အခန်း၈ခန်းမြောက်
Vol. 4 Ch. 51
"ကစားမယ်?"
သူ့သူငယ်ချင်းရဲ့ စကားကိုကြားတော့ လင်ရှောင်းရှောင်း လုရွှမ်အတွက် တိတ်တဆိတ် ညည်းတွားမိ၏။
သူမသည် ဤအခင်ဆုံး သူငယ်ချင်း၏ ကစားနည်းကို အလွန် သဘောပေါက်ထားပြီး သူမဆီက အာရုံစိုက်ခံရတာနဲ့ သေချာပေါက် ရလဒ်ကောင်းမှာ မဟုတ်ဘူး။
မကြာသေးမီက တော်ဝင်မြို့တော်ရှိ ပေဟော့အိမ်တော်မှ သခင်လေးစူးချန်သည် သူမကို သဘောကျပြီး ကြင်နာမှုပြရန် တစ်နေကုန် ဤနေရာသို့ လာခဲ့သော်လည်း နောက်ဆုံးတွင် သူမကြောင့် သေဆုံးလုနီးပါးဖြစ်ကာ နောက်တစ်ကြိမ်ထပ်လာရန် အလွန် ကြောက်ရွံ့သွားခဲ့သည်။
ထွက်သွားတဲ့ သူမရှေ့က ကောင်လေးကို နည်းနည်းတော့ သနားမိပါ၏။
"စကားမစပ် အဲဒီကောင်လေးက မူလနယ်မြေရဲ့ နှောင်းပိုင်းအဆင့်မှာ မဟုတ်ဘူးလား? မုရှန့်အစီအရင် ဖွဲ့စည်းပုံထဲ ဘာလာလုပ်တာလဲ?"
ရုတ်တရက် လင်ရှောင်းရှောင်းက တစ်ခုခုကို တွေးလိုက်မိသည်။
သူတို့အားလုံးဟာ ကျင့်ကြံသူတွေဖြစ်ပြီး သူတို့မှာကိုယ်စီ လုပ်စရာတွေ ရှိကြသည်။ ဒါ့အပြင် သူတို့ဟာ လွန်ခဲ့သည့် ရက်အနည်းငယ်က မုရှန့်အစီအရင်ထဲမှာ လေ့ကျင့်ခဲ့ရာ လုံးဝ ပြန်မသွားခဲ့။
လုရွှမ်က ရွှေဝိညာဥ်ရေကန်ရဲ့ မြေအောက်နန်တော်ရှေ့မှာ ဝမ်ချောင်ကို ရိုက်နှက်ခဲ့ပြီး ဥပဒေအဖွဲ့ကို ပညာပေးခဲ့တယ် ဆိုတာကိုလည်း မသိကြပေ။
သူတို့ရှေ့က လူငယ်လေးဟာ ခွန်အားအပြည့်ရှိတဲ့ သန်မာတဲ့ လူကိုတောင် အလွယ်တကူ အနိုင်ယူနိုင်မှန်း မသိပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုရွှမ်နဲ့ ချန်ဖုန်း ရန်ပွဲဖြစ်တဲ့ မြင်ကွင်းထဲကတော့ သူတို့မှတ်ဥာဏ်ထဲမှာ ကျန်ရှိနေပါသေးသည်။
သူသည် မူလနယ်ပယ်၏ နှောင်းပိုင်းအဆင့်မှာ မဟုတ်ပါလား?
"ဟုတ်တယ် နင်ပြောမှ ငါသတိရသွားတယ်..."
မင်းသမီးလော့ရုံလည်း ထိတ်လန့်သွားသည်။
မုရှန့်အစီအရင် ဖွဲ့စည်းခြင်းထဲသို့ ဝင်လိုပါက အနိမ့်ဆုံး လိုအပ်ချက်မှာ ကြံ့ခိုင်မှု အပြည့်ရှိရမည်။ ပထမအခန်းရှိ ရုပ်သေးများသည် တန်းလိစွမ်း ကြံ့ခိုင်မှုရှိသည်။ အလွန်အားနည်းပါက တစ်ကြိမ် အရိုက်ခံရတာနဲ့ သေသွားနိုင်၏။
"ဒီကောင်လေးက မုရှန့်အစီအရင် ဖွဲ့စည်းပုံအကြောင်း ကြားလို့ လာစမ်းကြည့်တာ ဖြစ်နိုင်တယ်"
ခဏလောက် စဉ်းစားပြီးနောက် နှစ်ယောက်လုံး ခေါင်းခါလိုက်သည်။ မူလအမှတ်ရဲ့ နှောင်းပိုင်းအဆင့် တစ်ယောက်က ဘာကြောင့် ရောက်လာသလဲ?
မင်းသမီးလောရုံ ခေါင်းခါလိုက်ကာ
"သူ့ကို ဂရုမစိုက်တော့ဘူး... ငါတို့ အခန်း၆ခန်းမြောက်မှာ ၂၇မိနစ်ကြာအောင် နေသွားတဲ့ ပါရမီရှင်ကိုပဲ စောင့်လိုက်ရအောင်...သူ့ဆီက လျှိုဝှက်နည်းလမ်းကို သင်ယူပြီး ကောင်းကင်ရဲ့ အမြင့်ကိုမသိတဲ့ ကောင်လေးကို ပညာပြန်ပြရအောင်"
စကားပြောပြီးနောက် နှစ်ယောက်သား တံခါးဝတွင် ဆက်၍ စောင့်နေကြသည်။
သူတို့နှစ်ဦးသည် ဤ "ပါရမီရှင်" အကြောင်းကို မှန်းဆပြီး ဖြစ်နိုင်ချေရှိတဲ့ လူ အများအပြားကို စဉ်းစားခဲ့ကြသော်လည်း သူတို့သည် မူလအမှတ် အဆင့်တွင်သာရှိသူ လုရွှမ်ဖြစ်နေတာကိုတောင့် အိပ်မက်ပင် မမက်ခဲ့ကြပေ။
အပြင်မှာ "ပါရမီရှင်" ကို စောင့်နေကြတုန်းမှာပဲ လုရွှမ်ကတော့ ခြောက်ထပ်အခန်းကို ထပ်ရောက်လာသွားလေပြီ။
"တန်းလိနယ်ပယ် နှောင်းပိုင်းအဆင့်မှာ တန်းလိစွမ်းအင် ခုနစ်ခုပဲ ရှိတယ် ... ၆ခန်းမြောက်က အခုငါနဲ့ မသင့်တော်တော့ဘူး"
ခေတ္တနားပြီးနောက် လုရွှမ်သည် ဆက်လက် လျှောက်သွားခဲ့သည်။
ဆေးအရည်ကို မနေ့ညနေက စိမ်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ ခွန်အားပမာဏမှာ ကြီးမားစွာ တိုးလာကာ တန်းလိစွမ်းအင် ခုနစ်ခု အဆင့်သို့ တိုက်ရိုက်ရောက်ရှိ သွားခဲ့သည်။
ဤအခြေအနေတွင် ၆ခန်းမြောက်က ရုပ်သေးရုပ်များမှာ သူ့အတွက် ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။
"၈ခန်းမြောက်ကို သွားတာပေါ့"
အနည်းငယ် တွက်ချက်ပြီးသောအခါ ၈ခန်းမြောက်ကို တိုက်ရိုက်သွားခဲ့သည်။
အခန်းရှစ်သည် တန်းလိစွမ်းအင် ရှစ်ခု၏ စွမ်းအားရှိသော ရုပ်သေးကိုးကောင် ဖြစ်သည်။ ဤတိုက်ပွဲအဆင့်သည် သူ့အား ဖိအားဖြစ်စေပြီး သူ၏ခွန်အားကို တိုးစေနိုင်သည်။
အခန်းထဲသို့ ရောက်သောအခါတွင် မည်သူမျှမရှိ။ လုရွှမ်သည် ဖွဲ့စည်းခြင်း စတင်ရန် ကတ်ကိုထည့်ကာ အခန်းအလယ်သို့ ဝင်သွားလေသည်။
ဆယ်မိနစ် ကြာပြီးနောက်
"တကယ် အံ့သြစရာပဲ"
သူ့မျက်လုံးအမြင်ကို အားကိုး၍ ခေါင်းပေါ်တွင် ချွေးအနည်းငယ် ထွက်နေသော လုရွှမ်သည် ရုပ်သေးကိုးကောင်၏ ချို့ယွင်းချက်ကို ဆက်လက်ရှာဖွေရင်း တန်ပြန် တိုက်ခိုက်ခဲ့သည်။
သက်တမ်း နှစ်ခုတွင် လူသားတစ်ဦး ဖြစ်ရသည့် အတွေ့အကြုံ အရ ဤမျှ အချိန်အကြာကြီး ဆက်လက် တောင့်ခံထားရန်မှာ အနည်းငယ် ပင်ပန်းသည်ဟု ခံစားရသည်။
နောက်ထပ် ၅မိနစ် ထပ်ကြာသွားသည်။
သူ့အဝတ်အစားတွေမှာ ချွေးတွေ ရွှဲရွှဲစိုနေပြီး ရေရှည်တိုက်ပွဲက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပင်ပန်းနွမ်းနယ် စေလာသည်။ သူ့ခန္ဓာကိုယ်မှာ နှစ်ကြိမ် ထိုးနှက်ခံထားရပြီး ဒဏ်ရာတွေကြောင့် နာကျင်နေပေမယ့် ဆက်လက် တောင့်ခံထားနိုင်ဆဲ။
နောက်ထပ် ငါးမိနစ် ကြာသွားတဲ့အခါ မုရှန့်အစီအရင်ထဲတွင် မိနစ်နှစ်ဆယ် ကြာသွားခဲ့သည်။
တောင့်ထား! ဆက်တောင့်ခံထား!
သူ့နှလုံးသားထဲတွင် အဆက်မပြတ် အော်ဟစ်ရင်း လုရွှမ် သူ့ခေါင်းပေါ်ရှိ သွေးကြောများ ပေါက်ထွက်နေသလို ခံစားလာရသည်။
မောပန်းနွမ်းနယ် မရှိသော ရုပ်သေးရုပ် ကိုးကောင်၏ အရူးအမူး တိုက်ခိုက်ခြင်းကို သူ့တွင် ယခင်ဘဝ အတွေ့အကြုံနှင့် ယွမ်ယန်ကျင့်စဥ်၏ ကြီးကျယ်သော နဂါးဆင်ရွှေလက်ဝါး၊ ဆင်သံချပ်ရွှေကိုယ်ထည် ရှိသော်လည်း ၎င်းတို့ကိုမူ မခံနိုင်သေးပေ။
ဗုန်း.....
ထိန်းမနိုင်တော့တာနဲ့ တိုက်ပွဲနယ်မြေထဲက ခုန်ထွက်ချင်လာတဲ့အခါ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတစ်ခု ထွက်လာသည်။ သူ့တစ်ကိုယ်လုံးက အခွံကွဲထွက်လာတဲ့ ကြက်တစ်ကောင်လို စွမ်းအင်တွေ ခုန်ပျံထွက်လာသည်။
ဆင်သံချပ် ရွှေကိုယ်ထည် အကြီးစား အောင်မြင်မှုအဆင့်!
မမျှော်လင့်ဘဲ ရှစ်ခန်းမြောက် အခန်းတွင် သူသည် မရေမတွက်နိုင်သော လက်သီးများဆက်တိုက်ထိုးခံရပြီး သူ၏ခန္ဓာကိုယ်သည် အလွန် နာကျင်နေသဖြင့် ထိန်းမထားနိုင်တော့သည့် အခိုက်တွင် ဆင်သံချပ်ရွှေကိုယ်ထည်က အကြီးစား အောင်မြင်မှု အဆင့်ကို ဖြတ်ကျော်သွားခဲ့သည်။
အဆင့်တစ်ခုကို ထိုးဖောက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ခုခံအားက ချက်ချင်း တိုးလာခဲ့သည်။
မကြာမီ နောက်ထပ် ဆယ်မိနစ် ကုန်ဆုံးသွားသည်။
ဟူ......
လုရွှမ်သည် တိုက်ပွဲစက်ဝိုင်းမှ ခုန်ထွက်လိုက်သည်။
"ဆင်သံချပ် ရွှေကိုယ်ထည်က အကြီးစား အောင်မြင်မှုအထိ ရောက်သွားပြီဆိုတော့ ၈ခန်းမြောက်က ငါ့ကို ဖိအားထပ်မပေးနိုင်တော့ဘူး...၉ခန်းမြောက်ကို ဝင်ရတော့မယ် ထင်တယ် ဒါပေမဲ့ အဆင့်မတက်ခင်က ငါ့ဒဏ်ရာ တော်တော်ပြင်းထားတယ်... အရင်ဆုံး ပြန်ပြီးမှ မနက်ဖြန် ဆက်ကျင့်တာပေါ့"
သူ ပြင်းပြင်းထန်ထန်ကို မောဟိုက်လာသည်။
ဆင်သံချပ်ကာ ရွှေကိုယ်ထည်ဖြင့် သူ၏ ခုခံကာကွယ်မှုသည် ဤရုပ်သေးများ၏ တိုက်ခိုက်မှုများကို လျစ်လျူရှုထားပြီး တစ်နာရီ သို့မဟုတ် နှစ်နာရီကြာအောင် ဆက်နေပါက ပြဿနာရှိမည် မဟုတ်ပေ။
သို့သော် သူ၏ ခွန်အားများ တိုးလာသည်က ဆက်တိုက်နေရင် အနည်းငယ် အကျိုးသက်ရောက်မှု ရှိနိုင်သည်။
အဲဒီအစား ခဏ အနားယူပြီး မနက်ဖြန်မှ ၉ခန်းကိုဝင်တာ ကောင်းမည်။
အခု မဝင်ချင်တာ မဟုတ်ဘဲ ဆင်သံချပ် ရွှေကိုယ်ထည် မထိုးဖောက်ခင်မှာ ဒဏ်ရာက ပြင်းပြင်းထန်ထန် ရထားသည်။
ဒဏ်ရာကို ကောင်းကောင်း မကုသရသေးဘဲ ၉ခန်းထဲကို ဝင်လိုက်ရင် အန္တရာယ် ရှိနိုင်တာက အသာထား အကျိုးရလဒ်က ကြီးမှာ မဟုတ်ပေ။
စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုဖြင့် သူသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲထုတ်ကာ ထွက်လာခဲ့သည်။
ခဏအကြာတွင် မုရှန့်အစီအရင် အပြင်ဘက်တွက် ပေါ်လာခဲ့သည်။
"နာရီဝက်တည်းနဲ့ ထွက်လာတယ်?...ရှင်ဝင်သွားတာ နံပါတ်၁အခန်းလို့တော့ မပြောနဲ့နော်"
သူ့အဝတ်အစားတွေ စုတ်ပြဲပြီး သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ရလာတာကို မြင်လိုက်ရတော့ မင်းသမီးလော့ရုံ နဲ့ လင်ရှောင်းရှောင်းတို့ အံ့သြသွားပြန်သည်။
သူတို့အမြင်အရတော့ သူ့ရှေ့က လူငယ်လေးဟာ အဂ္ဂိရတ်ပညာကို တတ်စွမ်းနိုင်ပေမယ့် သူ့အစွမ်းအစက အားနည်းလွန်းတယ်။ မူလအမှတ်ရဲ့ နှောင်းပိုင်းအဆင့်ပဲ ရှိတာကို ပထမအခန်းကို သွားတယ်တဲ့လား?
"ပထမအခန်းထဲ မ၀င်ဘူး!" လုရွှမ် ခေါင်းခါလိုက်သည်။
ပထမအခန်းကို သူတကယ် မ၀င်ရောက်ခဲ့ဘူး။ အဲဒီအဆင့်က သူ့အပေါ် လုံးဝသက်ရောက်မှု မရှိဘူးလေ။
"ရှင်အထဲကို မဝင်ခဲ့ဘူးဆိုရင် ဘာလို့ဒီလောက် ဒဏ်ရာပြင်းရတာလဲ?"
မင်းသမီးလောရုံက မျက်လုံးကလေး ပြူးလျက်။
"ရှင်အထဲကို မဝင်ဘဲ အနားယူနေတဲ့ လေ့ကျင့်သူ တစ်ယောက်ဆီကနေ အရိုက်ခံလိုက်ရတာလား"
မုရှန့်အစီအရင် ဖွဲ့စည်းမှု ပထမအခန်းတွင် လူများစွာ လေ့ကျင့်လေ့ရှိပြီး အကြိမ်တိုင်း အနားယူနေသူများ ရှိသည်။ ဤလူသည် ပြင်းထန်သော ဒဏ်ရာကို ရရှိခဲ့သောကြောင့် တစ်စုံတစ်ဦး၏ ရိုက်နှက်ခြင်းဟူသည့် ဖြစ်နိုင်ချေ တစ်ခုသာရှိသည်။
အဆိုးဆုံးမှာ အနားယူနေ သူများသည် တန်းလိနယ်ပယ်မှာ ရှိနေနိုင်တာမို့ သေးငယ်သော မူလအမှတ် နှင့် နှိုင်းယှဉ်၍မရသည့် သန်မာသူတစ်ဦးလည်း ဖြစ်သည်။
"ဒီလို အရိုက်ခံရပြီး.. တကယ့်တိုက်ပွဲမှာ ရှင့်ရဲ့ခွန်အားကို မြှင့်တင်ချင်တာလား?"
မင်းသမီးလော့ရုံ တစ်စုံတစ်ခုကို နားလည်သွားသလို ပြုံးပြီး
"ရှင်တကယ် အဲ့လိုဖြစ်ချင်ရင် ရှင်းပါတယ်... ကျွန်မကို မမလို့ခေါ်လိုက်... နေ့တိုင်း ရိုက်နှက်ပေးမယ်"
ဤမိန်းကလေးသည် ရူးကြောင်ကြောင် ဖြစ်နေကြောင်းကို မြင်လိုက်ရသောအခါ လုရွှမ်သည် ဂရုမစိုက်တော့ဘဲ ဖန်းရှစ် အပြင်ဘက်သို့ တိုက်ရိုက်လျှောက်သွားခဲ့သည်။
"ဟေ့ မသွားနဲ့ဦးလေ.... ငါတကယ် ပြောနေတာ ငါက နန်းတော်ပင်လယ်ဘုံမှာ သန်မာတဲ့လူပဲ... တခြားသူတွေက ငါ့ကို လှုပ်ရှားစေချင်ရင်တောင် မဖြစ်နိုင်ဘူးနော်..."
သူထွက်သွားတာကို မြင်တော့ မင်းသမီးလော့ရုံလည်း သူ့ခြေထောက်တွေကို နင်းစောင့်လိုက်ကာ။
"ဟမ့် ငါနင့်ကို တစ်ခေါက်လောက် လွှတ်ထားလိုက်မယ်.... လျှို့ဝှက် နည်းပညာကို သိလာတဲ့အထိ စောင့်နေလိုက်.... ပြီးရင်တော့ နင်နဲ့ အတူတူ ပြန်ကစားပြမယ်!"
မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့သည် အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ဆိုင်းနေခဲ့ကြသည်။ နေ အနောက်ဘက်ကို ဝင်သွားတဲ့အထိ သူတို့တွေ့ချင်နေတဲ့ အဆင့်မြင့်သူကို မတွေ့ရသေးတာကြောင့် တစ်ယောက်ကို တစ်ယောက် ပြန်မကြည့်ဘဲ မနေနိုင်တော့။
"အဲဒီလူက ဒီနေ့မလာတာများလား?" လင်ရှောင်းရှောင်း သံသယနဲ့ မေးလိုက်တော့သည်။
"ဖြစ်နိုင်တယ်.... ထားလိုက်တော့ မစောင့်တော့ဘူး ငါတို့လည်း လေ့ကျင့်ရအောင် မနက်ဖြန်မှ ထပ်စောင့်ကြမယ်!"
မုရှန့်အစီအရင် အခန်းက မကြာခင်မှာ ပိတ်တော့မှာကြောင့် မင်းသမီးလော့ရုံသည် စကားရပ်လိုက်ကာ အခန်းတွေဖက် လှည့်ထွက်လာခဲ့သည်။
ဤပါရမီရှင်ကို စောင့်ဆိုင်းခြင်းသည် လျှိုဝှက်နည်းလမ်းများကို သင်ယူရန်သာ ဖြစ်ပြီး သူမလာတာနဲ့တော့ လေ့ကျင့်မှုကို မရပ်တန့်နိုင်ပါ။
"နင်က ၆ခန်းမြောက်ကို ဆက်ကျင့်လိုက်....ငါက ၈ခန်းကို သွားမယ်"
ခဏအကြာတွင် နှစ်ယောက်သား ခြောက်ခန်းအနားသို့ ရောက်လာပြီး မင်းသမီးလော့ရုံ ရှင်းပြကာ စကားမဆက်ဘဲ အတွင်းထဲသို့ ဆက်လက် လျှောက်သွားခဲ့သည်။
"ဟင်? ဒီမှာ တစ်ယောက်ယောက် ရှိခဲ့တာလား"
အခန်းရှစ်သို့ ရောက်သောအခါ မလေ့ကျင့်ရသေးသော မင်းသမီးလော့ရုံ ရုတ်တရက် အေးခဲသွားလေ၏။
ဒီရက်တွေမှာတော့ သူမဟာ အခန်း၈ကို ဝင်လာခဲ့တဲ့ တစ်ဦးတည်းသော သူပဲ။ ဒီနေရာက ဘယ်လိုလဲဆိုတာ သူမ ကောင်းကောင်း သိပါတယ်။ ဒီအချိန်မှာ ရောက်ပြီးနောက် နေရာတော်တော်များများ ပြောင်းလဲသွားခဲ့တယ်။
ဆိုလိုတာက အရင်က ဒီမှာ တစ်ယောက်ယောက် လာလေ့ကျင့်ခဲ့တာပဲ
"ဘယ်သူလဲ? ဘယ်လောက်ကြာအောင် နေနိုင်ခဲ့တာလဲ? ဆယ်မိနစ်ထက် မပိုနိုင်ပါဘူး..."
စိတ်ထဲမှာ ထူးဆန်းပေမယ့် သိပ်တော့ မအံ့သြမိချေ။
အခန်း၈က အခန်း၆လိုမဟုတ်ဘဲ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ပိုမြင့်လာတဲ့အတွက် သုံးလနီးပါး လေ့ကျင့်ခဲ့ရတဲ့ နန်းတော်ပင်လယ်ဘုံက သန်မာတဲ့လူ ဆိုရင်တောင် ဆယ်မိနစ်လောက်ပဲ ကြာနိုင်သည်။
အကြာကြီး တောင့်ခံထားနိုင်ဖို့ မဖြစ်နိုင်ဘူး
သူမ၏ နှလုံးသားထဲတွင် ဖိအားမရှိဘဲ ကတ်ထည့်သည့်နေရာကို ရောက်လာပြီး ကတ်ထည့်တော့မည့် အခိုက် နံပါတ်များကို တွေ့လိုက်ရရာ သူမ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲတော့သည်။
"၃၀!"
"တစ်ယောက်က ဒီမှာ မိနစ်သုံးဆယ်တောင် နေခဲ့တာလား?"
သူမစိတ်တွေ ပေါက်ကွဲလုနီးပါး ဖြစ်လာကာ မယုံနိုင်လောက်အောင် ဖြစ်လာ၏။ သူမသည် အလွန်ကြိုးစားပြီး သုံးလကြာ လေ့ကျင့်ခဲ့တာတောင် ဆယ်မိနစ်သာ ကြာမြင့်ခဲ့သည်။
ဒါ တကယ်ကြီးလား?
သူဘယ်လိုများ လုပ်နိုင်တာလဲ?
မိနစ်သုံးဆယ်သည် ဆယ်မိနစ်၏ သုံးဆဖြစ်သည်။
မုရှန့်အစီအရင်သည် အချိန်ကြာလာသည်နှင့် အမျှ ပို၍ ခက်ခဲလာသောကြောင့် သူမသည် သုံးလအတွင်း ဆယ်မိနစ်ကြာအောင် ရှင်သန်နိုင်သော်လည်း နောက်ထပ်သုံးလအထိ လေ့ကျင့်နိုင်လျှင် နှစ်မိနစ် ထပ်တိုးလာရင်တောင် မဆိုးဘူးဟု ဆိုရမည်။
ဒါက ခက်ခဲတဲ့ အဆင့်ပဲလေ။ ဒါတောင်မှ တချို့လူက မိနစ်၃၀ တောင့်ခံနိုင်ခဲ့တယ်တဲ့ သာမန် မဟုတ်တော့ဘူးမလား
"အဲဒါက ပါရမီရှင်ပဲ ဖြစ်နိုင်မလား? ဒါပေမယ့်... ဒီနေ့တစ်နေကုန် စောင့်ပြီးပြီ ဘယ်သူမှ ဝင်မလာဘူး!"
လော့ရုံသည်လည်း ထူးဆန်းသော အမူအရာများနှင့် ပြည့်နေသည်။
တကယ်လို့ မနေ့က အခန်း၆မှာ ၂၇မိနစ် နေနိုင်ခဲ့တဲ့ ပါရမီရှင်ဆိုရင်ရော။ ဒီနေ့ တစ်နေကုန် စောင့်ကြပ်နေခဲ့တာ ဘယ်သူမှ ဝင်လာဖို့ မဖြစ်နိုင်ဘူး။ ကျန်းဝူအင်ပါယာမှာ ဒီလို အစွမ်းထက်တဲ့ လူနှစ်ယောက် ဘယ်လိုလုပ် ရုတ်တရက် ရှိလာမှာလဲ?
"ဂရုမစိုက်တော့ဘူး အချိန်ကုန်တော့မယ် လေ့ကျင့်ပြီးမှ ထပ်ပြောကြတာပေါ့"
မုရှန့်အစီအရင် အခန်းတွေက မကြာခင်မှာ ပိတ်တော့မှာ ဖြစ်တာကြောင့် မင်းသမီးလော့ရုံသည် သူမလက်ထဲက ကတ်ကို ထိုးထည့်လိုက်သည်။
ဟူ.....
အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
သူမသည် ၎င်းကို အာရုံစိုက်ပြီး ရုပ်သေးတိုက်ခိုက်ရန် စောင့်ဆိုင်းနေချိန်တွင် ရင်းနှီးသော အသံတစ်ခု ထပ်မံထွက်ပေါ်လာဓ။
"ရုပ်သေးက အရမ်းပျက်စီးနေပါပြီ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပြီဖြစ်လို့ မနက်ဖြန်မှ လေ့ကျင့်ဖို့ ပြန်လာခဲ့ပါ..."
"အာ.....ဒီနေ့ရောက်လာတယ်လား?"
မင်းသမီးလော့ရုံသည် နေရာ၌ပင် တောင့်ခဲသွားတော့သည်။