မည်သို့မျှ မတတ်နိုင်
Vol. 67 Ch. 882
မြေအောက်ဘုံအရှင်သခင်က မြေပြင်ဆီသို့ လက်ညှိုးထိုးလိုက်သည်။ မိစ္ဆာနတ်ဆိုးအရှိန်အဝါသည် မြေပြင်ထက်တွင် အုံကြွလာပြီးနောက် မြေကြီးပျောက်ကွယ်သွားကာ ယိုတုတွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ပြသနေ၏။
ချင်မူ ကြည့်လိုက်သည့်အခါ မြေအောက်ဘုံအရှင်သခင်၏ ရုပ်ခန္ဓာအစစ်အရှေ့သို့ ကောင်းကင်နတ်အရှင်ယွီ နောက်တစ်ယောက် ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ သူ၏ရုပ်ခန္ဓာက မြေအောက်ဘုံအရှင်သခင်နှင့် မယှဉ်နိုင်သေးသော်လည်း အတိုင်းထက်အလွန် ကြီးမားသေး၏။ မြေအောက်ဘုံအရှင်သခင်၏ ဆယ်ပုံတစ်ပုံ အရွယ်အစား ရှိလေသည်။
ရွှမ်တုထဲရှိ ကောင်းကင်နတ်အရှင်ယွီကလည်း အလားတူခန္ဓာကိုယ် ဖြစ်သည်။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်သည် မတန်မဆ ကြီးမားလှသော ခန္ဓာကိုယ်ကြီးများ ပိုင်ဆိုင်ထား၍ သူ့ကို အမှန်တကယ် ယှဉ်နိုင်သူ ရှေးဟောင်းနတ်ဘုရားအနည်းအကျဉ်းသာ ရှိ၏။
ယိုတုရှိ ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းအနောက်တွင်လည်း ကောင်းကင်နန်းဆောင်အလွှာအထပ်ထပ်က ကောင်းကင်နတ်ဘုံတစ်ဘုံ ဖွဲ့တည်ထားသည်။ ထိုမြင်ကွင်းသည် မယုံနိုင်လောက်အောင် ခမ်းနားလှလေသည်။
ကောင်းကင်နတ်အရှင်ယွီ၏ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းတော်များသည် ရှေးဟောင်းနတ်ဘုရားအားလုံးနီးပါး၏ မဟာတာအိုအားလုံးနီးပါး အသုံးပြု၍ တည်ဆောက်ထားခြင်းဖြစ်၏။ ထို့ကြောင့် ယခုလို ကောင်းကင်နတ်အရှင်ယွီတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ စိတ်နှလုံးမတုန်လှုပ်ဘဲ နေပါမည်လော။
ရှေးဟောင်းနတ်ဘုရားများအတွက် သိုင်းအဆင့်နယ်ပယ်များ မရှိပေ။ သူတို့သည် သဘာဝအလျောက် မွေးဖွားလာ၍ အင်အားကြီးမားကြ၏။ အစွမ်းအစများ မြှင့်တင်ရန် ကျင့်ကြံအားထုတ်နိုင်သော်လည်း ကျင့်ကြံခြင်းက သူတို့၏မဟာတာအိုအပေါ် နားလည်သိမြင်နိုင်စွမ်းကိုသာ တိုးတက်လာစေခြင်း ဖြစ်သည်။ ကန့်သတ်ထားသော နယ်ပယ်ထက် ကျော်နိုင်အောင် ခွင့်ပြုပေးမည်မဟုတ်ပေ။
ဥပမာ မြေအောက်ဘုံအရှင်သခင်အနေဖြင့် ကောင်းကင်နယ်စားမင်း၏ မဟာတာအိုကို နားလည်မည်မဟုတ်။
ဆန့်ကျင်ဘက်တွင် ကမ္ဘာဦးအစ ဖြစ်တည်ပြီးနောက်ပိုင်းမှ မွေးဖွားလာသော သက်ရှိသတ္တဝါများနှင့် နတ်ဘုရားတစ်ပိုင်းများတွင် ထိုကဲ့သို့ အကန့်အသတ်များ မရှိချေ။ သို့သော် ရှေးဟောင်းနတ်ဘုရားများအောက် များစွာနိမ့်ကျလျက် မွေးဖွားလာကြသည်။ ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ဖြင့်ပင် ရှေးဟောင်းနတ်ဘုရားများနှင့် မယှဉ်နိုင်ကြသေးပေ။
သက်ရှိသတ္တဝါများနှင့် နတ်ဘုရားတစ်ပိုင်းတို့သည် နားလည်သိမြင်နိုင်စွမ်းကို မည်မျှမြှင့်တင်နိုင်စေကာမူ မဟာတာအိုမှ မွေးဖွားလာသော နတ်ဘုရားများနှင့် ယှဉ်၍ ရပါမည်လော။ တွေးခေါ်နားလည်ခြင်းမှတစ်ဆင့် ရရှိသော မဟာတာအိုသည် အစစ်အမှန်မဟာတာအိုအောက် အနည်းငယ် နိမ့်ကျနေသေးလိမ့်မည်။
သို့သော် ခြွင်းချက်တစ်ခု ရှိနေကြောင်း ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင် သိလေသည်။
နဂါးဟန်ခေတ်၏ ပထမနှစ်၊ ကျောက်စိမ်းရေကန်တွေ့ဆုံပွဲတွင် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ယွီ၏ နတ်ဘုရားအဆင့်၊ အဋ္ဌမအဆင့်ကို ဖော်ထုတ်ပြခဲ့သည်။ ဤအဋ္ဌမအဆင့်က ကောင်းကင်နတ်ဘုံအဆင့် ဖြစ်သည်။
ကောင်းကင်နတ်ဘုံသည် သက်ရှိသတ္တဝါများနှင့် နတ်ဘုရားတစ်ပိုင်းများအတွက် ရှေးဟောင်းနတ်ဘုရားများကို ကျော်တက်ရန် အရေးအကြီးဆုံးအမှတ် ဖြစ်၏။
ကောင်းကင်နတ်ဘုံ၌ ရှေးဟောင်းနတ်ဘုရားအားလုံး၏ စနစ်များအပြင် ကောင်းကင်နန်းဆောင် ၃၆ ဆောင်၊ ပလ္လင်ခန်းမ ၇၂ ခု ပါဝင်သည်။ ကောင်းကင်နတ်ဘုံအဆင့်သို့ ကျင့်ကြံပြီးသည်နှင့် သူတို့၏အဆင့်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်လို ဖြစ်တည်မှုများနှင့် တန်းညှိနိုင်မည်။
သမိုင်းတစ်လျှောက်တွင် ကောင်းကင်နတ်ဘုံအဆင့်နှင့် ပတ်သက်၍ မည်သည့်မှတ်တမ်းမှ၊ မည်သည့်ဇာတ်လမ်းမှ မရှိခဲ့ပေ။ ကောင်းကင်နတ်ဘုံ၏ အာဏာရှင်များက ကောင်းကင်နတ်ဘုံအဆင့် ရှိသည့်အကြောင်း မည်သူမှ မသိစေချင်သဖြင့် ရှေးဟောင်းနတ်ဘုရားများနှင့်အတူ ဖုံးကွယ်ထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤအဆင့်က ကြောက်မက်ဖွယ်ရာကောင်းလွန်း၍ပင်။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်လည်း ထိုအကြောင်းကို တစ်ချိန်လုံး သိနေခဲ့ပြီး ကောင်းကင်နတ်ဘုံ၏ အာဏာရှင်များ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များကို လိုက်လံစုဆောင်းနေခဲ့ခြင်းမှာလည်း ကောင်းကင်နတ်ဘုံကျင့်စဉ်ကို ဖန်တီးရန် ဖြစ်သည်။ သို့သော် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခုစလုံးအား အတူထားရှိရန်မှာ အလွန်ခက်ခဲ၍ ကောင်းကင်နတ်ဘုံ၏ အာဏာရှင်များ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည် မဖော်နိုင်ခဲ့ပေ။
ခေတ်တိုင်းခေတ်တိုင်းတွင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်အရေအတွက်မှာပင် နည်းပါးနေပြီဖြစ်သည်။ ထို့အပြင် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခုအတွက် ကျင့်စဉ်သည် ဓာတ်သတ္တိများအလိုက် မတူညီသော ကျင့်စဉ်များလည်း ဖြစ်ရဦးမည်။ သို့ဖြစ်၍ အကောင်အထည်ဖော်ရန်မှာ အတိုင်းထက်အလွန် ခက်ခဲ၏။
သို့တိုင်အောင် ရွှမ်တုနှင့် ယိုတုတွင် ကောင်းကင်နတ်အရှင်ယွီနှစ်ယောက် ရုတ်တရက် ပေါ်လာခြင်းက သူတို့အား အကြီးအကျယ် ထိတ်လန့်သွားစေတော့သည်။
“မှားနေတယ် မှားနေတယ်”
ချင်မူက ရေတွက်ကြည့်ပြီး ပြောသည်။ “ဒီကောင်းကင်နတ်အရှင်ယွီနှစ်ယောက်နောက်က ကောင်းကင်နန်းဆောင် အရေအတွက် မှားနေတယ်... ရွှမ်တုရဲ့ ကောင်းကင်နတ်အရှင်ယွီမှာ ကောင်းကင်နန်းတော် ၁၈ ဆောင်ရှိပြီး ယိုတုရဲ့ ကောင်းကင်နတ်အရှင်ယွီမှာ ကောင်းကင်နန်းဆောင် အဆောင်နှစ်ဆယ် ရှိနေတယ်... ပြည့်စုံနေတဲ့ ကောင်းကင်နတ်ဘုံအဆင့် မဟုတ်သေးဘူး... သူတို့ကို အနိုင်ယူလို့ ရနိုင်သေးတယ်”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်မှာ စိတ်တည်ငြိမ်သွားပြီး ခေါင်းညိတ်၏။ “ယိုတုမှာ ငါ သူ့ကို တိုက်ခိုက်နိုင်တယ်... သူတို့ ယိုတုသားတော်ကို မဖမ်းနိုင်ခဲ့တဲ့အပြင် ယိုတုမဟာတာအိုကိုလည်း အပြည့်အဝ လေ့လာရသေးဘူး”
ကောင်းကင်နယ်စားမင်း ကိုယ်ပွားက စိတ်ပျက်အားလျော့နေသလို ပြောသည်။ “ငါတော့ သူများတွေ လေ့လာတာ ခံရတော့မယ်... သူများဆိုလို တခြားသူမဟုတ်ဘူး အားကိုးမရတဲ့ ငါ့သားပဲ... သူ ဒီတစ်ခေါက်ရောက်လာတာ ကြည့်ရင် အခြေအနေက အဆိုးဘက်ဦးတည်နေပြီ... ဒါပေမဲ့ အကုန်အစင် လေ့လာလို့ မပြီးမချင်း င့ါကို ထိမှာမဟုတ်ဘူး... သူက ငါ့ကို ကျော်တက်ပြီး အစားထိုးချင်နေတာ... ငါ့ထက် သန်မာအားကောင်းချင်နေတာပဲ... အဲဒါကို မရသရွေ့ သူ ငါ့ကို ထိမှာမဟုတ်ဘူး”
ချင်မူ စိတ်အားတင်း၍ ဘယ်လျှောက်ညာလျှောက် လျှောက်နေသည်။ သူက ရုတ်တရက် ဗြဟ္မဗုဒ္ဓဆီသို့ လှမ်းကြည့်သည်။ “ဗုဒ္ဓက ကောင်းကင်မဟာမိတ်အဖွဲ့ဝင်တစ်ယောက်မဟုတ်လား... ဗြဟ္မဘုံထဲက ကောင်းကင်နတ်အရှင်ယွီက ဗုဒ္ဓကို တိုက်ခိုက်ပါ့မလား”
ဗြဟ္မဗုဒ္ဓက ခေါင်းယမ်းသည်။ “ငါက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲမလို့ သူ ငါ့ကို မတိုက်ခိုက်လောက်ပေမယ့် ငါ့ဧကရာဇ်ပလ္လင်အဆင့်ကျမ်းစာကိုတော့ သေချာပေါက် ပေးရလိမ့်မယ်... ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်ဘုံက မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းကို အခုလောလောဆယ် ထိဦးမှာမဟုတ်ဘူး.... သူတို့ အခု ထိချင်တဲ့နေရာက... ကမ္ဘာဦးဘုံဖြစ်မှာ စိုးမိတယ်”
ချင်မူ့အမူအရာ အကြီးအကဲ ပြောင်းလဲသွားပြီး အော်လိုက်မိသည်။ “ဗုဒ္ဓဆိုလိုတာက အဲဒီလိုကောင်းကင်နတ်အရှင်တစ်ယောက် ကမ္ဘာဦးဘုံဆီကိုလည်း ဆင်းသက်လာတယ်လို့လား”
ဗြဟ္မဗုဒ္ဓက သက်ပြင်းချတော်မူသည်။ “ကမ္ဘာဦးဘုံထဲက အမိကမ္ဘာမြေက သေဆုံးပြီးသား ဆိုပေမယ့် မပျောက်ကွယ်သေးဘူး ... ဒါကြောင့် သူ့ကို သုတ်သင်လိမ့်မယ်... ကမ္ဘာဦးဘုံအပြင် နတ်မင်းလေးပါးလည်း ကျန်သေးတယ်.... အရှေ့အရပ်ကောင်းကင်ဘုံ၊ အနောက်အရပ်ကောင်းကင်ဘုံ၊ တောင်အရပ်ကောင်းကင်ဘုံနဲ့ မြောက်အရပ်ကောင်းကင်ဘုံတို့မှာလည်း ကောင်းကင်နတ်အရှင်ယွီတစ်ယောက်စီ ဆင်းသက်လာနေလောက်ပြီ... ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကမ္ဘာဦးဘုံထဲမှာဆိုတော့ အန္တရာယ်များတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရှင်းပစ်ဖို့က ဒီလက်နက်အတွက် ဖုန်ခါသလောက်ကို လွယ်ကူလိမ့်မယ်”
ချင်မူ့ခြေဖျားလက်ဖျားများ အေးစက်သွားပြီး အသံသည်ပင် အက်ကွဲလာ၏။ “ဘာလုပ်ရင် ရနိုင်မလဲ”
သူက ကောင်းကင်နယ်စားမင်းဆီသို့ ကြည့်သည်။ ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားမှာ သက်ပြင်းချကာ နှုတ်ဆက်နေသည်။ မြေအောက်ဘုံအရှင်သခင်ကို ကြည့်ရာတွင်လည်း မြေအောက်ဘုံအရှင်သခင်သည် အကြည့်လွှဲ၍ တိတ်ဆိတ်နေ၏။
ချင်မူ ဗြဟ္မဗုဒ္ဓဘက် လှည့်လိုက်သည့်အခါ ဗြဟ္မဗုဒ္ဓက ခေါင်းယမ်းပြသည်။ ချိဧကရာဇ်နှင့် မဟာနေဧကရာဇ်ဆီ အကြည့်ရောက်သည့်အချိန်တွင် ချိဧကရာဇ်က ပြောသည်။ “ငါတို့က သေနေပြီဆိုတော့ အသုံးမဝင်တော့ဘူး... ငါ့ချိမင်ပြည်သူတွေ မျိုးသုဉ်းပျောက်ကွယ်သွားမှာတောင် စိတ်ပူနေမိတယ်...”
ချင်မူမှာ စိတ်ပျက်အားယုတ်သွားပြီး ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
အန္တရာယ်အများဆုံး အခြေအနေထဲရောက်သွားသည်မှာ ကောင်းကင်နယ်စားမင်းလည်းမဟုတ်၊ မြေအောက်ဘုံအရှင်သခင်လည်းမဟုတ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဖြစ်နေသည်။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ မဟာတာအိုများကို အပြည့်အစုံ မပြုစုပြီးသရွေ့ ကောင်းကင်နတ်ဘုံသည် သူတို့အပေါ် ထိပါးမည်မဟုတ်ပေ။ ထိပါးလိုက်ပါက ဆုံးရှုံးနစ်နာရလိမ့်မည်။ သို့သော် ကမ္ဘာဦးဘုံကို ရှင်းပစ်ရန်မှာမူ လွန်စွာလွယ်ကူရိုးရှင်းပေသည်။
ကမ္ဘာဦးဘုံအတွင်းရှိ မပြောပလောက်သော နေရာငယ်လေး ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ဤကပ်ဘေးမှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်။
“ချင်သားတော်၊ ငါတို့က ငါတို့ကိုယ်တောင်ငါတို့ အနိုင်နိုင် ကာကွယ်နေရတာဆိုတော့ မင်းကို သိပ်မကူညီပေးနိုင်ဘူး”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ဆက်ပြောသည်။ “ယိုတုက အန္တရာယ်ကင်းသေးတယ်... ကောင်ကင်နတ်အရှင်ရုံက ကောင်းကင်နတ်အရှင်ယွီအစစ်ကို ခေါ်ဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားနေပြီ.... ကောင်းကင်နတ်အရှင်ရုံနဲ့ ငါ ရှိနေသရွေ့ သူ ဘာမှမဖြစ်စေဖို့ အာမခံတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မနေနဲ့ အန္တရာယ်များလွန်းတယ်... ယိုတုဆီ လာခဲ့... အဲဒီကနေမှ ဘာဆက်လုပ်သင့်လဲ ကြံကြစို့”
ချင်မူ့စိတ်ထဲတွင် ဗလာကျင်းနေသည်။
ကောင်းကင်နယ်စားမင်းကလည်း ပြောသည်။ “ငါ့ရွှမ်တုဆီ လာလည်း ရတယ်... သုံးစားမရတဲ့ သားမိုက်က ငါ့ကို ထိဦးမှာမဟုတ်ဘူး... ဗြဟ္မဘုံကိုတော့ မသွားနဲ့... မင်းကို အဲဒီမှာ ဝရမ်းထုတ်ထားတယ်”
ချင်မူ့ရင်ထဲတွင် ဗြောင်းဆန်နေ၏။
ရုတ်တရက် သူ့နှလုံးသားထဲ၌ မျှော်လင့်ချက်မီးပွားတစ်စ ထတောက်လာသည်။ “ကောင်းကင်နတ်ဧကရာဇ်... ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ရှိသေးတာပဲ.... သူကလည်း ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲမဟုတ်လား..... ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်ယင်နတ်ဘုရားမနဲ့ ခိုင်ဧကရာဇ်ခေတ်က လူတွေ ရှိသေးတယ်... သူတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကူညီနိုင်တယ်... မျှော်လင့်ချက်ရှိသေးတယ်”
“မင်းက ယိုတုသားတော်၊ ကောင်းကင်နတ်ဘုံ မင်းကို ချုပ်ကိုင်သွားမှာ ခွင့်မပြုရဘူး”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောသည်။ “ကောင်းကင်နတ်ဘုံ မင်းကို ချုပ်ကိုင်လိုက်ရင် ငါ့ယိုတုရဲ့ မဟာတာအိုကို သူတို့လက်ထဲ အပ်လိုက်တာနဲ့ အတူတူပဲ.... အဲဒီအချိန်ကျ ငါလည်း အန္တရာယ်ရှိလာလိမ့်မယ်.... ယိုတုဆီ ပြန်သွား... မင်းက ယိုတုမှာ မွေးတာ၊ မင်းက ယိုတုရဲ့တစ်စိတ်တစ်ပိုင်း... ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မပတ်သက်ဘူး.... ယိုတုကမှ မင်းရဲ့ မွေးရပ်မြေ၊ မင့်အိမ်ပဲ”
“ကျွန်တော် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ချင်တယ်”
ချင်မူက အံတင်းတင်းကြိတ်၍ ကျယ်လောင်စွာ အော်၏။ “ကျွန်တော် ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုပဲ ပြန်ချင်တယ်”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင် မျက်မှောင်ကြုတ်သွားသည်။ “အရင်ဆုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီပြန်... မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို ခေါ်လာခဲ့... ငါ မင်းတို့ကို ကြိုဖို့ ကောင်းကင်နတ်အရှင်ရုံကို လွှတ်ပေးမယ်”
ချင်မူက မည်သည်ကိုမျှ ဆက်မပြောပေ။
ချင်ဖုန်းကျင့်က မရပ်မနား ပြေးနေသည်။ နှစ်ရက်ကြာသော် ကမ္ဘာဦးဘုံရှိသော ကုန်းမြေကို လှမ်းမြင်ရပြီဖြစ်၏။
ရုတ်တရက် ချင်ဖုန်းကျင့် ဆတ်ခနဲ တုန်သွားသည်။ သူက ကောင်းကင်သို့ မော့ကြည့်ကာ အော်လေသည်။ “ငါ့ထက်တောင် ကြီးတဲ့အကောင်ကြီး ရှိသေးတာပဲဟ.... ဒါကြီးကို အကုန်စားဖို့ဆို ဘယ်လောက်တောင် ကြာလိုက်မလဲ”
ကောင်းကင်ထဲတွင် ဧရာမကောင်းကင်နတ်အရှင်ယွီသည် ကမ္ဘာဦးဘုံ၏ ကမ္ဘာလောကစည်းကို ဝင်တိုက်၍ ဆင်းသက်လာနေ၏။ ကမ္ဘာဦးဘုံ၏ နယ်စပ်မှပင် ဤနတ်ဘုရားကြီးကို မြင်နိုင်လေသည်။
သူ့ခေါင်းအနောက်တွင် အလင်းလှည်းဘီးများ လှည်နေပြီး မီးတောက်များ လောင်မြိုက်နေသည်။ သူက မဟာမြို့ပျက် ဖြစ်ခဲ့ဖူးသော အရပ်မျက်နှာဘက်သို့ ဆင်းသက်သွား၏။
ကြောက်မက်ဖွယ်ရာ အားလှိုင်းများက သူ့ကို ဗဟိုပြူလျက် အရပ်မျက်နှာတစ်ခွင် ဖြာထွက်လာရင်း ကောင်းကင်ထဲရှိ ကောင်းကင်ဘုံများနှင့် တိမ်တိုက်များအား တွန်းထုတ်ပစ်လိုက်သည်။
ဧရာမဖိအားကြီးသည် တစ်စက္ကန့်အတွင်း ကမ္ဘာဦးဘုံတစ်လျှောက် ရိုက်ခတ်သွားသဖြင့် အားလုံး တုန်လှုပ်ချောက်ချားစရာ အငွေ့အသက်များကို ခံစားလိုက်ကြရသည်။ သူတို့မှာ အရောင်အဝါများ တောက်ပနေသော နတ်ဘုရားတစ်ပါး၏ ခြေထောက်အောက်တွင် နင်းခြေခံနေသကဲ့သို့ နှလုံးသားထဲ၌ ဖိစီးလာကြ၏။
နတ်ဘုရားများကို အနိုင်ယူခဲ့ဖူးသော အင်အားကြီးပုဂ္ဂိုလ်များပင် ဤဖြစ်တည်မှုကို အာရုံရလိုက်သည့်အခါ ကူကယ်ရာမဲ့ကုန်ကြတော့သည်။
ဤအခိုက်အတန့်တွင် ကမ္ဘာဦးဘုံထဲရှိ လူတိုင်းနီးပါး ကောင်းကင်နတ်ဘုံ၏ ပြိုင်ဘက်ကင်းလက်နက်ကြီးကို မြင်လိုက်ကြရချေပြီ။
ကောင်းကင်နတ်အရှင်ယွီနှင့်အတူ စစ်သင်္ဘောများက အောက်ဘုံသို့ ဆင်းသက်လာသည်။ ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာ ကမ္ဘာဦးဘုံ၏ အတားအဆီးကို တိုက်ချလိုက်သည့်အခါ ဤစစ်သင်္ဘောများသည် ကောင်းကင်နတ်အရှင်ယွီ၏ ခြံရံလျက် ပျံဆင်းလာကြ၏။ သင်္ဘောများအပေါ်တွင် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများ ရှိနေသည်။
ကောင်းကင်နတ်အရှင်ယွီက ချိမင်ခေတ်၊ ချုံဧကရာဇ်ခေတ်နှင့် ခိုင်ဧကရာဇ်ခေတ်တို့မှ လက်ကျန်ပြည်သူများကို ရှင်းပစ်ရန် ဆင်းသက်လာခြင်းမဟုတ်၊ သူက ကမ္ဘာဦးဘုံ၏ အရှင်ဘုရင်မ အမိကမ္ဘာမြေကို သုတ်သင်ရန်အတွက် ရောက်လာခြင်းဖြစ်သည်။
ချိမင်ခေတ်၊ ချုံဧကရာဇ်ခေတ်နှင့် ခိုင်ဧကရာဇ်ခေတ်တို့မှ လက်ကျန်ပြည်သူများကို ဖယ်ရှားရှင်းလင်းပစ်ရန်မှာ သူနှင့်အတူ အောက်ဘုံသို့ ဆင်းလာသည့် နတ်ဘုရားစစ်တပ် ဖြစ်ပေသည်။
“ငါ ဒါကြီးကို အနိုင်မယူနိုင်ဘူး” ချင်ဖုန်းကျင့်က ခပ်တိုးတိုး ရေရွတ်ပြီးနောက် နဂါးချီလင်နှင့် ယန်အာကို ပခုံးအပေါ်မှ ချကာ အော်လိုက်၏။ “ညီဆိုးလေး ကမ်းစပ်ကို ရောက်ပြီ.... ဒီမှာ အကောင်အကြီးကြီးတစ်ကောင် ရောက်နေတယ်... ငါ သူ့ကို လုံးဝ အနိုင်မယူနိုင်ဘူး... မင့်ဘာသာမင်း ကြည့်ရှင်းတော့”
ထိုသို့ပြောရင်း သူ၏ရုပ်ခန္ဓာက လျင်မြန်စွာ ပြန်ကျုံ့သွားကာ ချင်မူ့အသွင် ပြန်ဖြစ်လာသည်။
“ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို အတတ်နိုင်ဆုံး မြန်မြန်ရှာ... ကောင်းကင်နတ်အရှင်ရုံ မင်းတို့အားလုံးကို ယိုတုထဲ ပို့ပေးလိမ့်မယ်” မြေအောက်ဘုံအရှင်သခင်၏အသံက သူ့နားထဲ ဝင်ရောက်လာ၏။
ချင်မူက ပြန်မဖြေ။ မိုးမခသစ်ရွက်ကို ထုတ်၍ နဖူးအပေါ် ကပ်ပြီးနောက် အပြုံးတစ်ခုဖြင့် ယန်အာဘက်သို့ လှည့်လိုက်သည်။ “မမကြီးယန်အာ၊ ကျွန်တော့်အဝတ်တွေ ကပိုကရို ဖြစ်နေတယ်... မမကြီး သပ်သပ်ရပ်ရပ် မလုပ်ပေးတော့ဘူးလား”
ယန်အာမှာ ဧရာမကောင်းကင်နတ်အရှင်ယွီကြောင့် အံ့အားသင့်နေသေးသော်လည်း ချင်မူ့စကားကို ကြားလျှင် ဝတုတ်မလေးအသွင် ပြောင်း၍ သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ကြိုးကြိုးစားစား လုပ်ပေးနေသည်။ “သခင်လေး၊ ကောင်းကင်နတ်ဘုံကနေ ရောက်လာတဲ့ တစ်ယောက်က ဖက်တီးလန်နဲ့ တူသလိုပဲ”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ဒါက မဟားတရား အင်အားကြီးမားတဲ့ ကောင်းကင်နတ်အရှင်ယွီအတုပဲ”
မြေအောက်ဘုံအရှင်သခင်၏အသံက သူ့စိတ်ထဲ ဝင်ရောက်လာ၏။ “တခြား ဘာမှမတွေးနဲ့... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပျက်စီးဖို့က သေချာနေပြီ.. ယိုတုဆီ ပြန်လာခဲ့... မင်းက ယိုတုသားတော်ဆိုတာ မမေ့နဲ့”
ချင်မူက ယန်အာ အခက်တွေ့နေသည်ကို မြင်လျှင် ရယ်လိုက်သည်။ “ကျွန်တော့်ဘာသာ လုပ်လိုက်မယ်.... မမကြီးယန်အာ၊ ကျွန်တော်နဲ့ နဂါးချီလင်ကို သယ်ပြီး အမြန်ဆုံးနှုန်းနဲ့ ပြန်ရင် မက်မွန်တောအုပ်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ”
ယန်အာသည် သက်ပြင်းချ၍ နဂါးစာကလေးအသွင် ပြောင်း၏။ “တစ်ရက်ပဲ ကြာမယ်”
နဂါးချီလင်က ယန်အာ၏ကျောပေါ် အလျင်အမြန် ခုန်တက်လိုက်ပြီး နဂါးစာကလေးသည် တောင်ပံဖြန့်ကာ ကောင်းကင်တစ်လျှောက် ပျံသန်းသွား၏။ သူမက ချင်ဖုန်းကျင့်၏ အားကုန်ပြေးနှုန်းလောက် မမြန်သော်လည်း နဂါးချီလင်ထက်တော့ အဆပေါင်းများစွာ မြန်သည်။
ဒုတိယနေ့ရောက်သော် ယန်အာက ခွန်းလွန်နယ်စပ်ကို ဖြတ်၍ တာအိုဂိုဏ်းတက္ကသိုလ်အပြင်တွင် ဆင်းသက်လိုက်သည်။
တာအိုသခင်လင်းရွှမ်သည် ကောင်းကင်ထက်မှ နတ်ငှက်ကြီး ဆင်းသက်လာသည်ကို မြင်၍ တက္ကသိုလ်ထဲမှ အလျင်အမြန် ပြေးထွက်လာသော်လည်း ချင်မူက သူ့ကိုပင် နှုတ်မဆက်ဘဲ နတ်ငှက်၏ကျောပေါ်မှ လျင်မြန်စွာ ဆင်းပြီး မက်မွန်တောအုပ်ဆီ ပြေးသွားသည်ကို တွေ့လိုက်ရ၏။
“ကောင်းကင်နတ်အရှင်ယွဲ့”
ချင်မူ မက်မွန်တောအုပ်ထဲ ပြေးဝင်ပြီး ကျယ်လောင်စွာ အော်သည်။ “ခင်ဗျားရဲ့ မိတ်ဆွေဟောင်း ကောင်းကင်နတ်အရှင်မူ တွေ့လိုပါတယ်”
တာအိုသခင်လင်းရွှမ်မှာ အနည်းငယ် ထိတ်လန့်သွားသည်။ သူ ကြည့်နေစဉ် ချင်မူက တောအုပ်အတွင်းသို့ ပြေးနေသော်လည်း မက်မွန်တောအုပ်၏ အပြင်အလွှာ၌သာ တဝဲဝဲ လည်နေလေသည်။
“ဂိုဏ်းသခင်ချင် ဘာဖြစ်တာလဲ” လင်းရွှမ် နဂါးချီလင်ကို မေးမိသည်။
နဂါးချီလင်က ပတ်ဝန်းကျင်အရိပ်အခြည်ကြည့်၍ ဖြေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ အဆုံးသတ်တော့မယ်... ဂိုဏ်းသခင်က မက်မွန်တောအုပ်သခင်ဆီက အကူအညီတောင်းချင်လို့ သူ့ဘွဲ့ကို ထုတ်သုံးနေတာ... မက်မွန်တောအုပ်သခင်သာ အရင်ရင်းနှီးမှုကို ထောက်ထားသေးရင် သူ တောင်းဆိုတာကို ငြင်းပယ်မှာမဟုတ်ဘူး”
တာအိုသခင်လင်းရွှမ်မှာ ဇဝေဇဝါ ဖြစ်သွားပြီး ကမန်းကတန်း မေးမိသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ အဆုံးသတ်တော့မယ်ဟုတ်လား... ဒါက ကောင်းကင်ဘုံကနေ ရုတ်တရက်ကြီး ဆင်းသက်လာတဲ့ လန်ယွီထျန်းနဲ့ ပတ်သက်နေတာလား... အဲဒီနတ်ဘုရားက ဂိုဏ်းသခင်ဘေးက လန်ယွီထျန်းနဲ့ ပိန်တာ ဝတာပဲ ကွာတယ်”
ဤအခိုက်အတန့်တွင် တာအိုရသေ့များ ရောက်လာပြီး ကျယ်လောင်စွာ လှမ်းအော်သည်။ “တာအိုသခင်၊ ချင်းယွင်ကောင်းကင်ဘုံက လူလွှတ်လိုက်တယ်... ကျေးဇူးပြုပြီး လာတွေ့ပါဦး”
တာအိုသခင်လင်းရွှမ်မှာ အသေးစိတ်မေးနေရန် အချိန်မရတော့၍ ချင်းယွင်ကောင်းကင်ဘုံမှ ဧည့်သည်များကို ကြိုဆိုရန် တက္ကသိုလ်ထဲ အလျင်အမြန် ပြန်ဝင်သွားသည်။
သူ့ကို အံ့အားသင့်သွားစေသည်က ချင်းယွင်ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ရောက်လာခြင်းဖြစ်၏။ တာအိုလင်းရွှမ် ထုံးစံများအတိုင်း ဂါဝရပြုတော့မည့်အချိန် ချင်းယွင်ဂိုဏ်းခေါင်းဆောင်က လက်ကာပြသည်။ “ညီလေးလင်း၊ ငါ တာအိုဘိုးဘေးကြီးရဲ့ အမိန့်အတိုင်း မင်းဆီ လာတာပါ.... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းကို ချင်းယွင်ကောင်းကင်ဘုံဆီ ပြောင်းရွှေ့ပြီး ဒီဒုက္ခပင်လယ်နဲ့ ဝေးဝေးနေဖို့ မှာတယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ ကယ်တင်လို့ မရတော့ဘူးတဲ့”
လင်းရွှမ် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ဆွံ့အသွားသည်။ ရုတ်တရက် အားအင်များ ဆွဲယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၍ တိုင်တစ်လုံးတွင် မှီလိုက်ရ၏။ သူက အက်ကွဲနေသောအသံဖြင့် မေးလေသည်။ “တာအိုဘိုးဘေးကြီးက အဲဒီလိုပြောလိုက်တာလား”
“ဟုတ်တယ်”
ချင်းယွင်ဂိုဏ်းခေါင်းဆောင်က အလေးအနက် မှာရင်း ချက်ချင်း ပြန်သွားသည်။ “ငါ တခြားကောာင်းကင်ဘုံတွေက တာအိုဂိုဏ်းတွေကိုလည်း တာအိုဘိုးဘေးကြီး မှာထားတာတွေ ပြောရဦးမယ်... ညီလေးလင်း၊ တာအိုဘိုးဘေးကြီးက မင်းကို သိပ်အရေးထားလို့ အရင်ဆုံး အကြောင်းကြားခိုင်းထားတာပဲ.... သူ စိတ်မပျက်သွားစေနဲ့”
ထို့နောက် သူ ပျံထွက်သွားသည်။
လင်းရွှမ်၏ စိတ်ထဲတွင် ကယောက်ကယက် ဖြစ်နေပြီး အတန်ကြာမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည်။ သူက ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် တာအိုဂိုဏ်းတက္ကသိုလ်အပြင် ထွက်လာသည့်အခါ ချင်မူ မက်မွန်တောအုပ်၏အစပ်တွင်သာ လျှောက်နေဆဲဖြစ်ကြောင်း မြင်လိုက်ရ၏။ သူက တောအုပ်ထဲ ဝင်ရန် ကြိုးစားနေသော်လည်း မက်မွန်တောအုပ်သခင်က သူ့ကို မတုံ့ပြန်သေးပေ။
ညရောက်သည့်အခါ မက်မွန်တောအုပ်သည် မှိန်ပျပျ လင်းလာ၏။ မိန်းကလေးတစ်ယောက်က မီးအိမ်တစ်လုံးကိုင်လျက် လမ်းလျှောက်ထွက်လာ၏။ “သခင်လေးချင်၊ နတ်ဘုရားမက သူလည်း ဘာမှမတတ်နိုင်ဘူးလို့ ပြောပါတယ်.... မကူညီနိုင်တာမလို့ ပြန်ပါတော့တဲ့... သခင်လေးချင်အနေနဲ့ ဉာဏ်ကို လွှာသုံးပြီး လူ့ဘုံထဲမှာ မနစ်မျောသွားဖို့လည်း မှာလိုက်ပါတယ်... သခင်လေး အကူအညီတောင်းဖို့အတွက် မဟုတ်ရင် အချိန်မရွေး မက်မွန်တောအုပ်ထဲ ဝင်လာနိုင်ပါတယ်... မက်မွန်တောအုပ်ထဲမှာ ဘာအန္တရာယ်မှ မရှိပါဘူး”
ချင်မူ မှင်သက်သွားသည်။
မီးအိမ်နှင့်မိန်းကလေးက ယန်အာဆီသို့ ကြည့်သည်။ “မမယန်အာ၊ နတ်ဘုရားမက မမကို နန်းတော်ဆီ ပြန်လာစေချင်တယ်”
ယန်အာမှာ ပျာယာခတ်သွား၏။ သူမက ချင်မူ့ကို တစ်လှည့်၊ နဂါးချီလင်ကို တစ်လှည့် ကြည့်ပြီးနောက် မီးအိမ်နှင့်မိန်းကလေးဆီသို့ကြည့်သည်။ သူမ မဆုံးဖြတ်တတ်တော့ပေ။
မိန်းကလေးက ဆက်ပြောသည်။ “အပြင်မှာ အန္တရာယ်များတဲ့အတွက် မမရဲ့အသက်အန္တရာယ်ကို စိုးရိမ်ရတယ်လို့ နတ်ဘုရားမက ပြောလိုက်ပါတယ်... အထူးသဖြင့် သခင်လေးချင်နောက် လိုက်ရင် ပိုလို့တောင် အန္တရာယ်များပါတယ်တဲ့”
ယန်အာမှာ တွန့်ဆုတ်နေပြီးနောက် ရုတ်တရက် ထပြော၏။ “ဖက်တီးနဂါး၊ သခင်လေးကို မက်မွန်တောအုပ်ထဲ ဝင်ဖို့ နားချချည်... နတ်ဘုရားမက စောင့်ရှောက်ပေးလိမ့်မယ်”
နဂါးချီလင်က ချင်မူ့ကို ကြည့်သည်။ “ဂိုဏ်းသခင် စိတ်ပိုင်းဖြတ်ပြီးရင် ဘယ်သူမှ သူ့ကို နားမချနိုင်ဘူး... မမကြီးယန်အာ၊ တစ်ယောက်တည်းပဲ ပြန်လိုက်ပါ”
ယန်အာ စိတ်ပူသွားသည်။ “နင် ငါနဲ့ မလိုက်ခဲ့ဘူးလား”
နဂါးချီလင်က ရယ်လေသည်။ “ဂိုဏ်းသခင် ကျွန်တော့်ကို လိုတယ်... ကျွန်တော် ငတ်သေမလို ဖြစ်တုန်းက ဂိုဏ်းသခင်က ကျွန်တော့်ကို အစာကျွေးပေးခဲ့တဲ့သူပဲ... သူ ဒုက္ခရောက်မှတော့ ထွက်မသွားနိုင်ပါဘူး... အခုချိန်က ဂိုဏ်းသခင် ကူကယ်ရာမဲ့ဖြစ်နေတဲ့ အချိန်ဆိုတော့ ကျွန်တော် ပိုလို့တောင် ထွက်မသွားနိုင်သေးတယ်.... ကျွန်တော်က ကြောက်တတ်ပေမယ့် အစားကြီးပေမယ့် သေရမှာတော့ မကြောက်ပါဘူး.... မမကြီးယန်အာ၊ ဂရုစိုက်ပါ”