မဟာတာအိုရေအိုင်၊ သန်းခြောက်ရာပြည့်
Vol. 110 Ch. 1150
မုရုံချီဟာ တာအိုစက်ကွင်းထဲက ထွက်ခွာလာပြီးနောက် ကိုယ်ပိုင်အင်အားစုကို စတည်ထောင်ပါတယ်။ ဟန်ကျွယ်ရဲ့ စကားကြောင့် ဘယ်တုန်းကမှ မရှိခဲ့တဲ့ အပြိုင်အဆိုင် ခေတ်တစ်ခေတ် လာနေပြီဆိုတာကို မုရုံချီ သဘောပေါက်လိုက်ပါတယ်။
ပြီးခဲ့တဲ့ခေတ်တွေထက် အဆပေါင်းများစွာ တောက်ပမှာလည်း သေချာပါတယ်။ ရှေးခေတ်ကစလို့ ဘယ်ခေတ်ကမှ ဒီလောက်ထိ မဟာတာအိုပညာရှိချုပ်တွေ မရှိခဲ့ပါဘူး။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုအခြေအနေထဲ လျင်မြန်စွာ ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ် ထုတ်ပေးလိုက်တဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကြောင့် အဆုံးမဲ့ခေတ်ဟာ ဝရုန်းသုန်းကား ဖြစ်လာပါတယ်။ ခေတ်ပျက်မှာ သူရဲကောင်း ထွက်တယ်ဆိုတဲ့ စကားအတိုင်း အနှိုင်းမဲ့ပါရမီရှင်နဲ့ တာအိုဖန်တီးရှင်အသစ်တစ်ပါး စောပြီးတော့ မွေးဖွားလာမှာပါ။
ဟန်ကျွယ်ဟာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ဘယ်သူရသွားမလဲဆိုတာ မတွက်ချက်ပါဘူး။ ဟန်ကျွယ်ဟာ သူ့အတွက်လည်း အံ့အားသင့်စရာ ချန်ထားချင်ပါသေးတယ်။
.....
နှစ်ဆယ်သန်းချီကြာအောင် အလွန်တရာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် တာအိုဆန်းကြယ်နယ်မြေဟာ တော်တော်လေးကိုမှ ကျယ်ပြောပြီး လက်ရှိ ကောင်းကင်တာအိုထက် မနိမ့်ကျတော့ပါဘူး။
ဝူရှင်းရှစ်ကျဲ့ဟာ သဏ္ဍာန်မဲ့နတ်မင်းရဲ့ ကူညီမှုကို ရရှိတာကြောင့် တာအိုဆန်းကြယ်နယ်မြေမှာ ရင်းမြစ် အမြောက်အမြား ရင်းနှီးမြှုပ်နှံပါတယ်။ ဒီအကြောင်းကြောင့်ပဲ ကျင့်ကြံသူတွေ ပိုပိုပြီးတော့ များလာပါတယ်။
ကမ္ဘာငယ်လေးတစ်ခုမှာ တောင်တန်းတွေဟာ ရှေးဟောင်းသားရဲ တစ်ကောင်ရဲ့ ကျောပြင်လို မို့မောက်နိမ့်ဝှမ်းနေပါတယ်။
ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ ချောက်ကမ်းပါးတစ်ခုပေါ်မှာ ဘေးချင်းယှဉ်လျက် ထိုင်ပြီး ဒဏ်ရာတွေ ကုသနေကြပါတယ်။
ချူရှောင်ချီဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “သေစမ်း... ငါ တွေးလေလေ ဒေါသထွက်လေလေပဲ၊ ငါ အဲဒီကောင်ကို သတ်မှဖြစ်မယ်”
ချန်ကျွယ်ဟ မျက်လုံးတောင် ဖွင့်မကြည့်ပါဘူး “အဲဒီကောင်က မဟာတာအိုပညာရှိ၊ ပြီးတော့ သူ့လက်အောက်မှာ လွတ်လပ်တာအိုပညာရှိ တစ်ထောင်ကျော်တဲ့ အင်အားစုကြီးတစ်စုလည်း ရှိတယ်၊ ငါတို့တွေ အဲဒီကောင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“အဲဒီကောင် မဟာတာအိုပညာရှိ ဖြစ်တော့ရော ဘာဖြစ်လဲ၊ ပြိုင်ဘက်ကင်းနေတာမှ မဟုတ်တာ”
“အခုထိတော့ ပြိုင်ဘက်ကင်းနေသေးတယ်”
“ငါ့ဆရာသခင်ကို လှမ်းခေါ်ရမယ်”
“မင်းဆရာ ဘယ်နားရှိမှန်းတော်င မသိဘဲနဲ့၊ ဘယ်လိုခေါ်မှာလဲ” ချန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ထူးဆန်းတဲ့လေသံနဲ့ မေးလိုက်ပါတယ်။
ချူရှောင်ချီဟာ သူတို့ ဘေးအန္တရာယ်တွေ့တိုင်း အခုလို ကြွားပြောတာချည်းပါပဲ။ ပထမတော့ ချန်ကျွယ်ဟာ ချူရှောင်ချီ စကားကို ယုံကြည်ပြီး မျှော်လင့်ပါသေးတယ်။ ဒါပေမဲ့ အခုတော့ တစ်စက်မှ မယုံတော့ပါဘူး။
ချူရှောင်ချီဟာ ငြင်းခုံဖို့ ပြင်လိုက်ပါသေးတယ်။ ရုတ်တရက် ကမ္ဘာတုန်လှုပ်ပြီး တောတောင်တွေ သွက်သွက်ခါသွားပါတယ်။
ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ မိုးကုပ်စက်ဝိုင်းအဆုံးမှာ ခမ်းနားထည်ဝါတဲ့ ရုပ်သွင်ကြီးတစ်သွင် ဖြတ်သွားတာကို တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင်က ကောင်းကင် အထက်မှာရှိတဲ့ တည်ရှိမှုတစ်ခုလိုပါပဲ။
သူတို့နဲ့ ဒီရုပ်သွင်က မိုင်ပေါင်းသန်းချီ ဝေးကွာပေမဲ့ မိုးကုပ်စက်ဝိုင်းကနေ တိမ်ပင်လယ်အထိ ခါးပဲ မြင်ရပါတယ်။ ပုံစံအမှန်ကို မြင်တွေ့ဖို့က တကယ် ခက်ခဲလှပါတယ်။
သူတို့နှစ်ယောက်က လွတ်လပ် တာအိုပညာရှိတွေမလို့ သူတို့အကြည့်ဟာ ကမ္ဘာငယ်လေးကို ထိုးဖောက်ပြီး ဧရာအရိပ်ကြီးရဲ့ ပုံစံအမှန်ကို တွေ့မြင်လိုက်ရပါတယ်။ ဒီလူက ကြမ်းကြုတ်တဲ့ ချပ်ဝတ်နက်ကို ဝတ်ဆင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် ယောက်ျားတစ်ယောက်ပါ။
သူ့မှာ ခေါင်းသုံးလုံး လက်ခြောက်ဘက်နဲ့ ကျောမှာလည်း တောင်ပံတစ်စုံ ရှိပါတယ်။ သူက သူ့နယ်မြေကို လှည့်လည် စစ်ဆေးနေတဲ့ အသူရာ နတ်ဘီလူးလိုပါပဲ။ သူ့ရဲ့ ကြောက်မက်ဖွယ် ရောင်ဝါကြောင့် ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ ကြက်သီးမွေးညင်း ထသွားကြပါတယ်။
ချူရှောင်ချီနဲ့ ချန်ကျွယ်ဟာ သူတို့ကို ရှာတွေ့သွားမှာ စိုးတဲ့အတွက် သူတို့ရောင်ဝါကို ချက်ချင်း ဖုံးကွယ်လိုက်ကြပါတယ်။
အတော်အတန် ကြာသွားတဲ့အခါမှာတော့ ချပ်ဝတ်နက် ယောက်ျားဟာ သူတို့နှစ်ယောက်ရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားပါတယ်။ ဒီတော့မှာပဲ ချူရှောင်ချီဟာ သက်ပြင်းချနိုင်ပါတယ်။
ချန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်ပါတယ် “ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ရောင်ဝါလဲ၊ လွတ်လပ် တာအိုပညာရှိကို ဒီလောက် ကြောက်အောင် လုပ်နိုင်တယ်ဆိုတော့ မဟာတာအိုပညာရှိများလား၊ သူ့ကြည့်ရတာ တစ်ခုခုကို ရှာနေပုံပဲ”
ချူရှောင်ချီဟာ လက်ပိုက်ပြီး တွေးလိုက်ပါတယ် “ထူးဆန်းတယ်၊ ဒီတစ်လော ငါတို့ တွေ့ရတဲ့ မဟာတာအိုပညာရှိက နည်းနည်းများနေသလိုပဲ၊ ကိစ္စကြီး တစ်ခုခု ဖြစ်တော့မယ်နဲ့ တူတယ်”
ချန်ကျွယ်လည်း တွေးတောလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ သူတို့နှစ်ယောက်နဲ့ တော်တော်လေးကိုမှ ဝေးကွာလွန်းတဲ့ တာအိုဆန်းကြယ်နယ်မြေရဲ့ ဗဟိုဟင်းလင်းပြင်မှာ နတ်အလင်းရောင်တွေ တလက်လက် တောက်ပနေတဲ့ နန်းတော်ကြီးတစ်ဆောင် တည်ရှိနေပါတယ်။
အလင်းရောင် ပြောင်းလဲမှုက အိပ်မက်လိုပါပဲ။ ဥက္ကာခဲ အမြောက်အမြားဟာ အရပ်ဆယ်မျက်နှာမှာ ဝဲပျံနေပါတယ်။ ဥက္ကာခဲတိုင်းမှာ အစောင့်တွေရှိပြီး အနိမ့်ဆုံးက ပေတစ်သန်းကျော် မြင့်ပါတယ်။
ခန်းမထဲမှာ ဝူရှင်းရှစ်ကျဲ့ဟာ ခေါင်းဆောင်နေရာထိုင်ပြီး ပြုံးနေပါတယ်။ သူ့အကြည့်ဟာ ခန်းမထဲက လူတစ်ယောက်ဆီ ရောက်သွားပါတယ်။
မုရုံချီပါ။
“အကြွင်းမဲ့ပါရမီရှင် ဆယ်ပါး တိုက်ပွဲတုန်းက တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်၊ အခု ပါရမီရှင်တွေက ငါတို့ကို မီဖို့ အများကြီး လိုသေးတယ်... ဟင်း...” ဝူရှင်းရှစ်ကျဲ့ဟာ သက်ပြင်းချလိုက်ပါတယ်။
ပဋိပက္ခ အစည်းအဝေးတုန်းကနဲ့စာရင် ဝူရှင်းရှစ်ကျဲ့ဟာ သူ့ရဲ့ စူးရှမှုကို ဆုံးရှုံးသွားပါပြီ။
မုရုံချီဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ နှစ်သန်းရာချီ ကြာသွားတော့ အစ်ကို ဝူရှင်းရှစ်ကျဲ့က အခြေအနေကို ထိန်းချုပ်ဖို့ ဩဇာရှိနေပြီ၊ ကျွန်တော် တကယ်ပဲ မနာလိုမိတယ်”
“ဟားဟား... တာအိုရောင်းရင်း မုရုံ... တကယ်လို့ တာအိုဆန်းကြယ် နယ်မြေရဲ့ အကူအညီကို လိုအပ်ရင် ဘာမှ တုံ့ဆိုင်းမနေနဲ့၊ ပြောမှာသာ ပြောပါ”
ဝူရှင်းရှစ်ကျဲ့ဟာ တိတ်ဆိတ်ဂိုဏ်းက တော်တော်လေး ကူညီချင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဏ္ဍာန်မဲ့နတ်မင်းရဲ့ စကားကြောင့်ပါ။
“ငါ မင်း အကူအညီကို တကယ် လိုတယ်၊ တာအိုဆန်းကြယ်နယ်မြေရဲ့ မဟာတာအိုရေအိုင်က ဧရာမ အခွင့်အရေးကြီးလို့ ငါ ကြားထားတယ်” မုရုံချီက အပြုံးနဲ့ မေးလိုက်ပါတယ်။
ဝူရှင်းရှစ်ကျဲ့ဟာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်း မုရုံက တောင်းဆိုမှတော့ ငါ ဘယ်လိုလုပ်ပြီး မလိုက်လျောဘဲ နေမှာလဲ၊ တာအိုဆန်းကြယ်နယ်မြေကလည်း ပဋိပက္ခအစည်းအဝေးလိုမျိုး အခမ်းအနားကြီး ကျင်းပဖို့ ပြင်ဆင်နေတာ၊ ပါရမီရှင် တိုက်ပွဲရဲ့ အဆင့်ကို ကြည့်ပြီး မဟာတာအိုရေအိုင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမလဲဆိုတာ ဆုံးဖြတ်မှာ”
“မင်းရဲ့ တပည့် ခုနစ်ယောက်လုံးကို ဘာလို့ ဝင်မပြိုင်ခိုင်းတာလဲ၊ ဒါက တာအိုဆန်းကြယ်နယ်မြေရဲ့ ပါရမီရှင်တွေကို အပြင်လောကရဲ့ ဂုဏ်ကျက်သရေအကြောင်း ပြသဖို့ အခွင့်ကောင်းပဲ၊ သူတို့တွေ အဆင့်ဘယ်လောက်ရရ ငါ သူတို့ကို မဟာတာအိုရေအိုင်ထဲ ဝင်ခွင့်ပြုမှာပါ၊ ဒါပေမဲ့ တာအိုရောင်းရင်း... သူတို့ကို ကပြက်ကချော်မလုပ်ဘဲ သေချာလေး အာရုံစိုက်ဖို့တော့ ပြောပေး”
မုရုံချီဟာ ပြုံးလိုက်ပါတယ် “ကိစ္စမရှိဘူး”
ဒါပေမဲ့ မုရုံချီဟာ စိတ်ထဲမှာတော့ ကျိန်ဆဲလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ တပည့်လက်ခံထားတာ သိပ်မကြာသေးတဲ့အတွက် သူ့တပည့်တွေရဲ့ ကျင့်ကြံမှုက သိပ်မမြင့်လို့ပါပဲ။ သူတို့တွေ ရှုံးရှင် သူ အရှက်ရမှာပါ။
မုရုံချီနဲ့ ဝူရှင်းရှစ်ကျဲ့ဟာ စကားတွေ ဆက်ပြောရင်း တဖြည်းဖြည်း ရင်းနှီးလာကာ ညီအစ်ကိုတွေလို ဖြစ်လာကြပါတယ်။
မဟာတာအိုရေအိုင် သတင်းက တာအိုဆန်းကြယ်နယ်မြေထဲမှာလည်း ပျံ့နှံ့သွားပါတယ်။ ချူရှောင်ချီနဲ့ ချန်ကျွယ်ဆီကို ဒီသတင်း ရောက်သွားတဲ့အခါ သူတို့နှစ်ယောက်လည်း ဝင်ပြိုင်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ပါတယ်။ မဟာတာအိုရေအိုင်ထဲကို ဝင်ရင် မဟာတာအိုပညာရှိ ဖြစ်လာနိုင်တဲ့ မျှော်လင့်ချက်ရှိတော့ ဘယ်သူက ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံနိုင်မှာလဲ။
ဒီပွဲကို နယ်မြေအရှင်က ဦးစီးကျင်းပတာပါ။ ဒါကြောင့်မလို့ သူတို့ ရန်သူတွေလည်း စိတ်လိုက်မာန်ပါ လှုပ်ရှားရဲမှာ မဟုတ်ပါဘူး။
တစ်ချိန်တည်းမှာပဲ ဝူရှင်းရှစ်ကျဲ့ဟာ အဆုံးမဲ့ခေတ်က အင်အားစု အသီးသီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ နဂါးရုံးတော်လည်း ဖိတ်ကြားခံရတဲ့အတွက် လုံဟောင်ဟာ ဟန်လျန်ကိုခေါ်ပြီး တာအိုဆန်းကြယ်နယ်မြေဆီ ရောက်လာပါတယ်။
လုံဟောင်ဟာ ဒီပွဲက ဟန်လျန်နဲ့ နဂါရုံးတော် နာမည်ကောင်းရဖို့ အခွင့်အရေးကောင်းလို့ ခံစားရတဲ့အတွက် စိတ်ဓာတ်တွေ တက်ကြွနေပါတယ်။
လုံဟောင်ဟာ ဟန်လျန်ကို ယုံကြည်ပါတယ်။ ဟန်လျန်ရဲ့ စွမ်းအားနဲ့ မဟာတာအိုပညာရှိချုပ်အောက်မှာ သူ့ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်လျန်ကလည်း ဒီပွဲမှာ အစွမ်းပြရဖို့ မျှော်လင့်နေပါတယ်။
.....
တတိယ တာအိုစက်ကွင်း။
[သင်သည် အသက် သန်း ၆၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါ ရွေးချယ်မှုများ ရှိသည်။]
[၁။ တံခါးပိတ် ကျင့်ကြံရာမှ ထွက်၍ သက်ရှိအားလုံးကို ဖျက်ဆီးပြီး သင့်ကိုယ်ပိုင် သက်ရှိများကို ဖန်တီးပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် လောကဦး အပိုင်းအစ တစ်စအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ မူလရည်ရွယ်ချက်ကို ဆက်လက် ထိန်းသိမ်းပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် လောကဦး အပိုင်းအစ တစ်စအား ရရှိမည်။]
[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆုလာဘ်တွေက အတူတူပါပဲ။
ဒီအချိန်မှာ ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ၂၀၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး ၁၇ တုံး၊ လောကဦး အပိုင်းအစ ၉ စ၊ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး ၄၉ ကြိမ်၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး ၂ တုံးနဲ့ အန္တိမမူလ စိတ်ဝိညာဉ်ကျောက်တုံး ၂ တုံး စုဆောင်းမိသွားပါပြီ။
ဟန်ကျွယ်ဟာ လောကဦးအပိုင်းအစ ကိုးစကို ထုတ်ယူပြီး ပေါင်းစပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့သွေးစည်းကို တိုးတက်စေချင်ပါတယ်။
[အန္တိမမူလ နတ်ဘီလူးသည် လောကဦး မဟာဖန်တီးမှုထက် မြင့်မားသည်။ လောကဦးအပိုင်းအစ ကိုးစသည် အန္တိမမူလ အပိုင်းအစ တစ်စအဖြစ် ခဲယူနိုင်သည်။ အန္တိမမူလ အပိုင်းအစ ကိုးစ စုဆောင်းမိလျှင် အန္တိမမူလ မဟာဖန်တီးမှုကို ရရှိနိုင်သည်။]
[အန္တိမမူလ မဟာဖန်တီးမှု: ကျင့်စဉ်များ ဖန်တီးနိုင်ပြီး လောကကို ခွဲကာ မျိုးနွယ်စုများနှင့် အရာအားလုံးကို ဖန်တီးနိုင်စွမ်း ရှိသည်။]
‘ဒီလိုလည်း လုပ်လို့ရတာလား’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။
နားလည်လွယ်အောင် ပြောရရင် အန္တိမမူလ မဟာဖန်တီးမှုအတွက် လောကဦး အပိုင်းအစ ၈၁ စ လိုပါတယ်။ ဒါက နှစ်ပေါင်း ၈.၁ ဘီလီယံနဲ့ ညီမျှပါတယ်။
မဟုတ်ပါဘူး။ ဟန်ကျွယ်ရတဲ့ ရွေးချယ်မှု ဆုလာဘ်က ဆယ်ကြိမ်ပြည့်တိုင်း ကြာချိန်ကလည်း ဆယ်ဆတိုးသွားတဲ့အတွက် နှစ်ပေါင်း ဘီလီယံချီအောင် ကြာမှာပါ။
ဟန်ကျွယ်ဟာ နည်းနည်းတော့ မကျေမနပ် ဖြစ်သွားပါတယ် “မင်းနဲ့ငါက ဒီလောက်တောင် စွမ်းအားကြီးနေပြီ၊ ဘာဖြစ်လို့ အချင်းချင်း ပြန်ကန့်သတ်ချင်ရတာလဲ”
[အရာအားလုံး၌ အဆုံးစွန် ပမာဏ ရှိသည်။ မဟာဖန်တီးမှုလည်း အတူတူပင် ဖြစ်သည်။ သို့သော် ဖန်တီးမှုကံ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အဆုံးစွန် ပမာဏလည်း ဆက်တိုက် တိုးလာလိမ့်မည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။