ချိုဝမ့်ထျန်းကို ရိုက်ခြင်း
Vol. 4 Ch. 48
သင်းထောက် ချောင်မင်ကို ဆူးယာ တစ်ကြိမ်တွေ့ဖူးသည်။ သူသည် အရေပြားနှင့် အရိုးနယ်ပယ်တွင် ပြီးပြည့်စုံသော သန်မာသူဖြစ်ပြီး သူမ၏ ကျင့်ကြံထားမှုနှင့် နှိုင်းယှဥ်ရင် ၁၀ပုံ၁ပုံပင် မယှဥ်နိုင်ပေ။
အဲဒီသန်မာတဲ့လူက ဒီလုရွှမ်ဆီမှာ ဒဏ်ရာရခဲ့တာလား?
ဘာတွေ လာနောက်နေတာလဲ?
ဤလူသည် မူလအမှတ်၏ နှောင်းပိုင်းအဆင့်တွင်သာ မဟုတ်ပါလား အရေပြားနှင့်အရိုး နယ်ပယ်တွင်ရှိသော သင်းထောက်ချောင်မင်ကို ဘယ်လိုလုပ် ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ? တစ်ခုခုမှားသွားတာ ဖြစ်ရမယ်
"အဲဒီဈေးပေါတဲ့ မိန်းမ လုပ်လိုက်တာပဲ ဖြစ်မယ်..."
ရုတ်တရက် အတွေးထဲကို ပုံရိပ်တစ်ခု ပေါ်လာသည်။
မင်းသမီးလော့ရုံ
အဲဒီနေ့က သူမကို အရှက်ရအောင် လုပ်ခဲ့တဲ့ ဒီအမျိုးသမီးကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေပါသည်။
"သူတို့ ပရောပရည် လုပ်နေတာ မြင်တယ် ဆက်ဆံရေးက ပုံမှန်မဟုတ်ဘူး!"
ဆူးယာ အံကိုကြိတ်လျက် အသက်ရှူသံတွေလည်း မြန်လာသည်။
လုရွှမ်ကို စွန့်လွှတ်ခဲ့ပြီ ဖြစ်သော်လည်း အခြားအမျိုးသမီးများက သူ့ကို ကောင်းကောင်း ပေးဆောင်နေသည်ကို မြင်နေရတဲ့အခါ စိတ်ထဲမှာ မသက်မသာ ဖြစ်လာမိသည်။
"ဟမ့် အစစ်က အတုမဖြစ်နိုင်ဘူး အတုက အစစ်မဖြစ်နိုင်ဘူး နင့်မှာ အင်အားမရှိရင် သေချာပေါက် ထုတ်ဖော်ခံရမှာပဲ.... နင်အရိုက်ခံရလို့ကတော့ ငါလုံးဝ မကယ်ဘူး နင့်ရဲ့ အရည်အချင်းရှိတဲ့ အငယ်အနှောင်းကိုပဲ သွားရှာ!"
အမှန်တရားကို မှန်းဆပြီးနောက် ဆူးယာသည် ပို၍ ပို၍ ဒေါသထွက်လာသည်။
ပထမတော့ လုရွှမ် အရိုက်ခံရပြီးတာနဲ့ ထွက်ပြီး ကောင်းတဲ့စကားတွေ ပြောမယ် တစ်ဖက်လူက မျက်နှာပေးမှုနဲ့ ကယ်တင်ပြီး နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့တဲ့ ကြင်နာမှုကို ပြန်ဆပ်မယ်လို့ တွေးထားခဲ့သည်။
အခု သူ့မှာ 'အငယ်အနှောင်း' ရှိနေပြီဆိုတော့ သူမ ထွက်နေစရာ မလိုတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီကောင်က မသန်မာဘူးလေ သေချာပေါက် အရိုက်ခံရမှာပဲ
သူမအတွေးထဲ ပို၍ပို၍ ဒေါသထွက်လာပြီး မလှမ်းမကမ်းက ကောင်လေးကို လှမ်းကြည့်သည်။
"မင်းက ဥပဒေအဖွဲ့ရဲ့ တာဝန်ခံလား?"
လုရွှမ်သည် အဝေးမှ ချိုဝမ့်ထျန်းကို စိုက်ကြည့်နေသည်။
"အတင့်ရဲလိုက်တာ! ဒါက ဥပဒေအဖွဲ့ရဲ့ လက်ထောက် ခေါင်းဆောင် ချိုဝမ့်ထျန်းပဲ....ခေါင်းဆောင်ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့ မင်းဘာလို့ ဒူးထောက်ပြီး မင်းအမှားကို ဝန်မခံသေးတာလဲ?" အဖွဲ့ဝင်တစ်ဦးက ကြိမ်းမောင်းလေသည်။
"ယွမ်ချောင်နဲ့ ရန်းလင်ကို ရိုက်နှက်ဖမ်းဆီးဖို့ လူတွေကို လွှတ်လိုက်တာ မင်းလား?"
လုရွှမ်က ထိုအဖွဲ့ဝင်ကို လျစ်လျူရှုကာ ဆက်မေးလိုက်သည်။
"အတင့်ရဲလှချည်လား?....."
ဤအဖွဲ့သားက စကား ဆက်ချင်နေသေးသော်လည်း ချိုဝမ်ထျန်းက သူ့ကို ရပ်ခိုင်းလိုက်သည်။
အေးစက်သော အပြုံးဖြင့် ချိုဝမ့်ထျန်းသည် ယုန်ဖြူတစ်ကောင်ကို ကြည့်နေတဲ့ ကျားတစ်ကောင်လို လုရွှမ်ကိုကြည့်ကာ။
"ဟုတ်တယ်... အဲဒီကောင်လေး နှစ်ယောက်က မင်းဘယ်မှာ ရှိနေတယ်ဆိုတာကို လိမ်လိမ်မာမာနဲ့ မပြောကြဘူးလေ...အံကြိတ်ပြီး မသိဘူးပဲ ပြောနေကြလို့ အဟား... ဘယ်လို အသက်ရမှန်း မသိတဲ့ကောင်တွေပဲ ငါက သူတို့ကို သက်ညှာသောအားဖြင့် အသက်ကို ချန်ထားပေးတာ ဘာလဲ? မင်းက သူတို့အတွက် လက်စားချေချင်လို့လား?"
"ဟားဟား ဥပဒေအဖွဲ့ကို လက်စားချေဖို့ လာရှာတာတဲ့ ဒါက ကမ္ဘာပေါ်မှာ ငါကြားခဲ့ရသမျှ အရယ်ရဆုံး ဟာသပဲ"
"ကောင်လေး မင်းဒီကို ရောက်လာပြီဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့ ဒီမှာပဲ နေလိုက်တော့"
"ဥပဒေအဖွဲ့ရဲ့ နေရာကို ဘာထင်နေတာလဲ? လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရရောလား?"
"ကောင်လေး မင်းရဲ့အသံက ငါတို့ တရားဥပဒေအဖွဲ့ကို အပြစ်တင်နေတာလား? မင်းနားလည်အောင် ရှင်းပြလိုက်မယ်! ငါတို့ ဥပဒေအဖွဲ့က ဖမ်းချင်တဲ့သူကို ဖမ်းမယ်...ရိုက်ချင်တဲ့လူကို ရိုက်မယ်!! ငါတို့ မင်းကို ရှင်းပြဖို့ လိုလို့လား?"
......
"မင်းဝန်ခံလိုက်တာ ကောင်းသားပဲ!"
ပတ်ဝန်းကျင်မှ ဥပဒေ အဖွဲ့ဝင်များ၏ ရယ်မောသံကို လျစ်လျူရှုရင်း လုရွှမ်က ခေါင်းညိတ်ကာ ရုတ်တရက် ခြေဖြင့် မြေပြင်ပေါ်သို့ ဖိနင်းလိုက်သည်။
ဗုန်း!
မြေပြင်ပေါ်ရှိ မာကျောသော ကျောက်တုံးကြီးသည် အပိုင်းပိုင်း ကွဲသွားပြီး လုရွှမ်သည် ချိုဝမ့်ထျန်းဆီသို့ ပြေးဝင်သွားတော့သည်။
"အတင့်ရဲလိုက်တာ!"
"သေချင်နေပြီပဲ!"
ဒီလောက် လူတွေအများကြီး ရှေ့မှာ လှုပ်ရှားရဲမယ်လို့ မထင်ထားခဲ့ချေ။ တစ်ချိန်တည်းမှာပင် အခြားဥပဒေ အဖွဲ့ဝင်များက အော်ဟစ်၍ ဝိုင်းရံကာ ၎င်းရှေ့တွင် ပိတ်ရပ်လိုက်သည်။
"သူ့ကို မတားနဲ့....ဥပဒေအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပြီးနောက် တစ်စုံတစ်ယောက်က ငါ့ကို တိုက်ခိုက်ရဲတာ ဒါပထမဆုံးပဲ...ကောင်းပြီလေ ဒီနေ့ ငါမင်းကို ဥပဒေအဖွဲ့က ခွေးတွေမဟုတ်ဘူး ဆိုတာ သိစေရမယ်!!"
လုရွှမ်က တိုက်ခိုက်ချင်နေတာ တွေ့တော့ ချိုဝမ့်ထျန်း အေးစက်စက် ရယ်လိုက်ပြီး သူ့လက်ချောင်းတွေကို ဝုန်းကနဲ မြည်သံနဲ့အတူ ဖြန့်ချလိုက်ကာ ရှေ့ထွက်သွားတော့သည်။
ဟူ......ဟူ.....
လက်ဖဝါးလှိုင်းနှင့်အတူ လေထုသည် လျင်မြန်သော ပေါက်ကွဲသံများ ထွက်လာသည်။ သူသည် ဝူအဆင့်၃ အနေအထား၏ ပြီးပြည့်စုံသော ပညာရှင်ဖြစ်သည်။
၎င်း၏ သံလက်တစ်စုံသည် အကယ်ဒမီတွင် ကျော်ကြားပြီး ထိုအကြောင်း ကြားသူတိုင်း ထိတ်လန့်နေလိမ့်မည်။
မတိုက်ခိုက်ရတာတောင် ကြာပြီ။ အောက်တန်းက ကောင်လေးတစ်ယောက်က သူ့ကို ပြဿနာလာရှာရဲတယ်ပေါ့?
"သံလက်ဝါးချို.... ချိုဝမ့်ထျန်း..."
"သူက သံလက်ဝါးလို့ ခေါ်တဲ့ ကိုယ်ခံပညာကို လေ့ကျင့်ခဲ့တယ်လို့ ငါကြားတယ်.... လက်ဖဝါးတစ်ဖက်နဲ့ သံမဏိကိုတောင် ထိုးဖောက်နိုင်တယ်တဲ့!"
"ငါလည်း မြင်ဖူးတယ်... သန်မာတဲ့ သစ်ပင်တစ်ပင်တောင် လက်ဝါးနဲ့ထိရင် အပိုင်းပိုင်း ကျိုးသွားလိမ့်.... ခေါင်းဆောင်ချိုက အရမ်းကြောက်ဖို့ ကောင်းတာပဲ"
"ဒီကောင်လေးတော့ ကံဆိုးတာပဲ....ခေါင်းဆောင်ချိုကိုတောင် ပြဿနာရှာရဲတယ်? အသက်ရှင်ရတာ ပျင်းနေပြီ ထင်တယ်"
……
ချိုဝမ့်ထျန်း ထွက်သွားတာကို မြင်တော့ လူအုပ်ကြီး၏ လည်ပင်းကလည်း အလိုအလျောက် လိုက်ပါသွားကြသည်။
ချိုဝမ်ထျန်းနဲ့ သံလက်ဝါးတို့သည် အကယ်ဒမီရှိ အကြီးတန်း ကျောင်းသားများကြားတွင် အလွန်ကျော်ကြားလေသည်။
"ကောင်လေး.....လှဲအိပ်လိုက်တော့!"
လူတိုင်း၏ ထိတ်လန့်မှုကို ကြားရတော့ ချိုဝမ့်ထျန်းသည် အေးစက်စွာပြုံးပြီး လုရွှမ်အား ပြင်းထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
သူ့လက်ကြီးကို ဆန့်ထုတ်ကာ တည့်တည့် ရိုက်ချလိုက်သည်။
ဟူ...ဟူ...ဟူ....
လက်ဖဝါးသည် လေထုထဲတွင် သွေးစွန်းသော ရောင်ဝါတစ်ခုအဖြစ် မျက်နှာဆီသို့ ပြေးဝင်လာပြီး အဖိနှိပ်ခံရတဲ့ လူကို အသက်ရှူရ ခက်ခဲစေသည်။
ဤလက်များသည် သွေးများဖြင့် ဖုံးလွှမ်းနေကြောင်း တစ်ချက်ကြည့်ရုံနဲ့ ပြောပြနိုင်ပြီး သာမန်လူများသည် ဤလက်ဖဝါးကို မျက်နှာမူဖို့ မပြောနှင့် တိုက်ခိုက်ရန်ပင် မဝံ့ရဲကြပေ။
လုရွှမ်သည် သာမန်လူမဟုတ်ပေ။
နောက်ပြန်ဆုတ်မယ့်အစား ရှေ့ကိုလှမ်းပြီး ပခုံးကိုရွှေ့ကာ လက်ဖဝါးနဲ့ ပြန်ရိုက်လိုက်သည်။
လက်ဝါးနဲ့ လက်ဝါးချင်း!
"ကိုယ့်အဆင့်ကို မသိတဲ့ကောင်!"
"ခေါင်းဆောင်ချိုရဲ့ တိုက်ကွက်ကိုတောင် ထိုးဖောက်ချင်နေသေးတယ်"
ပြန်လည် တိုက်ခိုက်လိုက်တာကို မြင်တော့ တခြားအဖွဲ့သားတွေက လှောင်ပြောင်ကြလေသည်။
ချိုဝမ့်ထျန်း၏ သံလက်ဝါးသည် ရွှေနှင့်သံကပင် သူ့ကို မထိခိုက်စေနိုင်ပေ။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို ကြုံတွေ့ရသောအခါတွင် အခြားသူများက ရှောင်ရန်ပင်အချိန် မရှိသော်လည်း ဤကောင်လေးသည် သူ့ထံတက်သွားရန် သတ္တိရှိပေသည်။
ဂျွတ်
အရိုးကွဲသံများ ထွက်ပေါ်လာသည်။
"ဟေး....ခေါင်းဆောင်ချိုက တခြားတစ်ယောက်ရဲ့ အရိုးတွေကို ထပ်ချိုးလိုက်ပြန်ပြီ"
"အပြစ်ပေးဖို့ တန်တယ်... သူက ဥပဒေအဖွဲ့မှာ ပြဿနာလာရှာပြီး ခေါင်းဆောင်ချိုကိုတောင် လှုပ်ရှားလာအောင် လုပ်ရဲမှတော့ ခြေလက်တွေ ဆုံးရှုံးဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်...."
"မဟုတ်သေးဘူး"
ဥပဒေအဖွဲ့မှ အားလုံးက သက်သက်မဲ့ ရယ်မောနေကြစ ကြောက်လန့်တကြား အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘာမှားလို့လဲ?"
အခြား အဖွဲ့သားများသည် သံသယဖြင့် ကြည့်နေကြပြီး မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့်သွားကာ ၎င်းတို့၏ မျက်လုံးများကို မယုံနိုင် ဖြစ်နေကြသည်။
"ခေါင်း ခေါင်းဆောင် အရိုးကျိုးသွားပြီ!"
အခုမှပဲ လူတိုင်းက ကွင်းပြင်မှာ ဖြစ်ပျက်နေတာကို ရှင်းရှင်းလင်းလင်း မြင်သွားကြသည်။
"အား...ငါမင်းကိုသတ်မယ်!"
လှုပ်ရှားမှုတစ်ခုကို ရုတ်သိမ်းလိုက်ပြီး ချိုဝမ့်ထျန်းက ကျယ်လောင်စွာ ဟောက်၍ လုရွှမ်ဆီသို့ ပြေးသွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် အသာစီးရမည်ဟု လူတိုင်းက ထင်နေကြသောအခါတွင် အသွင်သဏ္ဌာန် တစ်ခုက လှုပ်ရှားသွားပြီး ချိုဝမ့်ထျန်းရဲ့ လည်ချောင်းက နာကျင်လာသည်။
ကောင်လေးက တစ်ချိန်တည်းမှာ သူ့ဆီရောက်လာပြီး လည်ပင်းကို ဆွဲညှစ်ထား၏။
"မင်း……"
ခက်ခက်ခဲခဲ အသက်ရှူရင်း ချိုဝမ့်ထျန်း၏ မျက်နှာသည် နီရဲလာ၏။ သူမည်မျှပင် ရုန်းကန်နေပါစေ သူ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
ပြိုင်ဘက်က သူ့ထက် ပိုမြန်နိုင်မယ်လို့ တစ်ခါမှ အိပ်မက်မမက်ဖူးဘူး။ ဒုတိယ တိုက်ကွက်မှာတင် တိုက်ပွဲက ပြီးသွားပြီ။
"မင်း....ငါ့ကိုလွှတ်....ငါမင်းကို သတ်မယ် သတ်မယ်....."
သူ့တစ်ကိုယ်လုံး ဒေါသတွေ ဆူပွက်နေပြီး အရူးအမူး ဟောက်နေတဲ့အားကြောင့် ချိုဝမ့်ထျန်းရဲ့ မျက်လုံးတွေ နီရဲလာသည်။
လွတ်နေတဲ့ လက်တစ်ဖက်နဲ့ လုရွှမ်ကို ပြန်တိုက်ခိုက်လိုက်သည်။ သို့သော် ကောင်လေးဆီ မရောက်ခင်မှာ လက်နှစ်ချောင်းနဲ့ ညင်သာစွာ ထိုးနှက်ခံလိုက်ရ၏။
ဝုန်း......
ပြိုင်ဘက်၏ လက်ထဲတွင် အလွန် အစွမ်းထက်ခဲ့သော သံလက်ဝါးသည် အသုံးမဝင်သော သစ်သားပျဉ်ကဲ့သို့ အလွယ်တကူ ကြေမွသွားသည်။