← Chapters

မုရုံချီအား တိုက်တွန်းခြင်း

Vol. 110 Ch. 1149

မုရုံချီအား တိုက်တွန်းခြင်း

Vol. 110 Ch. 1149

သာလွန်ခန်းမရဲ့ တံခါး ပွင့်သွားပြီး စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပျံထွက်လာကြပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ် ထက်ဝက်ကျော်ဟာ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေကို အသုံးပြုပြီး တိမ်ပင်လယ်ထဲကနေ ခပ်သုတ်သုတ် ထွက်ခွာသွားကြပါတယ်။ ကျန်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကတော့ အဖွဲ့ဖွဲ့ဖို့ ကြိုးစားကြပါတယ်။

ဟန်ထော်၊ ဟန်ဟွမ်၊ ဟန်လင်၊ ဟန်ချင်းအာ၊ ဟန်ယဲ့၊ ဟန်ယောင်၊ ဟန်ပါရှန်၊ ယီတျန်နဲ့ တခြားလူတွေဟာ စုစည်းပြီး အတူ ထွက်ခွာသွားကြပါတယ်။

ယီတျန်ဟာ ပြုံးလိုက်ပါတယ် “ဖန်တီးရှင်သခင်က မင်းကို ဒီမဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ဘာလို့ တိုက်ရိုက်မပေးတာလဲ မသိဘူး”

ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “အဖေက ဖန်တီးရှင်သခင် ဖြစ်နေပြီဆိုတော့ သက်ရှိအားလုံးက သူ့ကလေးတွေပဲ၊ ဘက်လိုက်တာ ဘာအဓိပ္ပာယ် ရှိမှာလဲ”

တခြားလူတွေလည်း ခေါင်းညိတ်ကြပါတယ်။

သူတို့တွေ မဟာတာအိုကမ္ဘာကို တည်ထောင်ပြီးကတည်းက သူတို့ကိုယ်ပိုင် သက်ရှိတွေလည်း ရှိလာပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ စိတ်ဓာတ်ဟာ ပြောင်းလဲလာပြီး ဟန်ကျွယ်ရဲ့ အတွေးကို နားလည်လာပါတယ်။

သွေးကြောင့်သာ မျက်နှာသာပေးရမယ်ဆိုရင် ဟန်ကျွယ်ဆီမှာက မျိုးဆက်တွေ အများကြီးပါ။ အဲဒီနောက် သူတို့တွေဟာ ဟန်ကျွယ်က မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ဘယ်နေရာဆီ လွှင့်ပစ်လိုက်လဲဆိုတာ ဆွေးနွေးကြပါတယ်။

လုံဟောင်က နေရာတစ်ခုကို ရုတ်တရက် ပြောလိုက်ပါတယ် “ကောင်းကင်တာအိုထဲမှာ များလား”

တခြားလူတွေရဲ့ မျက်လုံးတွေလည်း အရောင် တောက်သွားကြပါတယ်။

ဒီမဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက အန္တိမမူလကမ္ဘာထဲမှာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါဆို ဖြစ်နိုင်ခြေအရှိဆုံးက ကောင်းကင်တာအိုပဲ ရှိပါတော့တယ်။ အဲဒါကြောင့် သူတို့တွေဟာ ချက်ချင်း လှုပ်ရှားကြပါတယ်။

တတိယ တာအိုစက်ကွင်း။

ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ တာအိုဘုံကျောင်းထဲမှာ စကားပြောနေကြပါတယ်။

“ထန်ဝမ်လား... ဒီကောင်မလေး ရှောင်ချီအကြောင်း မပြောတာ အတော်ကြာပြီ” ရှင်းဟုန်ရွှမ်ဟာ ခေါင်းခါပြီး နှမြောတသ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူက ရင်ထဲမှာ ဝှက်ထားတာလည်း ဖြစ်နိုင်တာပဲ၊ မင်း သူ့ကို လွှတ်ပေးလိုက်ပါ”

ရှင်းဟုန်ရွှမ်ဟာ လက်နှစ်ဖက် ဖြန့်လိုက်ပါတယ် “မိန်းမရဲ့ ကိုယ်ပွားက သူ့ကို လွတ်လပ်ခွင့် ပေးလိုက်တာ ကြာပြီ၊ ဒါပေမဲ့ သူက ထွက်မသွားချင်ဘူး၊ မိန်းမရဲ့ ကိုယ်ပွားနဲ့ ကျင့်ကြံအားထုတ်ချင်နေတုန်းပဲ”

ထန်ဝမ်ဟာ တိတ်ဆိတ်ဂိုဏ်းသား မဟုတ်တဲ့အတွက် တာအိုစက်ကွင်းထဲကို ဝင်မလာနိုင်ပါဘူး။ အဲဒါကြောင့် ရှင်းဟုန်ရွှမ်ဟာ ကိုယ်ပွားဖန်တီးပြီး ထန်ဝမ်ကို ပညာသင်ပေးခဲ့ပါတယ်။ ဒီပညာသင်ကြားမှုက နှစ်ဆယ်သန်း ကြာသွားပါတယ်။

“အဲဒါဆိုလည်း သူ့ကို တာအိုဆန်းကြယ်နယ်မြေဆီ သွားခိုင်းလိုက်”

“ကောင်းပြီလေ.. မိန်းမလည်း ဒီကောင်မလေးကို တော်တော်ကြိုက်တယ်၊ သူ အန္တရာယ်တွေ့တိုင်း မိန်းမကိုယ်ပွားလွှတ်ပြီး ကူညီတယ်၊ ဒီလိုလုပ်လို့ရတယ်မလား”

“မင်းစိတ်ကြိုက်လုပ်... ငါ မင်းကို ဘယ်တုန်းကများ ချုပ်ချယ်ဖူးလို့လဲ”

“မိန်းမက ယောက်ျား စည်းကမ်းတချို့ သတ်မှတ်ထားတယ် ထင်နေတာ”

“အဲဒီလိုလုပ်ဖို့ မလိုပါဘူး”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တကယ်ကို အဆုံးမဲ့ခေတ်ဆီကနေ ဘာမှ မတောင်းပါဘူး။ စည်းမျဉ်းတွေ သတ်မှတ်တဲ့လူက သဏ္ဍာန်မဲ့နတ်မင်းပါ။ သဏ္ဍာမဲ့နတ်မင်းကလည်း ဒီလို စည်းမျဉ်းတွေ သတ်မှတ်ရတာကို ပျော်ပါတယ်။

အရင်က သူဟာ အရာအားလုံးထက် သာလွန်ပြီး ကံသက်ရောက်မှုကို မခံရရုံတင်ပါ။ ဒါပေမဲ့ အခုတော့ သူဟာ စည်းမျဉ်း သတ်မှတ်သူ ဖြစ်ပြီး သက်ရှိအားလုံးကိုလည်း ထိန်းချုပ်ထားပါတယ်။ ဒီနှစ်ခုရဲ့ ကွာခြားချက်က နည်းနည်းနောနော မဟုတ်ပါဘူး။

အဲဒီနောက် ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ ဟန်ဟွမ်အကြောင်း ဆက်ပြောပါတယ်။

ရှင်းဟုန်ရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒီကောင်လေးက လတ်တလော ပြောင်းလဲသွားပုံပဲ၊ ကောင်းကင်ဘုံတွေမှာ ခရီးနှင်ပြီး ကောင်းမှုတွေ လုပ်တယ်၊ သူ့ဂုဏ်သတင်း ပြန်ကောင်းအောင် လုပ်နေတာနဲ့ တူတယ်”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “လူတွေက အမြဲတမ်း ပြောင်းလဲမှာပဲ၊ တချို့က ဆိုးသွမ်းသွားတာ ရှိသလို တချို့ကလည်း လူကောင်းတွေ ဖြစ်လာကြမှာပဲ၊ တကယ်တော့ လူတိုင်းမှာ လူကောင်းနဲ့ လူဆိုးလုပ်ဖို့ ရွေးချယ်ခွင့် ရှိပါတယ်၊ ဒါပေမဲ့ အကောင်းအဆိုးကို သူတို့ရဲ့ အဆင့်အတန်းနဲ့ ရှုထောင့်က သတ်မှတ်ပေးထားရုံပဲ၊ ဟွမ်အာက မာနမထားတော့တာ၊ အရင်တုန်းကဆို သူက သက်ရှိတွေကို ပုရွက်ဆိတ်တွေလို့ သဘောထားခဲ့တာ”

“အခု သွေးစည်း ခြားနားတာက ကျင့်ကြံမှုအပေါ်ကိုပဲ သက်‌ရောက်မှုရှိပြီး သက်ရှိတွေရဲ့ အနှစ်သာရအပေါ်မှာ သက်ရောက်မှု မရှိဘူးဆိုတာကို သူ သဘောပေါက်သွားပြီ”

ရှင်းဟုန်ရွှမ်ဟာ အတွေးနက်သွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်း စွမ်းအားကို ရရှိလိုက်ကတည်းက အရသာတွေ့သွားခဲ့ပါတယ်။ ဒါပေမဲ့ သူမကိုယ်ပိုင် စွမ်းအား မဟုတ်တဲ့အတွက် ရှင်းဟုန်ရွှမ်ဟာ အကြောက်အလန့်မရှိတဲ့ အဆင့်အထိတော့ မရောက်ပါဘူး။ ဒါပေမဲ့ အဲဒီအတောအတွင်းမှာ သူ တကယ် မောက်မာခဲ့တယ်ဆိုတာကို ရှင်းဟုန်ရွှမ် ဝန်ခံနိုင်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ မနေနိုင်ဘဲ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်က ပြိုင်ဘက်ကင်း ဖြစ်လာတာတောင် သက်ရှိအားလုံးကို ဒုက္ခမပေးပါဘူး။ အရင်အတိုင်းပဲ သိုသိုသိပ်သိပ် နေထိုင်ပါတယ်။

ဒီအကြောင်းကြောင့် ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားပါတယ် ‘ငါချစ်ရတဲ့ ယောက်ျားလို့ မပြောရဘူး’

“ယောက်ျား... အချစ်သစ်ရှာဖို့ စိတ်ကူးရှိလား၊ မိန်းမ ယောက်ျားကို ကူညီရမလား.. ခစ်ခစ်...”

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “မင်း ငါနဲ့ အတူမနေရမှာကို မကြောက်ဘူးလား”

“မကြောက်ပါဘူး၊ နောက်ပြီး ကြောက်နေလို့ရော ဘာထူးမှာမလို့လဲ၊ ယောက်ျား စိတ်ကျေနပ်အောင် မိန်းမက ဆက်ပြီးတော့ ကြိုးစားပြုစုမှာ”

ရှင်းဟုန်ရွှမ်ဟာ ပုခုံးတွန့်ပြီး ပြောလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ အကောင်းဆုံး တစ်ချက်က ဟန်ကျွယ်ရဲ့ ဆုံးဖြတ်ချက်တွေမှာ ဘယ်တုန်းကမှ ဝင်မပါတာပါ။ နောက်ပြီး ဟန်ကျွယ်ရဲ့ တခြားမိန်းမတွေနဲ့လည်း တရင်းတနှီး နေပါတယ်။ အကုန်လုံးကို တွယ်ကပ်အောင် လုပ်ထားတဲ့ အစေးလို့ ပြောလို့ရပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်နဲ့ သူ့ကြားမှာ အများကြီး ကွာခြားနေတယ်ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ အဲဒါကြောင့် သူအနေနဲ့ ဟန်ကျွယ်ကို ကန့်သတ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သေမျိုးမိန်းမတွေလို ဟန်ကျွယ်ကို သူမတစ်ယောက်တည်း ရှိရမယ်လို့ တောင်းဆိုဖို့ မဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်က လက်မခံရင် သူမက တခြားယောက်ျားတွေကို လိုက်ရှာနိုင်မှာမလို့လား။ အဲဒီလိုသာဆိုရင် သူမ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲမှာ ကျင်လည်နေတာ မျိုးဆက်ပေါင်းရေလို့တောင် ရတော့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မလိုပါဘူး၊ သေမျိုးကမ္ဘာရဲ့ ခံစားချက်တွေက ငါ့ကို ထိန်းချုပ်နိုင်သေးတယ်လို့ မင်း ထင်နေတာလား”

ဟန်ကျွယ် ပြောတာက မမှားပါဘူး။ ရင်ထဲ မထိရင် ဟန်ကျွယ် မိန်းမတစ်ယောက်ကို အလိုလို ချစ်ကြိုက်စိတ် ဖြစ်လာဖို့ဆိုတာ တော်တော်လေး ခက်ခဲသွားပါပြီ။ ယောက်ျားနဲ့ မိန်းမရဲ့ အချစ်က ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ အရေးမကြီးတော့ပါဘူး။ ဒီဟာက ကျင့်ကြံမှုကပေးတဲ့ ပျော်ရွှင်မှုလောက် ခံစားလို့ မကောင်းပါဘူး။

ရင်ထဲထိဖို့ကတော့ ဟန်ကျွယ်ရဲ့ လက်ရှိစွမ်းအားနဲ့ တခြားမိန်းမတွေ သူ့ကို ရင်ထဲထိအောင် လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

သူတို့နှစ်ယောက်ဟာ အတန်ကြာအောင် စကားဆက်ပြောကြပါတယ်။ ပြီးတော့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။ တခြားမိန်းမတွေနဲ့ အချိန်တစ်ခုအထိ အတူနေပြီးနောက် ဟန်ကျွယ်ဟာ သူ့တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်း မကျင့်ကြံသေးဘဲ ဗလာနယ်မြေကို အကဲခတ်ပြီး ဟန်လျန်ကို ကြည့်လိုက်ပါတယ်။

ဟန်လျန်ဟာ တတိယ တာအိုစက်ကွင်းထဲက ထွက်ခွာလာပြီးနောက် ပထမဆုံး လုံဟောင်ရဲ့ နဂါးရုံးတော်ဆီ သွားပါတယ်။ လုံဟောင်ဟာ ဟန်လျန်ရောက်လာလို့ ကျေနပ်အံ့အားသင့်သွားပါတယ်။ ဒီနောက်ပိုင်း ဟန်လျန်ဟာ နဂါးရုံးတော်မှာ ဆက်နေပါတယ်။ ဟန်လျန် နဂါးရုံးတော်မှာ နေတာက မကောင်းတာတော့ မဟုတ်ပါဘူး။ အနည်းဆုံး သူ့ကို လမ်းညွှန်ပေးမဲ့လူ ရှိပါတယ်။

လုံဟောင်အတွက် ဟန်လျန်ရဲ့ အရည်အချင်းက တော်တော်လေးကိုမှ ထူးချွန်ထက်မြက်လွန်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပညာသင်ဖော် ပညာသင်ဘက် ဆက်ဆံရေးကို ဘေးဖယ်ထားရင်တောင် ဟန်လျန်ကို မရမက စည်းရုံးသိမ်းသွင်းမှာပါ။

ဟန်ကျွယ်ဟာ တစ်ခဏ ကြည့်ပြီးနောက် မျက်လုံးမှိတ်ကာ စတင် ကျင့်ကြံပါတယ်။

.....

နောက်ထပ် နှစ်ဆယ်သန်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ သူ့ကျင့်ကြံမှုကလည်း နည်းနည်း တိုးတက်လာပါတယ်။ ဒါပေမဲ့ အကုန်လုံး ခြုံကြည့်ရင် တိုးတက်မှုက တော်တော်လေး နည်းပါးပါတယ်။ ဒီနှုန်းအတိုင်းဆို နောက်တစ်ဆင့် ထိုးဖောက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါပေမဲ့ ဖန်တီးရှင်သခင်ရဲ့ တိုးတက်မှုက သက်ရှိအားလုံး နှစ်ပေါင်း မရေမတွက်နိုင်အောင် စုဆောင်းမှ ရနိုင်မဲ့ အရာပါ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လို့ ဟန်လျန်ကို မမြင်ရတာကို အသားမကျသေးပါဘူး။ ဟန်ကျွယ်ဟာ သူ့မြေးနှစ်ယောက်နဲ့ နေထိုင်ပြီးကတည်းက အချိန်ကုန်တာ နည်းနည်း နှေးသွားတယ်လို့ ခံစားလိုက်ရပါတယ်။

ဒီနှစ်ဆယ်သန်း မှတ်ဉာဏ်တွေက ဟန်ကျွယ်ရဲ့ နှစ်သန်းရာချီ မှတ်ဉာဏ်တွေထက် ပိုများပါတယ်။

တပည့်တစ်ယောက်ဟာ တာအိုဘုံကျောင်း အပြင်ဘက်မှာ စောင့်နေပါတယ်။ မုရုံချီပါ။

ဟန်ကျွယ်ဟာ မုရုံချီကို တာအိုဘုံကျောင်းထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။

တာအိုဘုံကျောင်းထဲ ရောက်တာနဲ့ မုရုံချီဟာ ပထမဆုံး ဟန်ကျွယ်ကို ဦးညွှတ်ပြီး လိုရင်းကို တန်းပြောပါတယ် “ဆရာဘိုးဘိုး... ဖန်းလျန် ပျောက်နေတယ်၊ သူ ဘယ်မှာလဲဆိုတာ ဆရာဘိုးဘိုး သိလား”

မုရုံချီနဲ့ ဖန်းလျန်ဟာ မျိုးဆက်တစ်ဆက်တည်း ဖြစ်ပြီး အကောင်းဆုံး ညီအစ်ကိုတွေ ဖြစ်ခဲ့ကြပါတယ်။ အနည်းဆုံးတော့ မုရုံချီက အဲဒီလိုတွေးပါတယ်။

ဟန်ကျွယ် “ဖန်းလျန်က ကံပြတ်တောက်သွားတဲ့ တပည့်တစ်ယောက်ကို ရှာဖို့ မူလ ကာလဒေသဆီ သွားတယ်”

‘မူလ ကာလဒေသ’ မုရုံချီဟာ မှင်တက်သွားပါတယ်။

“သူ့ကို ဂရုမစိုက်နဲ့၊ မင်းစွမ်းအားနဲ့ အဲဒီကိုသွားရင် ပျက်စီးဖို့ပဲ ရှိတယ်၊ နောက်ပြီး သူက လောလောဆယ် အန္တရာယ် မရှိသေးဘူး”

မုရုံချီဟာ ခေါင်းညိတ်လိုက်ပါတယ် “အဲဒီကိစ္စအပြင် နောက်ကိစ္စတစ်ခုလည်း ရှိပါသေးတယ်၊ မကြာသေးခင်က ကျွန်တော်တို့ ပဋိပက္ခနတ်ဘီလူးတွေ စိတ်ဝမ်းကွဲသွားကြတယ်၊ ပဋိပက္ခနတ်ဘီလူးတိုင်းက အင်အားစုတစ်ခုစီ ထူထောင်ကြတယ်၊ ကျွန်တော် ကြောက်မိတာက...”

“ဒီအတိုင်းသာ ထားလိုက်... အရင်တုန်းက ငါ မင်းတို့ကို ပျိုးထောင်ခဲ့တာက မင်းတို့ကို ငါ့အတွက် တိုက်ခိုက်ခိုင်းမလို့ပဲ၊ ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒီအခွင့်အရေးက ရောက်မလာခဲ့ဘူး၊ အခု ငါ မင်းတို့ကို ထပ်ပြီးတော့ မလိုအပ်တော့ဘူး၊ မင်းတို့အတွက်ပဲ မင်းတို့ ကြိုးစားကြတော့”

ဟန်ကျွယ်ရဲ့ စကားကြောင့် မုရုံချီဟာ ရှက်သွားပါတယ်။ တကယ်လည်း သူတို့တွေဟာ အစကနေ အခုအချိန်အထိ ဟန်ကျွယ်ကို တစ်ခါမှ မကူညီခဲ့ဖူးပါဘူး။ ဟန်ကျွယ်က သူတို့ကို ထပ်ခါထပ်ခါ ကယ်တင်ခဲ့ရတာပါ။

ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် သူတို့တွေ ဒီနေ့ ဒီလိုနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။

မုရုံချီဟာ ရှက်ရွံ့မှုကြောင့် ဟန်ကျွယ်ကို စဦးချပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မုရုံချီ... ငါ မင်းကို အမြဲတမ်း အမြင့်ကြီး တွေးထားခဲ့တာ၊ သူတို့တွေ တိုက်ခိုက်နေမှတော့ မင်းလည်း တိုက်ခိုက်ရမယ်၊ ပညာသင်ဘက် ညီအစ်ကိုတွေ ဖြစ်နေတော့ရာ ဘာဖြစ်လဲ၊ မင်းတို့တွေ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရင် ငါ ဘယ်တော့မှ ဝင်မပါဘူး၊ တစ်နေ့ကျရင် မင်းလည်း တာအိုဖန်တီးရှင် ဖြစ်လာဖို့ မျှော်လင့်ပါတယ်”

မုရုံချီဟာ မော့ကြည့်လိုက်ပါတယ်။ မုရုံချီဟာ စိတ်လှုပ်ရှားလွန်းလို့ လက်တွေ တုန်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံး လောင်ကျွမ်းသွားသလို ခံစားလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ

All Chapters