ရေနှင့် သစ်သား
Vol. 89 Ch. 1234
ဝမ်ပေါင်လဲ့က ဘယ်အချိန်ကမှန်း မသိသော်လည်း သူ ပြောင်းလဲသွားကြောင်း သဘောပေါက်သွားခဲ့သည်။ သူသည် ပိုမို တည်ငြိမ်လာ၏။ ဖြစ်နိုင်သည်မှာ သူ့လွတ်လပ်မှုတာအိုကို နားလည်ပြီးသည့်နောက်တွင် ဖြစ်နိုင်သည်။
သူက ကြယ်နယ်မြေအဆင့် ဝင်ရောက်သွားသည့် အခိုက်အတန့်တွင်လည်း ဖြစ်နိုင်၏။ သူ့ခန္ဓာကိုယ်ရှိ တချို့အနှောင်အဖွဲ့များက ရှိနေဆဲဖြစ်သော်လည်း သူက မျှော်လင့်ချက် ရှိလာမိသည်။
သူက စတင်ကျင့်ကြံကတည်းက “မဖြစ်နိုင်တာ မရှိဘူး” ဟူသော စကားနောက်ကွယ်မှ နက်နဲသော အဓိပ္ပာယ်ကို နားလည်သွားသည့်အတွက်လည်း ဖြစ်နေနိုင်သည်။
ဝမ်ပေါင်လဲ့က ဤအပြောင်းအလဲသည် ကောင်းသည်လား ဆိုးသည်လား မသိပေ။ သို့သော်လည်း သူက သူ ချစ်မြတ်နိုးရသည့် သူများနှင့် ပတ်သက်ပြီး ပြောင်းလဲသွားခြင်း မရှိကြောင်း သိထားသည်။
တခြားတစ်ဖက်တွင် သူက သူ့အတွက် အရေးမပါသည့်သူများထံ ပိုမိုအေးစက်လာ၏။ ထိုအစွန်းရောက် သဘောတရား နှစ်ခုက ဝမ်ပေါင်လဲ့အား အပြင်လူများအမြင်တွင် ပိုမိုအေးစက်ဟန်ပေါ်စေသည်။
ဤသို့ဖြင့် ဝမ်ပေါင်လဲ့သည် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ မန္တန်အစီအရင်အတွင်း ဝင်ရောက်လိုက်သည်။
သူ ခြေချလိုက်သည်နှင့် အစီအရင်မန္တန်တစ်ခုလုံးက တုန်ခါသွားပြီး သံကြိုးကိုးကြိုး၊ ဥက္ကာပျံ၊ မီးပြင်းဖို၊ ပုဆိန်နှင့် လူ့ဘီလူးကြီးတို့ကပင် တုန်ခါသွားကြသည်။
ထိုတုန်ခါမှုက လမ်းစဥ်ကိုးသွယ်တာအို၏ ကြယ်နယ်မြေတစ်ခုလုံးကို တုန်ခါသွားစေသည့်အတွက် အထဲရှိ ကျင့်ကြံသူများနှင့် ဂြိုဟ်များကလည်း အပြင်းအထန် တုန်ယင်သွားကြသည်။ ဂိုဏ်းကြီး ၅ဂိုဏ်းမှ ကျင့်ကြံသူအမြောက်အမြားကလည်း သွေးအန်သွားကြ၏။ သူတို့၏ မျက်ဝန်းထဲ အမုန်းတရားဖြင့် ပြည့်နှက်နေသည်။
ဝမ်ပေါင်လဲ့က သူတို့၏ အကြည့်ကို ခံစားမိသော်လည်း တိတ်ဆိတ်နေလျက်သာ ကျန်ရှိနေသည်။ သူ အဆင့်တက်သွားစဥ်အခါက ဂိုဏ်းကြီး ၅ဂိုဏ်း၏ အပြုအမူများနှင့် အဆုံးမဲ့မျိုးနွယ်အပေါ် ဆက်တိုက်ထောက်ပံ့ပေးမှုတို့ကြောင့် သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးပြီးသား ဖြစ်၏။
သို့သော်လည်း ဝမ်ပေါင်လဲ့က အောက်ခြေစည်းမျဥ်း ရှိသည့်သူ ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူက ဒုတိယခြေလှမ်း လှမ်းသည့်အခါ ဂိုဏ်းကြီး ၅ဂိုဏ်းမှ ကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်ကို လှုပ်ခါသွားစေဖို့ ထုတ်မသုံးခဲ့ပေ။ ထိုအစား သူက စွမ်းအားအားလုံးကို စုစည်းပြီး အစီအရင်မန္တန်ထဲရှိ ဂိုဏ်းကြီး ၅ဂိုဏ်း၏ မဟာတာအိုဆီ စုစည်းလိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံးက လှုပ်ခတ်သွား၏။ ဥက္ကာပျံက ပြိုလဲသွားကာ မီးပြင်းဖိုက အပိုင်းပိုင်းအစစကြေမွသွားသည်။ ပုဆိန်နှင့် လူ့ဘီလူးကြီးတို့ကလည်း ကြာကြာတောင့်မခံနိုင်တော့ပေ။ သူတို့က ကွဲထွက်သွားပြီး လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ သံကြိုးကိုးခုကလည်း ပျက်စီးသွားလေသည်။
မဟာတာအို ၅ခု၏ အရိပ်များ ပျက်စီးသွားပြီးသည့်နောက်တွင် အစီအရင်မန္တန်က အားပြင်းပြင်းအောက်တွင် ပြိုလဲတော့မည့် အရိပ်အယောင်များ စတင်ပြသလာပြီး အက်ကြောင်းအကြီးကြီးတစ်ခု ပေါ်ထွက်လာ၏။ ထိုအရာက ဖွင့်ဟလာပြီးနောက် ဝမ်ပေါင်လဲ့က အထဲရှိ ဂိုဏ်းကြီး ၅ဂိုဏ်း၏ ကျင့်ကြံသူမြောက်များစွာကို မြင်လိုက်ရသည်။
အသက် ၃ ရှိုက်စာ ကုန်ဆုံးသွားလေ၏။
ဝမ်ပေါင်လဲ့က အမူအရာ ကင်းမဲ့လျက် ရှိသည်။ သူက တတိယမြောက် ခြေလှမ်းကို လှမ်းလိုက်ပြီး အက်ကြောင်းအတွင်း ဝင်ရောက်လိုက်သည်။ သူ ပေါ်ထွက်လာသည့်အခါ သူက လမ်းစဥ်ကိုးသွယ်တာအို ကြယ်နယ်မြေစုအတွင်းပိုင်း ရောက်ရှိနေပြီ ဖြစ်၏။ သူက အက်ကြောင်းအတွင်း ပေါ်ထွက်လာသည်နှင့် သူ့နောက်တွင်ရှိသည့် ယခင်က ပြိုလဲနေသည့် အစီအရင်မန္တန်က သူတို့သက်ဆိုင်ရာဂိုဏ်း၏ ထောက်ပံ့မှုဖြင့် ပြန်လည်ကောင်းမွန်လာသည်။ သူတို့က အချင်းချင်း ပေါင်းစည်းသွားကာ ယခင်တစ်ခါ နေအဖွဲ့အစည်းအပြင်ဘက် ပေါ်ထွက်လာဖူးသော မဟာတာအို လက်ကြီးက ထပ်မံ ပေါ်ထွက်လာသည်။
ထိုလက်ကြီးက အဆုံးအစမဲ့ကာ တုန်လှုပ်လောက်ဖွယ် စွမ်းအားမျိုး ကိန်းအောင်းနေ၏။ ထိုအရာက အစီအရင်မန္တန်မှ ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့ကို ဆွဲယူလိုက်သည်။ တစ်ချိန်တည်းဆိုသလို ကြယ်တာရာကောင်းကင်အထက် အော်သံများ ပဲ့တင်ထွက်လာသည်။ ဂိုဏ်းကြီး ၅ဂိုဏ်းက ကြယ်နယ်မြေအဆင့် ကျင့်ကြံသူအယောက် ၂၀ကျော်က ဝမ်ပေါင်လဲ့ ဘေးပတ်လည်တွင် ပေါ်ထွက်လာ၏။ သူတို့ တစ်ယောက်ချင်းစီက စွမ်းအားအပြည့်ထုတ်သုံးကာ အားအကောင်းဆုံး ဝှက်ဖဲကို ထုတ်သုံးလိုက်ကြသည်။ သူတို့က ဝမ်ပေါင်လဲ့ကို ဝိုင်းကာ တိုက်ခိုက်လိုက်ကြ၏။
အဝေးတစ်နေရာမှ ထိုမြင်ကွင်းက တုန်လှုပ်ဖွယ်ကောင်းလှသည်။ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူအယောက် ၂၀ကျော်က ဝမ်ပေါင်လဲ့ကို ဝိုင်းထားလျက်ရှိ၏။ ထိုအရာက စကြဝဠာတစ်ပိုင်းအဆင့် ကျင့်ကြံသူကို တစ်စုံတစ်ခု ပြုလုပ်နိုင်မည် ဖြစ်သော်လည်း အစစ်အမှန် နတ်ဧကရာဇ်အဆင့် ကျင့်ကြံသူကိုမူ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ထိုထောင်ချောက်က မရိုးရှင်းလှကြောင်း သိသာလှ၏။
နောက်အခိုက်အတန့်တွင် ကြယ်နယ်မြေမှ ကျင့်ကြံသူအယောက် ၂၀နောက်တွင် လူအိုကြီး ၅ယောက် ပေါ်ထွက်လာပြီး တစ်ယောက်ချင်းစီက ရှေးကျသည့် အငွေ့အသက်မျိုး ထုတ်လွှင့်ထားကြသည်။ သူတို့က ဂိုဏ်းကြီးလေးခု၏ ခေါင်းဆောင်ကြီးများ ဖြစ်၏။ သူတို့က စကြဝဠာတစ်ပိုင်းအဆင့်တွင် မဟုတ်ကြသော်လည်း အတော်လေးအားကောင်းလှသည်။ တစ်ယောက်ချင်းစီက သူတို့၏ သက်ဆိုင်ရာဂိုဏ်း၏ ဝှက်ဖဲကို ယူလာကာ ကြောက်မက်ဖွယ် အဖျက်စွမ်းအားကို ဖန်တီးလာသည်။
၅ယောက်မြောက် အကြီးအကဲအတွက်မူ သူက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းမှ ဖန်တီးထားသည့် အလောင်းရုပ်သေးရုပ်သာ ဖြစ်၏။ သူက လျို့ဝှက်ဆန်းကြယ်သည့် ဇစ်မြစ်ရှိသော်လည်း သူ့တိုက်ခိုက်နိုင်စွမ်းက အတော်လေး တုန်လှုပ်ဖို့ ကောင်းလှသည်။ ၅ယောက်သားက အတူတကွ အလုပ်တွဲလုပ်ကာ ဝမ်ပေါင်လဲ့ကို ပိတ်လှောင်ထားနိုင်သည့် ဖိနှိပ်စွမ်းအားတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
သို့သော်လည်း ထိုသို့ဆိုလျှင်ပင် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းက မရပ်တန့်သေးပေ။ သူတို့က သေချာပြင်ဆင်ထားမှန်း သိသာလှ၏။ ထိုအခိုက်အတန့်တွင် ဂိုဏ်းကြီး ၅ဂိုဏ်းမှ ကျင့်ကြံသူများစွာက တင်ပျဥ်ခွေထိုင်ကာ ထူးဆန်းသည့် ကျမ်းများကို ရွတ်ဖတ်နေကြသည်။
ထိုကျမ်းက ထူးကဲမှု ပါဝင်နေဟန်ပေါ်၏။ ထိုအရာသည် မွေးဖွားသည့် နည်းလမ်း ဖြစ်ဟန်ထင်ရသော်လည်း လက်တွေ့တွင်မူ မရဏကျမ်းတစ်ခု ဖြစ်ပေသည်။ ထိုအရာက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ လျို့ဝှက်ဆန်းကြယ်ပညာရပ် တစ်ခု ဖြစ်၏။ ထိုအရာသည် အမွှေးနံ့သာ စွမ်းအားနှင့် တူညီပြီး လူတစ်ယောက်၏ စိတ်ကို သတ်ဖြတ်ပစ်နိုင်သည်။
ထိုအရာ၏ သဘောတရားကမူ လူတိုင်း၏ သတ်ဖြတ်ငွေ့ကို စုစည်းပြီး ယုံကြည်မှုစွမ်းအားအဖြစ် ပြောင်းလဲကာ အရာအားလုံးကို သတ်ပစ်ဖို့ ဖြစ်၏။ ယခုအခါ ဂိုဏ်းကြီး ၅ဂိုဏ်းက ကျမ်းကို ထုတ်ဖော်လိုက်သည့်အခါ အဖက်ဖက်မှ ခဲဖြူရောင် မြူခိုးများက ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ကို ဝန်းရံထားလျက် ရှိသည်။ ထိုမြူခိုးများ ရောက်ရှိလာသည်နှင့် သူတို့က ဝဲကတော့ကြီးသဖွယ် ဖြစ်သွားလေ၏။
အသံကျယ်ကျယ် ထွက်ပေါ်လာသည့်အခါ ကြယ်တာရာကောင်းကင်အနှံ့ ပျံ့နှံ့သွားလေသည်။ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းအတွင်း လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက သီးသန့်ကျင့်ကြံရာမှ ထွက်လာကာ တိုက်ပွဲကို ကြည့်လိုက်သည်။ သူက ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ လေထုထဲမှ ရေအမြောက်အမြား ထွက်ပေါ်လာပြီး ရေခဲလှံအဖြစ် ပြောင်းလဲသွားလေသည်။
ထိုလှံက အပြာရောင် ကြည်လင်နေ၏။ ထိုအရာသည် ရေခဲတာအိုမှ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ မဟာတာအိုနှင့် သူ့ကျင့်ကြံဆင့် စွမ်းအားတို့ ကိန်းအောင်းနေသည်။ သူက ထိုအရာကို မပစ်လွှတ်သေးသော်လည်း သူ့အရှိန်အဝါ အတက်အကျအရ ထိုအရာသည် အတော်လေး အဖျက်စွမ်းအားကြီးလိမ့်မည်။ အကယ်၍ နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီးသာ ဤနေရာတွင် ရှိပါက သူမအနေဖြင့် အားကုန်ထုတ်မသုံးသရွေ့ ခုခံနိုင်မည် မဟုတ်ပေ။
လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက သူ့၏ တောင်နိမိတ်ထဲတွင် စကြဝဠာအဆင့်ဖြစ်သည် မဟုတ်ပါလော။
ထိုအခိုက်အတန့်တွင် သူက ရေခဲလှံကို စုစည်းကာ ပစ်ခတ်ဖို့ ပြင်ဆင်လိုက်သည်။ သူက ချက်ချင်း မပစ်ခတ်သေးပေ။ သို့သော်လည်း သူက ထိုသို့လုပ်လေလေ သူဖန်တီးနိုင်သည့် ခြိမ်းခြောက်မှုက ပိုမိုကြီးမားလေလေ ဖြစ်၏။ သူက အခွင့်အရေးကို တွေ့သည်နှင့် တုန်လှုပ်စရာဖြစ်ရပ် ဖြစ်လာလိမ့်မည်။
အသက်ရှိုက်စာ ဆယ်ရှိက်စာ ကုန်ဆုံးသွားလေ၏။ ကြည့်ရသည်မှာ ကပ်ဘေးက ဖြစ်လာတော့မည့်ဟန်ပေါ်သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ကျင့်ကြံသူများစွာ အဝိုင်းခံထားရသည့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် အေးစက်စက် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ သစ်သားမျိုးစေ့ စွမ်းအင်က ပေါက်ထွက်လာသည်။ အနည်းဆုံးတော့ တိုက်ပွဲကွင်းပြင်ရှိ ဂိုဏ်းကြီး ၅ဂိုဏ်းမှ ကျင့်ကြံသူ ၇၀ရာခိုင်နှုန်းက သိသိသာသာ တုန်ယင်သွားကြသည်။
သူတို့၏ ခန္ဓာကိုယ်ထဲ သစ်သားဓာတ်စွမ်းအား အနည်းနှင့် အများ ရှိထားကြသည်။ ၂၀ရာခိုင်နှုန်းက သက်ရောက်ခံရဆုံး ဖြစ်၏။ ထိုကျင့်ကြံသူများ၏ မျက်ဝန်းထဲ ရုန်းကန်မှုဟူ၍ မရှိပေ။ သူတို့က ချက်ချင်းဆိုသလို ဘက်ပြောင်းသွားကြသည်။ ကြယ်နယ်မြေအဆင့်မှ ကျင့်ကြံသူလေးဦးနှင့် ဂိုဏ်းကြီး ၅ဂိုဏ်းမှ ခေါင်းဆောင်ကြီးတစ်ယောက်ပင် ပါဝင်၏။
ဤကိစ္စသည် မယုံကြည်နိုင်ပေ။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူတို့က သူတို့၏ အတွေးနှင့် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သကဲ့သို့ ဖြစ်နေသည်။ အသံကျယ်ကြီးက ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားလေ၏။ ကြယ်တာရာကောင်းကင်တစ်ခုလုံးက ပိတ်မည်းသွားသည်။
“ချန်ယဲ့” လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ဝမ်ပေါင်လဲ့၏ ဝှက်ဖဲအကြောင်း သိထားလေသည်။ သူက တုံ့ဆိုင်းမနေဘဲ ရေခဲလှံကို အားကုန်သုံး၍ ပစ်ခတ်လိုက်သည်။ ချက်ချင်းဆိုသလို ကြယ်တာရာကောင်းကင်အထက် ပေါက်ကွဲသံများစွာ ထွက်ပေါ်လာပြီး ရေခဲလှံက အပြာရောင် သက်တန့်အသွင် ပြောင်းလဲကာ မဟာတာအို၏ ဆန္ဒတို့ ထုတ်လွှင့်နေသည်။ ထိုအရာက စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းပကား ပါရှိ၏။ ထိုအရာက လမ်းတွင် ရှိသမျှ အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိဟန်ပေါ်သည်။
မျက်စိတစ်မှိတ်အတွင်း ကြယ်တာရာကောင်းကင်ကြီးက မဲမှောင်သွားကာ ရေခဲလှံက နစ်မြှုပ်သွားဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ နေလုံးထွက်ပေါ်လာပြီး အဖက်ဖက်သို့ အလင်းတန်းများ ပျံ့နှံ့သွားလေ၏။ ထိုအရာက အလင်းပင်လယ် ထွက်ပေါ်လာသကဲ့သို့ ဖြစ်သည်။
ဂိုဏ်းကြီး ၅ဂိုဏ်းမှ မဟာတာအို၏ အရိပ်မှ ဖွဲ့စည်းထားသည့် ဧရာမလက်ကြီးက ထိုအလင်းပင်လယ်ကို မခုခံနိုင်ခဲ့ပေ။ ထိုအရာက ထပ်မံ ပြိုလဲသွား၏။ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူအယောက် ၂၀ကျော်ကလည်း ဖရိုဖရဲဖြစ်ကာ သွေးအန်လိုက်ရသည်။ ၆ယောက်ကမူ အလင်းတန်းကြောင့် ပျက်သုဥ်းသွား၏။
ဂိုဏ်းကြီးများမှ ခေါင်းဆောင်များကလည်း အတူတူသာ ဖြစ်၏။ တစ်ယောက် သက်ရောက်ခံလိုက်ရကာ တစ်ယောက်က သေဆုံးသွားခဲ့သည်။ ကျန်သည့်သုံးယောက်ကမူ သွေးအန်လိုက်ရပြီး နောက်ဆုတ်လိုက်ရသည်။ ဂိုဏ်းကြီး ၅ဂိုဏ်း၏ ကျမ်းဂန်များကို ရွတ်ဖတ်နေသည့် ကျင့်ကြံသူများကလည်း တူညီသည့် အခြေအနေတွင် ရှိနေကြ၏။ အလင်းပင်လယ်အောက်တွင် ကမ္ဘာအဆုံးသတ် ရောက်ရှိလာသလိုမျိုး ဖြစ်နေသည်။
အပြာရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားသည့် ရေခဲလှံက ထိုအမှောင်ထုကို ထိုးခွင်းလာသည့် တစ်ခုတည်းသော အရာဖြစ်၏။ ထိုအရာက သတ်ဖြတ်ငွေ့ဖြင့် ပေါက်ကွဲထွက်သွားကာ ဝမ်ပေါင်လဲ့ရှေ့မှောက် ရောက်ရှိလာသည်။
ထိုအရာက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး စောင့်ဆိုင်းနေသည့် အခွင့်အရေး ဖြစ်၏။ သူ့ပြင်ဆင်မှုနှင့် တိုက်ခိုက်မှုများက ဝမ်ပေါင်လဲ့၏ ဝှက်ဖဲကို ချေဖျက်ပြီး သူ့ကို တိုက်ခိုက်ဖို့ရာအတွက် အခွင့်အရေး ဖန်တီးရန် ဖြစ်သည်။
“ရေက သစ်သားကို မွေးဖွားပေးတယ်။ ရေက သစ်သားရဲ့ မိခင်ပဲ။ ဝမ်ပေါင်လဲ့ မင်းက သစ်သားတာအို ရှိပေမဲ့ မင်းက ငါ့ကို ဖျက်ဆီးနိုင်ပြီး ငါ့ရဲ့ ပစ္စည်းကို ယူနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့” လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ဖြင့် တောက်ပနေ၏။ သူက ဝမ်ပေါင်လဲ့ကို သတ်ပစ်လိုသည်။ တကယ်တော့ သူသည် ဝမ်ပေါင်လဲ့ကို သတ်ပြီး သူ့တာအိုကို ဝါးမျိုပါက သူသည် အစစ်အမှန် စကြဝဠာအဆင့် ကျင့်ကြံသူဖြစ်လာနိုင်လိမ့်မည်ဟု သေချာပေါက် ယုံကြည်နေသည်။
ထို့အပြင် ဤသို့သော စကြဝဠာအဆင့် ကျင့်ကြံသူမျိုးက သာမန်ဖြစ်မည် မဟုတ်ပေ။