ဆာဂီဖစ်၏ရည်ရွယ်ချက်
Vol. 10 Ch. 4
ကျောင်းမဖွင့်ခင် တစ်လအလိုခန့်၊ ပိုးကောင်နန်းတော်အပြင်ဘက် တောအုပ်တစ်နေရာ။
ဥစာကီက ခါးမှာဓားကိုချိတ်ထားရင်းနဲ့ သစ်တောအနက်ပိုင်းကို လျှောက်ဝင်လာတယ်။ နက်ပြာရောင်ဂျက်ကပ်နဲ့လူရဲ့ကျောကို မြင်တဲ့အခါမှာတော့ ဥစာကီရပ်ပြီး မေးလိုက်ပါပြီ။
“ရှင်က ကျွန်မကို နှစ်ယောက်တည်းတွေ့ချင်တယ်ဆို၊ ဘာကိစ္စလဲ။”
ဆာဂီဖစ်က လည်ပင်းကို ထောင့်ချိုးကျလုနီးပါး စောင်းငဲ့ပြီး ဥစာကီကို လည်ပြန်ကြည့်တယ်။ သူ့ရဲ့ကသောင်းကနင်းဆန်တဲ့ ဆံစတွေက အမာရွတ်ရှိတဲ့ မျက်နှာပေါ်ဖြာကျနေပြီး တမူးထူးခြားတင့်တယ်တဲ့မြင်ကွင်းကို ပေးစွမ်းတယ်။
“ဘာရယ်တော့မဟုတ်ပါဘူး၊ ငါက အခုမျိုးဆက်ရဲ့ပိုးကောင်ဘုရင်မအစွမ်းကို စမ်းသပ်ကြည့်ချင်ရုံပါ။”
ဥစာကီက အဲဒီစကားကိုကြားတာနဲ့ ဓားအိမ်ထဲကဓားကို ဆွဲထုတ်ပြီးတော့ သူ့ရင်ဝရှေ့မြှောက်ကာလိုက်တယ်။ သိပ်မကြာခင်မှာပဲ အရိပ်တစ်ခုက သူ့ရှေ့ရောက်လာပြီး ဓားနဲ့တစ်စုံတစ်ရာက ထိခတ်မိသွားတယ်။
ထန်း...
မီးပွားတချို့ပွင့်သွားပြီး ဥစာကီကိုယ်တိုင်ကတော့ နောက်ကိုဆုတ်သွားရကာ ပါးစပ်ထဲကနေ သွေးစတချို့ကို အန်ထုတ်လိုက်ရလေရဲ့။
“ရှင်က ဘာစိတ်ကူးပေါက်ပြီး ကိုယ့်ဘုရင်မကိုယ်ကိုပြန်တိုက်ခိုက်နေရတာလဲ။” ဥစာကီက နားကျယ်တစ်ပိုင်းအဖြစ် ပြောင်းလိုက်ပြီးတဲ့နောက် ဆာဂီဖစ်ကို မော့ကြည့်လိုက်တယ်။ ဆာဂီဖစ်က သူ့လက်တစ်ဖက်ကိုသာ ပိုးကောင်လက်အဖြစ်ပြောင်းထားပြီး တိုက်ခိုက်ခဲ့တာပါ။
“ငါက သိချင်ရုံပဲ၊ တခြားရည်ရွယ်ချက်မရှိဘူး။” ဆာဂီဖစ်က အခုလိုပြောပြီး လက်ကိုမြှောက်လိုက်တဲ့အတွက် လက်ဦးမှုဆုံးရှုံးမှာကြောက်နေတဲ့ ဥစာကီကဓားကိုလွဲယမ်းရင်း အလျင်အမြန်တိုက်ခိုက်လိုက်ပါတယ်။ ဘယ်မိုးခုတ်ချက်က ဆာဂီဖစ်ရဲ့လည်ပင်းပေါ်ကို တိတိကျကျ ကျဆင်းလာပေမဲ့ ဆာဂီဖစ်က သာသာလေး ရှောင်ထွက်လိုက်တယ်။
“အလကားပဲ၊ ဒီလိုတိုက်ကွက်မျိုးနဲ့ မင်းရဲ့လူသားပြိုင်ဖက်တွေကိုတောင် အနိုင်မတိုက်နိုင်ဘူး။” ဥစာကီက ဆက်ပြီးတိုက်ခိုက်နေပေမဲ့ ဥစာကီရဲ့အသံမြန်နှုန်းအထက်က ဓားချက်တွေကို ဆာဂီဖစ်က သာသာလေးပြန်ခုခံပြီး အခုလိုပြောလိုက်တယ်။
“ဒါဆိုရင်ရော... ဘယ်လိုလဲ။” ကြီးမားတဲ့ ဖိအားတစ်ခုက ဥစာကီဆီကနေ ထွက်ပေါ်လာကာ တခြားပိုးကောင်တွေအားလုံးကို ဖိနှိပ်လိုက်တယ်။ တော်ရုံပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ဆိုရင် ဒီဖိအားကြောင့် လှုပ်ရှားနိုင်တော့မှာမဟုတ်ပေမဲ့ လက်တစ်ဖက်တည်းသာ ပိုးကောင်အဖြစ်ပြောင်းထားတဲ့ ဆာဂီဖစ်ကတော့ အထင်သေးတဲ့ပုံစံနဲ့ နှုတ်ခမ်းကို တွန့်ရုံသာတွန့်ပြလိုက်တယ်။
“ဒီလိုအကွက်မျိုးနဲ့ သာမန်ပိုးကောင်တွေကိုပဲ မင်းထိန်းချုပ်လို့ရမှာ။ ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်နေတဲ့ ဆင့်ကဲပြောင်းလဲပြီးသားသူကို လုပ်လို့မရဘူး။ ဒီအတွက် မင်းကိုယ်တိုင် ဆင့်ကဲပြောင်းလဲပြီးသား ဖြစ်ဖို့လိုတယ်။”
ဆာဂီဖစ်က ဥစာကီရဲ့ဓားကိုင်တဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး ရင်ဝကို ဆောင့်ကန်လိုက်တယ်။ ဥစာကီရဲ့ခန္ဓာကိုယ်က အဝေးကြီးကို လွင့်စင်သွားပြီး တောင်တစ်တောင်ကို ဝင်တိုက်မိကာ တောင်ခြေအထိ ပြန်ပြုတ်ကျလာတယ်။ သူမျက်လုံးဖွင့်လိုက်တော့ ဆာဂီဖစ်က အပေါ်ကနေ သူ့ကိုမိုးပြီးကြည့်နေလေရဲ့။
“ငါတိုက်လို့ မပြီးသေးဘူး...” ဥစာကီက ပြန်ကုန်းထတယ်။ ဆာဂီဖစ်ကတော့ သူ့ကိုအထင်သေးတဲ့ပုံစံနဲ့ ပြုံးပြီးကြည့်နေတယ်။ တစ်ချိန်တည်းမှာပဲ နန်းတော်ထဲမှာရှိနေတဲ့ တခြားပိုးကောင်ဗိုလ်ချုပ်တွေ ထွက်လာကြပြီ။
“လူစိမ်းက ဘုရင်မကို တိုက်ခိုက်နေတာလား၊ ငါတို့ ဘုရင်မကို ကူရမယ်မဟုတ်လား။” ပိုးဖလံက ရှေ့ကိုတက်ဖို့လုပ်ပေမဲ့ ရှေ့မှာရပ်နေတဲ့ အိုလီက သူ့လက်ကိုဆန့်ထုတ်ပြီး ပိုးဖလံကို တားလိုက်တယ်။
“နားကြပ်နဲ့အစ်ကိုကြီး၊ အဲဒီပိုးဟပ်က ဘာရွန်ကို သာသာလေးအနိုင်ရထားတဲ့သူမဟုတ်လား။ ရှင်မှမဟုတ်ဘူး၊ စီနီယာယင်ကောင်သွားကူလည်း ဘာမှလုပ်နိုင်မှာမှမဟုတ်တာ။ ဒါပေမဲ့ သူက အားကုန်မတိုက်ဘဲ ဘုရင်မကို စွရုံပဲစွနေတယ်လို့ မထင်ဘူးလား။”
ဒီတော့မှ ပိုးဖလံလည်း အခြေအနေကို စဥ်းစားမိပြီး လက်ကိုပိုက်ကာ သစ်ပင်တစ်ပင်ရဲ့ထိပ်ဖျားပေါ်ခုံတက်လိုက်တယ်။ ဒါမှ ဖြစ်ပျက်နေတဲ့ပွဲကို သူသေချာမြင်ရမှာလေ။
“ဒီတော့လည်း သီချင်းလေးနားထောင်ရင်းနဲ့ ကြည့်ကြတာပေါ့။”
...
“ငါ့ရဲ့အရင်အရှင်မက မင်းအရွယ်မှာ ဂလက်ဆီများစွာကို သိမ်းပိုက်ခဲ့ပြီးပြီ၊ မင်းကတော့ ဒီဂြိုဟ်စုတ်လေးမှာ ခုထိသောင်တင်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်။”
ဆာဂီဖစ်က နောက်တစ်ခါခုခံဖို့ ကျရှုံးသွားတဲ့ ဥစာကီကို လည်ပင်းကပြေီး ဆုပ်ကိုင်မြှောက်လိုက်တယ်။သူတို့ဘေးပတ်ဝန်းကျင်မှတော့ အပျက်အစီးတွေအများကြီးရှိနေပြီး တောအုပ်က စွန့်ပစ်ခံထားရတဲ့ သစ်တောကြိုးဝိုင်းတစ်ခုလိုမျိုး လဲကျနေတဲ့သစ်ပင်တွေနဲ့ ပြည့်နှက်နေပါပြီ။
“နင်ကများ...” ဥစာကီက ဓားနဲ့ပိုးဟပ်ရဲ့လက်ကို ဖြတ်ချလိုက်တယ်။ အဲဒီနောက် ပြန်ထပြီးတိုက်ပေမဲ့ ပိုးဟပ်ကပဲ ဥစာကီကို ပြန်ကန်ထုတ်လိုက်ပြန်ပါတယ်။
“ကိုယ့်ရဲ့မူပိုင်စွမ်းအားကိုယ် တန်ဖိုးမထားတဲ့ ဘုရင်မ၊ မင်းက ဘယ်အချိန်ထိ သူများရုပ်သေးလုပ်ဖို့ ကြိုးစားနေဦးမှာလဲ။ ငါမလာခင်က ဘာရွန်ရဲ့ရုပ်သေး၊ အခုကျတော့ ငါ့ရဲ့ရုပ်သေးဖြစ်နေပြီ။ ပျင်းစရာပဲ၊ ဒီလိုဘုရင်မတစ်ပါးကို ခစားရမှာထက် ငါ့ဘာသာငါ ဘုရင်လုပ်တာကမှ ပျော်စရာကောင်းဦးမယ်။”
ဆာဂီဖစ်က ကျယ်လောင်ပေမဲ့ အေးစက်ပြီးနက်မှောင်နေတဲ့ လေသံနဲ့ပြောလိုက်တယ်။ ဥစာကီဖြတ်ချထားတဲ့ သူ့ညာလက်က ပြန်ပြောင်းလာနေပြီ။ ဘယ်လက်ကတော့ ဂလင်းအမြောက်အဖြစ်ပြောင်းသွားပြီး ဥစာကီနောက်ကို ချိန်ကာပစ်လိုက်တယ်။
ဒိန်း....
ဧရာမပေါက်ကွဲသံကြီးတစ်ခုနဲ့အတူ တောင်ကြီးတစ်တောင်ရဲ့ထိပ်ပိုင်းတစ်ခုလုံး အစိမ်းရောင်အလင်းတွေနဲ့အတူ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားပါတယ်။
ဥစာကီကတော့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး တစ်ကိုယ်လုံးတုန်ရီနေတယ်။ သူက ပိုးကောင်ဘုရင်မဖြစ်ပေမဲ့ ပိုးဟပ်ဗိုလ်ချုပ်ထက်စာရင် အများကြီးအားနည်းတယ်။ သနားစရာကောင်းလောက်အောင်ကို အားနည်းနေတာ။
“ငါက ရုပ်သေးဖြစ်ချင်လို့ ဖြစ်နေတာမဟုတ်ဘူးဟဲ့။ငါက အားနည်းလွန်းပြီး ငါကာကွယ်ချင်တဲ့အရာတွေကို ကာကွယ်နိုင်စွမ်းမရှိတာကြောင့်ပဲ။”
ဥစာကီက အသံမြန်နှုန်းလေးဆအထိ ထိုးတက်သွားပြီး ဆာဂီဖစ်ရဲ့လည်ပင်းကို ပိုင်းဖြတ်ဖို့လုပ်တယ်။ ဒါပေမဲ့ ဆာဂီဖစ်ကိုယ်တိုင်က အမြန်နှုန်းခြောက်ဆကို ခဏအတွင်းရောက်သွားကာ ဥစာကီရဲ့ဓားချက်ကိုရှောင်ပြီး ဥစာကီရဲ့ဝမ်းဗိုက်ကို လက်သီးနဲ့ထိုးလိုက်တယ်။
“ဂါ့စ်....” ဥစာကီရဲ့ပါးစပ်ကနေ သွေးတွေရော သွေးရည်ကြည်တွေပါ အန်ထုတ်လိုက်ရပြီး အဝေးကို လွင့်စင်သွားတယ်။ သူဝတ်ထားတဲ့ ကီမိုနိုက ရစရာမရှိအောင် ပျက်စီးနေပြီးတော့ နားကျယ်ကောင်ရဲ့အခွံမာတွေကလည်း အက်ကွဲနေကာသွေးရည်ကြည်တွေအများကြီး စိမ့်ထွက်လာနေတယ်။ သူ့တစ်ကိုယ်လုံး တုန်ရင်နေပြီးတော့ လေးဖက်ထောက်အနေအထားနဲ့ ပြန်ထဖို့ကိုတောင် မနည်းကြိုးစားနေရပါတယ်။
ဆာဂီဖစ်ကတော့ သူ့ရှေ့ကို ထပ်ရောက်လာပြီး ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ကာ ဥစာကိကိုငုံကြည့်ကာ ပြောလိုက်တယ်။
“ဒါဆိုရင်လည်း အင်အားကြီးလာအောင် ကြိုးစားလေ။ ဘာကြောင့် သူတစ်ပါးထိန်းချုပ်တာကို အမြဲခေါင်းညိတ်ခံနေမှာလဲ။”
ဥစာကီမှာ အဲဒီစကားအတွက် အဖြေမရှိခဲ့ဘူး။ တကယ်တော့ သူငယ်ငယ်လေးကတည်းက တခြားသူတွေရဲ့ရုပ်သေးရုပ်အဖြစ်နဲ့ တည်ရှိနေခဲ့တာပါ။
“ဟုတ်တယ်၊ ငါက ယာမာဂုချီမိသားစုအတွင်းမှာလည်း ရုပ်သေးအဖြစ်နေခဲ့ရတာပဲ။ အခုလည်း ပိုးကောင်ဘုရင်မအနေနဲ့ ရုပ်သေးရုပ်ဖြစ်နေရပြန်ပြီ။ သူများကြိုးဆွဲရာကပြီး အလိုလိုက်အကြိုက်ဆောင်ပေးနေရတဲ့ဘဝကို ငါမုန်းတယ်။”
ဥစာကီက နောက်တစ်ခါ ဓားကိုဆွဲထုတ်လိုက်ပြန်ပါတယ်။ ဒီတစ်ခါတော့ အရင်တစ်ခေါက်ကနဲ့မတူတော့ဘဲ သူ့ခန္ဓာကိုယ်ပေါ်မှာ မီးတောက်သဏ္ဍာန်တက်တူးတွေ ထွက်ပေါ်လာပြီးတော့ သူ့အရိပ်ကနေတစ်ဆင့် သံချိန်းကြိုးတွေထွက်ပေါ်လာကာ ဆာဂီဖစ်ကိုတုပ်နှောင်လိုက်တယ်။
“ဘာ...” ဆာဂီဖစ်လည်း ရုတ်တရက်ဖြစ်တာကြောင့် ထိတ်လန့်သွားတယ်။ သူက ရုန်းထွက်ဖို့ကြိုးစားပေမဲ့ သူ့တစ်ကိုယ်လုံး အားနည်းနေပြီးတော့ အားစိုက်ထုတ်လို့မရတဲ့အဖြစ်ကို သတိပြုမိသွားတယ်။
“ဒီကောင်မလေး၊ ငါ့စွမ်းအားကို ပိတ်ချလိုက်တာလား။”
ဥစာကီကတော့ ချုပ်နှောင်ခံထားရတဲ့ ဆာဂီဖစ်ကို လုံးဝလစ်လျူရှုထားတယ်။ သူ့ဓားရိုးပေါ်က မိစ္ဆာမျက်လုံးကတော့ ပြန်ပွင့်လာနေပြီဖြစ်ပြီး အရင်က သုံးဖူးသမျှထဲမှာ စွမ်းအားအကြီးဆုံး ချိန်းကြိုးတွေကို ထုတ်ဖော်ပေးနေပါတယ်။
“တောင်ဖြိုဓားသိုင်း၊ သုံးဆင့်ခုတ်ပိုင်းခြင်း။”
ဥစာကီရဲ့ဓားချက်သုံးချက်က တစ်ချက်တည်းလို ပေါင်းစပ်သွားပြီး သူ့ရှေ့ကပိုးဟပ်ကို ခါးကနေပြီး ထက်ပိုင်းခြမ်းပစ်လိုက်တယ်။ သွေးရည်ကြည်တွေက နေရာတိုင်းမှာ ပြန့်ကျဲကုန်ပါပြီ။
“ငါတို့ အခုဘာမြင်နေရတာလဲ။ ပြီးပြည့်စုံစွာ ဆင့်ကဲပြောင်းလဲပြီးတဲ့ ဆာဂီဖစ်က အသတ်ခံလိုက်ရတာလား။ ငါတို့ဘုရင်မက ဘယ်တုန်းက ဒီလောက်အထိ စွမ်းအားကြီးလာတာလဲ။”
ပိုးဖလံက မယုံနိုင်စွာနဲ့ ပြောလိုက်တယ်။ ယင်ကောင်နဲ့ ဂျက်စပါလိုမျိုး ပိုးကောင်ဗိုလ်ချုပ်တွေလည်း ဒီနေရာကို ရောက်လာကြပြီဖြစ်ပြီး သူတို့ရှေ့ကမြင်ကွင်းကို ကြည့်နေကြပါတယ်။
“ငါသိသလောက်တော့ ပိုးကောင်မဖြစ်ခင် ဘုရင်မဥစာကီရဲ့စွမ်းအားက ရန်သူတွေရဲ့မြူတန့်စွမ်းအားကို ချိပ်ပိတ်တာပဲ။ ဒါပေမဲ့ ပိုးကောင်တွေရဲ့ဇီဝစွမ်းအားကို အရင်က ချိပ်ပိတ်လို့ရတယ်လို့ မကြားဖူးဘူး။ ဒါပေမဲ့ အခုကြည့်ရတာ ဘုရင်မက ဆင့်ကဲပြောင်းလဲလာပြီး ပိုသန်မာနေပြီပဲ။”
တိုက်ပွဲကိုစောင့်ကြည့်နေရင်း ယင်ကောင်က အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ အခုသူတို့ရဲ့ဘုရင်မက အရွယ်ရောက်ဖို့လိုနေသေးပေမဲ့ သိသိသာသာ ကြီးထွားလာပါပြီ။
“မဆိုးဘူး၊ မဆိုးဘူး။ တကယ့်ကို မဆိုးတာပဲ။” နှစ်ပိုင်းဖြစ်နေတဲ့ ပိုးဟပ်ဆီကနေပြီး စကားသံထွက်လာတဲ့အတွက် ဥစာကီ မျက်ခုံးပင့်လိုက်မိတယ်။ ဒါပေမဲ့ သူ့မျက်စိရှေ့မှာပဲ ဆာဂီဖစ်က ပြန်ဆက်သွားပြီး ခပ်မိုက်မိုက် နက်ပြာဂျက်ကပ်နဲ့လူ ပြန်ဖြစ်သွားတယ်။
ဥစာကီကတော့ သူ့ရှေ့က ပိုးဟပ်ဗိုလ်ချုပ်ဆာဂီဖစ်ကို လေးစားမှုအပြည့်နဲ့ ကြည့်လိုက်တယ်။ အရင်ကလိုမျိုး ရန်လိုမှုနဲ့တင်းကျပ်မှု သိပ်မပါတော့ဘူး။
“ဒီလိုလုပ်ရင် ငါတိုးတက်လာမယ်ဆိုတာ မင်းသိနေခဲ့တာလား၊ ဆာဂီဖစ်။”
ဆာဂီဖစ်ကလည်း ပြန်ပြုံးပြလိုက်တယ်။ “ပုံမှန်ဆိုရင်တော့ ဘာရွန်တွေလုပ်ရတဲ့အလုပ်ဆိုပေမဲ့ မင်းရဲ့ဘာရွန်က စိတ်မချရဘူးလေ။”
“အရင်ဘာရွန်ကို သတ်ခဲ့တဲ့ ဆာဂီဖစ်ပီသပါပေတယ်။” ဥစာကီက ချီးကျူးလိုက်တယ်။ အဲဒီနောက်တော့ သူတို့တွေက နန်းတော်ထဲကို ပြန်ဝင်သွားကြတယ်။
...
နောက်ရက်တွေမှာလည်း ဥစာကီနဲ့ဆာဂီဖစ်က ဆက်လေ့ကျင့်နေခဲ့ပြီး ဥစာကီက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာနေတယ်။ နောက်ဆုံးတော့ အားနည်းပြီးအပျင်းကြီးတဲ့ ပိုးဖလံတောင်မှ သူတို့ကိုကြည့်နေရင်းကနေ အလကား အလေလိုက်မနေနိုင်တော့ဘူး။
“ယင်ကောင်၊ ဒီအတိုင်းနေရတာကြာတော့ ငါ့ကိုယ်ငါ အသုံးမကျတဲ့ကောင်လို့ ထင်လာမိပြီ။ မင်းက ငါတို့ထဲမှာ အစွမ်းအထက်ဆုံးကောင်ဆိုတော့ ငါနဲ့လေ့ကျင့်ပေးနိုင်မလား။” တစ်နေ့တော့ ပိုးဖလံက သူနားထောင်နေကျ နားကြပ်ကို နားကနေဖြုတ် လည်မှာချိတ်ထားရင်း စာဖတ်နေတဲ့ယင်ကောင်ကို လာမေးတယ်။ ယင်ကောင်ကလည်း ခေါင်းညိတ်လိုက်ပြီး ပိုးဖလံကို တောထဲခေါ်သွားတယ်။ မကြာခင်မှာပဲ ပိုးဖလံရဲ့ငယ်သံပါအောင် အော်ငိုသံကြီး တောထဲကနေ ထွက်လာတော့တာပဲ။
“ပိုးဖလံ၊ မင်းက ငါနဲ့ယှဥ်ဖို့ အားနည်းသေးတယ်။ စစ်မြေပြင်မှာ အားနည်းတဲ့ရန်သူတွေကိုတိုက်ရင်း အတွေ့အကြုံ စုဆောင်းသင့်တယ်။” ယင်ကောင်က အခုလိုပြောပေမဲ့ အရိုးတွေအကုန်အချိုးခံထားရပြီး ပြန်ကောင်းလာတာမကြာသေးတဲ့ ပိုးဖလံကတော့ တက်ကြွမြဲ တက်ကြွဆဲပါပဲ။
“ဒါမှ ငါတို့ယင်ကောင်ကွ။ ငါ့ကို မင်းအကွက်တွေ ထပ်သင်ပေးဦး။” ပိုးဖလံနဲ့ယင်ကောင်က နေ့တိုင်းပုံမှန်လေ့ကျင်နေတော့ မကြာခင်မှာပဲ အိုလီနဲ့ဂျက်စပါတို့လည်း စိတ်ပါလာကြတယ်။
“ဟေ့၊ ယင်ကောင်။ ငါတို့က မကြာခင်ကမှ မွေးဖွားလာတာဆိုတော့ တိုက်ပွဲအတွေ့အကြုံ သိပ်မရှိသေးဘူး။ နင်က ဒီနေရာမှာ အသန်မာဆုံးဆိုတော့ ငါတို့ကို နင်လေ့ကျင့်ပေးလို့ရမလား။”
ယင်ကောင်က အိုလီရဲ့စကားကြောင့် ခေါင်းကုပ်လိုက်မိတယ်။ ဒါပေမဲ့ သူ့မှာ ငြင်းစရာစကားမရှိဘူးရယ်။
“ကောင်းပြီလေ၊ နောက်မှ မိန်းကလေးကို မညှာမတာ ရိုက်ပါတယ်နှက်ပါတယ်ဆိုပြီး ထွက်မပြေးနဲ့။” ယင်ကောင်က အခုလိုမျိုး ခြိမ်းခြောက်တဲ့ပုံစံနဲ့ ပြောလိုက်ပေမဲ့ အိုလီကတော့ သူ့ကိုယ်သူဟုတ်လှပြီဆိုတဲ့ပုံစံနဲ့ ယင်ကောင်ကို ကြည့်ကာ ပြောလိုက်လေရဲ့။
“ကဲပါ၊ တကယ်လေ့ကျင့်ခါမှ ဘယ်သူအရင် အရိုးချိုးခံရမလဲဆိုတာ ကြည့်ကြသေးတာပေါ့။”
ဒါပေမဲ့ လေ့ကျင့်ရေးစခန်းဝင်ပြီး သိပ်မကြာခင်မှာပဲ အိုလီရဲ့ငယ်သံပါအောင်အော်လိုက်တဲ့ အော်သံကျယ်ကြီးက တောနက်ထဲမှာ ပဲ့တင်သံထွက်လာပါလေရော။ ယင်ကောင်ကတော့ ယင်ကောင်ပါပဲ။
...
“ပိုးကောင်ဗိုလ်ချုပ်တွေထဲမှာ ပိုးဖလံက ဆင့်ကဲပြောင်းလဲဖို့ အနီးစပ်ဆုံးဖြစ်နေပြီ။ အိုလီနဲ့ဂျက်စပါလည်း အတော်တိုးတက်လာနေတယ်။ အရင်တည်းက ဘာရွန်နဲ့ရေဂင်သာ အချင်းချင်းအတိုက်အခံမဖြစ်ဘဲ ပိုးကောင်တွေကို လေ့ကျင့်ပေးခဲ့ရင် အခုလိုအကျပ်အတည်းကြုံရမယ်မထင်ဘူး။”
ပလ္လင်ပေါ်မှာထိုင်ပြီး ပိုးစုန်းကြူးကောင်လေးကို ချီထားတဲ့ ဥစာကီက ပြောလိုက်တယ်။ ဆာဂီဖစ်က ဥစာကီဘေးမှာ ရပ်နေတာမျိုးမလုပ်ဘဲ ဥစာကီရဲ့ရှေ့ သာမန်ပိုးကောင်တွေ ခစားတဲ့နေရာမှာပဲ ရှိနေပါတယ်။
“ရေဂင်ကို ကိုယ်တိုင်မတွေ့ဖူးပေမဲ့ ကြားဖူးတဲ့အတိုင်းဆိုရင် သစ္စာဖောက်သွားတဲ့ ပိုးတောင်မာပြာမဟုတ်လား။ အရှင်မရဲ့တပ်ဖွဲ့တော်တော်များများက အတွင်းပိုင်းတိုက်ခိုက်မှုတွေကြောင့် အများအပြားဆုံးရှုံးခဲ့တာ ဝမ်းနည်းစရာပါပဲ။”
“ဒါပေမဲ့ ဆာဂီဖစ်-ဒိုနို ရောက်လာကတည်းက ငါတို့နန်းတွင်းက ပြဿနာတွေ အေးချမ်းသွားတာ သိပ်ကိုကောင်းတယ်။ နောက်လည်း အားကိုးပါရစေ။”
“အမိန့်တော်အတိုင်းပါ အရှင်မ။” ဆာဂီဖစ်က ဥစာကီကို နှုတ်ဆက်လိုက်ပြီး ညီလာခံခန်းမထဲကနေ ထွက်လာတယ်။ အဲဒီနောက်တော့ သစ်တောတွင်းတစ်နေရာကို လျှောက်သွားလိုက်တယ်။ အဲဒီမှာတော့ ယင်ကောင်နဲ့တခြားပိုးကောင်ဗိုလ်ချုပ်တွေက ဆာဂီဖစ်ကို စောင့်နေကြတယ်။
“ရို့၊ မင်းဆရာကြီး။ ကျုပ်တို့ကို ညီလာခံပြင်ပမှာ စုဝေးစေတာ ဘာလုပ်မလို့လဲ။ မတော်တရော်တွေ ဆွေးနွေးမယ်ဆိုရင်တော့ ကျုပ်က ထပြန်မှာနော်။” ပိုးဖလံက ပိုးဟပ်ကို နောက်လိုက်တယ်။ ပိုးဟပ်ကတော့ ခေါင်းခါလိုက်ပြီးတော့ အခုလိုပြောပါတယ်။
“မဟုတ်ဘူး၊ ငါအခုဆွေးနွေးချင်တဲ့အကြောင်းက ဘုရင်မရဲ့ကောင်းကျိုးနဲ့ဆိုင်တယ်။” ဒီတော့မှ ကျန်တဲ့ပိုးကောင်တွေအကုန်လုံးက ပေါက်ကရမပြောတော့ဘဲ တည်ကြည်လေးနက်တဲ့ပုံစံနဲ့ ဖြစ်သွားကြပါတယ်။
“လက်ရှိဘုရင်မ ဥစာကီက ကြင်နာတတ်ပြီးတော့ မင်းမြတ်တစ်ပါးဖြစ်လာနိုင်တဲ့ တည်ရှိမှုလို့ ငါယုံတယ်။” ဆာဂီဖစ်က သူ့ယုံကြည်မှုကို ထုတ်ပြောပါတယ်။ အိုလီကတော့ သစ်ကိုင်းတစ်ကိုင်းပေါ်မှာထိုင်ပြီး ခြေထောက်ကိုလွှဲနေရင်းကနေ ထောက်ခံလိုက်လေရဲ့။
“ကျွန်မသိသလောက် ဘုရင်မဥစာကီက ရုပ်သေးဖြစ်နေတာများပေမဲ့ လက်အောက်ငယ်သားတွေအပေါ်မှာကောင်းပြီး ရက်စက်တာမျိုးမရှိဘူးလေ။ ငယ်သားတွေ တစ်ခုခုလွဲတာနဲ့ သေမိန့်ပေးဖို့လောက်ပဲ စဥ်းစားတဲ့ တခြားဘုရင်မဟောင်းတွေထက်တော့ သာပါသေးတယ်။”
ဆာဂီဖစ်က ခေါင်းညိတ်လိုက်ပြီး သူ့အမြင်ကိုထပ်ဖြည့်ပြောတယ်။ “ဒါပေမဲ့ လက်ရှိမင်းတို့ရဲ့ဘုရင်မမှာက ပြဿနာတစ်ခုရှိနေတယ်။ အဲဒါက လူသားမျိုးနွယ်အပေါ်မှာ သံယောဇဥ်ရှိပြီး ကြင်နာတတ်နေတာပဲ။”
ဒါကိုတော့ သူတို့ထဲက ဘယ်သူမှမငြင်းနိုင်ကြဘူး။ အားလုံး သူတို့ခေါင်းတွေကိုငုံပြီး မြေပြင်ကိုကြည့်နေကြပါတယ်။ ဆာဂီဖစ်က သက်ပြင်းချလိုက်ပြီး
“ဘုရင်မက အချိန်တန်ရင် သေချာပေါက် စကြဝဠာထဲမှာ စွမ်းအားအကြီးဆုံးဖြစ်လာမှာဆိုပေမဲ့ လူသားတွေရဲ့အိုမီဂါကလည်း အရွယ်ရောက်ဖို့အတွက် နီးစပ်လာနေပြီ။ ဒီထက်ပိုပြီး အချိန်ဖြုန်းနေဖို့ မဖြစ်တော့ဘူး။”
ဆာဂီဖစ်ရဲ့စကားကို နားထောင်နေရင်းကနေ ယင်ကောင်က မျက်မှောင်ကြုတ်ပြီး ခွန်းတုံ့ပြန်လိုက်တယ်။ “ဆာဂီဖစ်၊ ခင်ဗျားက ဘုရင်မနောက်ကွယ်မှာ စစ်ဆင်ရေးတစ်ခုကိုစဖို့ ကြိုးစားနေတာလား။”
ဆာဂီဖစ်က သဘောပေါက်နားလည်လွယ်တဲ့ ယင်ကောင်ကို ပြုံးပြလိုက်ပါတယ်။ “အဟုတ်ပဲ၊ လက်ရှိငါ့ရဲ့ခွန်အားက လူသားတွေရဲ့အိုမီဂါလောင်းလျာထက် ပိုအင်အားကြီးတယ်။ ဒါကြောင့် အခွင့်အရေးသာရရင် ငါသူ့ကိုသတ်နိုင်တယ်။”
“ဒါပေမဲ့ လူသားတွေရဲ့အိုမီဂါလောင်းလျာက ငါတို့ဘုရင်မနဲ့သဘောတူညီချက်လုပ်ထားတာနော်။ ဘုရင်မအရွယ်ရောက်တဲ့နေ့မှာ စီးချင်းထိုးပြီး အနိုင်အရှုံးကို ဆုံးဖြတ်ရမှာ။ အခုလည်း စစ်တွေဖြစ်နေပေမဲ့ သူ့ကိုပဲသီးသန့် လုပ်ကြံဖို့တော့ မကြိုးစားဖူးဘူး။”
ဆာဂီဖစ်က စိတ်ပျက်စွာနဲ့ ခေါင်းကိုခါယမ်းလိုက်ပါတယ်။ “အဲဒါကိုက မဖြစ်သင့်တဲ့အရာပဲ။ ဘုရင်မရဲ့လက်ထဲက ဓားက ဒီကမ္ဘာမြေကမဟုတ်လား။ ငါသတိထားမိသလောက် အဲဒီဓားကို နတ်သူငယ်တွေရဲ့နည်းပညာနဲ့ဆိုရင်တောင် တန်ကြေးကြီးကြီးပေးပြီး ထွင်းထုရမှာ။ အဲဒီလိုလက်နက်မျိုးက ဒီကမ္ဘာမှာ အများကြီးရှိနေတယ်။ ဆိုလိုတာက ဒီကမ္ဘာရဲ့အိုမီဂါအရင်းအမြစ်က ငါတို့အိုမီဂါအရင်းအမြစ်ထက်တောင် အားကောင်းလောက်တယ်။ ထင်ကြေးတစ်ခုဆိုပေမဲ့ပေါ့။”
ယင်ကောင်က ဆာဂီဖစ်ကို မယုံနိုင်ခြင်းများစွာနဲ့ ကြည့်လိုက်ပါပြီ။ “ခင်ဗျားလိုလူတောင်မှ ဘုရင်မရဲ့အိုမီဂါအဆင့်အတန်းကို သံသယဝင်နေတာလား။”
ဆာဂီဖစ်က ဘာမှရှင်းပြမနေတော့ဘဲ သူ့ယုံကြည်ချက်ကို တဲ့တိုးအိုးပေါက် ပြောလိုက်တယ်။ “ဘာပဲဖြစ်ဖြစ် အနိုင်အရှုံးမသေချာတဲ့ တိုက်ပွဲတစ်ခုထဲမှာပါဖို့ ငါတို့ဘုရင်မကို ခွင့်မပြုနိုင်ဘူး။ အိုမီဂါလောင်းလျာကို ငါတို့လုပ်ကြံသတ်ဖြတ်ရမယ်။ ကိစ္စပြီးမှ သူငါ့ကို အပြစ်ပေးရင်ပေးပါစေ၊ အင်ပါယာအတွက် လုပ်ကိုလုပ်ရမယ့်အရာပဲ။” ဆာဂီဖစ်ရဲ့မျက်လုံးတွေထဲမှာ ဆန္ဒပြင်းပြမှုက မီးတောက်တစ်ခုလို တောက်လောင်နေပါတယ်။