မင်္ဂလာဆောင်ဂါဝန်
Vol. 10 Ch. 5
“ပင်ပန်းသွားပြီ၊ ဟူး....” စာတွေ့သင်တန်းတစ်ခုကနေ ထွက်လာပြီးတဲ့နောက်မှာတော့ အီဂိုက သက်မရှည်ကြီးချလိုက်တယ်။ သူဆရာဖြစ်လာတာ တစ်ပတ်ရှိပြီ။ တိတိကျကျပြောရရင်တော့ လက်ရွေးစင်တန်းမှာ ငရဲခံရတာ တစ်ပတ်ပြည့်သွားပြီ။ ဒါပေမဲ့ ဆရာတစ်ယောက်ပီပီ တခြားဒုတိယနှစ်အတန်းတွေကိုပါ လိုက်သင်ရသေးတယ်။
“တခြားအတန်းတွေမှာ သင်ရတာတော့ မဆိုးလှပါဘူး။ ကျောင်းသားတွေက သဘောကောင်းပြီးတော့ စာလိုက်နိုင်ကြသားရယ်။ လက်ရွေးစင်အတန်းကတော့ မပြောချင်တော့ဘူး။”
အီဂိုက အမျိုးမျိုးအပြစ်တင်နေပေမဲ့ ဆရာဘဝနဲ့ အသားကျလာနေပြီ။ လက်ရွေးစင်အတန်းမှာလည်း စာသင်နိုင်မယ့်နည်းကို သူရှာတွေ့ခဲ့သေးတယ်။ အီဂိုက ဘီလူးသရဲအုပ်စု(အီဗန်နဲ့သန်မာတဲ့ကျောင်းသားတွေ)ကို လက်တွေ့ချိန်မှာ ခွဲထုတ်ပြီး အချင်းချင်းလက်ရည်စမ်းလေ့ကျင့်စေတယ်။ နောက်တော့ သာလွန်အုပ်စုလို့ဆိုရမဲ့ ဂရေဟမ်နဲ့နူရေလိုမျိုး စာတွေ့ပိုင်းမှာပဲ ထူးချွန်တဲ့အဖွဲ့ကို သူကိုယ်တိုင်လေ့ကျင့်ပေးတယ်။ ပင်ပန်းရပေမဲ့ အများကြီးတော့ တိုးတက်လာကြပြီ။
“ဖက်ဒရေးရှင်းမှာနေရတဲ့ ဘဝနဲ့ယှဥ်ရင်တော့ ခက်ခဲပေမဲ့ အတွေ့အကြုံကတော့ အတွေ့အကြုံပါပဲလေ။” အီဂိုက ခေါင်းလေးတညိတ်ညိတ်နဲ့ လမ်းဆက်ပြီးလျှောက်တယ်။ မကြာခင်မှာပဲ ကျောင်းကန့်တင်းရှေ့ကိုရောက်လာပြီ။ နောက်တော့ သူ့အကြည့်တွေက ကန့်တင်းရှေ့က ခုံတန်းမှာ ဗင်နီလာရေခဲချောင်းလေးကိုကိုင်ပြီး ငြိမ်ငြိမ်လေး အရသာခံနေတဲ့ ဇွန်ဘီမလေးရှေ့ကို အကြည့်ရောက်သွားတယ်။ နောက်တော့ သူ့ပါးနှစ်ဖက်လုံး နီးမြန်းသွားပြီး မျက်လုံးတွေက ကြယ်တွေလိုတောက်ပလာလေရဲ့။
“စကြဝဠာကြီးရေ၊ ဘယ်လိုတောင် လှရက်လိုက်တဲ့ ကောင်မလေးလဲဗျာ။” အီဂိုက ဇွန်ဘီမလေးကို ရတနာတစ်ပါးကို မြင်နေရတဲ့အလား ကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုပူးကပ်ကာ အူမြူးနေတဲ့အမူအရာနဲ့ ရှေ့ကိုတိုးကပ်သွားတယ်။ အဲဒီနောက် ဇွန်ဘီမလေးရဲ့ပုံစံကို သေချာကြည့်ပြီးတော့ အရူးတစ်ယောက်လိုမျိုး အလှဂုဏ်ဖွဲ့တော့တာပဲ။
“လူကောင်သေးသေးလေးနဲ့ မျက်နှာလေးက ပြစ်မျိုးမှဲ့မထင်လေး။ ပြီးတော့ ဖျော့တော့ပြီး နေမကောင်းဖြစ်နေသလို အသားအရေက အစ်ကိုကြီးဆီက ဂရုစိုက်မှုကို စောင့်မျှော်နေတဲ့အလားပဲ။ ပြီးတော့တိတ်ဆိတ်ညင်သာပြီး ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုတွေက ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မိန်းကလေးနဲ့မှယှဥ်လို့မရဘူး။”
ဒါပေမဲ့ အီဂိုအလှဂုဏ်ဖွဲ့နေတုန်း ကျောချမ်းလာသလို ခံစားမိပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ လေပေါ်မှာ ပေါ်လောမျောနေပြီး သူ့ကိုရွံရှာမုန်းတီးတဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ နတ်သူငယ်မလေးဆိုဖီယာကို တွေ့လိုက်ရပါလေရော။
“ဟေး၊ အီဂို။ နင်က အကျင့်မကောင်းတဲ့ နှာဘူးကောင်မှန်းသိပေမဲ့ အဲဒီလောက်အထိ ဖြစ်ပျက်နေတာတော့ မြင်မကောင်းတော့ဘူးမဟုတ်လား။”
“ညီ... ညီမလေးရုဖီနာ၊ အစ်ကိုကြီးရှင်းပြပါ့မယ်။” အီဂိုက လက်ကာပြပြီး ဆိုဖီယာကို ရှင်းပြဖို့လုပ်ပေမဲ့ ဆိုဖီယာက ဖက်ဒရေးရှင်းအမှိုက်ကောင်ရဲ့စကားတွေကို နားထောင်ဖို့ စိတ်ကူးမရှိတော့ဘူး။
“မြေပေါ်ပြန်မရောက်ခင် မြန်မြန်လေး ကိုယ့်အပြစ်ကိုယ် ဆင်ခြင်လာခဲ့။” ဆိုဖီယာက အီဂိုကို လက်ညိုးနဲ့ညွန်လိုက်တယ်။ အီဂိုရဲ့ခန္ဓာကိုယ်က ရုတ်တရက် မြေပြင်ကနေ ကောင်းကင်ပေါ်ကို ဒုံးပျံတစ်စင်းလိုမျိုး မြောက်တက်သွားလေရဲ့။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ကိုမြေပြင်ကနေ မမြင်ရတော့ဘူး။
ကန့်တင်းမှာထိုင်နေတဲ့ ကျောင်းသားတွေကတော့ သူတို့ရဲ့လက်တွေ့တိုက်ပွဲဆရာအသစ် ဘယ်လိုပြုတ်ကျလာမလဲဆိုတာကို သိချင်တဲ့အတွက် အပြင်ထွက်ပြီး ကောင်းကင်ပေါ်ကို မော့ကြည့်ကြတယ်။ မသိရင် နေကြတ်တာကို စောင့်ကြည့်နေတဲ့ လူအုပ်လိုမျိုးပဲ။ နည်းပညာဟီးရိုးကျောင်းသားတွေဆိုရင် သူတို့ထွင်ထားတဲ့ အဝေးကြည့်မှန်ပြောင်းတွေနဲ့ပါ ကြည့်နေကြတယ်။
“အား.....” စက္ကန့်ပိုင်းအကြာမှာပဲ တဖြည်းဖြည်းနီးကပ်လာတဲ့ အီဂိုရဲ့အော်သံကို ကျောင်းသားတွေ စကြားရတယ်။ နောက်တော့ ဝှစ်ခနဲ လူတစ်ယောက်ပြုတ်ကျလာတာကို သူတို့မြင်ရပြီး လူက ကွန်ကရစ် ကြမ်းပြင်နဲ့မတိုက်မိခင် တစ်လက်မအလိုမှာ လေထဲတန့်သွားတယ်။ အဲဒီလူက အီဂိုပါ။
အီဂိုရဲ့နဖူးကနေ ချွေးတွေစီးကျနေပြီး မျက်လုံးကို တင်းတင်းမှိတ်ထားတယ်။ သူက မျှော်လင့်ထားသလိုမျိုး နာကျင်မှုကို မခံစားရတဲ့အတွက် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်က လေထဲမှာတန့်နေမှန်း သတိထားမိလိုက်ပြီး လက်နဲ့ကြမ်းပြင်ကိုထောက်ကာ ပြန်မတ်တပ်ရပ်လိုက်ပြီး ဆိုဖီယာကိုလက်မထောင်ပြလိုက်တယ်။
“ညီမလေးရုဖီနာက အစ်ကိုကြီးကို တကယ်တမ်း နာကျင်ချင်စိတ်မရှိဘူးပဲ။ ခုနက အစ်ကိုကြီးမှားသွားတယ်။ ဒီကောင်မလေး ဘယ်လောက်ချစ်စရာကောင်းပါစေ ညီမလေးရုဖီနာကို မမီဘူး။”
အဲဒီလိုပြောလိုက်ပြီးတဲ့နောက် ဆိုဖီယာရဲ့မျက်နှာသေက တစ်ချက်မဲ့သွားပြီး အီဂိုရှေ့ကိုတက်လာကာ လက်ဝါးရဲ့ဝမ်းဗိုက်ကို အားပြင်းပြင်းရိုက်ချလိုက်တယ်။
ဘုန်း....
“အင့်...”
“ကုရာနတ္တိ ဆေးမရှိတော့တဲ့ကောင် သေလိုက်တော့။”
မကြာခင်မှာပဲ အီဂို ကြမ်းပြင်ပေါ်ဒူးထောက်ကျသွားပြီး သတိလုံးဝလစ်သွားတော့တယ်။
...
မက်ဒါနာကတော့ ခါတိုင်းလိုပဲ ကျောင်းအုပ်ရုံးခန်းမှာ စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတယ်။ ခဏနေတော့ တံခါးက မခေါက်ဘဲပွင့်သွားတဲ့အတွက် မက်ဒါနာက လုပ်လက်စ စာရွက်စာတမ်းတွေကိုချပြီး ဝင်လာတဲ့သူကို ကြည့်ကာပြောလိုက်လေရဲ့။
“ဖရာလီတာ၊ သူများရုံးခန်းထဲကို ဝင်မယ်ဆိုရင် အနည်းဆုံးတော့ တံခါးခေါက်သင့်တာပေါ့။”
ဒီနေ့လည်း အနက်ရောင်နဲ့အနီရောင်ရောစပ်ထားတဲ့ ဂါဝန်လေးဝတ်ထားတဲ့ ဖရာလီတာက မက်ဒါနာကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခွန်းတုံ့မပြန်ပါဘူး။ အဲဒီအစား မက်ဒါနာနားကို ချက်ချင်းပြေးလာပြီး ဘောပင်ကိုင်ထားတဲ့ မက်ဒါနာရဲ့လက်ကို ဆုပ်ကိုင်ကာ အခုလိုပြောလိုက်ပါလေရော။
“မက်ဒါနာ၊ ငါတို့ဒီနေ့ဒိတ်ရအောင်။”
“....” မျှော်လင့်မထားတဲ့စကားကို ကြားလိုက်ရတာကြောင့် မက်ဒါနာလည်း တဒင်္ဂလောက် ကြောင်အမိသွားတယ်။ အဲဒီနောက်တော့ ပါးစပ်ထဲက လေပူတွေကို မှုတ်ထုတ်လိုက်ပြီး ဖရာလီတာကို အကျိုးသင့် အကြောင်းသင့် ငြင်းဆန်ဖို့လုပ်ရတယ်။
“ဖရာလီတာ၊ ဒီနေ့က ရုံးဖွင့်ရက်လေ။ ငါအလုပ်ရှုပ်နေတာ နင်မမြင်ဘူးလား။ နေရာတိုင်းမှာ စာရွက်စာတမ်းတွေချည်းပဲ။”
မက်ဒါနာက အခုလိုပြောလိုက်ပေမဲ့ ဖရာလီတာက မခို့တရို့လေး ပြုံးလိုက်ပြီး ရုံးခန်းထဲက မက်ဒါနာနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်လာထိုင်ပါတယ်။ နောက်တော့ စားပွဲပေါ်ကိုလက်တင် မေးကိုလက်နဲ့ထောက်ပြီး တောက်ပနေတဲ့ အပြာရောင်မျက်လုံးလေးတွေနဲ့ သူမက အလုပ်လုပ်နေတဲ့ မက်ဒါနာကိုကြည့်ကာ ပြောလိုက်လေရဲ့။
“အလုပ်ရှုပ်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းလေးက ရှေ့တန်းကပြန်လာတဲ့ စေ့စပ်ထားပြီးသားချစ်သူ တောင်းဆိုတာကို ငြင်းတော့မှာလား။”
မက်ဒါနာကတော့ ဖရာလီတာကို ငါးသေမျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။ သူ့ပုံစံက ငါတို့ဘယ်အချိန်တုန်းက စေ့စပ်လိုက်တာလဲလို့ မေးချင်နေပုံပေါက်ပေမဲ့ ဖရာလီတာဝတ်ထားတဲ့ နည်းပညာမြင့်
လက်အိတ်ကိုမြင်တော့ သက်ပြင်းချလိုက်ပါလေရော။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒါပေမဲ့ မြို့ထဲတစ်ပတ် လျှောက်သွားရုံပဲနော်။ နေရာတွေအများကြီး လျှောက်လည်ဖို့ မအားလို့ပါ။”
မက်ဒါနာက မငြင်းဘဲ လက်ခံဖို့ဆုံးဖြတ်လိုက်တာ အကြောင်းရှိတယ်။ မစ်ရှင်အဖွဲ့ခေါင်းဆောင်အနေနဲ့ရော ကျောင်းအုပ်အနေနဲ့ပါ မက်ဒါနာလုပ်ရတဲ့ရုံးအလုပ်တွေက တောင်လိုပုံနေပြီး တနင်္လာကနေ သောကြာအထိ တစ်ရက်မှမအားဘူး။ တစ်ဖက်မှာတော့ ဖရာလီတာက စစ်မြေပြင်အခြေအနေပေါ်မူတည်ပြီး လှုပ်ရှားနေရတာမလို့ အားလပ်ရက်ပိုနည်းတယ်။ ပြီးတော့ တစ်ယောက်အားတဲ့ရက် တစ်ယောက်မအားတာမျိုးလည်းရှိတာကြောင့် ထူးထူးခြားခြား အပြင်အတူသွားတာမျိုး မလုပ်ဖြစ်တာကြာပြီ။
ဒါကြောင့် အသေးမလေး စိတ်ကျေနပ်စေဖို့အတွက် လက်ခံလိုက်တာပါ။
“ဟုတ်ပြီလေ၊ သွားကြတာပေါ့။” မက်ဒါနာက ရုံးကွန်ပျူတာကိုပိတ်ပြီး စာရွက်စာတမ်းတွေကို ပြန်စီစစ်ပြီးတဲ့နောက် ဖရာလီတာဘေးမှာရပ်ပြီး ပြောတယ်။ ဖရာလီတာကတော့ ခေါင်းကိုကုပ်လိုက်လေရဲ့။
“မက်ဒါနာ၊ ဒီအတိုင်းလိုက်ခဲ့ဖို့ အဆင်ပြေရဲ့လား။ ရုံးအဝတ်အစားတွေနဲ့လေ။ အဆောင်ပြန်ပြီး အဝတ်လေးဘာလေးလဲပါ့လား။” တကယ်လည်း မက်ဒါနာက မစ်ရှင်အဖွဲ့အရာရှိဝတ်စုံကို ဝတ်ထားတာရယ်။
မက်ဒါနာကတော့ ဖရာလီတာရဲ့ဝေဖန်ချက်ကြောင့် ချက်ကောင်းထိသွားပုံပဲ။ နောက်တော့ ချော်လဲရောထိုင် ရယ်ချလိုက်ပြီး
“ခါတိုင်းအပြင်ထွက်မယ်ဆိုရင် အေမီက အဝတ်တွေရွေးပေးနေကျဆိုပေမဲ့ သူက တာဝန်နဲ့ခရီးထွက်နေတာမလို့ ရွေးပေးမယ့်လူမရှိဘူးလေ။ ငါ့ဘာသာ ရွေးမယ်ဆိုရင် လိုက်မလိုက်မသိတာကြောင့်ပါ။”
ဖရာလီတာက စိတ်ဆိုးသွားပုံရပြီး ပါးကိုဖောင်းပြီး မက်ဒါနာကို လက်ညိုးညွန်ပြကာ ပြောလိုက်လေရဲ့။ “ပြီးရော၊ ဒါပေမဲ့ ငါဒီနေ့ အဝတ်အစားအသစ်တွေဝယ်မှာနော်။ အဲဒီကျမှ မရွေးတတ်ဘူးပြောလို့ကတော့ နင်သေပြီသာမှတ်။”
...
ဒီလိုနဲ့မက်ဒါနာတို့နှစ်ယောက် နယူးယောက်က Fulton Centreကို ရောက်လာတော့တာပဲ။
Fulton Centreဆိုတာက တော်တော်နာမည်ကြီးတဲ့ နယူးယောက်က ရှော့ပင်းမောလ်တွေထဲကတစ်ခုပဲ။ အပြင်ကနေကြည့်ရင်တော့ အနက်ရောင်သေတ္တာကြီးပေါ်မှာ အဖြူရောင်ဖန်ဘောလုံးကြီးတင်ထားသလို အဆောက်အဦးမျိုး။ မက်ဟန်တန်နဲ့နီးပြီးတော့ ကွင်းတို့ ဘရုပ်ကလင်တို့နဲ့လည်း သိပ်မဝေးဘူး။ စင်တာက ၂၀၁၄ ကတည်းက ဖွင့်တာဆိုပေမဲ့ ခုထိနာမည်ရှိသေးတယ်။
“ဝိုး၊ အကြီးကြီးပဲ။” မက်ဒါနာက ဝင်လာလာချင်းမှာပဲ သူ့ရှေ့က ရင်သက်ရှုမောစရာမြင်ကွင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးလိုက်တယ်။ နေ့ခင်းပိုင်းဖြစ်တာကြောင့် အဆောက်အဦးရဲ့ခေါင်မိုးပေါ်က ဖန်လုံးကြီးကနေ အလင်းရောင်ဝင်နေပြီး အတွင်းပိုင်းက မီးထွန်းစရာမလိုအောင် လင်းထိန်နေပါတယ်။
ဝင်ပေါက်တံခါးဝကို ဖြတ်ပြီးပြီးချင်း မြင်တွေ့ရတာက ရှော့ပင်းမောရဲ့ဘယ်ညာတစ်ဖက်တစ်ချက်စီမှာမျက်နှာချင်းဆိုင်လျက်တည်ရှိတဲ့ စက်လှေကားနှစ်စင်းပါ။ အလယ်တည့်တည့်မှာတော့ ထွင်းဖောက်မြင်နိုင်တဲ့မှန်ကာရံထားတဲ့ ဓာတ်လှေကားတစ်ခုရှိတယ်။ ရှော့ပင်းမောက လေးထပ်ဖြစ်ပြီး သိပ်မကြီးပါဘူး။ ဒါပေမဲ့ ဗိသုကာပုံစံအရ ထူးခြားလှပပြီး ခမ်းနားကြီးကျယ်ပါတယ်။
“မက်ဒါနာ၊ ငါနဲ့လိုက်ခဲ့။ ဝတ်စုံသွားကြည့်ရအောင်။”
ဖရာလီတာက ပြောပြောဆိုဆိုနဲ့ မက်ဒါနာရဲ့လက်ကိုဆွဲပြီး ရှေ့ကနေလျှောက်တယ်။ ဒါပေမဲ့ ဖရာလီတာက ဒီအတိုင်းလျှောက်နေတာမဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဆက်တိုက်အကဲခတ်နေတာ။
ပထမထပ်မှာ ကိတ်မုန့်ဆိုင်တချို့နဲ့လက်ဝတ်ရတနာဆိုင်တွေကို သူတို့တွေ့ခဲ့တယ်။ ပြီးတော့ ဂိမ်းစီးတီးအသေးစားလေးရောပဲ။ အဝတ်အစားဆိုင်တွေတွေ့ပေမဲ့ ခေတ်ပေါ်အဝတ်အစားဆိုင်တွေဖြစ်နေပြီးတော့ဖရာလီတာရဲ့ဘရစ်တင်အကြိုက်နဲ့ အလိုက်မသင့်ပုံပဲ။ ဖရာလီတာက အဲဒီဆိုင်တွေကို တစ်ချက်ကြည့်ပြီးတာနဲ့ ဆက်မကြည့်တော့ဘူး။
“မက်ဒါနာ၊ နောက်တစ်ထပ်တက်ကြရအောင်။” ပထမထပ်ကို လေ့လာစူးစမ်းလို့ပြီးတဲ့နောက်တော့ မက်ဒါနာကို ဖရာလီတာက စက်လှေကားဆီ ဆွဲခေါ်သွားတယ်။ ဖရာလီတာသွားနေတဲ့ အမြန်နှုန်းက မြန်လွန်းတာကြောင့် အဆွဲခံနေရတဲ့ မက်ဒါနာတောင် မှောက်လျက်လဲလုမတတ်ပဲ။
“ဖရာလီတာ၊ ဂရုစိုက်ပြီးသွားရအောင်။ တော်ကြာချော်လဲနေဦးမယ်။” ဒီလိုပြောတော့မှ ဖရာလီတာက သူ့ကိုယ်သူသတိထားမိသွားပြီး မက်ဒါနာကို ပြန်တောင်းပန်ပါတယ်။
“စိတ်မရှိပါနဲ့နော်... ငါက နင်နဲ့အတူနှစ်ယောက်တည်းရှိနေရင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တာကြောင့်ပါ။”
ဒီတော့မှ မက်ဒါနာလည်း သေချာပြန်စဥ်းစားကြည့်လိုက်တယ်။ “တွေးကြည့်ခါမှ ငါတို့နှစ်ယောက် သီးသန့်ဒိတ်တာမျိုး ရှားသလိုပဲ။ နောက်ဆုံးတစ်ကြိမ် နင့်ကို ရှော့ပင်းမောတစ်ခုမှာတွေ့ဖူးတာက ငါတို့ပထမဆုံး စတွေ့တုန်းကလေ။”
မက်ဒါနာက သူတို့ပထမဆုံးတွေ့ဖူးခဲ့တဲ့အချိန်က အကြောင်းကိုပြောတော့ ဖရာလီတာက မက်ဒါနာကို ကြီးမားဝိုင်းစက်တဲ့ မျက်လုံးအစုံနဲ့ ကြင်ကြင်နာနာလေး စိုက်ကြည့်တယ်။
“ငါနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို နင်မှတ်မိနေတဲ့အတွက် အရမ်းဝမ်းသာတာပဲ။”
“ကောင်မစုတ်ကလေး၊ နင့်လောက် ငါ့ကိုဒုက္ခပေးတာ နင်ပဲရှိတာလေ။ မေ့စရာလား။”
မက်ဒါနာက ဖရာလီတာရဲ့ခေါင်းကို ဖွဖွလေးထုလိုက်ပြီး ပြုံးလိုက်တယ်။ မက်ဒါနာက ရှေ့ကိုတည့်တည့်ကြည့်နေတာမလို့ ဖရာလီတာရဲ့မျက်နှာကိုမမြင်ရပေမဲ့ ဖရာလီတာလည်း ပြုံးနေတဲ့ပုံပဲ။
နောက်တော့ သူတို့က လှေကားအဆုံးကိုရောက်လာပြီး ဒုတိယထပ်မှာ ခြေချဖြစ်တယ်။ ဒါပေမဲ့ ဖရာလီတာက ရှေ့ဆက်မသွားသေးဘဲ မက်ဒါနာကိုကြည့်ပြီးမေးပါတယ်။
“ဒါနဲ့ မက်ဒါနာ၊ ငါနဲ့ပတ်သက်ပြီး နင်သဘောအကျဆုံးအရာက ဘာလဲ။”
“နင်က ထက်မြက်တယ်လေ၊ ပြီးတော့ သေးသေးလေးနဲ့ကလေးဆန်တယ်မဟုတ်လား။” မက်ဒါနာက စဥ်းစားမနေဘဲ ဖြေချလိုက်တယ်။ ဒါပေမဲ့ ဖရာလီတာရဲ့မျက်နှာကတော့ ခရမ်းချဥ်သီးလိုမျိုး နီရဲသွားပြီး ခြေကိုဆောင့်ကာ ပြောလိုက်လေရဲ့။
“ငါ့ကို သေးတယ်လို့ မပြောနဲ့ဟဲ့၊ ခုမှ ကြီးထွားဆဲအရွယ်မှာပဲ ရှိသေးတာလေ။”
မက်ဒါနာကတော့ ခေါင်းကိုကုပ်လိုက်ရင်း ဖရာလီတာကို ကြည့်ကာ ပြောလိုက်တယ်။ “ဒါပေမဲ့ ဖရာလီတာရေ၊ နင်က ဒီနှစ်ထဲမှာ ၁၆ နှစ်ပြည့်မှာမဟုတ်လား။ ဒါဆို မိန်းကလေးတစ်ယောက်ရဲ့ကြီးထွားဆဲအရွယ်ကို ကျော်လွန်သွားပြီ။ နင်ငယ်ငယ်ကထက်တော့ ကြီးလာတယ်ဆိုပေမဲ့ အခုထိမဒမ်လောရန့် မီနီဗားရှင်းပဲ ဖြစ်နေသေးတာဆိုတော့ တစ်သက်လုံး ဒီအတိုင်းပဲဖြစ်နေတော့မယ့်ပုံပဲ။”
အရင်ကတော့ မက်ဒါနာကိုယ်တိုင်လည်း ဖရာလီတာကြီးလာရင် မဒမ်လောရန့်၊ မဒမ်အော်သာရီရာတို့လိုမျိုး ဖွံဖြိုးပြီးတဲ့ပုံစံမျိုးဖြစ်လာနိုင်တယ် ထင်မိပေမဲ့ အခုကတော့ ဖြစ်နိုင်ခြေနည်းသွားပြီ။ ၁၄ နှစ်ကနေ ၁၅ နှစ်ကို ခုန်အကူးမှာ ဖရာလီတာက ပိုကြီးလာပေမဲ့ ၁၅နှစ်ကနေ ၁၆ နှစ်ကျတော့ သိပ်ကြီးမလာတော့ဘူး။
“နင်... နင်က ငါသေးသေးလေးဖြစ်နေတာကို မကြိုက်လို့လား။”
“မ... မဟုတ်ပါဘူး။ နင်လည်း နင့်ဟာနင် ကြည့်လို့လှတဲ့ဥစ္စာကို။”
“ဒါဆိုလည်းပြီးရော။” နောက်တော့ ဖရာလီတာက မက်ဒါနာကို လက်ဆွဲပြီး ဆက်လျှောက်တယ်။ ဆိုင်တစ်ဆိုင်ရှေ့ကိုရောက်တော့ ဖရာလီတာက သွားနေတာကို ရပ်လိုက်ပြီး ဆိုင်နာမည်ကို ဖတ်ကြည့်တယ်။
“မဒမ်ဝင့်မင်္ဂလာဆောင်အဝတ်အစားအရောင်းဆိုင်တဲ့ ဝင်ကြည့်ကြမလား။” ဖရာလီတာက အခုလိုပြောလာတဲ့အတွက် မက်ဒါနာက ဖရာလီတာကို မယုံနိုင်စွာကြည့်လိုက်တယ်။
“နင်က ဒီကိုအဝတ်ဝယ်ဖို့လာတာမဟုတ်ဘူးလား။ ဒါပေမဲ့ မင်္ဂလာဆောင်အဝတ်အစားဆိုင်ထဲဝင်ပြီး ဘာလုပ်မှာလဲ။”
မက်ဒါနာက အခုလိုပြောပေမဲ့ ဖရာလီတာက နည်းနည်းလေးမှ အလျှော့ပေးမယ့်ပုံမပေါ်ဘဲ လက်နှစ်ဖက်ကို ခါးပေါ်တင်ပြီး ပြောလိုက်ပါလေရော။
“မသိချင်ယောင်ဆောင်မနေနဲ့တော့နော် မက်ဒါနာရေ။ အမေရိကန်ရဲ့ပြည်နယ်နှစ်ဆယ့်နှစ်ခုမှာ ၁၆ နှစ်ဆိုတာ တရားဝင်လက်ထပ်လို့ရတဲ့အရွယ်ဖြစ်နေပြီလေ။ ငါက လပိုင်းနေရင် ၁၆နှစ်ပြည့်တော့မှာဆိုတော့ နင်နဲ့လက်ထပ်ရင်ဝတ်ဖို့ မင်္ဂလာဆောင်ဂါဝန်ရွေးမလို့ ဒီကိုလာတာလေ။”
“.....” မက်ဒါနာတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသလိုမျိုး တောင့်တောင့်ကြီးဖြစ်သွားတယ်။ အဲဒီနောက် မက်ဒါနာက ဖုန်းကိုထုတ်ပြီး ဖရာလီတာပြောတာဟုတ်မဟုတ် ရှာကြည့်တော့ တကယ်ဖြစ်နေတာ တွေ့လိုက်ရရော။
“တကယ်ကြီး ပြည်နယ်၂၂ခုက ခွင့်ပြုထားတာပဲ။ မိဘသဘောတူညီချက် လိုတယ်ဆိုပေမဲ့ပေါ့။ ဒါပေမဲ့ဖရာလီတာရေ၊ နင့်ဟာက ဆန္ဒမစောလွန်းဘူးလား။ နင်တို့အရွယ်က စိတ်ကစားတတ်တဲ့အရွယ်နော်။ နောက်မှ တကယ်ချစ်တဲ့ကောင်လေးကို ရှာတွေ့တာတို့ အိမ်ထောင်ရှင်မဘဝနဲ့ အသားမကျတာတို့ဖြစ်ရင်နင်မနစ်နာဘူးလား။”
မက်ဒါနာက တတ်နိုင်သမျှ ဖရာလီတာကို ဆန့်ကျင်ဖို့ကြိုးစားပေမဲ့ ဖရာလီတာကတော့ မက်ဒါနာကို မကျေမနပ် ခေါင်းမော့ပြီးကြည့်လိုက်တယ်။
“မက်ဒါနာ၊ နင်က ငါ့အချစ်ကို သံသယဝင်တာလား။”
ဖရာလီတာရဲ့မျက်ဝန်းတွေထဲက ဆုံးဖြတ်ပြီးသား အရိပ်အယောင်ကို မြင်ပြီးတဲ့နောက်မှာတော့ မက်ဒါနာမပြောရဲတော့ဘူး။ တကယ်ပဲ သူ့စကားက ဖရာလီတာကို စော်ကားသလိုဖြစ်သွားမှန်း သတိထားမိလို့လေ။
“ဒါပေမဲ့ မိဘသဘောတူညီချက် လိုတယ်မဟုတ်လား။ အဲဒါရဖို့ကလည်း ကိစ္စကြီးတစ်ခု....”
“မပူပါနဲ့၊ ငါ့အမေဆီကိုရော နင့်အမေဆီကိုပါ မနေ့ကတည်းက စာပို့ပြီးသွားပြီ။ ဒီမနက်ပဲ နိုထရီပြန်ထားတဲ့ ခွင့်ပြုကြောင်းထောက်ခံစာတွေ ရောက်လာတယ်လေ။” ဖရာလီတာက သူ့ဖုန်းကိုဖွင့်ပြီးတော့ မဒမ်လောရင့်နဲ့မေမေသီတာတို့ရဲ့လက်မှတ်တွေကို ပြလိုက်တဲ့အတွက် မက်ဒါနာလေးမှာ ငြင်းနိုင်တဲ့ခွန်အားမရှိတော့ဘူး။ ဒါပေမဲ့ နောက်ဆုံးကြိုးစားမှုအဖြစ်နဲ့ လက်ညိုးလေးထောင်ပြီး ပြောလိုက်တယ်။
“ဒါပေမဲ့ ငါတို့ကိစ္စမှာက အရမ်းကြီးဆန္ဒမစောသင့်ဘူးလို့ ငါထင်နေတုန်းပဲနော်။”
“မက်ဒါနာရေ၊ ငါတို့က စေ့စပ်ထားတာလေ။ စေ့စပ်ထားတဲ့ ချစ်သူတွေအနေနဲ့ အမြန်ဆုံးလက်ထပ်သင့်တာပေါ့။”
“....” မက်ဒါနာလည်း မန်းလေပြဲလေဖြစ်နေတဲ့ ဖရာလီတာကို ဘယ်နည်းနဲ့မှ တားလို့မရနိုင်မှန်း သတိပြုမိလိုက်တဲ့အတွက်ကြောင့် သက်ပြင်းရှည်ကြီး ချမိလိုက်ပါလေရော။ နောက်မှ ကိစ္စတစ်ခုကို သတိရသွားပြီး ဖရာလီတာကို ပြောလိုက်တယ်။
“ဒါပေမဲ့ သဘောတူထားတဲ့ ပြည်နယ်စာရင်းမှာ နယူးယောက်မပါဘူးမဟုတ်လား။ ဒီတော့ နင်ဂါဝန်စမ်းဝတ်ချင်ရင်တောင် ဆိုင်က ခွင့်ပြုပါ့မလား။”
ဒီတစ်ခါတော့ ဖရာလီတာရဲ့မျက်နှာပြုံးပျော်နေတဲ့ မျက်နှာပေါ်က အပြုံးတွေပျောက်ကွယ်သွားတယ်။ သူ့ပုံစံက တစ်ခုခုကို စိုးရိမ်နေသလိုမျိုးပဲ။ ဒါပေမဲ့ ခဏနေတော့ သူ့မျက်နှာပေါ်ကို အပြုံးက ပြန်ရောက်လာပြီး မက်ဒါနာကို ပြောလိုက်တယ်။
“ဒါဖြင့် ဆိုင်ကို နင်အရင်ဝင်မေးကြည့်လေ။ ငါကတော့ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်။ အဆင်ပြေတယ်မဟုတ်လား။”
ဖရာလီတာက မက်ဒါနာကို လက်ယမ်းပြပြီးတော့ ဒုတိယထပ်ရဲ့သန့်စင်ခန်းရှိရာဆီကို ဦးတည်သွားပါတယ်။ မက်ဒါနာကတော့ သက်ပြင်းချရင်းနဲ့ ဆိုင်ထဲကို ကြည့်လိုက်လေရဲ့။