လုရွှမ်ဆိုတာသူပဲ
Vol. 6 Ch. 88
ဥပဒေခန်းမ၌
"ဒုကျောင်းအုပ်ချန်ကို သတင်းပို့ပါတယ်...လုရွှမ် အကယ်ဒမီကို ပြန်ရောက်နေပါပြီ!"
ဥပဒေအဖွဲ့ဝင် ကျောင်းသားတစ်ဦး ပြေးဝင်လာသည်။
ခန်းမအလယ်မှာ အဘိုးကြီး တစ်ယောက် ထိုင်နေတယ်၏။ ထိုသူက ဒုကျောင်းအုပ်ချန် ဖြစ်ကာ သူ့ဘေးတွင် လက်ထောက်ဖြစ်သူ လျောက်ချင်းလည်း ရှိသည်။
"အကယ်ဒမီကို ပြန်လာပြီ? အရမ်းကောင်းတယ်... ဖမ်းဆီးဖို့ တစ်ယောက်ယောက်ကို ရှာလိုက်... ခုခံရင် သူ့ကို တိုက်ရိုက်သာ သတ်ပစ်လိုက်!"
ဒုကျောင်းအုပ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟဲဟဲ....ကျောင်းအုပ်ချန် ဒီလို လုပ်ထုံးလုပ်နည်းတွေကို မလိုဘူးလို့ ထင်တယ်... စီနီယာ ရှင့်မင်၊ တုဖျင်နဲ့ မော့ရှီးတို့သွားကြတာ ကျွန်တော် တွေ့လိုက်တယ်... နောက်ဆုံး ရွှေအမိန့်ရှိနေတာပဲ ကျွန်တော်တို့ ဥပဒေအဖွဲ့ လှုပ်ရှားစရာ မလိုပါဘူး... တစ်ယောက်ယောက်က သူ့ကိုသတ်ပြီး သယ်လာလိမ့်မယ်!"
ချိုဝမ့်ထျန်းသည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရှေ့ကို တိုးလာ၏။
တစ်လခွဲ ကြာပြီးနောက် သူသည် သာမန်လူများကဲ့သို့ လမ်းလျှောက်နိုင်သော်လည်း သူ၏ ကျင့်ကြံမှုကတော့ အသုံးမဝင်တော့ပေ။
ဒါကြောင့် လုရွှမ်ကို ပိုမုန်းလာပြီး သူ့အရေခွံကို ခွာပြီး သူ့အသားကို စားပစ်ချင်လာသည်။
"ဟမ့် အဲဒီလို တိရစ္ဆာန်ဆိုး တစ်ကောင်ကို သတ်ရတာ စျေးပေါတယ်.... အသက်ရှင်လျက် ဖမ်းမိရင် သူ့ခန္ဓာကိုယ်အနှံ့ သံမှိုနဲ့ရိုက်ပြီး အပြင်မှာ ဝါးလုံးချိတ်ဆွဲပြီး ရက်အနည်းငယ် ကြာအောင် အပြစ်ပေးလိုက်မယ်....ငါတို့ ဥပဒေအဖွဲ့ကို ဆန့်ကျင့်ရင် ဘာဖြစ်တယ်ဆိုတာ သိစေရမယ်!"
ဒုကျောင်းအုပ်ချန် အကြာကြီး အော်ဟစ်လိုက်ပြီးနောက် သူသည် ချိုဝမ့်ထျန်းကို ကြည့်ရန် ခေါင်းကို လှည့်ကာ
"လူတွေကို လွှတ်လိုက်....အဲဒီကောင်လေးကို လုံးဝ မလွတ်စေနဲ့!"
"ဒုကျောင်းအုပ်ကို ပြန်ဖြေပါတယ်...လူလွှတ်ဖို့ မလိုပါဘူး သူလုံးဝ ပြေးမလွတ်စေရဘူး!" ချိုဝမ့်ထျန်းက ရယ်လျက်။
"အိုး?"
ဒုကျောင်းအုပ်ချန်သည် သူဘာလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလဲလို့ အံ့သြနေ၏။
"ဆရာဝေ့ချွမ်လည်း ဖြတ်သွားတာကြောင့်ပါ... သူရှိနေရင် အောက်တန်းကျတဲ့ အဲ့ကောင်က ခေါင်းထောင်နိုင်ဦးမယ်လို့ ကျွန်တော် မယုံဘူး..."
ချိုဝမ့်ထျန်းက ပြောသည်။
"ဝေ့ချွမ်လည်း သွားတယ်ပေါ့! သူက ဉာဏ်ကောင်းပြီး အစွမ်းထက်တဲ့သူမို့ အဲဒီကောင်လေးကို မလွတ်စေလောက်ဘူး....ငါစိတ်ချသွားပြီ"
ဆရာဝေ့ချွမ်လည်း ထွက်သွားတာကို ကြားတော့ ဒုကျောင်းအုပ်ချန်က ခေါင်းညိတ်ပြပြီး အပြုံးမပျက် ထိုင်စောင့်နေလိုက်သည်။
ဒီသားမက်အတွက်ကတော့ သူအရမ်း ကျေနပ်နေတုန်းပဲ။ သူဘာလုပ်သင့်လဲ လုပ်သင့်တာကို လုပ်နိုင်တယ်လေ။
ဒီလုရွှမ်အကြောင်း သူအများကြီး လေ့လာခဲ့ပြီးပြီ။ ပိုက်ဆံမရှိ ဆွေမျိုးမရှိတဲ့ ဆင်းရဲသားတစ်ယောက်။ သူ့ကို မကိုင်တွယ်နိုင်ရင် ဥပဒေအဖွဲ့ရဲ့ မျက်နှာ ဘယ်နားသွားထားတော့မလဲ?
"ဒုကျောင်းအုပ်ချန်... ကျွန်တော် အတိအကျ စစ်ဆေးပြီးပါပြီ... လုရွှမ်က လူသတ်မှု နှစ်ခုနဲ့ ဆက်နွယ်နေပေမယ့် သူလုပ်ခဲ့တာလို့ အတည်မပြုနိုင်ပါဘူး...ကျွန်တော်တို့ ဥပဒေအဖွဲ့က အထောက်အထား မရှိဘဲ ပြဿနာရှာသလို ဖြစ်သွားနိုင်ပါတယ်....သူက ပါရမီရှင်ပါ ခုခံတာကလည်း ကျိုးကြောင်း ဆီလျော်ပါတယ်!"
ဆရာဝေ့ချွမ်ပါ သွားသည်ကို ကြားတော့ ခေါင်းဆောင်လျောက်ချင်းက မတ်တတ်ထရပ်ပြီး ဆိုလိုက်သည်။
"ဥပဒေအဖွဲ့၏ အမြင့်မြတ်ဆုံးသော ရွှေအမိန့်တော်က အယုတ်မာဆုံး လူတွေအပေါ်ကိုပဲ သုံးကြတာ...သူ့အပေါ်ကို သုံးလိုက်ပြီး လူတွေကို တိုက်ခိုက်ခိုင်းလိုက်တာက အရမ်းလွန်သလို မဖြစ်သွားဘူးလား?"
"ဘာလဲ? ငါ့ကိုစွပ်စွဲနေတာလား?"
ဒုကျောင်းအုပ်ချန်၏ မျက်နှာသည် မည်းမှောင်သွားပြီး အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
"လျောက်ချင်း မစွပ်စွဲရဲပါဘူး!" လျောက်ချင်းလည်း သူ့ခေါင်းကို အမြန်ငုံ့ထားလိုက်သည်။
"မလုပ်ရဲရင် အမိန့်နာခံလိုက်! ဥပဒေအဖွဲ့က အထောက်အထား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖမ်းဆီးတဲ့အခါ ဥပဒေအဖွဲ့အနေနဲ့ လိုက်နာဆောင်ရွက်သင့်တယ်... အတန်းနိမ့် ကျောင်းသားတစ်ယောက် အနေနဲ့ ဘယ်လိုအရည်အချင်းတွေ ရှိနေလို့လဲ?"
ရာထူးကြီးသော ဧကရာဇ်မင်းကဲ့သို့ မာနကြီးပြီး ကြီးစိုးတတ်သော ဒုကျောင်းအုပ်ချန်၏ ခန္ဓာကိုယ်အနှံ့ အရိုးများ အက်ကွဲသံကဲ့သို့ လက်ချိုးသံများ ထွက်ပေါ်လာသည်။
"ဒုကျောင်းအုပ်ချန် ပြောတာ မှန်ပါတယ်... ဥပဒေမဲ့ လူယုတ်မာ လုရွှမ်လိုလူက ကျောင်းရဲ့ အညစ်အကြေး တစ်ခုပဲမလို့ တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်သင့်ပါတယ်....သူ့ခွန်းအာက ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းမှာ သောင်းကျန်းနေသူကို မသတ်ရင် ဥပဒေအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထူထောင်နိုင်မှာ မဟုတ်ပါဘူး!"
ချိုဝမ့်ထျန်းသည် အကျယ်ကြီး အော်ဟစ်လိုက်သည်။
"အဲဒီကောင်လေးက ခွေးတစ်ကောင် သာသာပဲလေ ဘယ်ကရလာတဲ့ အခွင့်အလမ်းလဲ မသိပေမယ့် အဆင့်နည်းနည်း တက်လာပြီး သောင်းကျန်းနေတော့တာ...အဲဒီလိုလူကို သေချာပေါက် သတ်ပစ်မှရမှာ!"
ချောမောသော ဥပဒေအဖွဲ့မှ တပည့်တစ်ဦးသည် အရှေ့တိုး၍ ဆိုလာသည်။
"ဒီလိုလူမျိုး မသတ်ရင် ဒေါသဖြေနိုင်မှာ မဟုတ်ဘူး...သူ့ကို မသတ်ရရင် ငါတို့ ဥပဒေအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ပြန်မရနိုင်ဘူး"
နောက်ထပ် ဥပဒေအဖွဲ့ဝင် တပည့်က ထအော်ပြန်၏။
"မင်းကြားပြီလား?"
ဒီလူတွေရဲ့ စကားကိုကြားတော့ ဒုကျောင်းအုပ်ချန်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး မျက်ခုံးပင့်ကာ ခပ်ဝေးဝေးက လျောက်ချင်းကို ကြည့်ပြီး
"ဥပဒေအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါ့ဂုဏ်သိက္ခာကို ဘယ်လို ကာကွယ်ရမယ် ဆိုတာ မသိတဲ့အပြင် ရာဇ၀တ်ကောင်ကို ကာကွယ်ပေးချင်နေတယ်.... ဒီနေ့ကစပြီး မင်း ဒီဥပဒေအဖွဲ့ ခေါင်းဆောင်နေရာမှာ လုပ်စရာ မလိုတော့ဘူး!"
"ဒုကျောင်းအုပ်..." လျောက်ချင်း အံ့အားသင့်သွားသည်။
"ငါပြောတာကို မင်းမကြားဘူးလား?" ဒုကျောင်းအုပ်ချန်က ဒေါသတကြီးဖြင့် နဂါးတစ်ကောင်လို ဟိန်းဟောက်လိုက်သည်။
"ဟုတ်!" လျောက်ချင်း ခေါင်းညိတ်လိုက်ရသည်။
သူသည် ဥပဒေအဖွဲ့၏ ခေါင်းဆောင် ဖြစ်သော်ငြားလည်း သူသည် အကယ်ဒမီက ကျောင်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။
"ကောင်းပြီ ခေါင်းဆောင်နေရာကို ငါပြန်ရွေးမယ်..."
လျောက်ချင်းကို ဖယ်ရှားလိုက်ပြီး ဒုကျောင်းအုပ်ချန်သည် ပင်လယ်ကဲ့သို့ ကြီးကျယ်ခမ်းနားစွာ အခန်းထဲရှိ လူတိုင်း ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထား၏။
စကားဆက်ပြောနေကြစဉ်တွင် ခပ်သုတ်သုတ် ခြေသံများ ဆက်တိုက်ကြားရပြီး ဥပဒေ အဖွဲ့ ဝင်တစ်ဦး ပြေးချလာသည်။
"ဒုကျောင်းအုပ်ချန်.....ဒုကျောင်းအုပ်ချန်..."
"ဘာဖြစ်နေတာလဲ? ဘာကိစ္စရှိလို့လဲ!"
သူ၏ ဘုန်းအာနုဘော် ရပ်တန့်သွားသည်ကို မြင်လျှင် ဒုကျောင်းအုပ်ချန်၏ မျက်နှာမှာ နစ်မြုပ်သွားကာ ဒေါသထွက်လာ၏။
"ဒုကျောင်းအုပ်ကို သတင်းပို့ပါတယ်... လူတစ်ယောက် တံခါးဝကို ဖောက်ဝင်ပါတယ်.... ဥပဒေအဖွဲ့ကို လာရှာတာလို့ ပြောပါတယ်..." အဖွဲ့ဝင်က တုန်လှုပ်ချောက်ချားစွာ ပြောသည်။
"တံခါးကို ဖောက်ဝင်လာတယ်? သတ္တိကောင်းလိုက်တာ! ခွေးတွေက ခွေးနေရာမနေဘဲ ငါတို့နေရာက ဖောက်ဝင်ချင်တိုင်း ဝင်လို့ရတဲ့ အနေအထားအထိ ကျသွားတာလား? သတ္တိရှိတဲ့ကောင်ကို ဒီကို ခေါ်လာခဲ့!! ဥပဒေမဲ့ စည်းကမ်းတွေကို လျစ်လျူရှုထားတဲ့ လူကို ငါကြည့်လိုက်ဦးမယ်..."
စည်းမျဥ်းတွေကို ဖောက်ဖျက်တာက တစ်စုံတစ်ယောက်က သူ့မျက်နှာကို ဖြတ်ရိုက်တာနဲ့ အတူတူပင်။ ဒုကျောင်းအုပ်ချန်က ဒေါသတကြီး ထရပ်လိုက်သည်။
ဗုန်း!
စကားမဆုံးခင်မှာပင် ခန်းမတံခါးသည် "ဗုန်း!"ကနဲ အသံနှင့် လှုပ်ယမ်းသွားကာ အလောင်းအများအပြားသည် အပြင်ဘက်မှ "ဝူးဝူး" ဖြင့် ပျံတက်လာပြီး ပင်မခန်းမအလယ်ရှိ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျလာ၏။
"ဝေ့ချွမ်?"
ကြမ်းပြင်ပေါ်က အလောင်းကို မြင်လိုက်ရသောအခါ ဒုကျောင်းအုပ်ချန်သည် တခဏမျှ ထိတ်လန့်သွားပြီး သူ့မျက်နှာသည် မည်းမှောင်သွား၏။
သူ့သားမက် ဝေ့ချွမ်ကလွဲလို့ တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ?
သူ စိတ်ချလက်ချ လွှတ်ထားတယ်လို့ အရှေ့မှာ ပြောခဲ့ပေမယ့် မျက်စိတစ်မှိတ် အတွင်းမှာပဲ အလောင်းဖြစ်သွားမယ်လို့ မမျှော်လင့်ခဲ့ချေ။
ဘယ်လိုဖြစ်တာလဲ?
ဝေ့ချွမ်နှင့်အတူ အခြားကျောင်းသား သုံးဦးရှိကာ ဒုကျောင်းအုပ်ချန် သူတို့ကို မှတ်မိလေသည်။ ၎င်းတို့မှာ ရှင့်မင်၊ တုဖျင်နှင့် မော့ရှီးတို့ဖြစ်သည်။
အဆင့်မြင့်အတန်းက ထိပ်တန်း ၅ယောက်စာရင်း ဝင်ခဲ့လို့ သူတောင် ဆုချီးမြှင့်ခဲ့ရသေးသည်။
ယခုအချိန်တွင် သူတို့ သုံးဦးသည် အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ချက်ရိုက်ချက်ဖြင့် သေဆုံးသွားပုံရသည်။
"ဘယ်သူလဲ? ကျောင်းဝင်းထဲက လူတွေကို သတ်ရဲတယ်... ဥပဒေမဲ့လိုက်တာ.ဥပဒေမဲ့လိုက်တာ!"
ဒေါသသံဖြင့် ဒုကျောင်းအုပ်ချန်သည် လက်သီးဆုပ်များကို ညှစ်လိုက်ရာ ခန်းမအတွင်းရှိ လေထုသည် မီးစလောင်စေသလိုမျိုး အသံဗလံများ ဆက်တိုက် ထွက်ပေါ်လာ၏။
"ဥပဒေမဲ့တာလား? မင်းရဲ့ ဥပဒေအဖွဲ့ကသာ တကယ် ဥပဒေမဲ့နေတယ်လို့ ငါထင်တယ်!"
ဒေါသဖြစ်နေစဉ်မှာပင် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် လူငယ်တစ်ဦးသည် တည်ငြိမ်သော မျက်နှာဖြင့် ခန်းမအပြင်ဘက်မှ ဝင်လာခဲ့သည်။
လူငယ်သည် သန့်ရှင်းသပ်ရပ်ကာ သူ့ခန္ဓာကိုယ်တွင် ပြင်းထန်သော ရောင်ဝါမရှိဘဲ ဆန့်ကျင်ဘက်အနေနှင့် အနည်းငယ် အားနည်းနေသလိုဖြင့် လူတွေကို အံ့သြသွားစေသည်။
"မင်းက ဘာလဲ? မင်းဒီမှာ ဒီစကားကို ပြောရဲတယ်ပေါ့!!"
ဒုကျောင်းအုပ်ချန်သည် မျက်ခုံးပင့်ကာ စိုက်ကြည့်လာသည်။
"အဲဒါ....လုရွှမ်ပဲ! ဒုကျောင်းအုပ်ချန် လုရွှမ်ဆိုတာ သူပဲ!!"
လုရွှမ် သူ့ပါးစပ်ကို မဖွင့်ခင်မှာ ချိုဝမ့်ထျန်းက တစ်ဖက်က အမြီးကိုနင်းမိတဲ့ ခွေးတစ်ကောင်လို စူးစူးရဲရဲ အော်ဟစ်လိုက်ပါတော့သည်။