လရိပ်သတ်ဖြတ်ခြင်း
Vol. 89 Ch. 1229
လဆုတ်ပညာရပ်၏ စွမ်းအား ပေါ်ထွက်လာသည့်အခါ တိုက်ပွဲကို အဝေးတစ်နေရာမှ ကြည့်နေသည့် စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်ကပင် တုန်လှုပ်သွားမိသည်။ သူသာလျှင် မကဘဲ တိရှန်းသည်လည်း အတူတူသာ ဖြစ်၏။ သူ့မျက်နှာအထက် ထင်မှတ်မထားသည့် အမူအရာ ထွက်ပေါ်လာကာ နတ်ဧကရာဇ် ကွမ်းမင်၊ ရှဲ့မျိုးနွယ်ခေါင်းဆောင်ကြီး၊ စန္ဒာကြယ်ဂိုဏ်းမှ ခေါင်းဆောင်ကြီး၊ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းမှ နတ်ဆိုးသားတော်၊ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းမှ ခေါင်းဆောင်ကြီးတို့ပင် တုန်လှုပ်သွားကြသည်။
အဆုံးမဲ့တာအိုနယ်မြေရှိ ကျင့်ကြံသူတချို့က အတော်လေး ဂယက်ထသွားကြ၏။
တာအိုဆရာယန်က အစကတည်းက အားနည်းနေခြင်း မဟုတ်ပေ။ သူက စကြဝဠာအဆင့် ကျင့်ကြံသူဖြင့် ယှဥ်တိုက်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်၏။ ထိုသူက နတ်ဧကရာဇ်တစ်ယောက်အတွက် ပြိုင်ဘက် မဟုတ်လျှင်ပင် သူ့ကို သတ်ဖို့အတွက် အားစိုက်ထုတ်မှု အမြောက်အမြား လိုအပ်လိမ့်မည်။
သို့သော် ယခုတွင် ဝမ်ပေါင်လဲ့ ထုတ်ပြခဲ့သည့် အချိန်တာအိုက ပျက်စီးနေသည့်အရာကို မှော်ဆန်ဆန်အရာအဖြစ် ပြောင်းလဲပစ်နိုင်သည့် စွမ်းအားမျိုး ကိန်းအောင်းနေသည်။ ဝမ်ပေါင်လဲ့၏ လက်ထဲတွင် ရှိနေသည့် အချိန်စွမ်းအားသည် သူ စိတ်တိုင်းကျ လှုံ့ဆော်ကြိုးကိုင်နိုင်ကြောင်း ခံစားချက်မျိုးကို ပေးစွမ်းနေ၏။ ထိုအရာက တာအိုဆရာယန်သည် သူ့ကိုယ်သူ ဝမ်ပေါင်လဲ့၏ လက်ချောင်းရှိရာဆီ လက်ဦးမှုယူကာ ပို့ဆောင်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
အသံကျယ်ကြီးနှင့်အတူ တာအိုဆရာယန်က နားကွဲလုမတတ် အော်သံကြီး ထုတ်လွှင့်လာခဲ့သည်။ သူက တန်ပြန်လက်တုံ့ပြန်လိုသည့်အလား သူ့ခေါင်းအထက် အနက်ရောင် ဦးချိုကွေးနှစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည် ရှိထားသည့်သူ မဟုတ်ပါလော။ သူက အနည်းငယ်မျှ လိုအပ်နေသော်လည်း … အသံကျယ်ကြီး ထွက်ပေါ်လာသည်နှင့် သူ့ဒဏ်ရာများကြောင့် သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့အနက်ရောင် ဦးချိုအထက်တွင် အက်ကြောင်းများ ပေါ်ထွက်လာ၏။ အဆုံးသတ်တွင် သူက ထိုအန္တရာယ်များသည့် အခြေအနေမှ နောက်ဆုတ်လိုက်ရသည်။
သူက ကီလိုမီတာသောင်းချီ နောက်ဆုတ်လိုက်သည်။ သူက ထိုနေရာမှာတင် ရပ်တန့်မသွားဘဲ ချက်ချင်းဆိုသလို တည်နေရာပြောင်းရွေ့ကာ ထွက်ပြေးသွားလေ၏။
ထိုသို့ဆိုလျှင်ပင် သူ ယူဆောင်လာသည့် အံ့အားသင့်မှုက ပြင်းထန်နေဆဲ ဖြစ်သည်။ သူက စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည် ရှိထားသည့် ထိပ်သီးတိုက်ခိုက်သူတစ်ယောက် မဟုတ်ပါလော။ ဤသို့သော အားကောင်းသည့် တိုက်ခိုက်သူမျိုးက ဝမ်ပေါင်လဲ့၏ ရှေ့မှောက်တွင် လက်ချောင်းတစ်ချောင်းမျှဖြင့် ပြန်လည် မတိုက်ခိုက်ရဲတော့ပေ။
ထိုလက်ချောင်းက ဝှက်ဖဲတစ်ခု ဖြစ်နေနိုင်သော်လည်း ဝမ်ပေါင်လဲ့တွင် ဝှက်ဖဲမည်မျှရှိမည်ကို မည်သူကများ သိမည်နည်း။ ပြောရလျှင် စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည် ရှိထားသည့်သူများသည် ဝှက်ဖဲများစွာ ရှိတတ်ကြ၏။
“ဝမ်ပေါင်လဲ့” တိရှန်း၏ မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ ပေါက်ကွဲထွက်လာသည်။ သူက သစ်သားများ၏ ချုပ်နှောင်ခံရမှုကို ထိုးဖောက်ကာ ထွက်လာသည်။ သူက ဝမ်ပေါင်လဲ့ဆီ ပြေးလာသော်လည်း ဝမ်ပေါင်လဲ့က လက်ကို အသာဝှေ့လိုက်သည့်အခါ ကြိုးမျှင်များစွာ ထွက်ပေါ်လာပြီး သူ့ကို ထပ်မံ ရစ်ပတ်ထားသည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တဖန် ပြန်လည်ပျောက်ကွယ်သွားခဲ့၏။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးဘေးနား ရောက်ရှိနေပြီ ဖြစ်သည်။
“မင်းက ငါ့နာမည် ခေါ်လိုက်တာလား” ဝမ်ပေါင်လဲ့၏ အသံက တည်ငြိမ်နေသော်လည်း နတ်ဆိုးမျက်လုံး၏ နားထဲ ရောက်လာသည့်အခါ မိုးခြိမ်းသံလိုမျိုး ကျယ်လောင်နေသည်။ သူမ၏ မျက်နှာက ဖြူဖျော့သွားပြီး တုံ့ဆိုင်းနေခြင်း မရှိဘဲ အသံကျယ်ကြီးနှင့်အတူ နတ်ဆိုးမြူခိုးအဖြစ် ပြောင်းလဲလိုက်သည်။ သူမက အလျှင်အမြန် နောက်ဆုတ်လိုက်၏။
မြူခိုးများ ထွက်ပေါ်လာသည်နှင့် ထိုနေရာထဲတွင် ပုန်းအောင်းနေသည့် မျက်လုံးတစ်လုံးရှိနေသည်ကို မြင်ရလိမ့်မည်။ ထိုမျက်လုံးက သွေးများဖြင့် ပြည့်နှက်နေပြီး လေဟာနယ်ကို ထိုးဖောက်၍ မြင်ရဟန်ပေါ်ကာ ဝမ်ပေါင်လဲ့နှင့် နတ်ဆိုးမြူခိုးကြားရှိ ကြယ်တာရာကောင်းကင်ကိုပင် ပြိုလဲသွားစေသည်။ ထိုပြိုလဲမှု ပေါ်ထွက်လာသည့်အခါ သွေးဆာနေသည့် မျက်လုံးက အရွယ်အစား နှစ်ဆ ကြီးမားလာခဲ့၏။ ထိုအရာက နောက်ဆုတ်လိုက်ရင်း လေဟာနယ်ကို ကြေမွသွားစေသည်။ ထိုအရာက အချိန်ထဲ ကျုံ့ဝင်သွားသလိုမျိုးဖြင့် အရိပ်အယောင် အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ပေါင်လဲ့က အံ့အားသင့်သွား၏။ ဤသည်မှာ ကျောက်ပြားကမ္ဘာ၌ အချိန်မန္တန်ကို ထုတ်သုံးနိုင်သည့် တည်ရှိမှုမျိုးကို မြင်တွေ့ဖူးသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ သူက ပို၍ စိတ်ဝင်စားလာမိသည်။ သူက လဆုတ်ပညာရပ်ကို အသက်မသွင်းလိုက်ပေ။ ထိုအစား သူက ညာဘက်လက်ကို အသာမြှောက်ကာ နတ်ဆိုးမျက်လုံး ပျောက်ကွယ်သွားသည့်နေရာကို အသာဖိလိုက်သည်။
လရိပ်ပညာရပ်က ချက်ချင်းဆိုသလို ထွက်ပေါ်လာ၏။ ထိုအခိုက်အတန့်တွင် ရေစက်က ရေမျက်နှာပြင်အထက် ကျဆင်းလာသလိုမျိုး ဖြစ်ကာ လှိုင်းတွန့်များစွာ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်ရာချီ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့က ခြေဗလာဖြင့် ထိုလှိုင်းတွန့်များပေါ် လျှောက်လှမ်းလာခဲ့သည်။
လွန်ခဲ့သည်နှစ် ၁၀၀ခန့်က အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေရှိ ကြယ်တာရာကောင်းကင်အထက် နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက ပြေးထွက်လာခဲ့သည်။ နောက်အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က ပေါ်ထွက်လာ၏။ လက်တစ်ချောင်းဖြင့် ကောင်းကင်က ပြိုလဲသွားကာ မြေကြီးက အက်ကွဲသွားသည်။
လွန်ခဲ့သည့် နှစ် ၂၀၀ခန့် နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးက သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေခဲ့သည်။ သို့သော်လည်း သူမ၏ အမူအရာက ချက်ချင်းဆိုသလို ပျက်ယွင်းသွား၏။ သူမက ရှောင်ရှားလိုသော်လည်း နောက်ကျလွန်းသွားခဲ့ပြီ။ လက်တစ်ဖက်က လေထုထဲမှ ပေါ်ထွက်လာကာ သူမ၏ မျက်ခုံးကို ဖိကပ်လိုက်သည်။
လွန်ခဲ့သည့် နှစ် ၅၀၀ခန့်
လွန်ခဲ့သည့် နှစ် ၃၀၀၀ခန့်
လွန်ခဲ့သည့် နှစ် ၈၀၀၀ခန့်
လွန်ခဲ့သည့် နှစ် ၂သောင်းခန့်
“နင်က ဘယ်သူလဲ” အချိန်မြစ်ကြောင်းအတွင်း စကြဝဠာတစ်ပိုင်းအဆင့်ကိုပင် မရောက်သေးသည့် နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးက စူးစူးဝါးဝါး အော်ဟစ်ကာ မေးလိုက်သည်။ သူမ၏ မျက်နှာရှေ့တွင် လက်တစ်ဖက်ရှိနေပြီး သူမ၏ သွေးနီရောင် မျက်လုံးကို ဆွဲထုတ်သွားခဲ့သည်။
အချိန်က ထပ်မံ ပြောင်းလဲသွားခဲ့၏။
သူတို့က စကြဝဠာ၏ အစပိုင်းအခြေအနေဖြစ်သည့် အမှောင်ဂိုဏ်း စကြဝဠာသို့ ရောက်ရှိလာခဲ့သည်။ ယခင်ခေတ်မှ အကြွင်းအကျန်ဖြစ်သည့် မျက်လုံးကြီးက ကြယ်တာရာကောင်းကင်အထက် မျောလွင့်နေလေ၏။ ထိုအရာ၏ အသက်ဓာတ်စွမ်းအားက ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် ကောင်းကင်အထက် လက်တစ်ဖက် ပေါ်ထွက်လာကာ မျက်လုံးကို ဆွဲယူသွားခဲ့သည်။
ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်က ပျံ့နှံ့လာကာ အားလုံးကို တုန်လှုပ်သွားစေသည်။
တိုက်ပွဲကို စောင့်ကြည့်နေသည့်သူများကလည်း စိတ်ထဲတွင် တုန်လှုပ်မှုများကို ခံစားမိလိုက်၏။ တချို့က ထရပ်လိုက်ကြသည်။
အသက်ရှိုက်စာ ၂၀ခန့် ကုန်ဆုံးသွားခဲ့၏။
ကြည့်ရသည်မှာ အသက်ရှိုက်စာ ၂၀ခန့် ကုန်ဆုံးနေခဲ့သော်လည်း လက်တွေ့တွင်မူ အချိန်များစွာ ကုန်လွန်သွားခဲ့သည်။
ဝမ်ပေါင်လဲ့၏ ပုံရိပ်က မှုန်ဝါးနေရာမှ ပြန်လည်ပေါ်ထွက်လာ၏။ သူ့သွင်ပြင်က နဂိုအတိုင်းဖြစ်နေကာ အမူအရာကလည်း ပုံမှန်အတိုင်း ကျန်ရှိနေသည်။ သူ့လက်ထဲတွင် ရှေးဟောင်းအငွေ့အသက် ထုတ်လွှင့်နေသည့် မျက်လုံးတစ်လုံးသာ အပိုရှိလာ၏။
သူ့ရှေ့တွင် နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီး ထွက်ပြေးသွားသည့်နေရာရှိ လေဟာနယ်က ချက်ချင်းဆိုသလို ပျက်ယွင်းသွား၏။ နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက ပြန်လည် ပေါ်ထွက်လာသည်။ သူမ ပေါ်ထွက်လာသည်နှင့် သွေးတစ်ပွက် အန်လိုက်ရ၏။ သူမက ဝမ်ပေါင်လဲ့ကို တစ္ဆေတစ်ကောင် မြင်လိုက်ရသလိုမျိုး မျက်လုံးပြူးမျက်ဆံပြူး ကြည့်လိုက်သည်။ အကယ်၍ တခြားသူသာဆိုပါက အဖြစ်အပျက်ကို မှန်းဆနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူမက အချိန်တာအိုကို ကျင့်ကြံထားသည့်သူ ဖြစ်သည့်အတွက် ဝမ်ပေါင်လဲ့သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိထားလေသည်။ သူမက အချိန်မြစ်ကြောင်းထဲ ဝမ်ပေါင်လဲ့၏ လိုက်လံဖမ်းဆီးမှုကို အကြိမ်များစွာ ခံခဲ့ရ၏။ စကြဝဠာအစောပိုင်း အခြေအနေအထိ သူမ၏ အသိစိတ်အပြည့်အဝ ဖွဲ့တင်မလာခင်အထိဖြစ်ကာ သူမသည် သူမရှေ့တွင် ရှိနေသည့် ထိုသူ့ထံ လုယူခံလိုက်ရသည်။
သူမက လုယူခံလိုက်ရလျှင် အဆင်ပြေသော်လည်း ထိုအရာက အချိန်မြစ်ကြောင်းတွင် ဖြစ်ခဲ့လေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က သူမ၏ နေရာကို ယူသွားသလိုမျိုး ဖြစ်၏။ သူ့လက်ထဲတွင် ရှိနေသည့် မျက်လုံးက သူမ၏ အမြုတေအစစ် ဖြစ်နေသည်။ ယခင် အမြုတေဖြစ်ခဲ့သည့် သူမ၏ မျက်လုံးက ယခုအခါ ပုံရိပ်ယောင် ဖြစ်နေပြီဖြစ်ကာ ထိုအရာဖြင့် မယှဥ်နိုင်တော့ပေ။ သူမ၏ အမြုတေက အတုအယောင် ဖြစ်လာခဲ့၏။
အထဲတွင် ပါဝင်နေသည့် အချိန်တာအိုက နက်ရှိုင်းကာ ရှုပ်ထွေးလှသည်။ သူမကိုယ်တိုင်ပင် နားမလည်နိုင်ပေ။ သူမရှေ့တွင် ရှိနေသည့် ဝမ်ပေါင်လဲ့က အင်မတန် ကြောက်ဖို့ကောင်းကြောင်းသာ ခံစားမိနေ၏။
“မင်းက ငါ့နာမည်ကို ခေါ်မှတော့ စွမ်းရည်တချို့တော့ ရှိရမယ်။ မင်းက အိမ်အကူ လုပ်လိုက်ပေါ့။” ဝမ်ပေါင်လဲ့က သူ့လက်ထဲတွင် ရှိနေသည့် မျက်လုံးကို ကစားရင်း ပြောလိုက်သည်။
နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက တိတ်ဆိတ်သွားလေ၏။ သူမက ခေါင်းငုံ့ထားပြီး ဦးညွတ်လိုက်သည်။
“သခင်လေးကို ဂါရဝပြုပါတယ်”
ဝမ်ပေါင်လဲ့က အရေးမပါသည့် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့သည့်အလား နတ်ဆိုးမျက်လုံးကို လျစ်လျူရှုထားလိုက်သည်။ ထိုအစား သူက ခေါင်းမော့ကာ တိရှန်းကို ကြည့်လိုက်၏။
လက်တွေ့တွင် တိရှန်းက သစ်သားအနှောင်အဖွဲ့များမှ လွတ်မြောက်နေသည်မှာ ကြာမြှင့်လှပြီ ဖြစ်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ အချိန်တာအိုက သူ့စိတ်ထဲ အကြောက်တရားများစွာ ဖြစ်ပေါ်စေသည့်အတွက် မလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
သူက စကြဝဠာအဆင့်ဖြစ်ကာ တစ်ဖက်လူက စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း သူသည် ယခုအခါ ယုံကြည်ချက် မရှိတော့ပေ။
“တာအိုရောင်းရင်း တိရှန်း ကျုပ်တို့တွေ တိုက်အုံးမလား။ ကျုပ်က ဒီကို ရှင်းပြချက် တောင်းခံဖို့ ရောက်နေတာ” ဝမ်ပေါင်လဲ့က ပုံမှန်အတိုင်း ပြောလိုက်သည်။
တိရှန်းက တိတ်ဆိတ်သွားလေ၏။ ခဏအကြာတွင် သူ့အနောက်ဘက်ရှိ လေထုက ပျက်ယွင်းသွားကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူက ကွမ်းမင် ဖြစ်၏။
သူ ပေါ်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့ကို ကြည့်ရင်း သူ့မျက်ဝန်းအထက် အကြောက်တရားတို့ ရှိနေသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် အမှောင်ဂိုဏ်း၏ စကြဝဠာအဆင့် အမှောင်သူတော်စင်လည်း အဝေးတစ်နေရာတွင် ပေါ်ထွက်လာ၏။ တိုက်ပွဲကို ရှောင်ရှားခဲ့သည့် စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်ကလည်း မျက်မှောင်အသာကြုတ်လိုက်သည်။
ခဏအကြာတွင် ကွမ်းမင် ဖြစ်စေ တိရှန်း ဖြစ်စေ သူတို့က တိတ်ဆိတ်လျက် ရှိနေသည်။
ခဏအကြာတွင် တိရှန်း၏ အကြည့်များက အေးစက်လာ၏။ သူက ဝမ်ပေါင်လဲ့ကို ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
“တာအိုရောင်းရင်း ဝမ် မင်းရဲ့ တခြားစွမ်းရည်တွေကိုလည်း သိချင်ပါသေးတယ်”
“သဘောပဲလေ” ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။ သူက ညာဘက်လက်မှ လက် ၅ချောင်းလုံးကို ထုတ်ဖော်လိုက်သည့်အခါ သူ့လက်ထဲ အနီရောင် နေလုံး ပေါ်ထွက်လာသည်။ အဖက်ဖက်ရှိ လေဟာနယ်နှင့် ကြယ်တာရာကောင်းကင်တစ်ခုလုံးက လင်းထိန်သွားသလိုမျိုး ဖြစ်၏။ ဤနေရာတွင် အလင်းရောင်ရှိနေသော်လည်း အားလုံး၏ အမြင်၌ နေရာတစ်ခုလုံးက မှောင်ပိန်းသွားခဲ့သည်။
ဝမ်ပေါင်လဲ့၏ အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ စကြဝဠာအတွင်း ပဲ့တင်ထပ်သွားလေသည်။
“ချန်ယဲ့ပညာရပ်”