မျက်လုံးပွင့်စရာ အတွေ့အကြုံ
Vol. 110 Ch. 1142
‘တပည့်လုပ်ရမယ်’ ချူရှောင်ချီဟာ မှင်တက်သွားပြီး သူ့နားကိုတောင် သူမယုံနိုင်အောင် ဖြစ်သွားပါတယ်။ ဒီအပြောင်းအလဲက မြန်ဆန်လွန်းတာထက် ပိုပါတယ်။
ဟွမ်ဇွမ်တျန်ဟာ ချူရှောင်ချီကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းရဲ့ လက်ရှိ အရည်အချင်းနဲ့ ဒီကမ္ဘာထဲကနေ ထွက်သွားဖို့ဆိုတာ မလွယ်ဘူး၊ ငါက မင်းကို ဒီထက်မြင့်မားတဲ့ ကောင်းကင်ဆီ ခေါ်သွားပေးနိုင်တယ်၊ သေချာ စဉ်းစားကြည့်၊ မင်း ငြင်းရင်တောင် ငါ မင်းကို ဘာမှမလုပ်ပါဘူး”
ချူရှောင်ချီရဲ့ နှလုံးခုန်သံဟာ ပိုပိုမြန်လာပါတယ် ‘သူ ငါ့ကို မသတ်ချင်တာ အံ့ဩစရာ မရှိတော့ပါဘူး၊ တပည့်အဖြစ် လက်ခံချင်နေတာကိုး’
ချူရှောင်ချီဟာ အသက်အရှည်ကြီး ရှူသွင်ပြီး မေးလိုက်ပါတယ် “ဒါဆို စီနီယာရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ၊ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်လား”
“ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်... ဟားဟား...”
ဟွမ်ဇွမ်တျန်ဟာ ဟားတိုက် ရယ်မောလိုက်ပါတယ်။
ချူရှောင်ချီဟာ လန့်သွားပါတယ် ‘ဒဏ္ဍာရီလာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ကိုတောင် မျက်စိထဲ မထည့်ဘူးဆိုတော့ ဒီလူက ရှေးဟောင်း ဒဏ္ဍာရီတွေထဲမှာပါတဲ့ တာအိုပညာရှိများလား’
ချူရှောင်ချီဟာ လုံးဝ သိမ်းသွင်းခံလိုက်ရပါတယ်။ သူ ဒီလို စွမ်းအားကြီးပုဂ္ဂိုလ်မျိုးကိုမှ အမိမဖမ်းရင် သူ့လောက်မိုက်တဲ့လူ ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ပါဘူး။
ချူရှောင်ချီဟာ ဟန်ကျွယ်ဆီက ထွက်လာပြီးနောက် အခွင့်အရေး အမျိုးမျိုး ရရှိခဲ့ပေမဲ့ သူ့ကို ပြန်မွေးဖွား ပေးနိုင်လောက်တဲ့ အခွင့်အရေးမျိုးတော့ မရခဲ့ပါဘူး။ ချူရှောင်ချီဟာ သူ့ရဲ့ အရည်အချင်းမရှိမှုကို တဖြည်းဖြည်းချင်း သဘောပေါက်လာပါတယ်။ ဒါပေမဲ့ ချူရှောင်ချီဟာ သူ့ဒေါသကို အမြဲတမ်း သိမ်းဆည်းထားခဲ့ပါတယ်။
ချူရှောင်ချီဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “စီနီယာက ဘာဖြစ်လို့ ကျွန်တော်ကို အမြင့်ကြီး တွေးရတာလဲ”
ဟွမ်ဇွမ်တျန်ဟာ ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေပါတယ် “မင်းရဲ့ဘဝဟောင်းမှာ အခွင့်အရေးကြီးတစ်ခု ရခဲ့တယ်၊ မင်းရဲ့ ကံတရား အထောက်အပံ့က ခန့်မှန်းလို့ မရဘူး၊ အခုအချိန်မှာ မင်းက အားနည်းနေပေမဲ့ နောက်ကျရင် ထူးချွန်ထက်မြက်တဲ့လူ ဖြစ်လာလိမ့်မယ်လို့ ငါ ခံစားမိတယ်၊ ငါက မင်းကို မိုးပေါ်ပျံတက်အောင် တင်ပေးတဲ့ ကျေးဇူးရှင် ဖြစ်နိုင်တယ်၊ မင်း ငါ့ကို ယုံမယုံအပေါ်ပဲ မူတည်တယ်”
ချူရှောင်ချီဟာ သူငယ်ငယ်တုန်းက တွေ့ခဲ့တဲ့ သူ့ဘိုးဘိုးကို ပြန်တွေးမိလိုက်ပါတယ် ‘ဘိုးဘိုးကလည်း ငါ့ရဲ့ ကံတရား အထောက်အပံ့ကို ကြိုက်ခဲ့တာလား... တကယ်ကို ငါက သာမန်မဟုတ်ဘူးပဲ’
ချူရှောင်ချီဟာ တဒင်္ဂ တုံ့ဆိုင်းသွားခဲ့ပေမဲ့ ဟွမ်ဇွမ်တျန်နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ နတ်မိသားစုမှာ သူ ထပ်ပြီးတော့ မကြီးထွားနိုင်တော့တာကြောင့်ပါ။
ဟွမ်ဇွမ်တျန်ဟာ ဒီနတ်ဘုရားတွေနဲ့ မိစ္ဆာတွေ စစ်ပွဲမှာ သူ ဘယ်လောက် အားနည်းတယ်ဆိုတာကို သေသေချာချာ နားလည် သဘောပေါက်သွားပါတယ်။ ချန်ကျွယ်ရဲ့ တိုက်ခိုက်မှုတွေက တားဆီးမရအောင် စွမ်းအားကြီးမားပေမဲ့ သူကတော့ အစတေးခံနယ်ရုပ်အဆင့်ပဲ ရှိတယ် မဟုတ်ပါလား။
သူတို့နှစ်ယောက်က နတ်မိသားစုထဲကို တစ်သုတ်ထဲမှာ ဝင်ခဲ့ကြတာပါ။ ချန်ကျွယ်ကလည်း သူနဲ့ သက်တူရွယ်တူပါပဲ။
ဟွမ်ဇွမ်တျန် “မင်း ဘယ်လောက် သေးငယ်လဲဆိုတာကို ငါ အရင်ဆုံး ပြမယ်”
ဟွမ်ဇွမ်တျန်ဟာ ညာလက်ကို ဝှေ့ယမ်းပြီး ချူရှောင်ချီကို တာအိုဆန်းကြယ်နယ်မြေရဲ့ ထိပ်ဆုံးဆီ ခေါ်ဆောင်သွားပါတယ်။ ချူရှောင်ချီဟာ အောက်ငုံ့ကြည့်လိုက်တဲ့အခါ အရပ်မျက်နှာပေါင်းစုံမှာ ပြန့််ကြဲနေတဲ့ အလင်းစေ့ အမြောက်အမြားကို တွေ့မြင်လိုက်ရပါတယ်။
“အဲဒါတွေက ကမ္ဘာငယ်လေးတွေပဲ၊ ကမ္ဘာငယ်လေးတိုင်းမှာ အင်မော်တယ်ကမ္ဘာ၊ သေမျိုးကမ္ဘာနဲ့ ငရဲပြည်တွေ ရှိတယ်”
ဟွမ်ဇွမ်တျန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ချူရှောင်ချီဟာ မျက်လုံးပြူးသွားပါတယ်။ သူနေခဲ့တဲ့ အင်မော်တယ်ကမ္ဘာက အကြီးကြီးပါ။ ဒါပေမဲ့ ဒီနေရာကနေ ကြည့်ရင် တော်တော်လေးကိုမှ သေးငယ်လှပါတယ်။
ဟွမ်ဇွမ်တျန်ဟာ ချူရှောင်ချီကို တာအိုဆန်းကြယ်နယ်မြေထဲကနေ ခေါ်ထုတ်ပြီး ဗလာနယ်မြေဆီ ရောက်ရှိသွားပါတယ်။
တာအိုဆန်းကြယ်နယ်မြေရဲ့ စကြဝဠာနဲ့ မတူတာက ဒီနေရာရဲ့ ကြယ်တာရာ ကောင်းကင်ပြင်ဟာ ဖျော့တော့နေပါတယ်။ ဒါပေမဲ့ ဒီနေရာမှာလည်း အရောင်စုံ အရွယ်အစားစုံ အလင်းရောင်တွေကို အရပ်ဆက်မျက်နှာမှာ တွေ့မြင်နိုင်ပါတယ်။
“အဲဒီရောင်စုံ အရွယ်အစားစုံ အလင်းရောင်တွေကို တွေ့လား၊ အဲဒါတွေက ငါတို့တွေ စောစောက နေခဲ့တဲ့ကမ္ဘာမျိုးတွေပဲ၊ ကြယ်တွေလို ရေလို့မကုန်ဘူး”
‘ကောင်းကင်အထက်က ကောင်းကင်...’ ချူရှောင်ချီဟာ အံ့ဩထိတ်လန့်လွန်းပြီး ပါးစပ်မစေ့နိုင်ပါဘူး။
ဒီအချိန်မှာပဲ ဟွမ်ဇွမ်တျန်ရှေ့မှာ လူတစ်ယောက် ပေါ်လာတာကြောင့် ချူရှောင်ချီဟာ လန့်ဖျပ်ပြီး နောက်ခြေတစ်လှမ်း ဆုတ်လိုက်ပါတယ်။ ဒီလူက တာအိုဆန်းကြယ်မြေရဲ့ အရှင်၊ ပထမ ပဋိပက္ခ အစည်းအဝေးရဲ့ အကြွင်းမဲ့ ပါရမီရှင်ဆယ်ပါးမှာ တစ်ပါး အပါအဝင်ဖြစ်တဲ့ ဝူရှင်းရှစ်ကျဲ့ပါ။
ဝူရှင်းရှစ်ကျဲ့ဟာ အရင်ကထက် ပိုပြီးတော့ ထည်ဝါကာ သူ့ရောင်ဝါကလည်း ဟွမ်ဇွမ်တျန်ထက် မနိမ့်ကျပါဘူး။ ဝူရှင်းရှစ်ကျဲ့ဟာ ဟွမ်ဇွမ်တျန်ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပါတယ်။
ဒီအကြည့်ကြောင့် ချူရှောင်ချီဟာ ထိတ်လန့်ပြီး ဟွမ်ဇွမ်တျန်နောက်မှာ ပုန်းလိုက်ပါတယ်။
“ဒီကောင်လေးရဲ့ အုတ်မြစ်က သာမန်ပဲ၊ သူ့ကံကြမ္မာကို တွက်ချက်ဖို့ခက်တာ မင်းကြောင့်လား၊ သူက မင်းတပည့်လား” ဝူရှင်းရှစ်ကျဲ့က မေးလိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ သူနဲ့ ချူရှောင်ချီ စကားပြောတာကို ကန့်သတ်ထားခဲ့တာကြောင့် တာအိုဖန်တီးရှင်ကလွဲရင် တခြားတည်ရှိမှုတွေ မထောက်လှမ်းနိုင်ပါဘူး။
“ဟုတ်တယ်၊ သူက ငါ့တပည့်ပဲ၊ ငါ သူ့ကို ပျိုးထောင်ဖို့ စီစဉ်ထားတယ်၊ ငါ သူ့ကို တာအိုဆန်းကြယ်နယ်မြေမှာ ထားထားလို့ရတယ်မလား”
ဝူရှင်းရှစ်ကျဲ့ဟာ ပြုံးလိုက်ပါတယ် “ကိစ္စမရှိပါဘူး၊ ငါ သူ့ကို ဂရုစိုက်လိုက်ပါ့မယ်”
“အဲဒီလောက်ကြီး မလိုပါဘူး၊ သူ့ဘာသာပဲ ကြီးပြင်းလာပါစေ၊ သူ ကြီးပြင်းလာရင် သူရောငါရော မင်းကို အကြွေးတစ်ခု တင်သွားလိမ့်မယ်”
“တာအိုရောင်းရင်း နောက်နေတာလား၊ ငါတို့တွေ ဘယ်လိုလုပ်ပြီး တစ်ယောက်ကို တစ်ယောက် အကြွေးတင်ရမှာလဲ”
ဝူရှင်းရှစ်ကျဲ့ဟာ ပြုံးပြီး ပျောက်ကွယ်သွားပါတယ်။ သူပြောချင်တာ ဒါ အကုန်ပါပဲ။ ဝူရှင်းရှစ်ကျဲ့ဟာ ဟွမ်ဇွမ်တျန် ပြန်သွားတာကို ကာဆီးကာဆီး မလုပ်ချင်ပါဘူး။
ဟွမ်ဇွမ်တျန်ရဲ့ လောကဦးပဋိပက္ခက တာအိုဆန်းကြယ်နယ်မြေထက် ကျင့်ကြံဖို့ ပိုပြီး သင့်တော်ပါတယ်။ အဲဒါကြောင့် ချူရှောင်ချီ ဒီမှာနေဖို့ မလိုပါဘူး။
ချူရှောင်ချီဟာ တံတွေးမျိုချပြီး ဂရုတစိုက် မေးလိုက်ပါတယ် “ခုနကလူက ဘယ်သူလဲ”
“မင်း သူ့ကို သိဖို့ အရည်အချင်း မပြည့်သေးဘူး”
“ကျွတ်.. ကျွန်တော်ရဲ့ ဘိုးဘိုးလိုပဲ” ချူရှောင်ချီဟာ နှုတ်ခမ်းမဲ့သွားပါတယ်။
“အို... မင်းရဲ့ ဘိုးဘိုးက ဘယ်သူတုန်း” ဟွမ်ဇွမ်တျန်ဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
“ကျွန်တော် ငယ်ငယ်တုန်းက တွေ့ခဲ့တဲ့ လူတစ်ယောက်ပဲ၊ သူ ဘယ်သူလဲဆိုတာ ကျွန်တော်လည်း မသိဘူး”
ချူရှောင်ချီဟာ အများကြီး မတွေးဘဲ အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ လိမ်လို့လည်းရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သူ့ဘိုးဘိုးကလည်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တခြားလူတွေဆီ မပြောဖို့ မတားမြစ်ခဲ့ပါဘူး။
အနည်းဆုံး ချူရှောင်ချီရဲ့ မှတ်ဉာဏ်ထဲမှာ အဲဒီလိုမြင်ကွင်းမျိုး မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နှစ်တစ်သောင်းတောင် ကြာသွားပြီမလို့ ဒီအတွေ့အကြုံတွေက အရေးမကြီးတော့ပါဘူး။
“အဲဒါဆို သူ ဘယ်လိုပုံရှိလဲဆိုတာ ငါ့ကိုပြ”
ချူရှောင်ချီလည်း လက်ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ရှေ့မှာ နတ်အလင်းရောင်တွေ တောက်ပနေတဲ့ အသွင်တစ်သွင် ပေါ်လာပါတယ်။ ချူရှောင်ချီဟာ မှင်တက်သွားပြီး နောက်ထပ်မန္တန်တစ်ပုဒ် ထပ်သုံးပါတယ်။ ဒါပေမဲ့ ချူရှောင်ချီ မန္တန် ဘယ်လောက်သုံးသုံး သူ့စိတ်ထဲက မျက်နှာကို ပေါ်အောင် မပြနိုင်ပါဘူး။
ဒီခံစားချက်က ထူးဆန်းလွန်းတဲ့အတွက် ချူရှောင်ချီရဲ့ သွေးတွေ အေးစက်ကုန်ပါတယ်။
ဟွမ်ဇွမ်တျန်လည်း မှင်တက်သွားပါတယ် ‘တကယ်ပဲ သခင်လား...’
ဟွမ်ဇွမ်တျန်ဟာ ခပ်တိုးတိုး ပြောလိုက်ပါတယ် “တော်ပြီ... အခုအချိန်ကစပြီး မင်း ဒီလူနဲ့ တွေ့ကြုံခဲ့ရတဲ့ အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပြနဲ့၊ ဒီဘိုးဘိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ မှတ်ထားချည်၊ ငါ ပြောတာ နားလည်လား”
ချူရှောင်ချီဟာ လက်ပြန်သိမ်းပြီး ခေါင်းညိတ်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ‘ငါ့ဘိုးဘိုးက မရိုးရှင်းဘူးပဲ၊ ဒီလိုတည်ရှိမှုမျိုးတောင် ဘိုးဘိုးကို ဒီလောက်ကြောက်တယ်’
ချူရှောင်ချီဟာ သူ့ဘိုးဘိုးကို သိလားလို့ ဟွမ်ဇွမ်တျန်ကို မေးဖို့ ပြင်လိုက်ပေမဲ့ ဟွမ်ဇွမ်တျန်ဟာ လက်ဝှေ့ယမ်းပြီး သူ့ကို အင်မော်တယ်ကမ္ဘာဆီ ပြန်ခေါ်သွားပါတယ်။
သူတို့နှစ်ယောက်ဟာ တောအုပ်တစ်အုပ်ထဲ ဆင်းသက်လိုက်ပါတယ်။ အဲဒီနောက် ဟွမ်ဇွမ်တျန်ဟာ ချူရှောင်ချီ စကားပြောလာတာကို မစောင့်ဘဲ ချက်ချင်း ကျင့်စဉ်တစ်ခု စသင်ပေးပါတယ်။
ချူရှောင်ချီရဲ့ ကျင့်စဉ်က ရိုးလွန်းပါတယ်။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အထိ ကျင့်ကြံနိုင်တာက ဒီကျင့်စဉ်ရဲ့ အကန့်အသတ်ပါ။
ဟွမ်ဇွမ်တျန်ဟာ ချူရှောင်ချီကို သူ့အမွေပေးဖို့ ပြင်ထားပါတယ်။ ဟန်ကျွယ် တန်ဖိုးထားတဲ့လူ ဖြစ်တဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ ချူရှောင်ချီကို အကုန်သင်ပေးမှာပါ။
ဟန်ကျွယ်ဟာ ဗလာနယ်မြေထဲမှာရပ်ရင်း ဟွမ်ဇွမ်တျန်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်နေပါတယ်။
‘မဆိုးဘူး... ဒီကောင်က လောကဦးနတ်ဘီလူး ဖြစ်သွားတာတောင် ငါ့အပေါ် သစ္စာရှိနေတုန်းပဲ’
ချူရှောင်ချီ ဟွမ်ဇွမ်တျန်နောက်ကို လိုက်တာလည်း ကောင်းပါတယ်။ ဟွမ်ဇွမ်တျန်က ကောင်းကင် ဆန့်ကျင်တဲ့လမ်း လျှောက်သူပါ။ ချူရှောင်ချီသာ သူ့နောက်လိုက်ရင် သေချာပေါက် အများကြီး သင်ယူနိုင်မှာပါ။
ဟန်ကျွယ်ဟာ ချူရှောင်ချီကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ သူ ဂရုစိုက်တဲ့ မြေးနှစ်ယောက်စလုံးက လူကောင်းတွေ မဟုတ်ပါဘူး။ တစ်ယောက်က ယွမ်ရှီကျယ်ဝမ် လူဝင်စား၊ နောက်တစ်ယောက်က အရာအားလုံးကို ဖျက်ဆီးချင်တဲ့လူ။
ဟန်ကျွယ်ဟာ နောက်ကျရင် သူတို့ဆက်ဆံရေးကို ဘယ်လိုများ ဖြစ်လာမလဲဆိုတာ တွေးမိလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အနာဂတ်ကို မျှော်ကြည့်မိလိုက်ပါတယ်။ သူတို့နှစ်ယောက် ပြိုင်ဘက်ဖြစ်လာရင် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမှာပါ။
ချူရှောင်ချီ လေးစားတဲ့ ချန်ကျွယ်ကိုတော့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။ ချန်ကျွယ်က ဟန်ကျွယ်ရဲ့ မျိုးဆက် အမြောက်အမြားထဲက တစ်ယောက်ပါ။ ကံကောင်းထောက်မပြီး မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကို ရရှိသွားရုံတင်ပါ။ ဘာမှ သိပ်ပြီး ထူးခြားမသွားပါဘူး။
နောက်ကျရင် ဟန်ကျွယ်ရဲ့ မျိုးဆက်တွေ အများကြီး မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကို ရရှိကြမှာပါ။
ဟန်ကျွယ်ဟာ တစ်ခဏ ကြည့်ပြီးနောက် ပျောက်ကွယ်သွားပါတယ်။
.....
လောကဦးခန်းမထဲက ဟန်ဟွမ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“ငါ့လောကဦးပဋိပက္ခက ဘာဖြစ်လို့ အထွတ်အထိပ်နိယာမ ခဲလို့ မရတာလဲ” ဟန်ဟွမ်ဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း စိတ်အနှောင့်အယှက် ဖြစ်သွားပါတယ်။
နိယာမတွေရှိမှ ကမ္ဘာတစ်ခုလို့ ခေါ်လို့ရမှာပါ။ မဟာတာအို နိယာမတွေရှိမှာ တကယ့် မဟာတာအိုကမ္ဘာ ဖြစ်မှာပါ။ ဒါပေမဲ့ တာအိုဖန်တီးရှင်အဆင့်ကို ရောက်ချင်ရင်တော့ အထွတ်အထိပ်နိယာမကို ခဲနိုင်ဖို့ လိုပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။