ရှာမတွေ့သေးတဲ့ နေရာ
Vol. 110 Ch. 1143
မဟာတာအို အနန္တကပ်ဘေး ပြီးဆုံးကတည်းက ဟန်ဟွမ်ဟာ ဧရာမ အခွင့်အရေးကြီးကို ရရှိခဲ့တယ်ဆိုပေမဲ့ သူ့ကျင့်ကြံမှုအဆင့် တိုးတက်ဖို့က တော်တော်လေး ခက်ခဲတာကို ရှာတွေ့လာပါတယ်။ အကန့်အသတ်ကို ရောက်ပြီး ရှေ့ဆက်မတိုးနိုင်တဲ့ အတိုင်းပါပဲ။
‘ငါက လောကဦးနတ်ဘီလူးပါ၊ ဘာဖြစ်လို့ အကန့်အသတ် ရှိနေရတာလဲ’
‘တာအိုဖန်တီးရှင်တွေရဲ့ အရည်အချင်းက ငါ့ထက် သာနေလို့လား’
‘မဖြစ်နိုင်ဘူး’
ဟန်ဟွမ်ဟာ အတွေးနက်သွားပါတယ် ‘ငါ လူသတ်တာများလို့ လောကဦးပဋိပက္ခက အသွင်မပြောင်းလဲနိုင်တာလား’
ဒါပေမဲ့ ဟန်ဟွမ်ဟာ တခြား မဟာတာအိုကမ္ဘာတွေကိုလည်း လေ့လာကြည့်တဲ့အခါ တာအိုဖန်တီးရှင်တွေရဲ့ မဟာတာအိုကမ္ဘာတွေကလွဲရင် တခြား မဟာတာအိုကမ္ဘာတွေလည်း အထွတ်အထိပ် နိယာမကို မခဲနိုင်သေးဘူးဆိုတာ တွေ့လိုက်ရပါတယ်။ နားလည်လွယ်အောင် ပြောရရင် မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်မှာရှိတဲ့ တည်ရှိမှုတွေက ယာယီတန်းတူ ဖြစ်သွားကြပါတယ်။
မဟာတာအိုကမ္ဘာလောင်းကနေ ပြီးပြည့်စုံတဲ့ မဟာတာအိုကမ္ဘာ ဖြစ်လာဖို့ လမ်းစဉ်က တော်တော်လေးကိုမှ ခက်ခဲလွန်းပါတယ်။
တာအိုဖန်တီးရှင်တွေကလည်း မဟာတာအိုပညာရှိချုပ်တွေကို လမ်းညွှန်မပေးပါဘူး။ သူတို့လူတွေ သူတို့ကို မေးရင်တောင် အဖြေ အတူတူပါပဲ။ တာအိုဖန်တီးရှင်ဖြစ်လာဖို့ လမ်းက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးဆိုတဲ့ အဖြေပါ။
မဟာတာအိုကမ္ဘာ ဘယ်လောက် ခိုင်ခံ့တယ်ဆိုတာက အဲဒီမဟာတာအိုကမ္ဘာ ပိုင်ရှင်ရဲ့ ကိုယ်ပိုင် ဖန်တီးမှုအပေါ်မှာပဲ မူတည်နေပါတယ်။
ဟန်ဟွမ် ခေါင်းခြောက်နေတုန်းမှာပဲ ကျောနောက်က ခြေသံတွေကို ကြားလိုက်ရပါတယ်။ အဲဒီနောက် လူတစ်ယောက်ဟာ ဟန်ဟွမ်ဆီကို ဖြည်းဖြည်းချင်း လျှောက်လာပါတယ်။
ဟန်ဟွမ် အံ့အားသင့်ခြင်းမရှိတဲ့အပြင် နောက်တောင် လှည့်မကြည့်ပါဘူး။ ဒီလူဟာ လုံးဝမည်းနက်နေပြီး လူသားအသွင် ရှိပါတယ်။ အနီရောင်မျက်လုံးနဲ့ အနက်ရောင်မျက်ဆံရှိတာကြောင့် ဒီလူရဲ့ မျက်နှာဟာ ကြောက်စရာ ကောင်းနေပါတယ်။
“မဟာတာအိုကမ္ဘာကို ဖန်တီးဖို့က အချိန်ယူရတယ်၊ ပဋိပက္ခက ဆင့်ကဲပြောင်းလဲဖို့ အချိန် ဘယ်လောက်တောင် ယူခဲ့ရလဲ၊ မင်းရဲ့ လောကဦးပဋိပက္ခ ဆင့်ကဲပြောင်းလဲတာ အချိန် ဘယ်လောက် ရှိသေးလို့လဲ”
မျက်လုံးနီ အရိပ်နက်ဟာ လှောင်ပြုံး ပြုံးပြီး သရော်သံနဲ့ မေးလိုက်ပါတယ်။
ဟန်ဟွမ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ငါ သိတယ်၊ ဒါပေမဲ့ အချိန်ယူရတယ်ဆိုရင်တောင် အနည်းဆုံး တိုးတက်မှုလေးကိုတော့ အာရုံခံနိုင်ရမယ်မလား”
“အခုအချိန်မှာ တာအိုဖန်တီးရှင် ငါးပါးရှိတယ်၊ မင်းအဖေလည်း အဲဒီထဲမှာ ပါတယ်၊ မင်းဘာလို့ သူ့ဆီကနေ အကူအညီ မတောင်းတာလဲ”
ဟန်ဟွမ်ဟာ သက်ပြင်းချလိုက်ပါတယ် “ငါက ဘယ်မျက်နှာနဲ့ အဖေကို သွားရှာရမှာလဲ”
ဟန်ဟွမ်ဟာ ချူရှောင်ချီ မဟုတ်ပါဘူး။ သူဟာ သန်မာဖို့ မွေးဖွားလာတာပါ။ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းနဲ့မလို့ သူ့အဖေကို မမှီခိုချင်ပါဘူး။
မျက်လုံးနီ အရိပ်နက်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... ဘဝင်မြင့်မနေနဲ့၊ မင်းခန္ဓာကိုယ်ကို မင်းမိဘတွေ ပေးထားတာ၊ မင်းအဖေကလည်း မင်းကို အကြိမ်အများကြီး ကယ်ခဲ့ဖူးတယ်၊ မင်း ဒီနေရာကို ရောက်လာတာက မင်းအစွမ်းအစကြောင့်လို့ ထင်နေတာလား၊ မင်းက အစကတည်းက မင်းအဖေကို မှီခိုလာခဲ့တာ၊ မင်းက အဖြစ်မှန်ကို လက်ခံရဲတဲ့သတ္တိမရှိဘူး၊ အဲဒါကြောင့်လည်း မင်း မအောင်မြင်တာ ဖြစ်လိမ့်မယ်”
ဟန်ဟွမ်ဟာ ရုတ်ခြည်း မျက်နှာပျက်သွားပေမဲ့ ဒေါသတော့ မထွက်ပါဘူး။
မျက်လုံးနီ အရိပ်နက်က ဟန်ဟွမ်ကို ဆက်ပြီးတော့ သရော်ပါတယ် “အခု လောကဦးနတ်ဘီလူးက သုံးပါး ဖြစ်သွားပြီ၊ မင်းရယ်၊ မူလလောကဦးရယ်၊ ဟွမ်ဇွမ်တျန်ရယ်၊ မင်းရဲ့ အရည်အချင်းက တစ်မူထူးခြားတဲ့အရာ မဟုတ်တော့ဘူး၊ မင်းရဲ့ မာနကို လျှောတော့”
“ငါက မာနကို လွှတ်ချလိုက်တော့ရော ဘာဖြစ်လဲ၊ အဖေသာ တာအိုဖန်တီးရှင်ဖြစ်အောင် ကူညီပေးနိုင်တယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းမှာ ဒုတိယ တာအိုဖန်တီးရှင် ပေါ်လာတာ ကြာပြီ၊ တခြား တာအိုဖန်တီးရှင်တွေလည်း အတူတူပဲ”
“သူတို့က တခြားလူတွေ တာအိုဖန်တီးရှင်အဆင့် ရောက်လာတာကို မမြင်ချင်တာလည်း ဖြစ်နိုင်တယ်၊ အဲဒီလူက သူတို့ဘက်တော်သားဆိုရင်တောင်ပေါ့၊ တာအိုဖန်တီးရှင်အဆင့်က အထွတ်အထိပ်ပဲ၊ ဒီအဆင့်မှာရှိတဲ့လူက ဘယ်နှစ်ယောက်ရှိလို့လဲ”
ဟန်ဟွမ်ဟာ တိတ်ဆိတ်သွားပါတယ်။ မျက်လုံးနီ အရိပ်နက်ဟာ ဘာမှ ထပ်မပြောတော့ဘဲ အမှောင်ထုထဲ ပြန်ဝင်သွားပါတယ်။
ခန်းမဟာ ပြန်တိတ်ဆိတ်သွားပါတယ်။
ဟန်ဟွမ်ဟာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပါတယ်။
“ကြည့်ရတာ ငါ အဖေဆီ မဖြစ်မနေ သွားရမယ်နဲ့ တူတယ်”
အဲဒီနောက် ဟန်ဟွမ်ဟာ ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို တာအိုဘုံကျောင်းထဲ ဝင်ခိုင်းလိုက်ပါတယ်။ ဟန်ဟွမ်ဟာ အထဲရောက်တယ်ဆိုရင်ပဲ တာအိုဖန်တီးရှင်အဆင့်ကို ဘယ်လို တက်လှမ်းရမလဲဆိုတာ မေးမြန်းပါတယ်။
ဟန်ကျွယ်ဟာ ဘာစကားမှ ထပ်မပြောတော့ဘဲ တစ်ခါတည်း တာအိုဟောကြားပြီး သူ့ရဲ့ ဖန်တီးမှု အတွေ့အကြုံကို ပြောပြပါတယ်။ ဟန်ကျွယ်ဟာ သူ့သားကိုတော့ ကပ်စေးမနှဲပါဘူး။
ဒါပေမဲ့ တာအိုဖန်တီးရှင်တွေရဲ့ တာအိုရယူတဲ့ နည်းလမ်းက တော်တော်လေးကိုမှ ခက်ခဲပါတယ်။ မဟာတာအိုကမ္ဘာကို ဘယ်လို တည်ဆောက်ရမလဲ သိရင်တောင် အသုံးမဝင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအိုကမ္ဘာတိုင်းက မတူကွဲပြားနေကြလို့ပါပဲ။
တာအို ဖန်တီးရှင် ဖြစ်ချင်တယ်ဆိုရင် ကိုယ်ပိုင်အရည်အချင်းနဲ့ ထိုးထွင်းသိမြင်မှုကိုပဲ အားကိုးရပါတယ်။ ဟန်ကျွယ်လည်း အန္တိမမူလ နတ်ဘီလူး အရည်အချင်းကို အမှီပြုပြီး တာအိုဖန်တီးရှင် ဖြစ်လာခဲ့တာပါ။ ဟန်ကျွယ်အတွက်တော့ သိပ်မခက်ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို တိုက်ရိုက်ကြီးပြောလို့ မရပါဘူး။
အချိန်အတော်ကြာလို့ ဟန်ကျွယ်ရဲ့ တာအိုအသံ ပြီးဆုံးသွားတဲ့အခါ ဟန်ဟွမ် နိုးလာပါတယ်။ ဟန်ဟွမ်ဟာ ကျေးဇူးတင်တဲ့အနေနဲ့ ချက်ချင်းဦးညွှတ်လိုက်ပါတယ်။
သားအဖနှစ်ယောက်ဟာ အာလာပသလ္လာပတောင် မပြောဖြစ်ကြပါဘူး။ အဲဒီနောက် ဟန်ဟွမ် ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ စိတ်လှုပ်ရှားတဲ့ အမူအရာကို ကြည့်ပြီး ခေါင်းခါလိုက်ပါတယ် ‘ဒီကောင်လေး မအောင်မြင်ရင် ငါ့ကို မုန်းသွားမလား မသိဘူး’
ဟန်ကျွယ်ဟာ ဟန်ဟွမ်ဆီမှာ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာတာကို မြင်ပါတယ်။ ဟန်ဟွမ်ဟာ သူ့အတွင်းနတ်ဆိုးကို ကိုယ်ပွားလုပ်ပြီး မကြာခဏတောင် စကားပြောပါသေးတယ်။
ဒီတစ်ကြိမ် ဟန်ဟွမ် သူ့ဆီ ရောက်လာတာက သူ့အတွင်းနတ်ဆိုး ကိုယ်ပွားရဲ့ ဖျောင်းဖျမှုကြောင့်ဆိုရင် မမှားပါဘူး။ သားအဖနှစ်ယောက် တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အနာဂတ်ကို ကြည့်လိုက်ပါတယ်။ ဟန်ဟွမ် တာအိုဖန်တီးရှင်အဆင့်ကို မရောက်မချင်းပေါ့။ ဟန်ဟွမ်ဟာ သူ့ကို အမြဲတမ်း ပစ်မှတ်ထားပြီး ကျင့်ကြံအားထုတ်ပေမဲ့ ဘယ်တော့မှ စည်းမကျော်ခဲ့ပါဘူး။
အနာဂတ် ဖြစ်နိုင်ခြေတွေက အကန့်အသတ် မဲ့ပါတယ်။
ဟန်ကျွယ်ဟာ အကြည့်ကို ပြန်ရုပ်သိမ်းပြီး ဆက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအို အနန္တကပ်ဘေး ပြီးကတည်းက အချိန်ကုန်ဆုံးတာ နှေးလွန်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ သူ့ကျင့်ကြံမှုတိုးနှုန်းက နှေးကွေးသွားတဲ့အတွက် သူ့ရဲ့ ကျင့်ကြံချင်တဲ့စိတ်ကလည်း အများကြီး လျော့ကျသွားတာ ဖြစ်နိုင်ပါတယ်။
‘မဖြစ်ဘူး... ငါ ဒီလိုဖြစ်လို့ မဖြစ်ဘူး’
‘အဲဒီတာအိုဖန်တီးရှင်တွေက အနားယူလွန်းလို့ ရှေ့ကို ဆက်မတက်တော့ဘူး၊ ဒါပေမဲ့ ငါ ကျင့်ကြံမှုကိုချည်းပဲ အာရုံစိုက်လို့ မဖြစ်ဘူး’
နဝမပဋိပက္ခက ကျင့်ကြံမှုကိုပဲ စိတ်နှစ်ထားခဲ့တဲ့အတွက် ဟန်ကျွယ် စွမ်းအားကြီးလာဖို့ အခွင့်အရေး ရခဲ့တာပါ။ နဝမပဋိပက္ခက သေသွားတဲ့အချိန်အထိ ဒီကိစ္စကို နားမလည်လောက်ပါဘူး။ သူ တစ်ရေးအိပ်တဲ့အချိန်တိုလေးမှာ ဟန်ကျွယ်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ စွမ်းအားကြီးလာတာလဲ၊ တာအိုဖန်တီးရှင်တောင် မဝင်နိုင်တဲ့ တာအိုစက်ကွင်းကို အချိန်တိုလေးနဲ့ ဘယ်လိုဖန်တီးခဲ့တာလဲ ဆိုပြီးတော့ပေါ့။
ဟန်ကျွယ်အတွက် ကျင့်ကြံအားထုတ်မှုကို လိုအပ်ပေမဲ့ ကျင့်ကြံမှုချည်းပဲ စိတ်နှစ်ထားလို့ မရပါဘူး။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်း ထောင့်တစ်နေရာက လေပေါ်ဝဲနေတဲ့ မီးခိုးရောင်ချီလုံးကို ကြည့်လိုက်ပါတယ်။ ဒါက နဝမပဋိပက္ခရဲ့ စိတ်ဆန္ဒပါ။ နဝမပဋိပက္ခဟာ အန္တိမမူလ ကောင်းကင်ထောင် ကျွန်ပြုတာကို ခံနေရပါတယ်။ တာအိုဘုံကျောင်းထဲ ခဏဝင်လာတဲ့ တပည့်တွေဟာ ဒီမီးခိုးရောင်ချီနဲ့ ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။
တစ်ခါတုန်းက ဟန်လျန်ဟာ ဒီမီးခိုးရောင်ချီကို စပ်စုပါသေးတယ်။ ဒါပေမဲ့ ဟန်ကျွယ်က သူ့ကို မောင်းထုတ်လိုက်တာကြောင့် ဟန်လျန်ဟာ ဒီမီးခိုးရောင်ချီနားကို ထပ်မကပ်ရဲတော့ပါဘူး။
ဟန်လျန်ဟာ ဘာကိုမှ မကြောက်ပေမဲ့ ဟန်ကျွယ်ကိုတော့ ကြောက်ပါတယ်။ ဒီလိုဖြစ်တာက သွေးစည်း ဖိနှိပ်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်ရဲ့ အန္တိမမူလနတ်ဘီလူး သွေးစည်းက ဟန်လျန်ရဲ့ သွေးစည်းထက် ပိုအားကောင်းပါတယ်။
.....
သစ်ပင်အိုကြီးအောက်က ဟန်လျန်ဟာ မျက်လုံးပွင့်လာပြီး သူ့ဘေးနားက လူတစ်ယောက်ကို စိတ်ဆိုးမာန်ဆိုး ကြည့်လိုက်ပါတယ်။ ဒီလူက ဟန်ကျွယ်ရဲ့ မြေးတပည့် မုရုံချီပါ။
“ကျွန်တော်နဲ့ အဆင့်တူတူ တိုက်ခိုက်မယ်လို့ မပြောခဲ့ဘူးလား” ဟန်လျန်ဟာ လက်သီးဆုပ်ပြီး ဒေါသတကြီး မေးလိုက်ပါတယ်။
မုရုံချီဟာ ပြုံးလိုက်ပါတယ် “ပြောခဲ့တယ်လေ၊ ငါ့ရဲ့ ကျင့်ကြံမှုကိုလည်း ဖိနှိပ်ထားတာပဲ၊ ဒါပေမဲ့ ခန္ဓာကိုယ် ကွာခြားမှုကို ဘယ်လိုလုပ်ပြီး ဖိနှိပ်လို့ရမှာလဲ”
ဟန်လျန်ဟာ ခေါင်းတစ်ဖက်လှည့်ပြီး အဝေးကို ကြည့်လိုက်ပါတယ်။ နားမထောင်ဘူးဆိုတဲ့ သဘောပါ။
မုရုံချီဟာ မတ်တတ်ရပ်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
“အား... အစ်ကို သွားတော့မှာလား၊ ကျွန်တော် အခုမှ ဒီလိုမျိုး ကစားဖူးတာ”
“အင်း... မင်းက အရှုံးကိုမှ လက်မခံနိုင်တာ”
“မဟုတ်ဘူးလေ... အစ်ကိုမုရုံရယ်... ကျွန်တော် မှားပါတယ်” ဟန်လျန်ဟာ မုရုံချီရဲ့ ညာခြေထောက်ကို ဖက်ပြီး သနားစဖွယ် ပြောလိုက်ပါတယ်။
မုရုံချီဟာ ရွေးချယ်စရာ မရှိဘဲ ပြန်ထိုင်လိုက်ရပါတယ်။ အခုအချိန်မှာ ဟန်လျန်က တာအိုစက်ကွင်း တစ်ခုလုံးရဲ့ အလိုလိုက် အကြိုက်ဆောင်ထားခံရသူပါ။ သူ့စရိုက်နဲ့ ခန္ဓာကိုယ်ကြောင့် လူတိုင်းက သူ့ကို ချစ်ကြပါတယ်။
“အစ်ကိုမုရုံ... ကျွန်တော်ကို အပြင်လောကအကြောင်း ပြောပြလို့ရမလား၊ အစ်ကိုမုရုံက မကြာခဏ အပြင်မှာ လျှောက်သွားနေတာမလား” ဟန်လျန်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို ရပ်ပြီး သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ်။ ဟန်လျန်လည်း အနှိပ်စက်ခံရတာကို မကြိုက်ပါဘူ။
မုရုံချီဟာ ဘာမှ မဖုံးကွယ်ပါဘူး။ အပြင်လောကမှာ သူ ကြုံတွေ့ခဲ့ရတာတွေကို အကုန်အစင် ပြောပြပါတယ်။ သူဟာ တစ်ခါတစ်လေမှာ စိတ်လှုပ်ရှားပြီး တစ်ခါတစ်လေမှာတော့ သက်ပြင်းချပါတယ်။ ဟန်လျန်ကတော့ မျက်လုံးပြူး လက်သီးဆုပ်ပြီး အံ့ဩတကြီး ဖြစ်နေပါတယ်။
“ဟန်လျန်... မင်းက အပြင်ထွက်ချင်တာလား” မုရုံချီဟာ ဟန်လျန်ခေါင်းကို ပွတ်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ်။
ဟန်လျန်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ကျွန်တော် တာအိုစက်ကွင်းထဲမှာ နေရတာ ပျင်းလာပြီ၊ ဒါပေမဲ့ ဘိုးဘိုးက ကျွန်တော်ကို အပြင်ထွက်ခွင့် မပေးဘူး”
မုရုံချီဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ငါတို့တွေ တကယ်ကို မထွက်သွားသင့်ဘူး၊ ငါတို့တွေ အပြင်ထွက်တာနဲ့ ပြန်လာဖို့ ခက်ခဲသွားပြီ၊ မင်း ပြန်မလာချင်ရုံတင် မဟုတ်ဘူး၊ မင်းရဲ့ ဘိုးဘိုးကလည်း မင်းကို သူ့ဘေးနားမှာ ထပ်ပြီးတော့ ကျင့်ကြံခိုင်းတော့မှာ မဟုတ်ဘူး၊ ဒီလောကမှာ အကြီးမားဆုံး အခွင့်အရေးက မင်းဘိုးဘိုးပဲ၊ မင်း သေချာစဉ်းစားဖို့ လိုတယ်”
ဟန်လျန်ဟာ ခေါင်းစောင်းပြီး အတွေးနက်သွားပါတယ်။
မုရုံချီက ဆက်ပြောပါတယ် “မင်းရဲ့ ကျင့်ကြံမှု ပန်းတိုင်ကို ရှာဖွေဖို့လိုတယ်၊ ဒီအတိုင်း စွမ်းအားကြီးလာရုံနဲ့ မရဘူး၊ လူတိုင်းမှာ ဘဝကိုယ်စီ ရှိတယ်၊ မင်းလည်း မင်းဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေရလိမ့်မယ်”
ဟန်လျန်က မတိုးမကျယ် ပြောလိုက်ပါတယ် “ကျွန်တော် ဘယ်တုန်းကမှ ရှာမတွေ့သေးတဲ့ နေရာကို သွားချင်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။