူးထောက်လိုက်သည်။
"ကျုပ်ကို အခုလိုကယ်တင်ပေးပြီး အရင်စွမ်းအားတွေ ပြန်ရရှိစေတဲ့အတွက် သခင်ငယ်လေးကို ကျေးဇူးတင်ပါတယ်... ဒီနေ့ကစပြီး ကျုပ်မုယန်ဖုန်းက သခင်ငယ်လေးရဲ့ နောက်လိုက်ဖြစ်ဖို့ ဆန္ဒရှိပါတယ်"
မြေပြင်ပေါ်တွင် ဒူးထောက်လျက် မုယန်ဖုန်းက ကျိန်ဆိုလိုက်သည်။
တိမ်ပင်လယ် နယ်မြေတွင် အစွမ်းထက်သော အဂ္ဂိရတ် ဆေးဆရာများတွင် မရေမတွက်နိုင်သော ဝူအဆင့် ကျင့်ကြံသူများ ရှိကြပြီး ရှောက်ချန်က နောက်လိုက်များကို ရှာနေသလိုပင် အဂ္ဂိရတ်ပညာရှင် နေရာက သာလွန်လေ၏။
ဝူအဆင့်တစ်ဦးသည် အဂ္ဂိရတ်ပညာရှင်၏ နောက်လိုက် တစ်ဦးဖြစ်လာနိုင်ပြီး ရှက်စိတ် မခံစားရရုံသာမက ဂုဏ်ကိုလည်း ခံစားရသည်။
နောက်ဆုံးတွင် အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် ၎င်း၏အခြေအနေ မည်သို့ပင် ရှိစေကာမူ ဆေးလုံးဝယ်ရန် အလွန်အဆင်ပြေသည်။ သူတို့၏ နောက်လိုက်များ ဖြစ်လာရင် ဆေးများကို ဝယ်ယူရန် ပို၍လွယ်ကူမည်ဖြစ်သည်။
သူ့ရှေ့က လူငယ်သည် အသက်မပြည့်သေးသော်လည်း အဆင့်၇ အဂ္ဂိရတ်ဆရာများပင် မဖြေရှင်းနိုင်သော ပြဿနာများကို ဖြေရှင်းနိုင်သည်။ သူသည် အနာဂတ်တွင် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ရလိမ့်မည်။
အခု ထိုလူငယ်လေးရဲ့ နောက်လိုက်လုပ်ခြင်းက အရင် သူ့ကိုယ်သူထက် သာလွန်နေမှာ သေချာသည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်က ကျန်းဝူအင်ပါယာ၏ ပါရမီရှင် မုယန်ဖုန်းသည် အလွန်ထက်မြက်နေသေးသည်ဟု ဆိုရမည် ဖြစ်သည်။
"ငါ နောက်လိုက်မလိုဘူး"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သူအရင်ဘဝက ဘယ်သူလဲ။ ကမ္ဘာပေါ်ရှိ အထွတ်အထိပ်ဆုံးသော တည်ရှိမှုများထဲမှ တစ်ခုလေ။ သူသည် ဆန္ဒရှိသရွေ့ မရေမတွက်နိုင်သော လူများသည် သူ့အစေခံများအဖြစ် အပြေးအလွှား ရောက်ရှိလာပေလိမ့်မည်။
ဝူအဆင့်၇။ ရိုးရိုးသားသား ပြောရရင် တစ်ဖက်လူရဲ့ ခွန်အားက နိမ့်ပါးလွန်းပြီး ဒါကို သူတကယ် မကြိုက်ဘူး။
"သခင်ငယ်ရဲ့ လက်ရှိအင်အားက မလုံလောက်ပါဘူး ကျွန်တော့်ရဲ့ လက်ရှိအင်အားက မကောင်းပေမယ့် ကျန်းဝူအင်ပါယာရဲ့ နယ်ပယ်ထဲမှာတော့ အနည်းဆုံးတော့ ကောင်းတယ်လို့ ယူဆလို့ ရပါတယ်... သခင်ငယ်ကို လက်ခံပေးပါလို့ တောင်းဆိုပါတယ်။ သခင်ငယ်လေး ဆန္ဒမရှိတဲ့ အလုပ်ကို ကျုပ်မလုပ်ပါဘူး"
မမျှော်လင့်ဘဲ တစ်ဖက်လူက သဘောမတူတာကြောင့် မုယန်ဖုန်းလည်း အလျင်စလို ပြောလိုက်သည်။
အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်လာရင် ဝူအဆင့်တစ်ယောက်ရဲ့ အဆင့်အတန်းကိုပါ တိုးလာစေပြီး အကျိုးကျေးဇူး တစ်ခုထက်ပိုရနိုင်သည်။
"ဒီလိုလုပ်....မင်းအရင် ငါ့နောက်လိုက်လိုက် တကယ်လို့ မင်းလုပ်တာ ကောင်းရင် ငါမင်းကို တရားဝင် ခွင့်ပြုပေးမယ် မင်း ညံ့ဖျင်းရင်တော့ ဒီကိစ္စကို နောက်မှ ဆွေးနွေးမယ်!"
သူ ဒူးထောက်နေတာကို မြင်တော့ လုရွှမ်လည်း ပြောဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
"ကျေးဇူးတင်ပါတယ် သခင်ငယ်လေး!"
သူသဘောတူသည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မုယန်ဖုန်းကတော့ "သခင်ငယ်လေး" ဟု ဦးစွာခေါ်ထားလေပြီ။
"မင်းအတွက် မင်းရဲ့အဆုတ်ယင်းကို ငါကုသပေးလိုက်ပြီ မင်းရဲ့စွမ်းအင်တွေ အပြည့်အဝ မစုစည်းရသေးဘူး မင်းငါ့ဆီမလာခင် ဒီမှာအရင် ကောင်းကောင်း လေ့ကျင့်လိုက်ပါ!"
လုရွှမ် တစ်ချက် အကြံပေးလိုက်သည်။
မုယန်ဖုန်း၏ ခွန်အားသည် အဆုတ်ယင်ဓာတ်ကို ဖယ်ရှားပြီးနောက် ခုန်ပျံကျော်လွှားကာ ခွန်အားများ တိုးလာသော်လည်း တကယ်တော့ ဤကဲ့သို့သော ခွန်အားသည် မတည်ငြိမ်သေးပါ။
ထို့အပြင် ဒဏ်ရာဟောင်းသည် သက်သာသွားပါပြီ။ အားသွန်ခွန်စိုက် လေ့ကျင့်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဒါမှလည်း အနာဂတ်မှာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပေသည်။
"ဟုတ်ကဲ့!"
မုယန်ဖုန်လည်း သူ့အခြေအနေကို သိပြီး လျင်မြန်စွာ ခေါင်းညိတ်ပြကာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်ဖို့ ပြင်လိုက်သည်။
"စကားမစပ်... မင်းကိုငါမေးပါရစေ...ကျန်းဝူအင်ပါယာမှာ [မုရှန့် အစီအရင်ပုံစံ] ဘယ်မှာရှိလဲ"
အရင်က ဖြစ်ပျက်ခဲ့တာတွေကို စဉ်းစားရင်း လုရွှမ်က မေး၏။
"[မုရှန့် အစီအရင်ပုံစံ]? ကျန်းဝူဖန်းရှစ်မှာ တစ်ခုရှိတယ်၊ ဒါပေမယ့် ဝင်ပြီး လေ့ကျင့်ချင်တယ်ဆိုရင်တော့ ကုန်ကျစရိတ်က မနည်းဘူး!"
မုယန်ဖုန်းမှ ပြောပြသည်။
"သိပါပြီ!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
စရိတ်စကနဲ့ ပက်သက်လို့ တစ်ချို့တွေ ရှိတယ်ဆိုတာ သိပါသည်။ ပိုက်ဆံ ပြန်ရဖို့အတွက် ဆုလာဘ်နံရံကို သွားလိုက်ရုံပဲလေ။