တစ်ခုတည်းသော အခွင့်အရေး
Vol. 67 Ch. 884
ချင်မူ ဖုန်းတုအပြင်သို့ ထွက်လာသည့်အခါ ယန်အာသည် နဂါးစာကလေးအသွင် ပြောင်း၍ သူနှင့် နဂါးချီလင်ကို ကောင်းကင်ယင်ကမ္ဘာသို့ သယ်ဆောင်သွား၏။
ကောင်းကင်ယင်နန်းတော်တွင် ကောင်းကင်ယင်နတ်ဘုရားမနှင့် ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်မှာ တိတ်ဆိတ်နေသည်။ ယန်ချီလင်းက ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်အနောက်တွင် ရပ်နေသည်။
ချင်မူက ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စ ဝိညာဉ် စကားပြောမည်ကို တိတ်ဆိတ်စွာ စောင့်နေသည်။
အတန်ကြာသော် ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ယွီက ဘယ်သူ့လက်နက်လဲ သိလား... သိရင် မင်း ဝေးဝေးနေသင့်တယ်... ဝေးလေ ကောင်းလေပဲ”
ချင်မူမှာ မည်သူဖြစ်နိုင်မှန်း သဘောပေါက်လိုက်သည်နှင့် တအံ့တဩဖြင့် နောက်သို့ ယိမ်းယိုင်သွားသည်။
“ဟုတ်တယ် ငါ့ရဲ့ ကောင်းကျိုးမပေးတဲ့ သားမိုက်ပဲ”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ရယ်သည်။ “မင်း ကျောက်စိမ်းရေကန်တွေ့ဆုံပွဲမှာ အနိုင်ယူခဲ့တဲ့တစ်ယောက်၊ သူ့မယ်တော်နဲ့ သူရဲကောင်းတွေရှေ့မှာ ဒဏ်ရာအပြင်းအထန်ရသွားအောင် မင်းလုပ်ခဲ့တဲ့ တစ်ယောက်... ကောင်းကင်နတ်အရှင်ဟောင်ဆိုတဲ့ ငါ့သားပဲ... သူက အင်အားကြီးမားလာတာနဲ့ ကောင်းကင်နတ်ဘုံကို အုပ်စိုးရင်း သွေးနားထင် ရောက်နေတယ်... “
သူက ခေါင်းယမ်းနေ၏။ “မင်း ဒီကနေ ထွက်သွားသင့်ပြီ... ငါ့သားမိုက်ရဲ့ အင်အားက ကောင်းကင်နတ်ဘုံအဆင့်မှာ ရှိတယ်.... မပြည့်စုံသေးပေမယ့် သမိုင်းကြောင်းတစ်လျှောက် သန်မာအားအကောင်းဆုံးလို့ ပြောနိုင်တယ်.... ခိုင်ဧကရာဇ်တောင် သူ့ကို မယှဉ်နိုင်ဘူး... ကောင်းကင်နတ်ဘုံတစ်ပိုင်းအဆင့်နဲ့တင် ဧကရာဇ်အလ္လင်အဆင့်တွေကို ရင်ဆိုင်နိုင်နေပြီ... ပိုဆိုးတာက သူ့မှာ ကောင်းကင်နတ်အရှင်ယွီ ရှိနေတာပဲ”
ချင်မူ ရယ်လိုက်သည်။ “အရှင်မင်းကြီး၊ အရှင်မင်းကြီးအနေနဲ့ ဝိညာဉ်ပြန်တည်ဆောက်ဖို့ ကျွန်တော့်အကူအညီကို လိုအပ်တယ်... ကျွန်တော့်ကို သေတွင်းထဲ ပို့လို့မရပါဘူး”
အနက်ရောင်ဝိညာဉ်သဲမှုန်အတွင်းရှိ ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က သူ့ကို စိုက်ကြည့်ပြီးနောက် ဆက်ပြော၏။ “သန်မာအားအကောင်းဆုံး နတ်လက်နက်တွေကို ကမ္ဘာဦးဘုံ သေမျိုးကမ္ဘာတင်မဟုတ်ဘဲ ရွှမ်တု၊ ယိုတုနဲ့ အရပ်မျက်နှာနတ်မင်းလေးပါးဆီလည်း လွှတ်လိုက်တာက ... ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အကြံပဲ မဟုတ်ဘူး... ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲအားလုံးရဲ့ အကြံပဲ... မင်းအနေနဲ့ စိတ်သက်သာရာရနိုင်တဲ့ တစ်ခုတည်းသောအရာက ကောင်းကင်နတ်အရှင်ယွီတွေ ဆင်းလာတာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက်မဟုတ်ဘဲ အမိကမ္ဘာမြေအတွက် ဖြစ်နေတာပဲ ရှိတယ်.... ငါလည်း တည်ထောင်သူအကြီးအကဲတစ်ယောက်ဆိုတော့ ဆုံးဖြတ်ချက်အတိုင်း သေမျိုးကမ္ဘာဆီ နတ်လက်နက်တွေ လွှတ်ဖို့ သဘောတူခဲ့တယ်”
ချင်မူ မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
“ငါ မင်းကို မကူညီနိုင်ဘူး”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က သက်ပြင်းချလေသည်။ “ငါတို့နှစ်ယောက် မဟာမိတ်ဖွဲ့ထားတာကို ဒီတင် အဆုံးသတ်လိုက်ကြစို့”
ချင်မူမှာ လက်မခံနိုင်သဖြင့် ပြော၏။ “ကျွန်တော် အရှင်မင်းကြီးရဲ့ ဝိညာဉ်ကို ပြန်တည်ဆောက်ပြီး အသက်သွင်းပေးနိုင်တယ်”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်သည် ခေါင်းယမ်း၍ ပြုံးလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း သဘောမပေါက်သေးဘူးပဲ... မင်းတို့အတွက် အနိုင်ရနိုင်ခြေ မရှိဘူး... လုံးဝကို မရှိတာ...မင်းကို ကူညီရင် ငါလည်း သံသယဝင်ခံရလိမ့်မယ်... ငါ့မှာ ဝိညာဉ်တစ်ပိုင်းပဲ ရှိပေမယ့် အနည်းဆုံးတော့ တစ်ပိုင်း ရှိသေးတယ်... မင်းကို ကူညီလိုက်ရင်တော့ ငါ့မှာ ဝိညာဉ်ရှိမှာမဟုတ်တော့ဘူး”
ချင်မူ တိတ်ဆိတ်စွာ ရပ်နေမိသည်။ အတော်လေးကြာသည့်အခါ သူက ရုတ်တရက်ကြီး ဟက်ဟက်ပက်ပက် ထရယ်သည်။ “ဟာသပဲ... ဒီရှေးဟောင်းနတ်ဘုရားအားလုံး ဟာသပဲ.... ငါလည်း ဟာသပဲ... ဒီရှေးဟောင်းနတ်ဘုရားတွေဆီက ဘာမှမျှော်လင့်မနေသင့်ဘူး”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ယန်ချီလင်က အေးစက်စက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် ဘာကို ရယ်နေတာလဲ”
“ဒီရှေးဟောင်းနတ်ဘုရားတွေ တုံးအလွန်းလို့ ရယ်နေတာ”
ချင်မူ့ပုံစံသည် ရူးသွပ်သွားသည့်အလား ထင်ရ၏။ သူက လက်ဝါးနှစ်ဖက်ကို ပွတ်ရင်း တဟားဟား ဆက်ရယ်နေသည်။ “ငါလည်း တုံးအလွန်းလို့ ငါ့ကိုယ်ငါ ရယ်နေတာပဲ”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်သည် သူ့ကို ဆိတ်ဆိတ်သာ ဆက်ကြည့်နေသည်။
ယန်ချီလင်းက သူ့ကို စိုက်ကြည့်၍ မေးသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဘာကြောင့် အဲဒီလိုပြောတာလဲ”
“ကောင်းကင်နတ်ဘုံ သန်မာအားအကောင်းဆုံး နတ်လက်နက်ကို လွှတ်လိုက်တာက ထာဝရငြိမ်းးချမ်းရေးအင်ပါယာကို ရင်ဆိုင်ဖို့ မဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာက သူတို့အတွက် ဖျက်စီးဖို့ သိပ်လွယ်ကူလွန်းတယ်... သူတို့ရဲ့ တကယ့်ပစ်မှတ်က ရှေးဟောင်းနတ်ဘုရားတွေ”
ချင်မူက မျက်ရည်များ ဝဲတက်လာသည်အထိ ရယ်နေသည်။ “ကောင်းကင်နတ်ဘုံ မြေအောက်ဘုံအရှင်သခင်က်ု ရှင်းပစ်ချင်လာတဲ့အချိန်မှာ မြေအောက်ဘုံအရှင်သခင်က ခြေဖျားလက်ဖျားတွေ အေးစက်လာခဲ့ပြီး စကားမပြောရဲခဲ့ဘူး... ကောင်းကင်နယ်စားမင်းဆီ ရောက်လာတော့လည်း ကောင်းကင်နယ်စားမင်းက ကြောက်လန့်ပြီး အရှုံးပေးခဲ့တယ်... သူတို့ ကမ္ဘာဦးဘုံဆီ သွားပြီး အမိကမ္ဘာမြေကို သတ်လိုက်တဲ့အခါ ခိုင်ဧကရာဇ်၊ သူရဲကောင်းတွေနဲ့ ကျန်တဲ့လူတွေအားလုံး ကူကယ်ရာမဲ့ကုန်ကြတယ်... နတ်မင်းလေးပါးကလည်း သေရမယ့်အချိန်ကို ထိုင်စောာင့်နေကြတယ်... အခု ကောင်းကင်နတ်ဘုံက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အာဏာကို ယတိပြတ်ဖျက်စီးတော့မှာလေ ရှေးဟောင်းနတ်ဘုရားတွေအနေနဲ့ ပုန်းနေရုံပဲ ရှိလိမ့်မယ်.. ပုရွက်ဆိတ်တွေ ဆောင်းခိုနေသလိုပေါ့... ကျွန်တော် အရှင်မင်းကြီးကို လာရှာမိတာ တော်တော်ရယ်စရာကောင်းတာပဲ”
ယန်ချီလင်း၏အမူအရာ ပြောင်းလဲသွားပြီး သူမက အော်သည်။ “ရာရာစစ.... ဘာပုရွက်ဆိတ်တွေလဲ... နင်လိုကောင်က ကောင်းကင်နတ်ဧကရာဇ်အရှေ့မှာ ပေါက်ကရတွေ လျှောက်ပြောရဲရတယ်လို့”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က လက်မြှောက်၍ ယန်ချီလင်းကို တားသည်။ သူက ပြုံးနေသည်။ “ဆက်ပြောပါစေ”
ချင်မူက အေးတိအေးစက် ပြုံးလိုက်၏။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တို့ရဲ့ စွမ်းအားနဲ့မှ ကျွန်တော် ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းပေးနိုင်ခဲ့တယ်... ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင် သေသွားရင် ဘာမှမလုပ်နိုင်တော့ဘူး... ကောင်းကင်နတ်ဘုံ အမိကမ္ဘာမြေကို လာသတ်တုန်းက ခင်ဗျားတို့ ရှေးဟောင်းနတ်ဘုရားတွေ ဘာမှမလုပ်ဲ့ဘူး... အရပ်မျက်နှာနတ်မင်းလေးပါးကို သတ်တော့လည်း ခင်ဗျားတို့ ရှေးဟောင်းနတ်ဘုရားတွေ ထိုင်ကြည့်နေပြန်တယ်... ကောင်းကင်နတ်ဘုံက ကောင်းကင်နယ်စားမင်းနဲ့ အမိကမ္ဘာမြေကို ဆက်သတ်လိမ့်မယ်... ပြီးရင် ရှေးဟောင်းနတ်ဘုရားအားလုံး မျိုးသုဉ်းပျောက်ကွယ်သွားမယ်.... ရှေးဟောင်းနတ်ဘုရားတို့ရဲ့ခေတ် ထာဝရအဆုံးသတ်သွားမယ်... အဲဒါတွေအားလုံးက အရှင်မင်းကြီး ဘာမှမလုပ်ခဲ့တဲ့ ရလဒ်ပဲ”
ယန်ချီလင်း ဒေါသထွက်သွားပြီး အော်ငေါက်သည်။ “မဟုတ်တာတွေ မပြောနဲ့ ... နင် အရှင်မင်းကြီးကို အခုလိုမပြောရဘူး... ငါ နင့်ကို သတ်မယ်... ငါ့ဆရာ ကောင်းကင်နတ်ဧကရာဇ်က ခေတ်အဆက်ဆက် သန်မာအားအကောင်းဆုံးပဲ... သူ အသတ်ခံခဲ့ရပေမယ့်၊ အာဏာလုခံလိုက်ရပေမယ့် နင့်လှည့်ကွက်ထဲတော့ ဝင်လာမှာမဟုတ်ဘူး”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ရယ်သည်။ “ချီလင်း တော်တော့၊ မင်း စကားထပ်ပြောစရာမလိုဘူး”
ယန်ချီလင်းက ဦးညွှတ်၍ နောက်တစ်လှမ်း ဆုတ်လိုက်၏။ “အရှင်မင်းကြီး၊ တပည့် သူ အရှင်မင်းကြီးကို စော်ကားနေတာ မခံရက်နိုင်လို့ပါ... သူ့ကို သေဒဏ်ပေးသင့်တယ်”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်မှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ သူက ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းစကားတွေက အကျိုးအကြောင်း ညီညွတ်ပေတယ်... ဒါပေမယ့် လက်ရှိအခြေအနေအရ ငါတို့ သိသိသာသာ လှုပ်ရှားလိုက်ရင် ကိုယ့်သေတွင်းကိုယ် တူးလိုက်သလိုပဲ... ငါ့အတွက် မင်းကို ကူညီပေးဖို့ ခက်ခဲနေတယ်... ပြောကြည့် ငါ ဘာလုပ်သင့်သလဲ”
“အရှင်မင်းကြီး လုပ်ရမှာက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရှင်သန်ခွင့်ပေးဖို့ပါ”
ချင်မူက အလေးအနက် ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဖျက်စီးခံလိုက်ရင် အကုန်လုံး အဆုံးသတ်သွားလိမ့်မယ်... ရှေးဟောင်းနတ်ဘုရားတွေ၊ ခေတ်အဆက်ဆက်နဲ့ ခိုင်ဧကရာဇ်တောင် ပါလိမ့်မယ်... ကျွန်တော် တောင်းဆိုချင်တဲ့ တစ်ခုတည်းသောအရာက အရှင်မင်းကြီးရဲ့ အင်အားအားလုံးနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ပေးဖို့ပါ”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က နာကျင်နေသောအမူအရာဖြင့် သက်ပြင်းချသည်။ “ခက်လွန်းတယ်.... ငါ မျှော်လင့်ချက်မတွေ့ဘူး”
ချင်မူမှာ လက်လျှော့လိုစိတ်မရှိပေ။ “ကျွန်တော် ကောင်းကင်နယ်စားမင်းရဲ့ စွမ်းအားနဲ့ အရှင်မင်းကြီးရဲ့ ဝိညာဉ်နှစ်ခုကို ပေါင်းစည်းပေးနိုင်တယ်”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ခေါင်းယမ်းကာ သက်ပြင်းချသည်။ “မင်းရဲ့ ကမ်းလှမ်းမှုက စိတ်ဝင်စားစရာကောင်းလွန်းတယ်... အခြေအနေတွေသာ ဒီလိုမဟုတ်ရင် ငါ သဘောတူမိမှာပါ... ငါ ကောင်းကင်ဝိညာဉ်အားလုံး ပေါင်းစည်းသွားရင်တောင် ငါ အရင်ကလိုဖြစ်မှာ မဟုတ်တော့ဘူး”
“ရုပ်ခန္ဓာကြောင့်မလား” ချင်မူက ရုတ်တရက် မေးလိုက်သည်။
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်မှာ အံ့အားသင့်သွားကာ အေးစက်စက် ပြန်ဖြေသည်။ “မင်း ဘာသိထားလဲ”
ချင်မူက မက်မွန်သားဆံထိုးကို ထုတ်၍ ပြောသည်။ “အရှင်မင်းကြီးရဲ့ ရုပ်ခန္ဓာ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းထဲမှာ ပိတ်မိနေတာ ကျွန်တော် သိထားတယ်”
“ကောင်းကင်နတ်အရှင်လင်ရဲ့ ဆံထိုး” ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ဆံထိုးကို စိတ်လှုပ်ရှားစွာ လှမ်းယူသည်။ ချင်မူက ဆံထိုးကို လွှတ်ပေးလိုက်၏။
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်သည် ဆံထိုးကို သေသေချာချာ ကြည့်၍ ရုတ်တရက် ချိုးလိုက်ရာ မက်မွန်သားဆံထိုး ကျိုးသွားသည်။ ထို့နောက် သူ့လက်ထဲတွင် ပြန်ဆက်သွားသည်။
“ဒါက တကယ် ကောင်းကင်နတ်အရှင်လင်ရဲ့ ဆံထိုးပဲ... သူ မင်းကို ရှာတွေ့သွားပြီး ထင်တယ်”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ဆံထိုးကို ပြန်ပေးရင်း ရယ်နေသည်။ “ငါ စိတ်လှုပ်ရှားသွားပြီ တကယ် စိတ်လှုပ်ရှားသွားပြီ... ဒါပေမဲ့ ငါ့အနေနဲ့ သေမျိုးကမ္ဘာဆီ သွားစရာအကြောင်းရင်း မရှိဘူး ... ကောင်းကင်နတ်အရှင်ဟောင်နဲ့တင် အကုန်လုံးဖြေရှင်းဖို့ လုံလောက်နေတာ”
သူက ရှေ့လျှောက်နောက်လျှောက်ရင်း သက်ပြင်းချ၏။ “ငါ့သားမိုက်ရဲ့ အာဏာက အကုန်လုံးအပေါ် သက်ရောက်မှုရှိတယ်... ငါ့အာဏာကလည်း သူ့လောက်နီးနီး ရှိပေမယ့် ငါ တစ်ချိန်တုန်းက ကောင်းကင်နတ်ဧကရာဇ်ဖြစ်ခဲ့ဖူးမှန်း တစ်ယောက်ယောက် သိသွားလို့ကတော့ သူတို့အားလုံး ပေါင်းသတ်တာ ခံရမှာ... ငါ့အတွက် သေမျိုးကမ္ဘာဆီ သွားစရာအကြောင်းရင်း မရှိဘူး”
ချင်မူ့မျက်လုံးများ ဝင်းလက်သွားသည်။ “ကောင်းကင်နတ်အရှင်ဟောင် ကမ္ဘာဦးဘုံကို မကိုင်တွယ်နိုင်ရင် အရှင်မင်းကြီး သေမျိုးကမ္ဘာဆီ လာဖို့ အကြောင်းရင်း ရှိသွားမှာလား”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ် တုန်လှုပ်သွား၏။
ချင်မူက ပြောသည်။ “အရှင်မင်းကြီး လာချင်စိတ်ရှိလား”
“မင်းက မိစ္ဆာပဲ ကောင်းကင်နတ်အရှင်မူ... တကယ့်မိစ္ဆာပဲ”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ဟိုဟိုသည်သည် လျှောက်နေပြီး တုံ့ခနဲ ရပ်လိုက်သည်။ “ငါ သေချာပေါက် လာချင်တာပေါ့... ငါ့မှာ ဆုံးရှုံးစရာမရှိဘူး... သနားစရာအမိကမ္ဘာမြေ... ဒါပေမဲ့လည်း ဒါကလည်း ငါ သေမျိုးကမ္ဘာဆီ သွားနိုင်မယ့် တစ်ခုတည်းသော အကြောင်းရင်းပဲ... ဒီနည်းလမ်းနဲ့မှ ငါတို့အတွက် မျှော်လင့်ချက်ရှိမယ်”
ယန်ချီလင်းမှာ သူတို့ လုပ်တော့မည့်အရာကို နားလည်လိုက်၍ တုန်လှုပ်ချောက်ချားသွားသော်လည်း ဆိတ်ဆိတ်သာ နေသည်။
“ချီလင်း”
ယန်ချီလင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ဟုတ်ကဲ့ ဆရာ”
အနက်ရောင်ဝိညာဉ်မှုန်များက ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်ကို ရစ်သိုင်းလှည့်ပတ်၍ ခပ်ဝိုင်းဝိုင်း မှန်တစ်ချပ်ကို ယန်ချီလင်းလက်ထဲ ထည့်ပေး၏။
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ပြောသည်။ “အမိကမ္ဘာမြေကို သွားရှာ... သူ့ကို ဒီမှန် ကြည့်ခိုင်းလိုက်”
ယန်ချီလင်း မှန်ကို တိတ်ဆိတ်စွာ သိမ်းလိုက်သည်။
ဘေးတွင် တစ်ချိန်လုံး ရပ်နေခဲ့သော ကောင်းကင်ယင်နတ်ဘုရားမလည်း တိတ်ဆိတ်နေသည်။ သူမသည် ရိုးရိုးရှင်းရှင်းသာ တွေးတတ်၍ ချင်မူနှင့် ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ် ပြောနေသော စကားများကို နားမလည်ပေ။ သို့သော် မှန်ကို မြင်သည်နှင့် သူမ သဘောပေါက်သွားသည်။
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့ရဲ့ သန်မာအားအကောင်းဆုံး စစ်သူကြီးကို ပေးဖို့ တွေးထားတယ်... မင်း ဘယ်လိုထင်လဲ”
ချင်မူက ဦးညွှတ်အရိုအသေပေးသည်။ “အရှင်မင်းကြီးရဲ့စတေးမှုကို ပြန်ဆပ်ရမှာပါ”
ကောင်းကင်နတ်ဧကရာဇ်၏ တစ်ပိုင်းတစ်စဝိညာဉ်က ခေါင်းယမ်းကာ ရယ်သည်။ “အေး ကျေးဇူးပြန်ဆပ်ရမှာပေ့ါ... မင်းရဲ့အစီအရင်နဲ့ ငါ့ဝိညာဉ်ကို ပြန်တည်ဆောက်ပေး... အဲဒါပြီးရင် အမိကမ္ဘာမြေအသစ်ကို တွေ့ဖို့ ယန်ချီလင်းနဲ့ လိုက်သွားချည်”
ချင်မူ သဘောတူတော့မည့်အချိန် ကောင်းကင်ယင်နတ်ဘုရားမ၏ ချောင်းဟန့်သံကို ကြားလိုက်ရသည်။ သူမ ပြောချင်နေသည်ကို သူ နားလည်သော်လည်း မကြားချင်ယောင်ဆောင်၍ ဝိညာဉ်လမ်းညွှန်အစီအရင်အား ဆက်လက်ထုတ်လွှတ်နေ၏။
သူ ကောင်းကင်အလိုတော်မုခ်ဝကို ဖွင့်၍ ကောင်းကင်နယ်စားမင်း၏ စွမ်းအားကို ငှားယူသည့်အခါ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်က ကမ္ဘာလောကများကို ဖြတ်၍ သူ့ဆီသို့ လှမ်းကြည့်ကြသည်။
ချင်မူက ဤရှေးဟောင်းနတ်ဘုရားများအရှေ့တွင် ဒူးထောက်လိုက်၏။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ကောင်းကင်နတ်ဧကရာဇ်နှင့် ရန်ငြိုးရှိသည့်အတွက် စွမ်းအားပြန်နုတ်ယူရန် ပြင်နေကြသည်။ သို့သော် သူ့နဖူးမှ သွေးများစီးကျလာသည့်တိုင်အောင် ရှိခိုးဦးချနေသော ချင်မူ့ကို မြင်လျှင် ရှေးဟောင်းနတ်ဘုရားနှစ်ပါးစလုံး စိတ်မကောင်းဖြစ်သွားကြသည်။ သူတို့က ကောင်းကင်အလိုတော်မုခ်ဝထဲမှ ထွက်သွားကြပြီး သူတို့စွမ်းအား ငှားယူခံနေရသည်ကို မတားကြတော့ပေ။
ချင်မူ ထရပ်၍ အစီအရင်ဆက်လက် ထုတ်ဖော်နေသည်။
ကောင်းကင်နတ်ဧကရာဇ်၏ ဝိညာဉ်ကို ပြန်တည်ဆောက်ခြင်းက အလွန်ကြီးမားသောလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ ချင်မူမှာ လုံးလုံးလျားလျား ပင်ပန်းနေသော်လည်း အစီအရင်ကို အပြီးသတ်ရန် စိတ်ပိုင်းဖြတ်ထား၏။
ကောင်းကင်နတ်ဧကရာဇ်၏ ဒုတိယအား တည်ဆောက်ပြီးသည့်အခါ ချင်မူ ပလ္လင်ထက်တွင် အရုပ်ကြိုးပြတ် လဲကျကာ သတိမေ့သွားသည်။
ကောင်းကင်နတ်ဧကရာဇ်၏ မြေဝိညာဉ်က စုစည်းလာပြီး အင်အားကြီးမားသော လူရိပ်အသွင် ပြောင်းလဲသွား၏။ သူက ပလ္လင်ဆီသို့ မော့ကြည့်ရင်း ဟက်ခနဲ ရယ်သည်။ “မင်းသာ ငါ့အတွက် အသုံးဝင်နေသေးရင် မင်းကို ငါ့ရုပ်ခန္ဓာရှာခိုင်းဦးမလို့ပဲ... အခုတော့ ငါ မင်းကို သတ်ရမယ်... ကောင်းကင်နတ်အရှင်မူ၊ မင်းကို အသက်ရှင်ခွင့်ပေးထားရတာ အန္တရာယ်များလွန်းတယ်”
“အရှင်မင်းကြီး”
ကောင်းကင်ယင်နတ်ဘုရားမက ရှေ့သို့ တက်၍ ဦးညွှတ်အရိုအသေပေးသည်။ “အရှင်မင်းကြီးက ပြောတဲ့အတိုင်း လုပ်တဲ့သူပါ... ကတိမဖျက်ပါနဲ့”
ကောင်းကင်နတ်ဧကရာဇ်၏ ဒုတိယဝိညာဉ်သည် သူမကို ကြည့်၍ အတန်ကြာ စဉ်းစားနေ၏။ ထို့နောက် သက်ပြင်းချသည်။ “ကောင်းကင်ယင်၊ မင်းက အပြင်သူကို ပိုအားကိုးတာပဲ... သူက မင်းအသက်ကို ကယ်ပေးခဲ့တာဆိုတော့လည်း ငါ မင်းကို အပြစ်မတင်ပါဘူး... ဒါပေမဲ့ မင်းက ရိုးရှင်းလွန်းတယ်... ဒီကမ္ဘာမှာ မကောင်းမှုတွေ အများကြီးရှိတယ်... မင်း နားမလည်တာတွေလည်း တစ်ပုံကြီးပဲ... မပူနဲ့ သူ အသက်ရှင်မှာပါ”
သူက လက်တစ်ချောက် တောက်လိုက်သည့်အခါ အဆီအနှင်အမျှင်တစ်မျှင်သည် ချင်မူ့ကိုယ်ထဲ ဝင်ရောက်သွားပြီး အားပြည့်လာစေ၏။
“ချီလင်း၊ ကောင်းကင်နတ်အရှင်မူနဲ့ လိုက်သွား”
ကောင်းကင်နတ်ဧကရာဇ်၏ ဒုတိယဝိညာဉ်က ကောင်းကင်ယင်ကမ္ဘာမှ ပျံထွက်သွားရင်း ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ အခု အကုန်လုံး မင်းလက်ထဲမှာ ရှိသွားပြီ... ငါ့သားမိုက်ကို အနိုင်ယူဖို့က မင်းရဲ့ အစွမ်းအစနဲ့ နည်းလမ်းတွေအပေါ် မူတည်လိမ့်မယ်... ငါ သေမျိုးကမ္ဘာဆီ ဆင်းသက်လာဖို့ ကောင်းကင်နတ်ဘုံမှာ စောင့်နေမယ်... အဲဒီမတိုင်ခင် မင်းအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ဖို့ လိုတယ်... မင်း ကာကွယ်နိုင်ခဲ့ရင်တော့ ငါတို့အတွက် မျှော်လင့်ချက် ရှိလောက်တယ်”
ချင်မူက ထရပ်၍ ယန်ချီလင်းဘက် လှည့်လိုက်သည်။ “ကျေးဇူးတင်ပါတယ်”
ယန်ချီလင်းသည် ခေါင်းယမ်းပြ၏။ “ငါ နင့်ကို ကူညီနေတာမဟုတ်ဘူး... ငါ နင့်ကို အနိုင်ယူလိုက်လို့ နင် ငါ့ကို အသက်ချမ်းသာပေးဖို့ မတောင်းပန်ခင်အထိ နင့်ကို မသေစေချင်ဘူး... ငါနဲ့လိုက်ခဲ့... အမိကမ္ဘာမြေအသစ်ဆီ ခေါ်သွားပေးမယ်”
ချင်မူ ကောင်းကင်ယင်နတ်ဘုရားမဘက် လှည့်ကာ ကျေးဇူးတင်စကားဆိုသည်။ “နတ်ဘုရားမ၊ ကောင်းကင်နတ်ဧကရာဇ်ရှေ့မှာ ကျွန်တော့်အတွက် မရပ်တည်ပေးခဲ့သင့်ဘူး... သူ နတ်ဘုရားမကို မယုံတော့ဘူး”
ကောင်းကင်ယင်နတ်ဘုရားမမှာ နားမလည်နိုင်ဖြစ်နေရာမှ မျက်ရည်များစီးကျလာသည်။ “အမိကမ္ဘာမြေကို တကယ် သတ်ချင်တာလား... သူက ကျွန်မလိုပဲ သိပ်အထီးကျန်နေသူတစ်ယောက်ပါ”
ချင်မူ နှုတ်ဆက်စကားပြောလိုက်သည်။ “သူက ဘယ်လိုပဲနေနေ ကောင်းကင်နတ်ဧကရာဇ်ရဲ့ နယ်ရုပ်လေးတစ်ရုပ်ပဲ... နတ်ဘုရားမ၊ ဂရုစိုက်ပါ”
ထို့နောက် သူက ယန်ချီလင်းနှင့်အတူ လှည့်ထွက်သွား၏။
ကောင်းကင်ယင်ကမ္ဘာအပြင်တွင် သူနှင့် ယန်ချီလင်းသည် နဂါးစာကလေးကို စီး၍ မည်သည့်ဘက်သို့ သွားရန် ပြောပြနေ၏။ အတန်ကြာသော် ယန်ချီလင်းက ပြောသည်။ “အမိကမ္ဘာမြေအသစ်က တကယ်တော့ ငါ့ဆရာရဲ့ မိန်းမပဲ”
ချင်မူ အံ့အားသင့်သွားသ်ောလည်း မည်သည်ကိုမှ မပြောပေ။
“ငါ မလုပ်ရက်ပေမယ့် ငါ့မှာ ရွေးချယ်စရာမရှိဘူး”
ယန်ချီလင်းသည် ငေးငိုင်နေရင်း ရယ်လိုက်၏။ “ငါ ငါ့အစွမ်းအစတွေနဲ့ ပတ်သက်ပြီး ယုံကြည်ချက်ရှိခဲ့လို့ ကောင်းကင်နတ်ဘုံသား လူငယ်စစ်သည်တော်တွေကို အထင်သေးခဲ့တယ်... သေမျိုးကမ္ဘာကို ဆင်းလာတုန်းက ကမ္ဘာဦးဘုံကို အလွယ်တကူ အနိုင်ယူပြီး ငါ့ဆရာ ကမ္ဘာလောကတွေကို ပေါင်းစည်းနိုင်အောင် ကူညီပေးနိုင်မယ် ခံစားခဲ့ရတယ်... အဲဒါက နင့်ကို မတွေ့ခင်အထိပဲ... နင်က ငါ့ကို သင်ခန်းစာတစ်ခု ပေးခဲ့တယ်.... ဒါတွေ ကြုံတွေ့ပြီးတဲ့နောက်မှာတော့ ငါ...”
ချင်မူက လက်ချောင်းတစ်ချောင်းဖြင့် သူမ၏ခေါင်းအနောက်သို့ လှမ်းထိလိုက်သည်။
ယန်ချီလင်း၏ ခေါင်းအနောက်ရှိ ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးသည် တမုဟုတ်ချင်း မှေးမှိန်သွား၏။