ကျေးဇူးပဲ
Vol. 89 Ch. 1235
လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ရယ်မောလိုက်ပြီး သူ့ရေခဲလှံကို ပစ်လွှတ်လိုက်သည်။ ရေဓာတ်တာအိုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သူက ရေခဲတာအိုကို ကျင့်ကြံပြီး ထိုတာအိုက ရေနှင့် တူညီသည့် ဇစ်မြစ်မှ ဆင်းသက်လာသည်။ ထို့ကြောင့် ရေခဲတာအို ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့ကြောင့် သက်ရောက်ခံရသည့် ကျင့်ကြံသူများက သူတို့၏ သစ်သားဓာတ်တာအို နှောင့်ယှက်ခံလိုက်ရသလို စတင်တုန်ယင်လာကြသည်။
ဤသည်က အပြာရောင်ရေခဲလှံကြောင့် ဖြစ်၏။ ထိုအရာတွင် ရေဓာတ်တာအို၏ ထက်ရှမှုတို့ ကိန်းအောင်းနေသည်။
ထိုအရာက အမှောင်ထုကို ထိုးခွင်းရောက်လာဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့၏ နောက်တွင် ပုံရိပ်ယောင်နေလုံး ရှိနေသော်လည်း ထိုအရာကို တားဆီးနိုင်ဟန်မပေါ်ပေ။ အကြောင်းအရင်းကမူ ဂိုဏ်းကြီး ၅ဂိုဏ်း၏ ကျင့်ကြံသူအားလုံးက ဂြိုဟ်အဆင့်ဖြစ်စေ အသက်ရှင်နေသည့် ခေါင်းဆောင်ကြီးများဖြစ်စေ သို့မဟုတ် ပျက်စီးသွားသည့် ဂိုဏ်းကြီး ၅ဂိုဏ်းမှ မဟာတာအိုများဖြစ်စေ သူတို့ကိုယ်သူတို့ ပြန်လည်ဖွဲ့စည်းဖို့ အားစိုက်ထုတ်ဖို့ မလိုလိုက်ပေ။ သူတို့၏ ခန္ဓာကိုယ်က ပြောင်းလဲသွား၏။ ဂိုဏ်းကြီး ၅ဂိုဏ်းရှိ စွမ်းအားအားလုံးက အတားအဆီးအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ရှိရာ ကြယ်တာရာကောင်းကင်ကြီးကို ဖိနှိပ်ထား၏။
ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ ဝိညာဥ်က ရပ်တန့်သွားဟန်ပေါ်သည်။ သူက အပြာရောင် ရေခဲလှံသည် သူ့မျက်ခုံးကြား ရောက်ရှိလာတော့မည်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလိုက်သည်။ သူ့အမူအရာက ပြောင်းလဲမှု မရှိပေ။ သူက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ မျက်ခုံးကြားမှ ရေစက်သဏ္ဍာန်ကို ကြည့်ရင်း ရယ်မောလိုက်သည်။
“တကယ်တော့ စောစောလေးက လိမ်လိုက်တာ”
“ကျုပ်က ဘာလိုအပ်နေတာလဲဆိုတာကို မြင်ရဖို့ ရောက်လာတာ” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်သည်။ ရေခဲလှံ ရောက်ရှိလာသည်နှင့် သူ့အနီးနားရှိ ရေများ ပေါ်ထွက်လာကာ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ရေပေါက်တစ်ပေါက်အသွင် ပြောင်းလဲသွားကာ ရေပြင်အထက် ကျဆင်းသွားပြီး လှိုင်းတွန့်များ ထွက်ပေါ်လာသည်။
လရိပ် ပညာရပ်က အသက်ဝင်လာပြီ ဖြစ်၏။
အပြာရောင်လှံက လျင်မြန်စွာ လေဟုန်ခွင်းလာသော်လည်း အကျိုးမရှိလိုက်ပေ။ ဤနေရာ၌ ကျန်ရှိနေသည်ကား အချိန်စီးကြောင်း ပါဝင်နေသည့် လှိုင်းတွန့်များသာ ဖြစ်၏။
“ငါ မြင်ရသရွေ့ အဲဒါက ငါ့အပိုင်ပဲ” ဝမ်ပေါင်လဲ့၏ အသံက အချိန်ကို ဖြတ်သန်း၍ ထွက်ပေါ်လာဟန်ပေါ်သည်။ သူက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးကို လှည့်ဖြားခဲ့၏။
သူက ရေဓာတ်တာအိုနှင့် သစ်သားဓာတ်တာအိုကြားမှ ဆက်နွယ်မှုကို သိထားပြီး ဤနေရာတွင် လုပ်ကြံမှုများစွာ ရှိမည်ကိုလည်း သေချာပေါက် သိထားလေသည်။ သူက အဘယ့်ကြောင့် မဆင်မခြင် ပြုမူရဲမည်နည်း။
သူက ဤသို့ပြောခဲ့သည်မှာ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းက သူ့ကိုယ်ပိုင် အသက်ကိုသာ အာရုံစိုက်ထားစေလိုခြင်းကြောင့် ဖြစ်သည်။ သို့သော် လက်တွေ့တွင် ဝမ်ပေါင်လဲ့က လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်ပေ။ သူ့့အဓိကရည်ရွယ်ချက်က ရတနာကို ရယူဖို့ ဖြစ်၏။
အကယ်၍ သူသာ ထိုပစ္စည်းကို ရယူလိုပါက သူ့အာရုံခံမှု တစ်ခုတည်းအပေါ် မှီခိုထားဖို့ရာ မလုံလောက်သေးပေ။ သူက ထိုအရာကို ကိုယ်တိုင်မြင်တွေ့ပြီး အရှိန်အဝါကို မှတ်မိရမည် ဖြစ်သည်။ ထို့နောက် သူသည် ကြေးမုံပန်းပွင့်ပညာရပ်ဖြင့် ထိုအရာကို ပြန်လည်ရယူနိုင်လိမ့်မည်။
စွမ်းအားကြီးပုဂ္ဂိုလ်များ၏ တိုက်ပွဲက သာမန်ကျင့်ကြံသူများနှင့် ကွဲပြားလှသည်။ ကျင့်ကြံဆင့်အရ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက သူသည် သူ့ဂိုဏ်းထဲတွင် စကြဝဠာအဆင့် ဖြစ်သော်လည်း တကယ်တမ်းတွင်မူ ကြယ်နယ်မြေအဆင့်သာ ဖြစ်နေသေး၏။ သူ့တိုက်ခိုက်ရေးနည်းစနစ်များက ထိုအနေအထားအထိ မရောက်သေးပေ။
ဝမ်ပေါင်လဲ့အတွက်မူ ထိုအရာက ကွဲပြားလှ၏။ သူ့ကျင့်ကြံဆင့်က အဆများစွာ တိုးတက်သွားပြီဖြစ်ကာ သူနှင့် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးကြားက ကွာဟချက်သည် … တာအိုအပေါ် နားလည်နိုင်စွမ်းနှင့် စကြဝဠာ၏ တာအိုဇစ်မြစ်အပေါ် နားလည်နိုင်စွမ်းလိုမျိုး ဖြစ်နေသည်။
ဤသို့သော ကွဲပြားမှုက စွမ်းအားကြီးပုဂ္ဂိုလ်များကြားတွင် ရှိသည့် တိုက်ပွဲမှ အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်သည်။
ဤသို့ဖြင့် ရေက သစ်သားကို ကြီးထွားစေပြီး သစ်သားက မြေဓာတ်ကို ချုပ်ထိန်းထားပြီး ဓာတ်ငါးပါးက တစ်ခုနှင့်တစ်ခု အထောက်အကူပြုနေသည်။ မည်သည့်အရာကမှ အရေးမကြီးပေ။ ဤသို့သော တိုက်ပွဲအဆင့်မျိုးတွင် ကွဲပြားပြီး နားလည်နိုင်စွမ်းကလည်း ကွဲပြားလှသည်။ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးက အဆင့်တွင် ရပ်တန့်နေသေးသော်လည်း ဝမ်ပေါင်လဲ့ကမူ နောက်တစ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
တိုက်ပွဲက လမ်းစဥ်ကိုးသွယ်တာအို တောင်နယ်နိမိတ် အပြင်ဘက်တွင် ရှိနေသည်။
သို့သော်လည်း ယခုအချိန်တွင် အချိန်က ကွဲပြားသွား၏။ မမြင်နိုင်သည့် အချိန်မြစ်ကြောင်း စီးဆင်းနေသလိုမျိုး ဝမ်ပေါင်လဲ့က ထိုမြစ်ကြောင်းကို ဆန်တက်ကာ တစ်လှမ်းချင်း လျောက်လှမ်းလာသည်။
ခြေတစ်လှမ်းချင်းစီတွင် နှစ် ၁၀၀ ကုန်ဆုံးသွားလေ၏။ သူက ရှေ့ကို တိုးလာရင်း သူ့ခန္ဓာကိုယ်က နည်းနည်းလေးမှ လှုပ်ရှားဟန်မပေါ်ပေ။ လှုပ်ရှားသွားသည့် အရာများက သူ့ဘေးတွင် ရှိနေသည့် အချိန်သာ ဖြစ်၏။ ဤသို့ဖြင့် ခြေတစ်လှမ်းပြီး တစ်လှမ်း နှစ် ၁၀၀၀ ကြာ ကြာမြင့်သွားခဲ့သည်။
ဝမ်ပေါင်လဲ့က သူ ခြေလှမ်းမည်မျှ လှမ်းခဲ့သည်ကိုပင် အမှတ်မရတော့ပေ။ သူက လရိပ်နည်းစနစ်ကို အကြိမ်များစွာ ထုတ်သုံးခဲ့ရသည်။ နောက်ဆုံးတွင် အချိန်တစ်ခု၌ သူက ရင်းနှီးကျွမ်းဝင်သည့် အငွေ့အသက်ကို ခံစားမိလိုက်သည်။
ထိုအငွေ့အသက်က အင်မတန် အားပျော့လွန်းလှ၏။ ဝမ်ပေါင်လဲ့က လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ နဖူးအထက် အမှတ်အသားကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး အငွေ့အသက်ကို စိတ်ထဲစွဲအောင် မှတ်မထားပါက ဤပစ္စည်းကို သေချာပေါက် အာရုံခံမိမည် မဟုတ်ပေ။
“ဒီမှာပဲ” ဝမ်ပေါင်လဲ့က ပြောလိုက်သည်။ သူက ရပ်တန့်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။ အချိန်မြစ်ကြောင်းအတွင်း လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း၏ အပြင်ဘက်၌ ကျင့်ကြံသူ ၇ယောက်မှ ၈ယောက်အုပ်စုက ဂိုဏ်းဆီ ပြန်လာနေသည်ကို မြင်လိုက်ရသည်။
သူတို့၏ အနောက်တွင် ရေခဲတုံးကြီး ရှိနေလေ၏။ ရေခဲတုံးကြီးက လျို့ဝှက်ဆန်းကြယ်ကာ သိုလှောင်အိတ်ထဲ ထည့်သိမ်း၍ မရပေ။ သူတို့က ဓမ္မစွမ်းအားဖြင့် ထိုအရာကို သံကြိုးများအဖြစ် ပြောင်းလဲကာ ချည်နှောင်ပြီး ဆွဲယူလာခြင်း ဖြစ်သည်။
ရေခဲတုံးက အပြာဖျော့ဖျော့ဖြစ်ကာ ကြည်လင်တောက်ပနေသည်။ အထဲတွင် လူတစ်ယောက်ကို စည်းပိတ်ထားလျက် ရှိ၏။
ထိုသူက ချပ်ဝတ် ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အသက်ရှင်သည့် အငွေ့အသက် မရှိတော့သည့်အတွက် သေဆုံးနေလေပြီ။ သူက မည်သူမှန်း မသိသောကြောင့် သူ ဘယ်နေရာမှ ရောက်လာမှန်း ရှာတွေ့ဖို့ရာ ခက်ခဲလှသည်။ မည်သို့ပင်ဆိုစေကာမူ သူနှင့် ပတ်သက်ပြီး ထူးဆန်းသည့် အရာတစ်ခု ရှိနေ၏။
ဝမ်ပေါင်လဲ့က ကြည့်လိုက်သော်လည်း ထိုလူလတ်အရွယ် အမျိုးသားကို ကြည့်လိုက်ခြင်း မဟုတ်ပေ။ သူ့ကို စည်းပိတ်ထားသည့် ရေခဲတုံးကို ကြည့်နေခြင်း ဖြစ်၏။
“ဒါက …”
ဝမ်ပေါင်လဲ့က ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။ သူက ညာဘက်လက်ကို အချိန်မြစ်ကြောင်းဆီ ဆန့်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလို အချိန်မြစ်ကြောင်းက လှုပ်ခတ်ကာ ပုံပျက်လာသည်။ ဧရာမ လက်ကြီးတစ်ခုက အချိန်မြစ်ကြောင်းအတွင်း ပေါ်ထွက်လာကာ ရေခဲတုံးကို ဆွဲယူသွားသလိုမျိုး ဖြစ်၏။ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက မတုံ့ပြန်နိုင်ခင် ရေခဲတုံးကြီးက ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ပေါင်လဲ့က အထဲမှ အလောင်းကို မလိုချင်သည့်အတွက် ညာဘက်လက်ကို မြှောက်လိုက်သည့်အချိန် ရေခဲတုံးကြီးက သူ့လက်ထဲတွင် ပေါ်ထွက်လာပြီး အလျင်အမြန် အရည်ပျော်ကျသွားသည်။ အရည်ပျော်ကျသည့်နှုန်းက အင်မတန် မြန်ဆန်လွန်းလှသည့်အတွက် အသက်ရှိုက်စာ အနည်းငယ်အတွင်း ဝမ်ပေါင်လဲ့ လက်ထဲတွင် ကျန်ရှိသည်က လက်သည်းခွံ အရွယ်အစားလောက်ရှိသည့် ရေစက်လေးသာ ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့က ရေခဲတုံးကို လက်ထဲတွင် ကိုင်ထားရင်း ငုံ့ကြည့်လိုက်သည်။ အချိန်တစ်ခုကြာပြီးသည့်နောက်တွင် သူ့မျက်နှာအထက် တွေးဆဆ အမူအရာမျိုး ပေါ်ထွက်လာ၏။
“ဒါက မျက်ရည်စက်နဲ့ တူတယ်” သူက ရေရွတ်လိုက်သည်။
ဝမ်ပေါင်လဲ့က မျက်ရည်စက်ကို သိမ်းပြီး အချိန်မြစ်ကြောင်းမှ ထွက်လာလိုက်သည်။ သူ့ဝန်းကျင်တွင် အချိန်များ စီးဆင်းနေပြီး နောက်အခိုက်အတန့်တွင် သူက အပြည့်အဝ ထွက်လာသည်။ ထိုစဉ် ဆူဆူညံညံအသံများကို ကြားလိုက်ရ၏။
သူ့ရှေ့တွင် ရှိနေသည့် လေထုကို ထိုးခွင်း၍ အသံတစ်သံ ထွက်ပေါ်လာဟန်ပေါ်သည်။
ထိုအရာက အပြာရောင်လှံ ချဥ်းကပ်လာခြင်းကြောင့် ဖြစ်၏။
ထိုအခိုက်အတန့်တွင် အချိန်က လက်ရှိသို့ ပြန်လည်ရောက်ရှိလာသည်။ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက စည်းပိတ်ခံထားရဆဲဖြစ်ကာ အပြာရောင်လှံ နီးကပ်လာသည်ကို ကြည့်နေကြသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က အမူအရာ ပြောင်းလဲမှု မရှိပေ။ ထိုအစား လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးကသာ အမူအရာ ပျက်ယွင်းသွားခဲ့၏။
“မင်းဘာလုပ်လိုက်တာလဲ” လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်လာပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ သူက အလျင်အမြန် သူ့နဖူးကို စစ်ဆေးကြည့်လိုက်သည်။
သု့နဖူးအထက်ရှိ အမှတ်အသားက ရှိနေဆဲဖြစ်သော်လည်း ယခုအခါ မှေးမှိန်သွားပြီ ဖြစ်၏။
ဝမ်ပေါင်လဲ့၏ လက်ထဲတွင် တူညီသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။ အပြာရောင်လှံ ရောက်ရှိလာမှုက ဤအငွေ့အသက်၏ ပြင်းထန်မှုကို ပိုမိုတိုးပွားသွားစေသည်။ ထိုအရာ နီးကပ်လာသည်နှင့် အပြာရောင်လှံက ဝမ်ပေါင်လဲ့၏ ညာဘက်လက်အတွင်း ထိုးစိုက်သွား၏။ ချက်ချင်းဆိုသလို ထိုအရာက သူ့လက်ထဲတွင်ရှိသည့် အပြာရောင်ရေခဲထဲ ပေါင်းစည်းသွားခဲ့သည်။
မျက်ရည်စက်နှင့် တူသည့် အပြာရောင် ရေခဲက တောက်တောက်ပပ အလင်းရောင်ကို ထုတ်လွှင့်လာသည်။
လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးအတွက်မူ သူ့နဖူးအထက်ရှိ အမှတ်အသားက ပိုမိုမှေးမှိန်သထက် မှေးမှိန်သွားခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ဝမ်ပေါင်လဲ့ကို တစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား ကြည့်နေ၏။ သူ့ကျင့်ကြံဆင့် အငွေ့အသက်များကလည်း အားနည်းသွားခဲ့သည်။
ဝမ်ပေါင်လဲ့က အပြာရောင်ရေခဲကို ကိုင်ဆောင်ရင်း ရှေ့တစ်လှမ်း တိုးလာခဲ့သည်။
နောက်အခိုက်အတန့်လေးတွင် သူက စည်းတံဆိပ်မှ လွတ်မြောက်သွား၏။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းအတွင်း နောက်ဆုတ်နေသည့် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီးရှေ့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဝမ်ပေါင်လဲ့ မင်း” လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ မျက်နှာက ဖြူဖျော့နေပြီး စိတ်ထဲတွင် ဂယက်ရိုက်နေသည်။ သူ့အနေနှင့် ဝမ်ပေါင်လဲ့သည် ဘယ်ဘက်လက်ကို မြှောက်လိုက်သည့်အခါ တစ်စုံတစ်ခု ပြောချင်သော်လည်း သူ ဘာမှမလုပ်နိုင်ခင် ဝမ်ပေါင်လဲ့၏ လက်က သူ့နဖူးပေါ် ကျရောက်လာခဲ့သည်။
သူ့စိတ်ထဲ ဆူညံသွားပြီး နောက်ဆုံးကြားလိုက်ရသည့် စကားက ဝမ်ပေါင်လဲ့၏ အသံသာ ဖြစ်၏။
“ကျေးဇူးပဲ”