← Chapters

ပြည်ထောင်စုကြီး၏ အထွတ်အမြတ် ပိုင်နက်

Vol. 89 Ch. 1232

ပြည်ထောင်စုကြီး၏ အထွတ်အမြတ် ပိုင်နက်

Vol. 89 Ch. 1232

နတ်မျက်လုံး ခေါင်းဆောင်ကြီးက ဝမ်ပေါင်လဲ့သည် သူမဆီမှ ဘာလိုချင်မှန်း မသိသလို မေးလည်း မမေးရဲပေ။ သူမက ဤခရီးစဥ်နှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားနေမိ၏။ သူမက စကြဝဠာတစ်ပိုင်းအဆင့် ဖြစ်ပြီး တန်ဖိုး ရှိသည်။ အကယ်၍ အဆုံးမဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးက လှုပ်ရှားလာပါက သူမသည် ဤအကျပ်အတည်းမှု လွတ်မြောက်ပြီး လွတ်လပ်ခွင့်ကို ပြန်လည်ရယူနိုင်လိမ့်မည်။

သို့သော်လည်း သူမ၏ အမြုတေက ဝမ်ပေါင်လဲ့ လက်ထဲတွင် ရှိနေသည့်အတွက် သိပ်တော့ ယုံကြည်ချက် မရှိလှပေ။

သူမက ရှုပ်ထွေးသည့် အတွေးများဖြင့် ပျောက်ကွယ်သွားလေ၏။ သူမ ပျောက်ကွယ်သွားသည်နှင့် ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ တည်တည်ငြိမ်ငြိမ် ကြည့်လာသည်။ သူက ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လိုက်၏။

သူက တန်ကြေးတစ်ခု မသတ်မှတ်ခဲ့ပေ။ ထိုအရာက သူ ခံစားမိသည့် အဆုံးမဲ့မျိုးနွယ်ထဲမှ မြေဓာတ်တာအို ပစ္စည်းကို ရဖို့ရာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။

ထိုအရာကို ရဖို့ တွက်ချက်မှု အမြောက်အမြား လိုအပ်၏။ ထို့ကြောင့် သူက အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေသို့ သွားပြီးသည့်နောက်တွင် တိရှန်းကို ပထမဆုံးရှာခဲ့ခြင်း ဖြစ်၏။ အကြောင်းအရင်းကမူ ဤသည်က သူသည် အဆုံးထိ ထိုသူ့နောက်ကို မလိုက်ဘဲ အသက်ကို ချမ်းသာပေးခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်နေသည်။

တိရှန်း၏ တာအိုက တောင် ဖြစ်၏။ တောင်နှင့် မြေဓာတ်က တူညီလေရာ ဇစ်မြစ်ကို နောက်ယောင်ခံပါက မြေဓာတ်တာအို အမျိုးအစားသာ ဖြစ်လေသည်။

ငါက သူ့ဝိညာဥ်လောက်ပဲ ကျန်အောင် ဒဏ်ရာအပြင်းအထန် ပေးခဲ့တာ။ တခြားအချိန်မှာဆိုရင် အဆင်ပြေပေမဲ့ အမှောင်ဂိုဏ်းနဲ့ တိုက်ပွဲကြားမှာ နတ်ဧကရာဇ်တစ်ယောက် ဆုံးရှုံးသွားတဲ့ တန်ကြေးက အဆုံးမဲ့မျိုးနွယ်အနေနဲ့ လက်ခံနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ အဲဒါကို နဂိုအတိုင်း ဖြစ်စေချင်တယ်ဆိုရင် တူညီတဲ့ တာအိုဇစ်မြစ်ရှိတဲ့ အထွတ်အထိပ် ရတနာတွေနဲ့ ပေါင်းစည်းဖို့ပဲ …

ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွား၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ဝမ်ပေါင်လဲ့၏ အတွေးများကို မြင်နိုင်ပါက သူတို့သည် ထိတ်လန့်သွားကြလိမ့်မည်။ သူက ဟိုးအစကတည်းက စီစဥ်ထားပြီးသားဖြစ်ရာ ရွှမ်ဟွားက သူ့ကို တိုက်ခိုက်လာခြင်း၊ သူကိုယ်တိုင်က အလယ်ပိုင်းအဆုံးမဲ့နယ်မြေသို့ သွားကာ သောင်းကျန်းခဲ့ခြင်းတို့လည်း ပါဝင်သည်။ ရွှမ်ဟွား သီးသန့်ကျင့်ကြံနေစဥ်အတွင်း သူက တိရှန်းကို ထိနှက်ချက် ကြီးကြီးမားမား ပေးခဲ့သည်။

သူသည် လူ့စိတ်နှလုံးသားကို ဆွဲကိုင်ထားပြီး အခြေအနေ တွက်ချက်ထားမှုက အင်မတန် ကြောက်စရာကောင်းနေသည်။

ဝမ်ပေါင်လဲ့က ပြုံးလိုက်၏။ သူက မျက်မှောင်ကြုတ်လျက် မရှိတော့ပေ။ အစမှ အဆုံးအထိ သူ စီစဥ်ထားသည်လား သို့မဟုတ် နောက်ဆုံးအခိုက်အတန့်မှာ သူ လုပ်ဆောင်လိုက်သည်လားကို သူကလွဲ၍ ဘယ်သူမှသိမည် မဟုတ်ပေ။

အမှန်တရားက အရေးမကြီးလှပေ။ တကယ့်အရေးကြီးသည်က ဝမ်ပေါင်လဲ့သည် သူ့ရည်မှန်းချက် တစ်ဝက်ကို အောင်မြင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူသည် နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက မည်သည့်တန်ကြေးကို တောင်းဆိုစေခဲ့ကာမူ ဂရုမစိုက်ခြင်း ဖြစ်သည်။

အဆုံးမဲ့မျိုးနွယ်က မည်သည့်တန်ကြေးကို ပေးဆပ်စေကာမူ ကိစ္စမရှိပေ။ သူက မကျေနပ်မှုကို ဖော်ပြဖို့ အကြောင်းအရင်းအဖြစ် အသုံးပြုနိုင်သည်။ ထို့နောက် သူက ယခင် ကြားနေအခြေအနေကို ပြန်လည်ထိန်းထားလိုက်မည်။

“အမှောင်ဂိုဏ်းနဲ့ အဆုံးမဲ့မျိုးနွယ်တို့က ဆက်တိုက် တိုက်နေအုံးမဲ့ပုံပဲ။ သူတို့က အောက်ခြေစည်းမျဥ်းတော့ ထိန်းထားကြတုန်းပဲ။ ငါ့အတွက် အကောင်းဆုံးက နည်းနည်းလောက်လေး လှုပ်ရှားပြီး အဆုံးမဲ့မျိုးနွယ်ရဲ့ အောက်ခြေစည်းမျဥ်းကို ထိလိုက်တာပဲ”

ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က မျက်လုံးမှိတ်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။ သူ့တကယ့် ခန္ဓာကိုယ်က ကမ္ဘာမြေတွင် ရောက်ရှိလာပြီး သူ့ဆရာ၏ အိမ်ထဲ လျှောက်လှမ်းလာသည်။

သူက ဆရာနှင့် ဆွေးနွေးဖို့ လိုအပ်သည့် ကိစ္စတချို့ ရှိနေလေသည်။ သိပ်မကြာခင် ဆရာနှင့် ဆွေးနွေးခဲ့ပြီး မဟာမိတ်အစည်းအဝေး ကျင်းပခဲ့သည်။ နေအဖွဲ့အစည်းရှိ လူမူအဖွဲ့အစည်း အသီးသီးမှ အားကောင်းသည့်သူများက ကမ္ဘာမြေတွင် စုဝေးနေကြ၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။ မဟာမိတ်အစည်းအဝေး ဆက်လက်ကျင်းပနေစဥ်အတွင်း နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးက ပြန်လည်ရောက်ရှိလာသည်။ သူမက အတော်လေး စိတ်ဓာတ်ကျနေဟန်ပေါ်၏။ သို့သော် သူမ တတ်နိုင်သည့်အရာ မရှိပေ။ အဆုံးမဲ့မျိုးနွယ်သို့ သွားရာခရီးလမ်းတွင် သူမက အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် မဆုံခဲ့ရပေ။ သူက ထိုနေရာတွင် မရှိသည်လား သို့မဟုတ် သူမကြောင့် ဝမ်ပေါင်လဲ့ကို ဆက်လက် ရန်မပြုချင်သည်လား မသိရပေ။

အဆုံးသတ်တွင် သူမက စိတ်ရှုပ်ထွေးသည့် ခံစားချက်များနှင့်အတူ နေအဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိလာ၏။ တစ်ချိန်တည်းဆိုသလို သူမက အဆုံးမဲ့မျိုးနွယ်မှ ပေးလိုက်သည့် အရင်းအမြစ် မြောက်များစွာကို သယ်ယူလာခဲ့သည်။ ဤသည်က အဆုံးမဲ့မျိုးနွယ် ပေးရမည့်တန်ကြေး ဖြစ်၏။

ဝမ်ပေါင်လဲ့က တိရှန်းအပေါ် အနိုင်ရရှိမှုကြောင့် ဤသို့ လုပ်ပိုင်ခွင့်မျိုး ရှိလာခဲ့သည်။ ထိုအရာက အမှောင်ဂိုဏ်း၏ တည်ရှိမှုကိုလည်း ထည့်သွင်းစဥ်းစားထားခြင်း ဖြစ်၏။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်သည် ဤကိစ္စကို မျိုသိပ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ဆိုလိုသည်မှာ ဝမ်ပေါင်လဲ့တွင် လုပ်ပိုင်ခွင့် ရှိနေလေ၏။

အကြောင်းပြချက်ဆိုသည့် စကားက အားနည်းသူများအပေါ် သက်ရောက်မှု မရှိသော်လည်း အားကြီးသည့်သူများအပေါ် ကောင်းကောင်းကြီး သက်ရောက်မှု ရှိလေသည်။ ထို့အပြင် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ ဖိတ်ကြားမှုနှင့် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း၏ နတ်ဆိုးသားတော်တို့၏ ထောက်ပံ့မှုတို့ကြောင့် အဆုံးမဲ့တာအိုနယ်မြေအတွင်း ကွဲပြားမှုတချို့ ဖြစ်လာခဲ့သည်။

ဤတစ်ကြိမ် သူတို့က အတင်းအကျပ် မဖိနှိပ်နိုင်ပါက တောင့်ခံထားပြီး အချိန်ဆွဲရုံသာ တတ်နိုင်လေသည်။

ရှေ့တစ်ခုက လက်တွေ့မဆန်လှပေ။ ထိုအရာက လုံလောက်သည့် အင်အားနှင့် သတ္တိကောင်းမှုတို့ လိုအပ်ပေသည်။ အဆုံးမဲ့မျိုးနွယ်တွင် ခေါင်းဆောင်ကြီးက အမိန့်မပေးသရွေ့ တခြားသော နတ်ဧကရာဇ်များက အလောင်းအစား မထပ်ရဲကြပေ။

ထို့ကြောင့် လက်ရှိအခြေအနေ ဖြစ်ပေါ်လာခြင်း ဖြစ်၏။

နတ်ဆိုးမျက်လုံးခေါင်းဆောင်ကြီး ပြန်ရောက်လာပြီး ခုနှစ်ရက်မြောက်နေ့တွင် မီးတောက်ခေါင်းဆောင်ကြီး၏ အကြံပြုမှုကြောင့် နေအဖွဲ့အစည်း မဟာမိတ်အစည်းအဝေးက ကိစ္စတစ်ခုကို ဆုံးဖြတ်နိုင်ခဲ့သည်။

နေအဖွဲ့အစည်းက မဟာလက်ဝဲတာအိုနယ်မြေမှ ခွဲထုတ်မည် ဖြစ်သည်။ နာမည်အားဖြင့် ထိုအရာသည် အဆုံးမဲ့မျိုးနွယ် မဟာမိတ်မှ ခွဲထွက်ပြီး အထွတ်အမြတ် ပိုင်နက်ဟူသော စကားလုံးကို ထည့်လိုက်သည်။

ပြည်ထောင်စုကြီး၏ အထွတ်အမြတ်ပိုင်နက် ဖြစ်ပေသည်။

ထိုအကြောင်းကို စကြဝဠာကြီးထဲ ကြေညာခဲ့ပြီး လူမှုအဖွဲ့အစည်း၊ ဂိုဏ်းများနှင့် မိသားစုဝင်များလည်း အထွတ်အမြတ်ပိုင်နက် ဝင်ရောက်ဖို့ရာ ကြိုဆိုကြောင်း ကြေညာခဲ့သည်။

ထိုဆုံးဖြတ်ချက် ချပြီးသည့်အခါ အဆုံးမဲ့တာအိုနယ်မြေအတွင်း ဂိုဏ်းများနှင့် မျိုးနွယ်များက ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ သူတို့က ထိုသို့သော ကိစ္စများသည် ရှားပါးလွန်းလှသည့်အတွက် မယုံကြည်နိုင်ကြပေ။ သို့သော်လည်း သေချာစဥ်းစားကြည့်ပါက လက်ရှိပြည်ထောင်စုကြီး၏ အနေအထားသည် ထိုသို့လုပ်နိုင်ဖို့ရာ အရည်အချင်း ပြည့်မှီ၏။ လက်ရှိပတ်ဝန်းကျင်တွင် ပြည်ထောင်စုကြီး၌ တာအိုနယ်မြေတွင် ထိပ်သီးဟု မှတ်ယူနိုင်သည့် ဝမ်ပေါင်လဲ့၊ မီးတောက်ခေါင်းဆောင်ကြီးနှင့် နတ်ဆိုးမျက်လုံးကဲ့သို့ စကြဝဠာတစ်ပိုင်းအဆင့် နှစ်ယောက်လည်း ရှိထားသည်။ ထို့အပြင် သူတို့က လောကအဆင့်မြင့် ချပ်ပြားဝိုင်းကဲ့သို့သော ရတနာမျိုးလည်း ပိုင်ဆိုင်ထား၏။

ထို့ကြောင့် ဤသို့သော အင်အားစုမျိုးက အဆုံးမဲ့မျိုးနွယ်၏ ဝဲဂယက်မှ ထွက်သွားလိုသည်မှာ အဓိပ္ပာယ် ရှိ၏။

သို့သော်လည်း ထိုကိစ္စရပ်က ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သော်လည်း ပြည်ထောင်စုကြီးနှင့် တိတ်တဆိတ် ဆွေးနွေးခဲ့သည့် ဂိုဏ်းငယ်နှင့် မျိုးနွယ်များစွာ ရှိနေသည်။ မဟာလက်ဝဲတာအိုနယ်မြေရှိ ဂိုဏ်းကြီးအများစုနှင့် မျိုးနွယ် အများစုကမူ ဆက်လက်စောင့်ကြည့်နေကြ၏။

အဆုံးမဲ့မျိုးနွယ်၏ ဖိအားက ကြီးမားလှသည့်အတွက် သူတို့က အလျင်စလို မဆုံးဖြတ်ရဲကြပေ။ အကယ်၍ အဆုံးမဲ့မျိုးနွယ်က ဤကိစ္စကြောင့် ဒေါသထွက်သွားပြီး စစ်ပွဲစတင်လာပါက သူတို့သည် တောင့်ခံနိုင်မည် မဟုတ်ပေ။

တစ်ချိန်တည်းဆိုသလို မဟာလက်ဝဲတာအိုနယ်မြေရှိ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများကလည်း ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး တုံ့ဆိုင်းနေကြသည်။ သို့သော်လည်း သိပ်မကြာခင် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ကိုအခွင့်အရေးကို အရယူကာ ပြည်ထောင်စုကြီးအား ထိုအပြုအမူအတွက် ရှုံ့ချကြောင်း ကြေညာခဲ့သည်။

တခြားသော ဂိုဏ်းကြီးများကလည်း တုံ့ပြန်ခဲ့ကြ၏။ တစ်ချိန်တည်းဆိုသလို အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေက ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှထုတ်ပြောမလာခဲ့ပေ။ သို့သော်လည်း ကွမ်းမင်က အဆုံးမဲ့မျိုးနွယ်ကို ဦးဆောင်ကာ အမှောင်ဂိုဏ်းနှင့် တိုက်ပွဲဖြစ်ခဲ့သည့် တိုက်ပွဲကွင်းပြင် အပြင်ဘက်တွင်နေရင်း မဟာလက်ဝဲတာအိုနယ်မြေ နယ်နိမိတ်တွင် စခန်းချထားကြသည်။

တစ်ချိန်တည်းဆိုသလို အဆုံးမဲ့မျိုးနွယ်မှ ပိုမိုအားကောင်းသည့် နတ်ဘုရားအသိစိတ်က မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးဆီ ပျံ့နှံ့လာကာ ဖိအားပေးနေသည်။ ထိုအရာ ဖြတ်သန်းသွားသည်နှင့် ကြယ်စင်အားလုံးက ပျက်သုဥ်းသွားပြီး သက်ရှိမြောက်များစွာပင် တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။ နောက်ဆုံးတွင် နေအဖွဲ့အစည်း အပြင်ဘက်သို့ ကျရောက်လာ၏။

နေအဖွဲ့အစည်းတစ်ခုလုံးက လှုပ်ခါသွားကာ ပြိုလဲတော့မလို ဖြစ်သွားသည်။ ဝမ်ပေါင်လဲ့၏ ဓမ္မခန္ဓာကိုယ်က ခေါင်းမော့ကာ မျက်လုံးဖွင့်ကာ ထိုနတ်ဘုရား အသိစိတ် ရောက်လာသည့်နေရာကို ကြည့်လိုက်သည်။ သူက ကြယ်တာရာကောင်းကင်၏ အဆုံးသတ်ကို မြင်နေရဟန်ပေါ်သည်။ အဆုံးမဲ့မျိုးနွယ်၏ မြို့တော်အတွင်း နတ်ဘုရားတစ်ပါးက သူ့ကို အေးစက်စက် ကြည့်နေသည်။

“လူကြီးမင်း ဝေ့ယန်ကျစ်” ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်ကာ ပြောလိုက်သည်။

“ဝမ်ပေါင်လဲ့ လွန်လွန်းမလာနဲ့။ ငါက မင်းကို မဖျက်ဆီးနိုင်ဘူးလို့များ ထင်နေလား။”

နတ်ဘုရားအသိစိတ်မှ အေးစက်စက် သရော်သံ ထွက်ပေါ်လာပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။

အဆုံးမဲ့မျိုးနွယ်က ပြင်ပလောကထံ သူတို့၏ ရပ်တည်မှုကို မဖော်ပြခဲ့သော်လည်း ကွမ်းမင်၏ စခန်းချရာဖြစ်စေ သို့မဟုတ် အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ နတ်ဘုရား အသိစိတ်ဖြစ်စေ အားလုံးက လူမှုအဖွဲ့အစည်းနှင့် မျိုးနွယ်များအား ပြည်ထောင်စုကြီးနှင့် မပတ်သက်နိုင်အောင် ပြုလုပ်ထားလေသည်။

ထိုအခိုက်အတန့်တွင် ပြည်ထောင်စုကြီးက တစ်ကိုယ်တော်ပြပွဲ ကျင်းပနေဟန်ပေါ်၏။ သို့သော် လက်တွေ့တွင်မူ ထိုအရာအားလုံးက ဝမ်ပေါင်လဲ့၏ တွက်ဆမှုအတွင်း ရှိနေလေသည်။

“ဒီလိုသတိပေးမှုမျိုးက ကြည့်ရတာတော့ စည်းတော့ ကျော်မလာသေးဘူးပဲ” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

All Chapters