အဆုံးအဖြတ်
Vol. 008 Ch. 722
ရေခဲနန်းတော်၊ ဟောင်စီ၊ ကျူးကော့ချန်းဖန်နှင့် တခြားလူများ အားလုံးက ထိုမြင်ကွင်းကို အံ့အားသင့်ခြင်း ကြီးစွာဖြင့် ကြည့်ကြသည်။ ဓားမိစ္ဆာနှင့် ထို့ကျန်းတို့လည်း ထိတ်လန့် သွားကြသည်။
ပြည်နယ်ကိုးခုကား အင်ပါယာရှား၏ လက်အောက်တွင် တည်ရှိသည်။ သမိုင်း အထောက်အထားများအရ ယခင်က သူအုပ်ချုပ်သော ပြည်နယ်ကိုးခုတွင် အင်ပါယာ ရှားကိုယ်တိုင် သူ့အား ဆက်သွယ်နိုင်ရန် အမှတ်အသားတစ်ခုစီ ချန်ထားရစ်သည်။ ပြည်နယ် ခေါင်းဆောင်များသာ ထိုအမှတ်အသားကို အသက်သွင်းနိုင်စွမ်းရှိ၏။ သို့သော် ပြောကြသည်မှာ ရှန့်ထိုများသာ ထိုအမှတ်အသားအား အသက်သွင်းနိုင်စွမ်း ရှိကြ၏။
နန်းတော်သခင် ချွန်ရန်ကား နောက်ဆုံး အချိန်အခါကို ရောက်နေပြီဖြစ်ကာ လျူချန်းကလည်း ရှန့်ထိုမဟုတ်ပေ။ ထို့ကြောင့် သူတို့က လျှို့ဝှက်နည်းလမ်း မသုံးဘဲ ထိုအမှတ်အသားအား အသက်သွင်းနိုင်စွမ်း မရှိပေ။ ယခု ထိုသို့ အသက်သွင်းလိုက်ခြင်းက သူတို့အတွက် ကြီးလေးသော ပေးဆပ်မှု ရှိရမည်သာ။ မှန်သည်… ထိုပေးဆပ်မှုက သူတို့၏အသက်ဖြစ်၏။
ကျိရှမ်းကမ်းပါး၏ ရှန့်ထိုခေါင်းဆောင်က ကိုယ်တိုင် ရောက်လာသောအခါ သူ၏စိတ်အသိမျှသာ ဖြစ်သော်လည်း ထိုအရာက ဘာကိုဆိုလိုသည်ကို အားလုံးက နားလည်ကြသည်။ မည်သူမှ လွတ်မည်မဟုတ်ပေ။ ပြင်းထန်ရက်စက်သော တိုက်ပွဲများအပြီးတွင် ရီဖူရှင်းနှင့် ဂူတုံးလျိုအား မဖြစ်မနေ ခေါ်သွားမည်ဖြစ်သလို တော်ဝင်ကျဲနန်းတော်ကလည်း မြေရိုင်းပြည်နယ်တွင် နှစ်ခြမ်း ကွဲသွားပေတော့မည်။
တစ်ခုတည်းသော ဖြေရှင်းစရာ နည်းလမ်းကား အင်ပါယာရှားကို ပင့်ဖိတ်ခြင်းဖြစ်သည်။
သည်ကိစ္စကား နန်းတော်သခင်နှစ်ယောက်၏စတေးမှုဖြင့် အောင်မြင်ခဲ့သည်။
တော်ဝင်ကျဲနန်းတော်၏ နက်ရှိုင်းသော တစ်နေရာတွင် အမှတ်အသား တစ်ခုရှိသည်။ အလွန်တရာ လင်းလက်သော ရောင်ခြည်များ ထွက်ပေါ်လာသည်တွင် ကောင်းကင်၌ ပုံရိပ်တစ်ခုအား မြင်ကြရသည်။ ထိုပုံရိပ်ကမှ အမှန်တကယ် ကြီးကျယ်မြင့်မြတ်မှုကို ပေးသည်။ သူကား တိမ်တိုက်ကိုးခု နန်းတော်ထက်တွင် ရပ်နေကာ အောက်ကို ငုံ့ကြည့်သည်။ သူ၏ပုံရိပ်က ကောင်းကင်ထက်ပင် မြင့်မားဟန်ရသည်။
“ရန်ဟောင်…” အားလုံး၏ အသိစိတ်များက တုန်လှုပ်သွားကြသည်။ မှန်းဆမရအောင် စွမ်းအားကြီးသော ဒဏ္ဍာရီလာ တန်ခိုးရှင်အား သူတို့ မျက်မြင်တွေ့မြင်ခဲ့ရပြီ။ ရန်ဟောင်တန်ခိုး အဆင့်တွင် ရှိနေသော လူတစ်ယောက်အား သူတို့ မြင်တွေ့ကြရပြီ။
သူကား ပြည်နယ်ကိုးခုကို အုပ်ချုပ်မင်းလုပ်သူ အင်ပါယာရှား ဖြစ်သည်။
“ကြီးမြတ်စွာသော အင်ပါယာရှား…” ချွန်ရန်နှင့် လျူချန်းတို့က ဦးညွှတ်ကာ အရိုအသေပေးကြသည်။
“ကြီးမြတ်စွာသော အင်ပါယာရှား…” ကျိရှမ်းကမ်းပါးမှ ရှန့်ထိုခေါင်းဆောင်လည်း အရိုအသေပေးသည်။ သူက ကျိရှမ်းကမ်းပါးမှ ရှန့်ထိုဖြစ်ကာ ချွန်ရန်အပေါ် လွန်စွာဒေါသ ထွက်သော်လည်း ယခု အင်ပါယာရှား ရောက်လာသောအခါ မတတ်သာဘဲ ဦးညွှတ်ရတော့သည်။
ထိုနေရာမှ လူတိုင်းက ဦးညွှတ် အရိုအသေပေးကြသည်။
“မြေရိုင်းပြည်နယ်… တော်ဝင်ကျဲနန်းတော်…” အင်ပါယာရှားက သူ၏ပါးစပ်ကို တည်ငြိမ်စွာ ဖွင့်ဟသည်။ သူ၏အသံက ကောင်းကင်၏ အရှိန်အဝါကို ကိုယ်စားပြုသည်။
“ဟုတ်ပါတယ်…” ချွန်ရန်က ဦးညွှတ်ကာ ပြောသည်။
“ဘာကိစ္စလဲ…” အင်ပါယာရှားက မေးသည်။ တော်ဝင်ကျဲ နန်းတော်ကား သူ့လက်အောက်ခံ နယ်မြေတစ်ခုဖြစ်သည်။
“ညီလေး…” ချွန်ရန်က ဘေးမှ လျူချန်းကို ကြည့်သည်။
“အင်ပါယာက ဒါကို ကြည့်ပေးဖို့ တောင်းဆိုပါတယ်...” လျူချန်း၏ လောင်ကျွမ်းနေသော စိတ်ဝိညာဉ်က အင်ပါယာရှားရှေ့ကို ရောက်လာကာ ပုံရိပ်များအဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာသည်။ အင်ပါယာရှားက ပုံရိပ်များကို ကြည့်ကာ ဖြစ်ပျက်သမျှအား နားလည်လိုက်၏။
“ကျိရှမ်းကမ်းပါးက တပည့်ကျန်းရှာက ယွီပြည်နယ်မှာ ရှီတန်ခိုးရှင်တွေ အများကြီးကို သတ်ဖြတ်ပြီးတော့ ဂူတုံးလျိုကို အပြစ်ပုံချ စွပ်စွဲခဲ့တယ်… နောက်ထပ် ဖြစ်တာတွေကတော့ အင်ပါယာက အဆုံးအဖြတ်ပေးဖို့ ပင့်ဆောင်ခေါ်ယူခြင်း ဖြစ်ပါတယ်… ဒီပြဿနာမှာ ကျိရှမ်းကမ်းပါးနဲ့ ဖြေရှင်းဖို့ နည်းလမ်း မရှိတော့တာမို့ အင်ပါယာက မျှတအောင် စီမံပေးစေလိုပါတယ်…” ချွန်ရန်က ပြောသည်။
“ဒီနန်းတော်က မြေရိုင်းပြည်နယ်ရဲ့ အချုပ်အချာ တည်တံ့ရာပဲ… ဘာလို့ ဒီမတိုင်ခင်က ကျိရှမ်းကမ်းပါးကို ကူညီခဲ့တာလဲ…” အင်ပါယာရှားက အေးစက်စွာ မေးသည်။
“ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်တစ်ခုကြောင့် တော်ဝင်ကျဲနန်းတော်က ဒီလို ပြစ်မှုမျိုး ကျူးလွန်မိတာပါ… ဒါကြောင့် ကျုပ်က တော်ဝင်ကျဲနန်းတော်ရဲ့ ခေါင်းဆောင်နေရာနဲ့ မထိုက်တန်တော့သလို ဒီပြစ်ဒဏ်အတွက်လည်း သေခြင်းနဲ့ပေးဆပ်ဖို့ အဆင်သင့် ဖြစ်နေပြီးပါပြီ…” ချွန်ရန်က ပြောသည်။
အင်ပါယာရှား၏ အမူအရာက တည်ငြိမ်နေသည်။ သူ ကျိရှမ်းကမ်းပါးမှ ရှန့်ထိုကို ကြည့်ကာ မေးသည်… “ခင်ဗျားက ဘာပြောချင်လဲ…”
“အင်ပါယာရှား… ဒီမတိုင်ခင်ဖြစ်ခဲ့တာကို ကျုပ်မသိခဲ့ပါဘူး.. ကျုပ်သိခဲ့တာက ကျိရှမ်းကမ်းပါးရဲ့ သားတော်က မြေရိုင်းပြည်နယ်မှာ အသတ်ခံခဲ့ရတယ်… ကျုပ်က ပြန်တဲ့အခါ ဒီကိစ္စကို သေသေချာချာ စစ်ဆေးပါ့မယ်… အင်ပါယာက ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…” ကျိရှမ်းကမ်းပါးရှန့်ထိုက ဦးညွှတ်ကာ ပြောသည်။
အင်ပါယာက သူ့အား အတိုင်းသား ကြည့်သည်။ ရှန့်ထို ခေါင်းဆောင်ကလည်း ပြောသည်… “အင်ပါယာ… မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိတာ နှစ်ပေါင်းများစွာကြာပြီ.. အခု မြေရိုင်းပြည်နယ်က အင်ပါယာရဲ့ လက်အောက်ခံ ဖြစ်နေတုန်းပဲ… ဒါပေမဲ့ တော်ဝင်ကျဲနန်းတော်ကတော့ တော်ဝင်မြေဆိုတဲ့နေရာနဲ့ မထိုက်တန်တော့ပါဘူး… နန်းတော်ကို အစားထိုးဖို့ ကျုပ်က အကြံပေးချင်ပါတယ်…”
ချွန်ရန်နှင့် လျူချန်းတို့၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။ အကယ်၍အင်ပါယာရှားကြောင့်သာ မဟုတ်ပါက မြေရိုင်းပြည်နယ်ကား တခြားပြည်နယ်များ၏ လက်အောက်ကို ရောက်သွားသည်မှာ ကြာလှပြီဖြစ်သည်။
မြေရိုင်းပြည်နယ်အတွက် အချိန် သိပ်မကျန်တော့သည်ကို သူတို့သိကြသည်။ ထို့ကြောင့် သူတို့က အလွန်စိုးရိမ်ပူပန်ကာ မြေရိုင်းပြည်နယ်၌ ရှန့်ထိုတစ်ပါး မွေးဖွားရန် အပြင်းအထန် အားထုတ်ခဲ့ကြသည်။ သို့သော် ထိုသို့ အမြန်လိုခြင်း စိုးရိမ်ပူပန်ခြင်းက လမ်းမှားကို ရောက်စေခဲ့သည်။
အင်ပါယာရှားက အားလုံးကို ကြည့်ကာ ပြောသည်… “နောက်တစ်ခေါက် ရှန့်ထိုတိုက်ပွဲ ကျင်းပတဲ့အချိန် မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါး မရှိခဲ့ရင် တော်ဝင်ကျဲနန်းတော်ကို ပယ်ဖျက်ရလိမ့်မယ်… အဲဒီနေ့ မရောက်ခင်အထိ ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်ကို လက်ဖျားနဲ့တောင် မထိနဲ့...”
“ဟုတ်ကဲ့ပါ… အင်ပါယာ…” ကျိရှမ်းကမ်းပါး၏ ရှန့်ထိုခေါင်းဆောင်က ပြောသည်။ သူကား အင်ပါယာ၏လက်အောက်ခံ ပြည်နယ် ရှန့်ထိုတစ်ပါးဖြစ်သည်။ တော်ဝင်ကျဲနန်းတော် ဆက်လက်တည်တံ့ခြင်းနှင့် ပတ်သက်၍ အင်ပါယာရှားကား သိပ်ခေါင်းထဲ ထည့်သည်မဟုတ်ပေ။ သူ့လက်အောက်တွင် ရှန့်ထိုတစ်ပါးပင် မရှိသော အင်အားစုတစ်ခုအား သူက မည်သို့ ဂရုစိုက်ရမည်နည်း။
ကျိရှမ်းကမ်းပါးပင်လျှင် အင်ပါယာရှား၏ မျက်လုံးထဲ၌ မြင့်မားသော အဆင့်အတန်း မရှိပေ။ ထို့အပြင် သူကလည်း အင်ပါယာရှားက သူ့အပေါ် အမြင်မကြည် ဖြစ်စေမည့်ကိစ္စမျိုး လုပ်ရန် အကြောင်းပြချက် မရှိပေ။
“ကျေးဇူးတင်ပါတယ် ... အင်ပါယာ…” ချွန်ရန်က ကျိရှမ်းကမ်းပါး အပြစ်ပေးခံရရန် မူလကတည်းက မမျှော်လင့်ထားပေ။ မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါးပင် မရှိရာ တော်ဝင်ကျဲနန်းတော်က အင်ပါယာရှားအတွက် အရေးပါသော အခန်းဂဏ္ဍတွင် မရှိသည်ကိုလည်း သိသည်။ အရေးကြီးသည်က တော်ဝင်ကျဲနန်းတော် ဆက်လက် တည်တံ့နိုင်ရန်ဖြစ်၏။
“တခြားပြောစရာ ရှိသေးလား…” အင်ပါယာက ချွန်ရန်ကို မေးသည်။
ချွန်ရန်က ဦးညွှတ်ကာ ပြောသည်… “တော်ဝင်ကျဲနန်းတော်က ဆက်ခံသူလိုပါတယ်… ဒါကြောင့် ကျုပ်ဆုံးသွားတဲ့အခါ ရီဖူရှင်းကို နန်းတောင် ခေါင်းဆောင်အဖြစ် တင်မြောက်ချင်ပါတယ်… သူ့ကို တော်ဝင်ကျဲနန်းတော်ကလူတွေ အကုန်လုံးက ကူညီပေးကြမှာပါ… ဒီကိစ္စအပေါ်မှာ အင်ပါယာက လက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်…”
ချွန်ရန်၏စကားကို ကြားကာ မြေရိုင်းပြည်နယ်မှ လူများအားလုံးက တုန်လှုပ် သွားကြသည်။ တော်ဝင်ကျဲနန်းတော်က ရှန့်ထိုတစ်ပါး ဖြစ်လာရန် အလွန်အမင်း ဆန္ဒပြင်းပြခဲ့ကြပြီး ပိုင်လွေလီအတွက် မည်သည့်စတေးမှုကိုမဆို ပြုလုပ်ရန် ဝန်မလေးခဲ့ကြပေ။ သို့သော်လည်း လမ်းမှားကို တစ်ကြိမ် လျှောက်လှမ်းပြီးမှ သူက ယုံကြည်မှု ပျက်ပြားပြီး သွားသည့်တိုင် သူလုပ်သည်ဟု ထင်မှတ်သည်အား ပြတ်သားစွာ လုပ်ဆောင်နေဆဲ ဖြစ်သည်။ သူသေဆုံးသွားပြီးနောက် နိုဘယ်အဆင့်သာ ရှိသေးသော လူငယ်တစ်ယောက်အား နန်းတော် ခေါင်းဆောင်အဖြစ် တင်မြှောက်မည်ဟု မည်သူကမှ မထင်မှတ်ထားကြပေ။ မည်သူကမှ ဤသို့ မလုပ်ဆောင်ဖူးသလို တခြားလူများ နောင်တွင်လည်း လုပ်ကြလိမ့်မည် မဟုတ်ပေ။ သို့သော် သူက အင်ပါယာရှား ရှေ့မှောက်တွင်ပင် တိုက်ရိုက် တောင်းဆိုခဲ့သည်။ သူ၏ရည်ရွယ်ချက်အား အားလုံးက နားလည်မိကြ၏။
မြေရိုင်းပြည်နယ်၏ လက်ရှိ အရှုပ်အထွေးများကား ရီဖူရှင်းနှင့် ကျိရှမ်းကမ်းပါးတို့ကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ကျိရှမ်းကမ်းပါးက ရီဖူရှင်းအား ခေါ်ရန် အလွန်အမင်း စိတ်ပိုင်းဖြတ်ထားကာ တစ်ဖက်တွင် ရီဖူရှင်း၏ပါရမီက မြေရိုင်းပြည်နယ်အတွက် အနာဂတ်ဖြစ်နေသည်။ ထို့ကြောင့် သူက ရီဖူရှင်းအား အင်ပါယာရှား ရှေ့မှောက်တွင် နန်းတော်ခေါင်းဆောင် တင်မြှောက်ခြင်းဖြင့် ရီဖူရှင်းအား ကျိရှမ်းကမ်းပါးက ထိ၍ ရတော့မည် မဟုတ်တော့ပေ။ မဟုတ်လျှင် အင်ပါယာရှား၏ အာဏာကို ဖီဆန်ရာ ရောက်ပေလိမ့်မည်။
တော်ဝင်ကျဲနန်းတော်ကား အလွန်ပျက်စီး ယိုယွင်းနေသော အခြေအနေဖြစ်ရာ ချွန်ရန်က သူ၏နောက်ဆုံး အချိန်အခါကို ရောက်လာသည့်တိုင် နန်းတော်၏အရှည်ကို မျှော်ကိုး၍ ဆုံးဖြတ်ချက် ပြတ်သားစွာ လုပ်ဆောင်ခဲ့သည်။
ရီဖူရှင်းက ခေါင်းမော့ကာ ချွန်ရန်ကို ကြည့်သည်။ သည်ရှီတန်ခိုးရှင် အဘိုးအိုက ဤသို့ပြုလုပ်မည်ဟု လုံးဝ မထင်မှတ်ထားပေ။
သို့သော် သူက အမှန်တကယ်ကော တော်ဝင်ကျဲနန်းတော် ခေါင်းဆောင်ဖြစ်ရန် သင့်တော်ပါသလော။
“မင်းရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် အသိအမှတ်ပြုတယ်…” အင်ပါယာရှားက ခေါင်းညိတ်သည်။
“ဒါဆို အင်ပါယာကို တခြား အနှောင့်အယှက် ပေးစရာ မရှိတော့ပါဘူး…” ချွန်ရန်က ဦးညွှတ်ကာ ပြောသည်။ အင်ပါယာရှား၏ ပုံရိပ်ကလည်း မှေးမှိန် ပျောက်ကွယ် လာသည်။
“အင်ပါယာကို ပို့ဆောင်ပါတယ်…”
အသံများကို ကြားရပြီးနောက်တွင် အင်ပါယာရှား၏ ပုံရိပ်ကလည်း လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကျိရှမ်းကမ်းပါးမှ ရှန့်ထိုအပါအဝင် တခြားစွမ်းအားမြင့် တန်ခိုးရှင်များအားလုံး မျက်နှာများ မှုန်မှိုင်းနေကြသည်။ သူတို့အားလုံး ချွန်ရန်၏လှည့်စားခြင်းကို ခံလိုက်ကြရသည်။
အင်ပါယာရှားကို ခေါ်ယူလိုက်ခြင်းက သူတို့ အကြံအစည်များ အားလုံးကို ပျက်ပြားစေသည်။
“သွားရအောင်…” ရှန့်ထိုခေါင်းဆောင်၏ ပုံရိပ်ကလည်း ပျောက်ကွယ် သွားသည်။ ခွန်ယိုနှင့် တခြားလူများကလည်း ပတ်ဝန်းကျင်မှ အင်အားစုများကို ကြည့်သည်။ သူတို့က ဤသို့ လက်ဗလာဖြင့် ပြန်ကြရတော့မည်လော။
ထို့အပြင် သည်တစ်ခေါက် သူတို့က အလွန်အမင်း ဆုံးရှုံးနစ်နာခဲ့ရသည်။ သူတို့က မြေရိုင်းပြည်နယ်ကို ရောက်လာကာ အဆင့်နိမ့်သော ပြည်နယ်ဖြင့် စစ်ခင်းပြီး အပြန်တွင် အကျိုးကျေးဇူး တစ်စုံတစ်ရာ မရသလို ဆုံးရှုံးနစ်နာမှုကလည်း များပြားလွန်းလှသည်။
“သွားစို့…” ခွန်ယိုက အားလုံးကို ကြည့်ကာ ပြောသည်။ သူက သည်ကိစ္စအား ရင်ထဲတွင် မှတ်သားထားကာ နောင်တွင် အခွင့်အရေးရပါက လက်တုံ့ပြန်မည် ဖြစ်သည်။
ဓားကျေးရွာမှ ယန်ဝူကျိ၊ နန်ထျန်း အိမ်တော်ခေါင်းဆောင်၊ အင်ပါယာမိသားစုမှ ထိခိုင်နှင့် တခြားလူများအားလုံးက ကျိရှမ်းကမ်းပါး ပြန်သွားသည်ကို မျက်နှာများ ပြာနှမ်းလျက် ကြည့်နေကြသည်။
သူတို့ကရော…။ တော်ဝင်ကျဲနန်းတော်က အင်ပါယာရှားကို ခေါ်ကာ ရီဖူရှင်းအား နန်းတော်ခေါင်းဆောင် အဖြစ် အင်နှင်းလိုက်သော အချိန်တွင်ပင် တော်ဝင်ကျဲနန်းတော်ကား ပြန်လည်၍ ပေါင်းစပ်သွားခဲ့သည်။
သည်တစ်ခေါက်တွင် မြေရိုင်းပြည်နယ် ပုဂ္ဂိုလ်ကြီးများ အားလုံးက သဘောတူလက်ခံကြ၏။
သို့သော်လည်း သည်အခြေအနေတွင်ပင် အဆုံးသတ် သွားသူများလည်း ရှိပေသည်။ ထိုလူအနည်းစု၏ အတွေးများကိုလည်း မည်သူကမှ ဂရုမစိုက်ကြပေ။ ချွန်ရန်နှင့် လျူချန်းတို့၏ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာကြသည်။
သူတို့က တော်ဝင်ကျဲနန်းတော်မှ လူများအားလုံးကို ကြည့်ကာ ချွန်ရန်က ပြောသည်… “မင်းတို့အားလုံးက ငါပြောတာကို ကြားကြတယ်မလား.. ဒီနေ့ကစပြီး ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်ရဲ့ သခင်အသစ်ပဲ…”
“ဟေး... ကျုပ် သဘောမတူရသေးဘူး…” ရီဖူရှင်းက ချွန်ရန်ကို ကြည့်ကာ အော်လိုက်သည်။ ယခု သူကား အလွန်အမင်း စိတ်ရှုပ်ထွေးနေသည်။ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူက အငြိုးအတေး ဆက်ထားသင့်ပါသလော။
ယနေ့ တိုက်ပွဲတွင် သူ၏ဆရာ၊ ဂျီယူ၊ ဟွာချင်းချင်းနှင့် တခြားလူများ အားလုံး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့သည်။
အကယ်၍ တော်ဝင်ကျဲနန်းတော်ကသာ သူ့အား ပိုင်လွေလီနှင့် တိုက်ခိုက်ခွင့် ပေးခဲ့ပါက ဤသို့ဖြစ်လာမည် မဟုတ်ခဲ့ပေ။ ထို့ကြောင့်ပင် သူက တော်ဝင်ကျဲနန်းတော်ကို ဦးဆုံးလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကိစ္စရပ်များက သူမျှော်မှန်းထားသလို ဖြစ်မလာခဲ့ပေ။
ရီဖူရှင်း၏အတွေးများက ရှုပ်ထွေးနေသလို အလွန်အမင်း ပင်ပန်း နွမ်းနယ်မှုကိုလည်း ခံစားနေရ၏။
“မင်းက တော်ဝင်ကျဲနန်းတော် လုပ်ခဲ့တာတွေကို လက်ခံဖို့ ခက်ခဲမယ်ဆိုတာ သိတယ်… ဒါပေမဲ့ မင်းဆရာ၊ ဓားမိစ္ဆာနဲ့ ထို့ကျန်းတို့က မင်းအပေါ် ထိခိုက်အောင် လုပ်ခဲ့ကြလို့လား…” ချွန်ရန်က ပြောသည်… “အခု လျူချန်း၊ ထျန်ရှင်းနှင့် ငါတို့က ပျောက်ကွယ် သွားကြရပြီ… နောက်လာမယ့်အနာဂတ်မှာ မင်းကိုယ်တိုင် အတွက်ရော… တော်ဝင်ကျဲနန်းတော်က မင်းမိတ်ဆွေတွေ အတွက်ရော စဉ်းစားသင့်တယ်…”
ရီဖူရှင်းက သူ၏ဆရာ၊ ထို့ကျန်း၊ ဓားမိစ္ဆာနှင့် တခြား သူ့မိတ်ဆွေများ ဖြစ်ကြသော ယွန်စွေ့ရှင်း၊ ဖီနစ်တို့အား ကြည့်သည်။ သူက မျက်လုံးကို မှိတ်လိုက်သည်တွင် ရင်ဘတ်ထဲမှ အစိုင်အခဲများက ခေါင်းထဲအထိ ရှုပ်ထွေးစွာ ဝင်ရောက်လာကြသည်။
***