← Chapters

လေ့ကျင့်ရေး နည်းလမ်းများကို သင်ပေးခြင်း

Vol. 7 Ch. 95

လေ့ကျင့်ရေး နည်းလမ်းများကို သင်ပေးခြင်း

Vol. 7 Ch. 95

"ဒါက တစ္ဆေအဆင့် လေ့ကျင့်ရေး နည်းလမ်း မဟုတ်ဘူး....ဒါပေမဲ့ မင်းတို့ကိုယ်တိုင်ပဲ လေ့ကျင့်ရမယ်.... ဘယ်သူ့ကိုမှ သင်ပေးလို့ မရဘူး.... အခုပဲ အလွတ်ကျက်လိုက်....ရွတ်ဆိုပြီးတာနဲ့ တိုက်ရိုက် ဖျက်ဆီးလိုက်တော့ မဟုတ်ရင် မင်းတို့ဆီ ကြီးမားတဲ့ ဘေးဒုက္ခတွေ ရောက်စေလိမ့်မယ်"

လုရွှမ်က လေးနက်စွာပြောသည်။

သူပေးခဲ့တဲ့ လေ့ကျင့်ရေး နည်းလမ်း၂စုံက တကယ့်ကို တစ္ဆေအဆင့် မဟုတ်ဘဲ ဝိညာဉ်အဆင့် ဖြစ်နေခြင်းပင်။

ဝိညာဉ်ရေးရာ အဆင့်တွင်ပင် ၎င်းကို အထွတ်အထိပ်အဖြစ် မှတ်ယူနိုင်သည်။

ဤလေ့ကျင့်ရေး နည်းလမ်းမျိုးသည် မူလဂိုဏ်းခြောက်ခုတွင်ပင် ခေါင်းကိုက်စေနိုင်ရာ ဤနေရာတွင်တော့ ပြောစရာကို မလိုချေ။

ထို့ကြောင့် သူက အလေးအနက် ရှင်းပြခြင်း ဖြစ်သည်။

လေ့ကျင့်ရေး နည်းလမ်းကောင်းများသည် လူများကို လျင်မြန်စွာ တိုးတက်စေနိုင်သော်လည်း သတင်းများ ပေါက်ကြားလာသောအခါတွင် ၎င်းတို့သည် ကြီးမားသော ရတနာတစ်ခုရှိသည့် သူတောင်းစား တစ်ဦးကဲ့သို့ ဖြစ်ပြီး အလွယ်တကူ လွတ်သွားနိုင်သည်။

"စိတ်မပူပါနဲ့ ငါတို့အခုပဲ အလွတ်ကျက်လိုက်မယ်!"

"ငါတို့သတိထားပါ့မယ်..."

ရန်းလင် နှင့် ယွမ်ချောင်တို့သည် တစ်ချိန်တည်းတွင် ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။

ကျန်းဝူအင်ပါယာထဲကနေ ဘယ်တုန်းကမှ မထွက်ဖူးပေမယ့် သူတို့ဟာ ငတုံးတွေတော့ မဟုတ်ပါဘူး။ လူတစ်ယောက်က အပြစ်ကင်းစင်တယ် အပြစ်ရှိတယ်ဆိုတဲ့ အမှန်တရားကိုတော့ သိနိုင်ကြတယ်။

ဒီလို ထက်မြက်တဲ့ အတတ်ပညာတွေကို ကိုယ့်ဘာသာပဲ တိတ်တိတ်ကလေး လေ့ကျင့်မှာပေါ့။ သူများတွေကို ဘယ်လိုလုပ် ပြောပြနိုင်မှာလဲ?

"ဥပဒေအဖွဲ့က လတ်တလော ပြဿနာတစ်ခုခု ဖြစ်သေးလား?"

သူတို့သဘောတူတာကို မြင်တော့ လုရွှမ်က ခဏ စကားရပ်လိုက်ပြီး ဆက်မေးလိုက်သည်။

"မရှိဘူး... တစ်စုံတစ်ယောက်က ဒီသတင်းကို တမင် ပိတ်ဆို့ထားပုံရတယ်... အကယ်ဒမီ တစ်ဝန်းလုံးမှာ မပျံ့နှံ့ခဲ့ဘူး....ဥပဒေအဖွဲ့က မင်းအပေါ် ထုတ်ထားတဲ့ နောက်ဆုံးရွှေအမိန့်ကိုလည်း ပယ်ဖျက်လိုက်ပြီ"

ယွမ်ချောင်နှင့် ရန်းလင်တို့သည် သဘောကျနေသော အမူအရာဖြင့် ကြည့်နေကြသည်။

ဆရာဝေ့ချွမ်နဲ့ သူတို့ရှေ့က အကြီးတန်း စီနီယာသုံးယောက်ကို သတ်ခဲ့တဲ့ သူကြောင့် ဒီတစ်ခေါက်တော့ သေချာပေါက် ထွက်ပြေးရတော့မယ်လို့ သူတို့ ထင်ခဲ့တာ။

ဒီလို ကြီးကြီးမားမား ကိစ္စကြီးတစ်ခုက ဒီလိုငြိမ်သက်သွားမယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးသလို သတင်းလည်း ထွက်မလာခဲ့ဘူး။

ဥပဒေအဖွဲ့ပင်လျှင် ပြဿနာ ထပ်မရှာရဲတော့ဘဲ နောက်ဆုံးရွှေအမိန့်ကို တိတ်တဆိတ် ရုပ်သိမ်းသွားသည်။

သူတို့အတွက်ကတော့ ဒါဟာ လုံးဝ မဖြစ်နိုင်လို့ မျက်စိရှေ့ကဟာကိုတောင် မယုံနိုင်ဘူး ဖြစ်နေကြသည်။

"သူတို့က စိတ်ဝင်စားစရာပဲ!"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

ကြည့်ရတာ လော်ယန်ချင်းက လုပ်သင့်တာကို လုပ်ပြီးပြီဖြစ်မည်။

ကျန်းဝူအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးကလွဲလို့ ဘယ်သူမှ ဒီလောက်ကြီးကျယ်တဲ့ ကိစ္စကြီးကို မမြင်နိုင်လောက်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။

ဥပဒေအဖွဲ့၏ မျက်နှာကို အဆက်မပြတ် ရိုက်နှက်ပြီး ဒုကျောင်းအုပ်ချန်ကိုပါ ရိုက်နှက်ခဲ့ခြင်းကြောင့် သူ၏မျက်နှာမှာ အလွန်ပျက်စီးနေပြီး စကားမပြောရဲ ဖြစ်သွားတာလည်း ဖြစ်နိုင်သေးသည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက် အကျိုးရှိသရွေ့ ဘယ်ရှုထောင့်ကပဲ ဖြစ်ဖြစ် အဆင်ပြေသေးပါ၏။

သူ့ခွန်အားတွေ အရမ်း တိုးတက်လာပြီး ကျန်းဝူအကယ်ဒမီကိုလည်း မကြောက်ပေမယ့် သူသတ်မိတော့မယ့် လူတစ်ယောက်ကတော့ ပြဿနာ မသေးလှချေ။

အရမ်းကြီး ဒုက္ခမရောက်ရင် အရေးမကြီးပါဘူး။ အဓိကက ကျင့်ကြံမှုကို မနှောင့်နှေးစေဖို့ပဲ။

"ကောင်းပြီ မင်းတို့တွေ ဆက်လေ့ကျင့်ကြ... ငါလုပ်စရာ ရှိသေးတယ်!"

ယွမ်ချောင် နှင့် ရန်းလင်တို့အား ကျင့်ကြံမှု ပြဿနာ တချို့ကို စကားအနည်းငယ်ဖြင့် ရှင်းပြပြီးနောက် လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းကာ အိပ်ဆောင်ထဲမှ ထွက်လာခဲ့သည်။

ယခုအချိန်တွင် ဆေးပင်များ အဆင်သင့် ဖြစ်နေပြီ ဖြစ်သောကြောင့် [ဆန်းကြယ်သွေးကြော ဆေးလုံး] ကို သန့်စင်ရန် အချိန်တန်ပြီ ဖြစ်သည်။

"ဆန်းကြယ်သွေးကြော ဆေးလုံးက အဆင့်၇ ဆေးလုံး....ပုံမှန်အခြေအနေအရ ၀.၈ရှိတဲ့ ငါ့ရဲ့စိတ်စွမ်းအား ပမာဏနဲ့ဆို အဆင့်၆ အဂ္ဂိရတ်ပညာရှင်ပဲ...အနည်းဆုံး အဆင့်၆ ဆေးလုံးကိုပဲ သန့်စင်နိုင်မှာ အဆင့်၇ ဆေးလုံးကတော့ အောင်မြင်နိုင်ချေ နည်းလွန်းတယ်"

လမ်းလျှောက်ရင်း လုရွှမ် တွေးနေမိသည်။

ဆန်းကြယ်သွေးကြော ဆေးလုံးသည် အဆင့်၇ ဆေးလုံးဖြစ်ပြီး သူသည် အဆင့်၆ အဂ္ဂိရတ်ပညာရှင် ဖြစ်သောကြောင့် ၎င်းကို သန့်စင်ရန် အနည်းငယ် လွန်လွန်းနေသေးသည်။

"တခြားဆေးပင်တွေက ရှာရမခက်ဘူး အဓိကက အရွက်တစ်ထောင်ပန်း တစ်မျိုးပဲ... ဆိုလိုချင်တာက ဒီတစ်ကြိမ် အောင်မြင်ရမယ်... ကျရှုံးလို့မရဘူး"

အဂ္ဂိရတ်ပညာတွင် အောင်မြင်မှုနှင့် ကျရှုံးမှု ရှိသည်။ သူ့တွင် ယခင်ဘဝ၏ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာရှိလျှင် ထိုကဲ့သို့သော အဆင့်နိမ့်ဆေးလုံးကို ပြန်လည်သန့်စင်ရန် ပြဿနာရှိမည် မဟုတ်။

ယခုအခါ စိတ်ဝိညာဉ်စွမ်းအားသည် နိမ့်ပါးလွန်းသဖြင့် အဆင့်မြင့်ဆေးလုံးကို သန့်စင်ရန် တွန်းအားပေးနေမိရာ သူ့ကိုယ်သူ ၁၀၀% မပြောနှင့် ၅၀% တောင် ယုံကြည်မှု မရှိတော့ချေ။

"ကြည့်ရတာ အဂ္ဂိရတ်ဆေးမီးဖို သွားဝယ်ရတော့မယ့်ပုံပဲ!"

လုရွှမ်သည် မျက်ခုံးကြားကို ပွတ်သပ်လိုက်သည်။

ဆေးလုံးမသန့်စင်ခင် ဆေးလုံးအဆင့် နိမ့်သောကြောင့် လေထုထဲတွင် သန့်စင်နိုင်သည်။ယခုတော် ကွာခြားသွားပြီ။ အောင်မြင်မှုနှုန်းကို တိုးမြှင့်လိုပါက အဂ္ဂိရတ်မီးဖိုကိုသာ အသုံးပြုနိုင်ပြီး အဆင့်လည်း မနိမ့်သင့်ပေ။

"အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို သွားကြည့်ရအောင်!"

ဆေးပင်များကို ကျောက်စိမ်းပြားရှိ နေရာထဲသို့ထည့်ကာ လုရွှမ်သည် အဂ္ဂိရတ်ပညာရှင် အဖွဲ့ဆီသို့ လျှောက်သွားလိုက်သည်။

အဂ္ဂိရတ်ပညာရှင် အသင်းသည် နေရာတိုင်းတွင် လူများနှင့်အတူ တက်ကြွ စည်ကားနေဆဲ ဖြစ်သည်။ လုရွှမ်သည် လူများသူ့အပေါ် အာရုံစိုက်လာမှာကို မလိုချင်တာကြောင့် အဂ္ဂိရတ်မီးဖို အရောင်းကောင်တာဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

"လူကြီးမင်း....အဂ္ဂိရတ်မီးဖို ဝယ်ချင်လို့လား? ဒီဘက်ကိုကြွပါ!"

အဂ္ဂိရတ်မီးဖို ရောင်းသည့်နေရာကို မရောက်မီတွင် စားပွဲထိုးတစ်ယောက်က သူ့ကို နှုတ်ဆက်လာသည်။ သူမက ၁၈နှစ် ၁၉နှစ်အရွယ် မိန်းကလေးဖြစ်ပြီး မျက်လုံးတွေက တောက်ပနေ၏။

သူမနောက်ကနေ ခဏလောက် လမ်းလျှောက်လာပြီးနောက် မြင့်မားတဲ့ ဆေးမီးဖိုတွေနဲ့ ပြည့်နေတဲ့ အခန်းတစ်ခုထဲကို ဝင်သွားလိုက်သည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် လုရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒါတွေက အရိုးရှင်းဆုံး မီးဖိုတွေပဲ ပထမတန်း မှော်ဆေးလုံးကိုတောင် မသန့်စင်နိုင်ဘူး!"

သူ့ရှေ့က ဒီမီးဖိုတွေဟာ အသုံးအများဆုံးတွေဖြစ်ပြီး အလုပ်သင်တွေ အသုံးပြုနိုင်တာနဲ့ အတူတူပဲ ဖြစ်သည်။ အဆင့်၁ ဆေးလုံးတွေအတွက် သန့်စင်ရင်တောင် ပေါက်ကွဲနိုင်သည်။

၎င်းသည် သူ့အတွက် အသုံးမဝင် ရုံသာမက သန့်စင်မှုကို ဆန့်ကျင်ကာ အဂ္ဂိရတ်ပညာ အဆင့်ကိုပင် ကျဆင်းစေသည်ဟု ထင်ရသည်။

"မှန်ပါတယ်.... အဲဒါတွေက အလုပ်သင်တွေသုံးတဲ့ အဂ္ဂိရတ်မီးဖိုတွေပါ...လူကြီးမင်းက အဂ္ဂိရတ်အလုပ်သင် မဟုတ်လား?"

စားပွဲထိုးက သံသယစိတ်နဲ့ ကြည့်လာ၏။

လုရွှမ်၏အသက်သည် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်သာ ရှိသေးသည်။ အမှန်ပင် အလုပ်သင်တစ်ဦး၏ အသက်အရွယ်ဖြစ်လို့ သူနားလည်မှုလွဲနေသည်မှာ အံ့ဩစရာမဟုတ်ပေ။

"ကျုပ်က ဒုတိယတန်း အဂ္ဂိရတ်ဆရာပါ.... တကယ့် အဂ္ဂိရတ်မီးဖို ရှိတဲ့နေရာဆီ ခေါ်သွားပေး!"

တစ်ဖက်လူရဲ့ ဝန်ခံချက်ကိုကြားတော့ လုရွှမ်ဟာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး သူ့လက်ကောက်ဝတ်ကို လှည့်၍ သူ့ကို ကိုယ်စားပြုတဲ့ တံဆိပ်ကို ထုတ်ပြလိုက်သည်။

"ဒုတိယ... ဒုတိယတန်း... အဂ္ဂိရတ်ဆရာ?"

စားပွဲထိုးက ထိတ်လန့်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွား၏။

သူမထက်ငယ်တဲ့ ဒီကောင်လေးက အလုပ်သင်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ သူက အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဆိုတာ တစ်ခါမှ မထင်ထားခဲ့ဘူး။

"သခင်လေး တောင်းပန်ပါတယ် ကျွန်မအခုချက်ချင်း ခေါ်သွားပေးပါ့မယ်..."

တစ်ဖက်လူ၏ အထောက်အထားကို အတည်ပြုပြီးနောက် စားပွဲထိုးသည် အနည်းငယ် တုန်လှုပ်သွားပြီး သူ၏စကားလုံးများသည် လူကြီးမင်းမှ သခင်လေးသို့ ပြောင်းလဲသွားသည်။

အဂ္ဂိရတ်ပညာရှင်တိုင်းတွင် လေးစားဖွယ်အဆင့်အတန်း တစ်ခုစီ ရှိကြပြီး အထူးသဖြင့် ဒုတိယအဆင့်သို့ ရောက်ရှိရန်မှာ ပို၍ပင်ရှားပါးပြီး ၎င်းတို့သည် စော်ကားဝံ့သူများ မဟုတ်ပေ။

မကြာခင်မှာပဲ လုရွှမ်နဲ့ စားပွဲထိုး မိန်းကလေးသည် အခန်းတစ်ခုဆီ ရောက်လာခဲ့သည်။

ဤအခန်းသည် ယခင်အခန်းထက် များစွာသေးငယ်ပြီး ဆေးမီးဖိုများ၏ အရေအတွက်မှာ အလွန်နည်းပါးသည်။

"သခင်လေး ဒါက အဂ္ဂိရတ်ဆရာတွေ သုံးတဲ့ အဂ္ဂိရတ်မီးဖိုပါ... ကျန်းဝူမြို့မှာရှိတဲ့ အဂ္ဂိရတ်မီးဖိုတွေ အားလုံးက ဒီမှာရှိပါတယ်..."

စားပွဲထိုးက ဆက်၍

"ဒီမိန်ကျစ်ဆေးဖိုက လက်မှု ကျွမ်းကျင်ပညာရှင် ရှောင်းချွမ်က သန့်စင်ထားတာပါ... မပေါက်ကွဲဘဲ တတိယတန်း ဆေးလုံးတွေကို သန့်စင်ပေးနိုင်တဲ့အပြင် သန့်စင်ထားတဲ့ ဆေးလုံးတွေရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်... ဒီမီးဖိုရဲ့ မူရင်းစွမ်းအားကိုလည်း ဆရာရှောင်းချွမ်က ဖန်တီးထားတာ ဖြစ်ပါတယ်... ဆေးပင်တွေကို ပိုမိုပြည့်စုံစွာ ပေါင်းစပ်နိုင်စေတဲ့ အထူးပတ်လမ်းတစ်ခု ပါရှိပါတယ်"

လုရွှမ် ဆေးမီးဖို အခန်းထဲရောက်တာနဲ့ စားပွဲထိုးက အဲဒါကို အသေးစိတ် မိတ်ဆက်ပေးနေ၏။

သူမ၏အသံသည် ပြတ်သားပြီး နှစ်သက်ဖွယ်ကောင်းကာ ဤမိတ်ဆက် စကားများသည် အခြားသူများအတွက် အသုံးဝင်သော်လည်း အဂ္ဂိရတ်ပညာ ကျွမ်းကျင်သူ လုရွှမ်အတွက်မူ သက်ရောက်မှုမရှိပေ။

ဂုဏ်သိက္ခာရှိသော ကမ္ဘာ့အထွတ်အထိပ် ရောက်ခဲ့သော သူတော်စင်အဆင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေနဲ့ နေ့စဉ်ဆက်သွယ်မှု အများဆုံးမှာ ဆေးပင်ပစ္စည်းများနှင့် မီးဖိုများဖြစ်ပြီး အကောင်းနှင့်အဆိုးကို သူ့လောက်ဘယ်သူက သိနိုင်ဦးမှာလဲ?

သူ့စကားကို နားမထောင်ဘဲ လုရွှမ်က အခန်းတဝိုက်ကို အမြန်လျှောက်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မင်းတို့ရဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှာ ဒီမီးဖိုတွေပဲ ရှိတာလား?"

ဤမီးဖိုများသည် ပထမတန်းနှင့် ဒုတိယတန်း အဂ္ဂိရတ် ဆရာများ အသုံးပြုနိုင်ပြီး ပြဿနာကြီးတစ်ခု မဟုတ်ပေ။ ၎င်းတို့သည် ဆေး၏ထိရောက်မှုကိုလည်း တိုးမြင့်စေနိုင်သည်။

သို့သော် သူသန့်စင်လိုသည်မှာ အဆင့်၇ ဆေးလုံးဖြစ်သည်။ ဤမီးဖိုများသည် အလွန်အမင်း အားနည်းလှ၏။

တကယ်သာ သုံးလိုက်ရင် ဆေးသန့်စင်မှု မပြီးဆုံးခင်မှာပဲ အကြော်အိုး ဖြစ်သွားမှာ ကြောက်ရသည်။

All Chapters