တူညီသည့် မဟာတာအို ဇစ်မြစ်
Vol. 89 Ch. 1231
နတ်ဘုရားတိုက်ပွဲဟု ပြောလျှင်ပင် လွန်ကဲရာကျမည် မဟုတ်ပေ။
ထိုမတိုင်ခင်က ဝမ်ပေါင်လဲ့သည် စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည် ရှိသည်ဟု မှတ်ယူထားနိုင်သော်လည်း ထိုအရာက သူ ကြယ်နယ်မြေအဆင့်သို့ တက်လှမ်းပြီးသည့်နောက်တွင် ဂိုဏ်းကြီးအများစု၏ အညံ့ခံမှုပေါ် မူတည်ထားခြင်း ဖြစ်၏။ သို့သော်လည်း သူတစ်ယောက်တည်း ဆိုပါက အဆုံးမဲ့မျိုးနွယ်သည် သူ့ကို သိပ်မျက်လုံးထဲ ထည့်မည် မဟုတ်ပေ။
ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းမှ နတ်ဆိုးသားတော်ကလည်း တူညီသည့်အရာကို စဥ်းစားနေခဲ့လောက်သည်။ ဝမ်ပေါင်လဲ့လိုမျိုး စကြဝဠာတစ်ပိုင်းအဆင့် ကျင့်ကြံသူများက မဟာဒိဋ္ဌိနယ်မြေ၊ မဟာလက်ဝဲတာအိုနယ်မြေနှင့် အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေတို့တွင် တည်ရှိလေသည်။
တာအိုဆရာယန်နှင့် နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးတို့ကပင် ထိုအဆင့် ဖြစ်ကြ၏။ သူတို့က အထွတ်အထိပ် ရောက်ရှိနေသည့် အားကောင်းသော ကျင့်ကြံသူများ ဖြစ်ပေသည်။ သို့သော်လည်း သူတို့က စကြဝဠာအဆင့် မဟုတ်ပေ။ ဝမ်ပေါင်လဲ့ကို အလေးထားသည့် အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့၏ တာအိုက တခြားသူအားလုံးထက် ပိုမိုပြီးပြည့်စုံနေ၍ ဖြစ်၏။ ထို့ကြောင့် သူ့ကို အာရုံစိုက်လာကြခြင်း ဖြစ်သည်။
သို့သော်လည်း ဤမျှသာ ဖြစ်၏။ တကယ့်အကြောင်းအရင်းကမူ သူနှင့် မီးတောက်ခေါင်းဆောင်ကြီးကြားမှ ဆက်ဆံရေးကြောင့် သူတို့အပေါ် စိုးထိတ်နေခြင်း ဖြစ်သည်။ စကြဝဠာအဆင့် တစ်ယောက်နှင့် နှစ်ယောက်သည် လုံးဝကွဲပြားသည့် အဓိပ္ပာယ် ရှိလေသည်။
ထို့ကြောင့် အစောပိုင်းအဆင့်တွင် ဝမ်ပေါင်လဲ့က တခြားသူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူ့ကို အစစ်အမှန် မြင့်တက်သွားစေပြီး အဆုံးမဲ့မျိုးနွယ်က သူ့ကို ကြောက်လန့်သွားစေသည်က သစ်သားတာအို မျိုးစေ့ကြောင့်သာ ဖြစ်၏။ သူသည် အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်ဆီမှ သစ်သားဓာတ်တာအို၏ လုပ်ပိုင်ခွင့်ကို လုယူနိုင်ခဲ့ပြီး နယ်မြေတစ်ခု၏ သစ်သားဓာတ်တာအို ထိန်းချုပ်နိုင်ခဲ့သည်။
ထိုအဖြစ်အပျက်က အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ထို့အပြင် ထိုအရာက ယခင်က မဖြစ်ခဲ့ဖူးပေ။ အားကောင်းသည့် ကျင့်ကြံသူများက ထိုကိစ္စနှင့် ပတ်သက်ပြီး စဥ်းစားနေကြ၏။
ဝမ်ပေါင်လဲ့၏ အဆင့်အတန်းက မီးတောက်ခေါင်းဆောင်ကြီးထက်ပင် ကျော်လွန်သွားခဲ့သည်။ သူက မဟာလက်ဝဲတာအိုနယ်မြေ၌ အာရုံအဖမ်းစားဆုံး တည်ရှိမှု ဖြစ်လာခဲ့၏။ အကယ်၍ သူသာ သူ့နေရာကို ခိုင်မာအောင် လုပ်ပါက သူ့လုပ်ပိုင်ခွင့်သည် ပိုမိုကြီးမားလာလိမ့်မည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က တစ်နှစ်ပတ်လုံး သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေခဲ့ပြီး မလှုပ်ရှားခဲ့ပေ။ ဤသည်က အဖက်ဖက်မှ စူးစမ်းမှုများကို ဖြစ်လာစေသည်။
စူးစမ်းမှုက ပိုမိုကြီးမားလာစဥ် စမ်းသပ်မှုများလည်း ပေါ်ထွက်လာ၏။
ထိုအရာကို သဘောပေါက်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သူ့စွမ်းအားကို ထုတ်ဖော်ပြီး ခြိမ်းခြောက်ဖို့ရာ ရွေးချယ်လိုက်ခြင်း ဖြစ်၏။
သို့သော်လည်း မည်သူကမှ ဤတစ်ကြိမ် စမ်းသပ်မှုသည် သူတို့ထင်ထားသလို ဝမ်ပေါင်လဲ့၏ စွမ်းအားအစစ်အမှန်ကို မြင်တွေ့ခွင့် ရလိမ့်မည်ဟု ထင်မှတ်မထားကြပေ။ သို့သော်လည်း သူ ပြသလာသည့် စွမ်းအားက လူအားလုံး၏ မှန်းဆချက်ထက် ကျော်လွန်နေခဲ့သည်။
ဤသည်က ငါးမြှားသလိုမျိုး ဖြစ်၏။ သူတို့က ငါးမန်းတစ်ကောင် ဖမ်းမိလိမ့်မည်ဟု ထင်မှတ်မထားကြပေ။
လဆုတ်ပညာရပ်က အစကတည်းက အံ့အားသင့် တုန်လှုပ်ဖို့ ကောင်းနေပြီ ဖြစ်သော်လည်း လရိပ်ပညာရပ်က ပိုမိုပင် အံ့အားသင့်ဖို့ ကောင်းသည်။ သို့သော်လည်း နောက်ဆုံးသော ချန်ယဲ့ပညာရပ်က အားလုံး၏ နားလည်နိုင်စွမ်းကို ပြောင်းပြန်လှန်ပစ်လိုက်သလိုမျိုး ဖြစ်၏။ အကြွင်းမဲ့ အလင်းတန်းက နတ်ဧကရာဇ်တစ်ပါးကိုပင် သတ်ပစ်နိုင်သည်။
တခြားသော ဧကရာဇ်တစ်ပိုင်းအဆင့်များက သူတို့၏ အသက်ကို စတေးပါက နတ်ဧကရာဇ်များကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိ၏။ သို့သော်လည်း ထိုအရာက သူတို့၏ အသက်ကို စတေးမှသာ ဖြစ်နိုင်လေသည်။ သူတို့က သေဆုံးသွားပြီး နတ်ဧကရာဇ်က ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်းမျိုးပင် ဖြစ်နေနိုင်၏။
သို့သော်လည်း ဝမ်ပေါင်လဲ့ ပြသခဲ့သည့်အရာက အထိအခိုက်မရှိ သတ်ဖြတ်ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ နောက်ကွယ်တွင်ရှိသည့် အဓိပ္ပာယ်က လုံးဝကွဲပြားနေသည်။ ဝမ်ပေါင်လဲ့ကို စကြဝဠာတစ်ပိုင်းအဆင့်အဖြစ် ယူဆ၍ မရတော့ပေ။ သူက တကယ့်အစစ်အမှန် စကြဝဠာအဆင့် ကျင့်ကြံသူ ဖြစ်လာလေပြီ။ တိုက်ခိုက်စွမ်းရည်အရ သူသည် အစောပိုင်းအဆင့် ကျင့်ကြံသူများထက်ပင် ကျော်လွန်နေ၏။ ထို့ကြောင့် ဤတိုက်ပွဲက နတ်ဘုရားကြားမှ တိုက်ပွဲ ဖြစ်ခဲ့သည်။
ထိုတိုက်ပွဲပြီးသည့်နောက်တွင် အဆုံးမဲ့တာအိုနယ်မြေရှိ စကြဝဠာအဆင့် ကျင့်ကြံသူအားလုံးက ဝမ်ပေါင်လဲ့ကို သူတို့နှင့် တန်းတူ မြင်လာကြသည်။ တကယ်တော့ သူတို့ ခံစားခဲ့ရသည့် အန္တရာယ်က တခြားသော နတ်ဧကရာဇ်များထံ ခံစားခဲ့ရတာထက်ပင် ပိုမိုကျော်လွန်နေ၏။
အကယ်၍ ဝမ်ပေါင်လဲ့ကို တိုက်ခိုက်စွမ်းရည်ဖြင့် အဆင့်စီပါက သူသည် အလယ်အလတ် စကြဝဠာအဆင့် ကျင့်ကြံသူများကြားတွင် ရှိလိမ့်မည်။ အဆုံးမဲ့တာအိုနယ်မြေတွင် အလယ်အလတ် စကြဝဠာအဆင့် ကျင့်ကြံသူနှစ်ဦးသာ ရှိလေ၏။ ထိုသူတို့က ကျိကျားနှင့် နတ်ဆိုးသားတော်တို့ ဖြစ်ကြသည်။ သူတို့က အလယ်အလတ်အဆင့်တွင် ဖြစ်ကြ၏။
ကွမ်းမင်၊ စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်နှင့် အမှောင်သူတော်စင်တို့ကမူ အစောပိုင်းအဆင့်မျှသာ ရှိသည့်အတွက် သူတို့က တတိယအဆင့်တွင် ရှိ၏။
နှောင်းပိုင်းအဆင့်နှင့်အထက် သူများအတွက်မူ ဝေ့ယန်ကျစ်နှင့် ချန်ရှင်းတို့သာ ရှိလေသည်။
ရှဲ့မိသားစုခေါင်းဆောင်ကြီးအတွက်မူ သူက နှောင်းပိုင်းအဆင့်သို့ မရောက်သေးသော်လည်း အင်မတန် နီးကပ်နေပြီ ဖြစ်၏။ ထို့ကြောင့် သူသည် ဒုတိယအဆင့်တွင် ရှိနေသော်လည်း ပထမအဆင့်ဟု ယူဆနိုင်သည်။
အမြင်နှင့်ပင် ဝမ်ပေါင်လဲ့ ပြသခဲ့သည့် စွမ်းအားက အစောပိုင်းအဆင့်ထက် ကျော်လွန်နေသည့်အတွက် တည်ငြိမ်သည့် ဒုတိယအဆင့်တွင် ဖြစ်သည်။
ဤသို့သော စွမ်းအားမျိုးက အဆုံးမဲ့တာအိုနယ်မြေရှိ အင်အားစုနှင့် မျိုးနွယ်အသီးသီး၏ စိတ်နှလုံးသားကို လှုပ်ခတ်သွားစေသည်။ အထူးသဖြင့် မဟာလက်ဝဲတာအိုနယ်မြေအတွင်း ဖြစ်၏။ ပြည်ထောင်စုကြီးကို ရန်စထားကြသည့် ဂိုဏ်းကြီးတချို့က ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။
သူတို့နှင့် ယှဥ်လိုက်ပါက အခုအခါ အစိုးရိမ် အပူပန်ဆုံးသူက ရွှမ်ဟွားသာ ဖြစ်၏။
ဝမ်ပေါင်လဲ့၏ တိုက်ကွက်ကို ခံပြီးသည့်နောက်တွင် သူက ပုံမှန်ဖြစ်နေသော်လည်း သူ့စိတ်ထဲ၌မူ အံ့သြတုန်လှုပ်မှု ပြည့်နှက်နေသည်။ ထိုအကြောင်းအရင်းကြောင့် သူသည် အဆုံးမဲ့မျိုးနွယ်သို့ ပြန်လာပြီး ပထမဦးဆုံးလုပ်သည့်အရာက သီးသန့်ကျင့်ကြံရေး ဝင်ရောက်ကာ အဆက်အသွယ်အားလုံးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်၏။ အကြောင်းအရင်းကမူ သူသည် သူ့ကျင့်ကြံဆင့်ကို ထိန်းမထားနိုင်တော့ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုအရာက အဆင့်တက်လှမ်းခြင်း မဟုတ်ဘဲ အဆင့်နိမ့်ကျသွားခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့က ဝဲကတော့၏ ရလဒ် ဖြစ်သည်။ သူ့တာအိုက ထိုအရာနှင့် ထိတွေ့သွားသည်နှင့် အလိုလိုအသက်ဝင်လာကာ ထိန်းချုပ်မှု ကင်းလွတ်သွားခဲ့သည်။ ထိုအရာက သူ့ကို အထိတ်လန့်စေဆုံးအရာ မဟုတ်သေးပေ။ သူ့ကို အထိတ်လန့်စေဆုံးအရာက သူ့စိတ်ထဲတွင် နောက်ထပ်အပို အတွေးတစ်ခု ရှိနေသလိုမျိုး ဖြစ်၏။ ထိုအတွေးက သူ့အား ဝမ်ပေါင်လဲ့ထံ ဦးညွတ်စေခိုင်းခြင်း ဖြစ်သည်။ ထိုအရာက သူ့စိတ်ထဲ မျိုးစေ့တစ်ခုလို ဖြစ်နေကာ ပိုမိုအားကောင်းသထက် အားကောင်းလာသည်။
တစ်ခုခုတော့ မှားနေပြီ …
ထိုအတွေးက တိုက်ပွဲပြီးသည့်နောက်တွင်ပင် ပျောက်ကွယ်မသွားခဲ့ပေ။ ထိုအရာက ယခင်က ပေါ်ထွက်လာခဲ့သော်လည်း သတိထားမိဖို့ရာအတွက် အင်မတန် အားပျော့လွန်းနေသည်။
အဲဒီအရာကို ကြည့်လိုက်မှ ငါက ဝမ်ပေါင်လဲ့ကို စမ်းသပ်ဖို့ ဘာလို့တွေးမိသွားတာတုန်း။ ပြီးတော့ လှုပ်ရှားလိုက်သေးတယ်။ အဲဒီအတွေးတွေက ပြဿနာပဲ …
ရွှမ်ဟွား၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ့ကျင့်ကြံဆင့်ဖြင့်ပင် သူ့ကို ခေတ္တမျှ အရူးလုပ်နိုင်မည်ဆိုပါက အချိန်ကြာကြီး အရူးလုပ်ထားဖို့ မဖြစ်နိုင်ပေ။ သူက အကြောင်းအရင်းကို မည်သို့မသိဘဲ နေမည်နည်း။
တူညီသည့် မဟာတာအို ဇစ်မြစ်ကြောင့် ဖြစ်သည်။
ရွှမ်ဟွားက အမူအရာ ပျက်ယွင်းသွား၏။ သူ ကျင့်ကြံသည့်တာအိုက သစ်သားဓာတ်တာအို ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့က မိုးကောင်းကင်တာအိုဆီမှ လုပ်ပိုင်ခွင့်ကို ဖယ်ရှားခဲ့လျှင်ပင် သူ့ကျင့်ကြံဆင့်က စကြဝဠာအဆင့် မဟုတ်သည့်အတွက် သူ့အပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ထင်ခဲ့မိသည်။ တကယ်တော့ ဆန့်ကျင်ဖက် ဖြစ်နေလေ၏။ အကယ်၍ သူသာ တစ်ဖက်လူကို ဖိနှိပ်ထားနိုင်သရွေ့ မဟာတာအိုကို ဖယ်ရှားနိုင်စွမ်းရှိလေသည်။
သို့သော်လည်း သူက ဤအတွေးကို အကြာကြီးတွေးမိလိမ့်မည်ဟု ထင်မှတ်မထားပေ။ ထိုအရာကို ကြည့်လိုက်ပါက တစ်ဖက်လူ၏ သစ်သားဓာတ်တာအို ဖွဲ့စည်းသည့် အခိုက်အတန့်တွင် သူက သက်ရောက်ခံလိုက်ရဟန်ပေါ်သည်။ ထို့နောက် သူတို့သည် တာအိုချင်းထိတွေ့ အနီးကပ် တိုက်ခိုက်ခဲ့စဥ်အခါက လွှမ်းမိုးမှုအဆင့်သည် သိသိသာသာ တိုးမြင့်လာသည်။
ငါ လက်မလျော့နိုင်ဘူး …
ရွှမ်ဟွား၏ အမူအရာက ပျက်ယွင်းနေပြီး နဖူးအထက် သွေးကြောများ ထောင်ထွက်နေသည်။ သူက အင်အားကုန်သုံးကာ ကျင့်ကြံဆင့်ကို ထိန်းထားလိုက်သည်။ သူ့အတွက် ထိုအရာကို ဖိနှိပ်ဖို့ အတွေးက စိတ်နတ်ဆိုး ဖြစ်လာခဲ့၏။ လက်တွေ့တွင် စိတ်နတ်ဆိုးဟူသည့် စကားကို သုံးခြင်းက အမှန်တကယ် သင့်တော်လှသည်။
သစ်သားမျိုးစေ့ကို ဖွဲ့စည်းပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သူ့တာအိုကို ကျင့်ကြံထားသည့် သက်ရှိများ အားလုံးကို စိတ်နတ်ဆိုး ဖြစ်လာအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။ ရွှမ်ဟွား၏ အကဲဖြတ်မှုက လုံးလုံးမှားနေခြင်း မဟုတ်ပေ။ သူ့အတွေးများက ဝမ်ပေါင်လဲ့ဆီမှ ရောက်ရှိလာခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့က သစ်သားမျိုးစေ့ကို ဖွဲ့စည်းပြီးသည်နှင့် အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေမှ ရွှမ်ဟွားကို ခံစားမိခဲ့သည်။
သို့သော်လည်း စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် ထိုသူကို ထိန်းချုပ်ဖို့ မလွယ်ကူလှပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့က သီးသန့်ကျင့်ကြံနေစဥ်အတွင်း သူနှင့် ထိတွေ့ဖို့ ခွင့်ပြုထားရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သို့သော်လည်း ချန်ရှင်း၏ ပူးပေါင်းမှု မရှိဘဲ ဝမ်ပေါင်လဲ့က အကျိုးမြတ်များများ ရိတ်သိမ်းနိုင်မည် မဟုတ်ပေ။ ချန်ရှင်း၏ အကူအညီက ဝမ်ပေါင်လဲ့အား သူ့အရှိန်အဝါကို အဆုံးအစွန်ထိ တွန်းပို့နိုင်ခဲ့သည်။
သူက မဟာလက်ဝဲတာအိုနယ်မြေသို့ ပြန်ရောက်လာသည်နှင့် ရွှမ်ဟွား၏ ရုန်းကန်မှုကို ခံစားမိလိုက်သည်။ သူက အဝေးကို လှမ်းကြည့်လိုက်ပြီး ပြုံးကာ လျစ်လျူရှုလိုက်သည်။ သူက လက်ထဲတွင် မျက်လုံးပုံစံ ပုတီးစေ့ကို ကိုင်ဆောင်ထားပြီး အင်္ဂါဂြိုဟ်ပေါ် ပျံသွားလေ၏။
အင်္ဂါဂြိုဟ်ပေါ် ပြန်ရောက်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက သူ့ရှေ့တွင် ပေါ်ထွက်လာ၏။ သူမ မျက်ဝန်းအထက် စိတ်လှုပ်ရှားမှုတို့ ရှိနေသည်။
နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီးက ဆွဲဆောင်မှုရှိသည့် သွင်ပြင်မျိုးရှိကာ ခေါင်းကို ညွှတ်ထားပြီး ဝမ်ပေါင်လဲ့ရှေ့ ဒူးထောက်လိုက်ပြီး ကောက်ကြောင်းကို ပြသထား၏။ သူမအတွက် ဤသည်က အားကောင်းသည့် သူတစ်ယောက်ထံ အလိုလျောက် ပြုမူသည့် တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပေသည်။
“သခင်လေးကို ဂါရဝပြုပါတယ်”
“အဆုံးမဲ့မျိုးနွယ်ဆီ သွားပြီးတော့ ငါ့ကိုယ်စား ဖြေရှင်းချက် တောင်းခဲ့”
“အမိန့်အတိုင်းပါ” နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက ညင်ညင်သာသာ ပြောလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ဖြတ်ခနဲ လှုပ်ရှားသွားပြီး လေဟာနယ်ထဲ ပျောက်ကွယ်သွား၏။