← Chapters

ဝင်ရောက်ခြင်း

Vol. 89 Ch. 1227

ဝင်ရောက်ခြင်း

Vol. 89 Ch. 1227

ဝမ်ပေါင်လဲ့က သူ သီးသန့်ကျင့်ကြံရေး ဝင်ရောက်စဥ်ကတည်းက သစ်သားဓာတ်တာအိုနှင့် ပတ်သက်ပြီး အသိအမြင်များစွာ ရရှိခဲ့သည်။ တစ်ချိန်တည်းဆိုသလို သူက နောက်တာအိုအတွက် ရွေးချယ်ဖို့ အစီအစဥ်တစ်ခု ရှိထားလေ၏။

သူက သတ္ထု၊ ရေ၊ မီးနှင့် မြေဓာတ်များကြားတွင် မည်သည့်အရာကို ရွေးချယ်ရမလဲဟု စဥ်းစားနေမိသည်။ သူက ပထမဦးစွာ တာအိုမျိုးစေ့အဖြစ် အသုံးပြုနိုင်သည့် အထွတ်အထိပ်ရတနာကို ရှာဖွေရန် လိုအပ်၏။ ဝမ်ပေါင်လဲ့က ဤနှစ်များအတွင်း သီးသန့်ကျင့်ကြံနေသော်လည်း မဟာလက်ဝဲတာအိုနယ်မြေရှိ အပင်အားလုံးနှင့် သစ်သားဓာတ် ကျင့်ကြံသူအားလုံး၏ အတွေးကို စုစည်းထားနိုင်ခဲ့ကာ မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးကို စစ်ဆေးကြည့်ခဲ့၏။

မဟာလက်ဝဲတာအိုနယ်မြေထဲတွင် သူ့လိုအပ်ချက်နှင့် ကိုက်ညီသည့် အထွတ်အထိပ် ရတနာတစ်ခု ရှိနေသည်။ ဝမ်ပေါင်လဲ့က ထိုရတနာ၏ နာမည်အတိအကျကို မသိသော်လည်း ထိုအထွတ်အထိပ် ရတနာသည် လမ်းစဉ်ကိုးသွယ်တာအိုဂိုဏ်းအတွင်း တည်ရှိသည့် ရေဓာတ်အမျိုးအစား အထွတ်အထိပ် ရတနာဖြစ်ကြောင်း ခန့်မှန်းမိသည်။

ဝမ်ပေါင်လဲ့၏ အကဲဖြတ်ချက်အရ ထိုပစ္စည်းသည် လမ်းစဉ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက စကြဝဠာအဆင့်ကို ထိုးဖောက်ရာ၌ အထောက်အကူအဖြစ် အသုံးပြုသည့်အရာဖြစ်ကြောင်း မှန်းဆမိ၏။ ထိုအရာ၏ တန်ဖိုးက အဖိုးမဖြတ်နိုင်လောက်ပေ။ လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်း ခေါင်းဆောင်ကြီးအတွက် ထိုအရာက သူ့တာအိုအုတ်မြစ်ဖြစ်သည့်အတွက် ပေါ့ပေါ့ပါးပါး မှတ်ယူ၍ မရပေ။

မီးတောက်တာအိုအတွက်မူ မဟာလက်ဝဲတာအိုနယ်မြေအတွင်း မတည်ရှိပေ။ သူ့ဆရာ မီးတောက်ခေါင်းဆောင်ကြီးက မီးတာအိုကို အရံအနေဖြင့် ကျင့်ကြံသော်လည်း ဝမ်ပေါင်လဲ့၏ လေ့လာအကဲဖြတ်မှုအရ သူ့မီးတောက်သည် သူ့ကိုယ်ပိုင်တာအိုထက် ကျိန်စာမှ ဆင်းသက်လာကြောင်း တွေ့ရှိလိုက်ရသည်။

အမှောင်မီးတောက် ရှိနေသော်လည်း တခြားတစ်ယောက်၏ တာအို ဖြစ်နေသည့်အတွက် ဇစ်မြစ်က ကန့်သတ်ခံထားရသည်။ ဝမ်ပေါင်လဲ့နှင့် သူ့ဆရာတို့၏ ဆွေးနွေးမှုမှတဆင့် မီးတောက်ခေါင်းဆောင်ကြီးက ဒဏ္ဍာရီတစ်ခုကို ပြန်လည်တွေးတောမိသွား၏။ ဒဏ္ဍာရီများအရ မဟာဒိဋ္ဌိနယ်မြေအတွင်း မီးတောက် အမျိုးအစားတစ်ခု ရှိခဲ့သည်။ ထိုမီးတောက်က အချိန်နှင့်အမျှ လောင်ကျွမ်းပြီး ပိုမိုအားကောင်းလာခဲ့၏။ ထိုအရာသည် အကြိမ်ရေတချို့ ပေါ်ထွက်လာခဲ့သော်လည်း မည်သူကမှ မရယူနိုင်ခဲ့ပေ။

ဝမ်ပေါင်လဲ့က ထိုအရာသည် သူ တွေးထားသလို မဟုတ်ကြောင်း ခံစားမိလိုက်၏။ အမှောင်မီးတောက်အပြင် သူ့အတိတ်ဘဝမှ ရှင်းဟော် မီးတောက်လည်း ရှိနေသေးသည်။ ဝမ်ပေါင်လဲ့က မီးတောက်တာအိုနှင့် ပတ်သက်ပြီး အချိန်တော်ကြာ စဥ်းစားခဲ့ရသည်။

သတ္ထုတာအိုကမူ မဟာလက်ဝဲတာအိုနယ်မြေအတွင်း ထိုတာအိုကို သယ်ဆောင်ထားနိုင်သည့် ပစ္စည်းများ လစ်ဟာနေ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့က သတ္ထုတာအို၏ ဦးတည်ချက်ကို ခန့်မှန်းထားပြီးသား ဖြစ်၏။ ထိုအရာသည် တခြားနယ်မြေထဲ ရှိနေဟန်ေပါ်သည်။

နောက်ဆုံးသော မြေဓာတ်တာအိုအတွက်မူ ဝမ်ပေါင်လဲ့၏ အာရုံခံစားနှုန်းအရ အဆုံးမဲ့မျိုးနယ်တွင် သူ့အတွက် တာအိုကို သယ်ဆောင်ပေးနိုင်မည့် သင့်တော်သည့် အရာတစ်ခုရှိကြောင်း ဝေဝေဝါးဝါး အာရုံခံမိလိုက်သည်။

သို့သော်လည်း လက်ရှိ ပြည်ထောင်စုကြီးက ကြားနေအဖြစ် မှတ်ယူနိုင်သည်။ အကယ်၍ သူသာ ထိုပစ္စည်းများကို ရယူလိုပါက သူ့အနေဖြင့် လှုပ်ရှားဖို့ အကြောင်းပြချက် ကောင်းကောင်းလိုအပ်သည်။ သူက မည်သည့်အကြောင်းပြချက်ဖြင့် လှုပ်ရှားရမလဲ တွေးတောနေစဥ် အရိုးဧကရာဇ်နှင့် နတ်ဧကရာဇ် ရွှမ်ဟွားတို့က ရောက်ရှိလာ၏။

ဝမ်ပေါင်လဲ့က ရှေ့တစ်ယောက်နှင့် ပတ်သက်ပြီး အနည်းငယ် အံ့အားသင့်သွားမိသော်လည်း နောက်လူကိုမူ မအံ့သြမိပေ။ ထိုအရာက သူ့မှန်းဆချက်အတွင်း ရှိသည်ဟု ဆိုရပေမည်။

နတ်ဧကရာဇ် နှစ်ယောက်ပေါ်ထွက်လာပြီး ရန်စမှုက ဝမ်ပေါင်လဲ့အား အခွင့်အရေးတစ်ခု ပေးလိုက်ခြင်း ဖြစ်၏။

ချန်ရှင်း၏ တုံ့ပြန်မှုက ဝမ်ပေါင်လဲ့အား သက်ပြင်းချသွားစေသည်။ သူက ဤအနေအထားထိ ကျင့်ကြံထားပြီးဖြစ်သည့်အတွက် အရိုးဧကရာဇ်နှင့် ရွှမ်ဟွားတို့၏ ရောက်ရှိမှုသည် သူ့လမ်းညွှန်ချက်အောက် ရှိနေသည်ကို မည်သို့မမြင်နိုင်ဘဲ နေမည်နည်း။

သူတို့တွင် တခြားသော ရည်ရွယ်ချက်များ ရှိကောင်း ရှိနိုင်သော်လည်း သူက သူ့နည်းလမ်းဖြင့် ဝမ်ပေါင်လဲ့ကို ကူညီပေးနေခြင်း ဖြစ်၏။ လက်ရှိအခြေအနေအောက်တွင် ဝမ်ပေါင်လဲ့အတွက် လှုပ်ရှားဖို့ရာ ဤသည်က အကောင်းဆုံး အကြောင်းပြချက်ဖြစ်ပေသည်။

ထို့ကြောင့် ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် နေအဖွဲ့အစည်း အပြင်ဘက် တင်ပျဥ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့၏ ဓမ္မကိုယ်ပွားက ဖြည်းဖြည်းချင်း ထရပ်လာကာ ကြယ်တာရာကောင်းကင်ထဲ လျှောက်လှမ်းလာသည်။ ထိုစဥ် အကြည့်များစွာက သူ့ဆီ ကျရောက်လာ၏။

လမ်းစဉ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၊ အဆုံးမဲ့မျိုးနွယ်၊ အမှောင်ဂိုဏ်းနှင့် ကျောက်ပြားကမ္ဘာရှိ အားကောင်းသည့် ကျင့်ကြံသူများကလည်း ဝမ်ပေါင်လဲ့၏ တည်နေရာဘက် လှမ်းကြည့်နေကြသည်။

ဤအကြည့်များ၏ အောက်တွင် ဝမ်ပေါင်လဲ့၏ ဧရာမ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း သေးငယ်လာ၏။ သူက လမ်းစဉ်ကိုးသွယ်တာအိုဂိုဏ်းရှိရာ စကြဝဠာထဲကို ဖြတ်သန်းလာပြီး သာမန်လူတစ်ယောက်အသွင် ပြောင်းလဲကာ ရပ်တန့်လိုက်သည်။

သူ ရပ်တန့်လိုက်သည်နှင့် လမ်းစဉ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ အမူအရာက အလေးအနက် ပြောင်းလဲသွားခဲ့သည်။ သူ့ကျင့်ကြံဆင့်ကို လှုံ့ဆော်ပြီး လမ်းစဉ်ကိုးသွယ်တာအိုဂိုဏ်းရှိ မဟာအစီအရင်ကိုပင် အသက်သွင်းထားခဲ့သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် ဖိအားတစ်ခု ထွက်ပေါ်လာပြီး ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။

ထိုကြယ်စင်စုရှိ ကျင့်ကြံသူများစွာက တုန်လှုပ်သွားကြသည်။ သို့သော် ဝမ်ပေါင်လဲ့က သူတို့ကို လှည့်မကြည့်ခဲ့ပေ။ ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် စိတ်သက်သာရာရစွာ သက်ပြင်းချသံများအကြား သူက လမ်းစဉ်ကိုးသွယ်တာအိုဂိုဏ်း၏ တောင်နိမိတ်ကို ဖြတ်ကျော်ကာ မဟာလက်ဝဲတာအိုနယ်မြေ၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် ဝမ်ပေါက်လဲ့က ထပ်မံ ရပ်တန့်သွားခဲ့သည်။ သူက မဟာလက်ဝဲတာအိုနယ်မြေ၏ ပိုင်နက်ထဲမှ တစ်ခါမှ ထွက်မသွားခဲ့ဖူးပေ။ သူ့အကြည့်က တည်ငြိမ်နေပြီး အတွေးနက်နေဟန်ပေါ်၏။ သူက ခေတ္တမျှ ရပ်လိုက်ခြင်းက အကြည့်များအား ပိုမို စုဝေးလာစေသည်။ သူတို့က မျက်မှောင်အသာကြုတ်လိုက်ကြ၏။

မဟာဒိဋ္ဌိနယ်မြေရှိ ဝိညာဉ်ခုနှစ်ပါးတာအိုဂိုဏ်းမှ တာအိုကလေးငယ်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ဝမ်ပေါင်လဲ့ရှိရာဆီ လှမ်းကြည့်ရင်း ရေရွတ်လိုက်၏။

“အခု မင်းရဲ့ တိုက်ခိုက်စွမ်းအားက ဘာလဲ”

သူက အရိုးဧကရာဇ်နှင့် ရွှမ်ဟွားတို့၏ အပြုအမူကို နားမလည်ပေ။ ဝမ်ပေါင်လဲ့က အနိုင်ရရှိသည်ဟု ပြောနိုင်သော်လည်း အရိုးဧကရာဇ်နှင့် ရွှမ်ဟွားတို့က အရင်ဦးစွာ နောက်ဆုတ်လိုက်ခြင်းဟုပင် ဆိုနိုင်လေသည်။ အသေးစိတ်အတွက်မူ ပါဝင်နေသည့် သူများကသာ သိလိမ့်မည်။

တစ်ချိန်တည်းဆိုသလို စန္ဒာကြယ်ဂိုဏ်းအတွင်း ရေတံခွန်ရှေ့ရှိ စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီးကလည်း တင်ပျဥ်ခွေကာ တရားထိုင်နေသည်။ သူက မျက်လုံးကို ဖွင့်ကြည့်လိုက်၏။

အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေအတွင်း ရှဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးကလည်း မျက်မှောင်အသာကြုတ်လိုက်သည်။ သူက အဆုံးမဲ့မျိုးနွယ်ကို ကြည့်ပြီးသည့်နောက်တွင် မဟာလက်ဝဲတာအိုနယ်မြေ အစွန်အဖျားတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။ သူက အတွေးနက်နေမိ၏။

ဤသည်က အဆုံးမဲ့မျိုးနွယ်အတွက်လည်း အတူတူသာ ဖြစ်၏။ ရွှမ်ဟွား ပြန်ရောက်လာပြီးသည့်နောက်တွင် သူက သီးသန့်ကျင့်ကြံဖို့ ရွေးချယ်သွားခဲ့သည်။ သူက မည်သည့် အသံကူးပြောင်း ဆက်သွယ်ရေးကိုမှ ပြန်မဖြေသည့်အတွက် ထူးဆန်းလှသည်။

အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးဆီမှ ဘာအသံမှ ထွက်လာသေးပေ။ သူ၏ ကိုယ်ပွားဖြစ်သည့် နတ်ဧကရာဇ် ကျိကျားကပင် အကြောင်းအရင်းကို မသိရပေ။

ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီးကလည်း တစ်စုံတစ်ခု ခန့်မှန်းမိဟန်ပေါ်၏။ အဆုံးမဲ့မျိုးနွယ်ကို တာဝန်ယူထားကြသည့် ကွမ်းမင်နှင့် ကျိကျားတို့က ချန်ရှင်းသည် ထိုကိစ္စကို အခွင့်ကောင်းယူကာ ထပ်မံ တိုက်ခိုက်လာနိုင်ကြောင်း ခန့်မှန်းမိကြသည်။

ထိုအကြောင်းအရင်းက ကွမ်းမင် အမူအရာ ပျက်ယွင်းနေရသည့် အကြောင်းအရင်းလည်း ဖြစ်၏။ သူက အပြင်ဘက်တွင် တိုက်ခိုက်နေသည့် နတ်ဧကရာဇ် တိရှန်းဆီ အသံပို့လွှတ်ကာ မျိုးနွယ်ဆီ တတ်နိုင်သမျှ အမြန်ပြန်လာဖို့ ပြောဆိုခဲ့သည်။ ထိုအခိုက်အတန့်တွင် တိရှန်းက များများစားစား မတွေးမိခဲ့ပေ။ သူက လက်ရှိ အမှောင်ဂိုဏ်းမှ စိတ်ဝိညာဥ် မြှုပ်နှံရေးသစ်ပင်ဖြင့် တိုက်ခိုက်နေရသည်။

တိုက်ပွဲကွင်းပြင်တွင် နတ်ဘုရားစွမ်းရည် များစွာရှိပြီး တာအိုနည်းစနစ်များက လေဟာပြင်ကို လှုပ်ခါသွားစေသည်။ အဆုံးမဲ့မျိုးနွယ်မှ နတ်ဧကရာဇ်တစ်ပိုင်းအဆင့် သုံးယောက်ထဲမှ နှစ်ယောက်က တိုက်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲခဲ့သည်။ တစ်ယောက်က သိုးနက်မျိုးနွယ်မှ တာအိုဆရာယန် ဖြစ်ပြီး သူ့တကယ့်သွင်ပြင်က ကမ္ဘာကြီး ဖန်ဆင်းမှုကတည်းက တည်ရှိခဲ့သည့် အနက်ရောင်သိုးတစ်ကောင် ဖြစ်၏။ ထိုအရာက ထူးဆန်းကာ အံ့အားသင့်ဖွယ် အငွေ့အသက်တို့ကို ထုတ်လွှင့်နေသည်။

အကယ်၍ ထူးကဲသည့် အကြောင်းအရင်းတချို့ကြောင့်သာ မဟုတ်ပါက သူသည် စကြဝဠာအဆင့်ကို တက်လှမ်းလောက်ပြီးပြီ ဖြစ်၏။

နောက်ထပ် တစ်ယောက်ကမူ အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမက အရွယ်အစားမျိုးစုံ မျက်လုံးများစွာကို ပန်းထွင်းထားတဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမကို ကြည့်ရသည်မှာ အတော်လေး ထူးဆန်းလှ၏။ သူမက နတ်ဆိုးမျက်လုံး မျိုးနွယ်၏ ခေါင်းဆောင်ကြီးဖြစ်ကာ သူမ၏ တကယ့်သွင်ပြင်က ယခင်ခေတ်ကာလမှ ပါရမီရှင်တစ်ယောက်၏ မျက်လုံးတစ်လုံး ဖြစ်သည်ဟု ဆိုကြသည်။

ခေတ်ကာလ ပြောင်းလဲပြီးသည့်နောက်တွင် ထိုစွမ်းအားကြီးပုဂ္ဂိုလ်က မျက်လုံးတစ်ဖက်သာ ရှိပြီး ယခုခေတ်ကာလအထိ ထိန်းသိမ်းထားနိုင်ခဲ့သည်။

ထိုနှစ်ယောက်က ကြောက်မက်ဖွယ် ကျင့်ကြံဆင့်များရှိသည့် တည်ရှိမှုမျိုး ဖြစ်၏။ သူတို့က စကြဝဠာအဆင့်နဲ့ နီးကပ်ပြီး နတ်ဧကရာဇ် တစ်ယောက်၏ တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ တိုက်ပွဲကွင်းပြင်အတွင်း သူတို့နှစ်ဦးက နတ်ဧကရာဇ် တိရှန်းသည် အသံပို့ဆောင်မှုတချို့ကို လက်ခံရရှိလိုက်ကြောင်း သတိပြုမိလိုက်ကြသည်။

“သူက ကလေးပဲ ရှိသေးတယ်။ ကွမ်းမင်က သတိကြီးလွန်းနေတာပဲ” တိရှန်းက ဝမ်ပေါင်လဲ့နှင့် ယခင်က တွေ့ဆုံခဲ့ဖူးသည်။ ထိုစဥ်အချိန်က ဝမ်ပေါင်လဲ့သည် သူ့မျက်ဝန်းထဲ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်၏။ အကယ်၍ ချန်ရှင်း၏ ဝင်ရောက်စွက်ဖက်မှုကြောင့်သာ မဟုတ်လျှင် အတွေးတစ်ချက်ဖြင့် သူ့ကို ဖျက်ဆီးပစ်နိုင်သည်။

“ဝမ်ပေါင်လဲ့လား” နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက တုံ့ဆိုင်းစွာ မေးလိုက်သည်။

တိရှန်းက ပြန်လည်မတုံ့ပြန်ဘဲ လှည့်ကာ အဝေးတစ်နေရာ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။

တာအိုဆရာယန်နှင့် နတ်ဆိုးမျက်လုံးတို့က တစ်စုံတစ်ခုကို ခံစားမိဟန်ပေါ်၏။ သူတို့က ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။ အမှောင်ဂိုဏ်း၏ စိတ်ဝိညာဥ် မြှုပ်နှံရေးသစ်ပင်၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့ကာ ချက်ချင်း လှည့်ကြည့်လိုက်သည်။

လူတချို့က မဟာလက်ဝဲတာအိုနယ်မြေ အစွန်အဖျားကို လှမ်းကြည့်လိုက်ကြသည်။ ဝမ်ပေါင်လဲ့က ခြေတစ်လှမ်းတိုးကာ အလယ်ပိုင်း တာအိုနယ်မြေအတွင်း ရောက်ရှိလာပြီ ဖြစ်၏။ သူ့နတ်ဘုရား အသိစိတ်မှ တာအိုစည်းချက်များက ပေါက်ထွက်လာကာ အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ သူက တိရှန်းနှင့် တခြားသူများ တိုက်ခိုက်နေသည့် တိုက်ပွဲကို ခံစားမိခဲ့၏။

သူ့အကြည့်က တော်တော်လေးကို တည်ငြိမ်နေကာ ဒုတိယမြောက် ခြေလှမ်းကို လှမ်းလိုက်သည်။

သူ့ဦးတည်ချက်က တိုက်ပွဲကွင်းပြင်ဆီ ဖြစ်၏။

All Chapters