ကုန်းအဆင့်မြို့စား
Vol. 9 Ch. 128
"ငါ...ငါ..."
လျောက်ချင်း စိတ်လှုပ်ရှားလွန်းလို့ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ဖြစ်သည်။
နှစ်အတော်ကြာအောင် အဆင့်တစ်ခုတည်းမှာ ပိတ်မိနေခဲ့ပြီး နောက်မှတက်လာသူတွေ တစ်ယောက်ပြီး တစ်ယောက် သူ့မျက်လုံးရှေ့မှာတင် ကျော်တက်သွားတာကို မြင်ခဲ့ရသည်။ သူ့နှလုံးသားက ပေါက်ကွဲချင်စိတ်ကို မျိုသိပ်ထားရသည်။
မမျှော်လင့်ဘဲ ဒီနေ့မှာ သူသည် ခန္ဓာကိုယ်က ပြဿနာကို ဖြေရှင်းရုံသာမက အဆင့်လေးဆင့်ကိုလည်း တစ်ရှိန်ထိုး ဖြတ်ကျော်သွားခဲ့သည်။
ကိုယ်တိုင် မကြုံခဲ့ရင် ယုံနိုင်မှာတောင် မဟုတ်!
ဗုန်း!
မြေကြီးပေါ် တိုက်ရိုက် ဒူးထောက်ချလိုက်သည်။
"ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ပြဿနာကို ကူညီဖြေရှင်းပေးတဲ့သူကို သခင်အဖြစ် အသိအမှတ် ပြုမယ်လို့ ဆုံးဖြတ်ထားပြီးသားပါ.... ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော့်ရဲ့သခင်ငယ်လေးပဲ"
လျောက်ချင်း၏ မျက်လုံးများသည် မတုန်မလှုပ် တင်းမာမှုကို ပြသနေသည်။
"ကျေးဇူးပြုပြီး ထပါ!"
လုရွှမ်က သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး လော်ယန်ချင်းနဲ့ အကြီးအကဲ သုံးယောက်ကို ကြည့်လိုက်ကာ
"သူ ထုံးရွှမ်နယ်ပယ်ကို အောင်မြင်စွာ တက်လှမ်းနိုင်သွားပြီ... ဒါကြောင့် သူက ထိပ်တန်းဆယ်ယောက်ကို လွယ်လွယ်ကူကူ ဝင်ရောက်ပြီး ကျန်းဝူအကယ်ဒမီကို ချီးမြှောက်နိုင်လောက်ပြီပေါ့ ဒါလည်း ကောင်းမှုပဲ ဟုတ်တယ်မလား?"
"ဟုတ်တယ် သေချာပေါက် ဟုတ်တာပေါ့!"
လော်ယန်ချင်းသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်လုနီးပါး ဖြစ်သွားသည်။
သို့သော် အဘိုးအိုကျန်း၏ မျက်နှာသည် နီရဲပြီး ရုပ်ဆိုးနေပါပြီ။
လျောက်ချင်းကို နောက်တစ်ဆင့်တက်ဖို့ ကူညီပေးချင်တယ်လို့ အခုပဲ ပြောခဲ့ပြီး သူ့ကို အနိုင်ယူဖို့ အခွင့်အရေးကို ရအောင်ယူမလို့ ပြင်ဆင်ခဲ့သည်။ ရလဒ်အနေနဲ့ သူတို့ သုံးယောက်ဟာ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့ရှေ့က လူငယ်လေးကတော့ အသက်ရှူချိန် အနည်းငယ်မျှဖြင့် ပြီးသွားသည်။
သူတို့လို လူအိုကြီးတွေက လူငယ်လေး တစ်ယောက်လောက်တောင် မတတ်စွမ်းနိုင်ဘူးလို့ ပြောလိုက်တာပဲ မဟုတ်ပါလား?
မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။
"မင်းကောင်းတာတစ်ခု လုပ်လိုက်တော့ရော ဘာဖြစ်လဲ? မင်းဝေ့ချွမ်၊ ရှင့်မင်၊ မော့ရှီးနဲ့ တုဖျင်တို့ကို သတ်ခဲ့တဲ့အတွက် တာဝန်ရှိတယ်...နောက်ပြီး မင်းက နတ်ဆိုးတွေဖက်က သူလျှိုလားဆိုတာကို စုံစမ်းစစ်ဆေးဖို့ လိုသေးတယ်"
ဒုကျောင်းအုပ်ချန်က အေးစက်စွာ လှောင်ရယ်ရင်း။
"မင်းက လူသားမျိုးနွယ်အတွက် ကောင်းတာလုပ်ထားတဲ့ အသိအမှတ်ပြုမှု လိုတယ်... နှမြောစရာပဲ အဲဒီအသိအမှတ်ပြုမှုက ဘုရင်မင်းမြတ် ကိုယ်တိုင် အသိအမှတ်ပြုမှ ရမှာ....မင်းလုပ်နိုင်လို့လား?"
လူသားမျိုးနွယ်အတွက် ဂုဏ်သတင်း ဆောင်ကျဥ်းသူသည် သူ၏အပြစ်ကင်းကြောင်း သဘာဝအတိုင်း သက်သေပြနိုင်သော်လည်း ဘုရင်က ဤဘွဲ့မျိုးကို အပ်နှင်းထားရန် လိုအပ်သည်။ သနားစရာက ၎င်းကဲ့သို့ ကျောင်းသားလူငယ်တစ်ဦး ရရှိနိုင်သည့်အရာ မဟုတ်ပေ။
မရရှိနိုင်ရင် နတ်ဆိုးကို ခိုလှုံခဲ့သလား ဆိုတာ သက်သေ မပြနိုင်သလို နတ်ဆိုးဖမ်းချုပ် အစီအရင်ကလည်း အသက်ဝင်လာပြီး သေခြင်းကနေ လွတ်မြောက်ဦးမည် မဟုတ်ချေ။
"ငါသက်သေ မပြနိုင်ဘူးဆိုမှတော့ မင်းကိုအရင်သတ်ပြီးမှ ကျန်တာကို ဆက်ပြောကြတာပေါ့"
တစ်ဖက်လူက သူ့ကို စိတ်နှလုံးအကြွင်းမဲ့ သတ်ချင်နေတာကို မြင်လိုက်ရတော့ လုရွှမ်ရဲ့ မျက်လုံးတွေက အေးစက်လာပြီး သူ့တစ်ကိုယ်လုံးမှာ အရိုးတွေ တကျွတ်ကျွတ် မြည်လာသည်။
ဘာပဲဖြစ်ဖြစ် သူ့ကိုအသေ သတ်ချင်နေပြီဆိုတော့ မိုက်မဲတဲ့ စကားတွေ ဆက်ပြောနေစရာ မလိုတော့ဘူး။ ဒီချန်ဟန်က သေဖို့အတွက် လောနေပြီလေ။ သူကဘာကိစ္စ လက်နှေးပေးနေရမှာလဲ?
ဝုန်း!
စကားဆုံးသည်နှင့် တစ်ပြိုင်နက် လုရွှမ်သည် လှုပ်ရှားလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ မီးခိုးရောင် အရိပ်သည် ဒုကျောင်းအုပ်ချန်ထံသို့ ထပ်မံရောက်ရှိသွားပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
"မင်း……"
အကြီးအကဲတွေက အစီအရင်ကို စတင်ဖွင့်နေတာတောင် ထိုလူငယ်က သတ္တိရှိရှိ လှုပ်ရှားရဲသေးသည်။ ဒုကျောင်းအုပ်ချန်၏ မျက်နှာမှာ ထိတ်လန့်မှုများ ပြည့်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။
သို့သော် လုရွှမ်သည် လှုပ်ရှားနေပြီ ဖြစ်သောကြောင့် သူ့ကို ဆုတ်ခွာရန် မည်သို့ဖြစ်နိုင်မည်နည်း။ ပြင်းထန်သော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို တည့်တည့် ထိမှန်သွားလေသည်။
မျက်နှာပျက်သွားသော ဒုကျောင်းအုပ်ချန်သည် ကောင်းနေတဲ့ လက်တစ်ဖက်ကို ခွန်အား အားလုံးစု၍ ဆန့်ထုတ်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။
ဗုန်း!
နောက်ထပ် ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး လက်မောင်းရိုးနှင့် လက်ဖျံရိုးသည် ချက်ချင်း ကွဲအက်သွားကာ နောက်သို့ ပြန်ဆုတ်ပြေးသွားရပြန်သည်။
"အတင့်ရဲလိုက်တာ!"
အကြီးအကဲ သုံးယောက်သည် လုရွှမ်က လှုပ်ရှားရဲဦးမယ်လို့ မထင်ထားကြချေ။ သို့သော် ရပ်တန့်ရန် အချိန်နှောင်းသွားတာကြောင့် ကျန်းရွှင်းသည် လက်တစ်ဖက်ဖြင့် လေထဲက ဒုကျောင်းအုပ်ချန်၏ အကူအညီကို ယူလိုက်ကာ လုရွှမ်ထံ လက်ဝါးပုံနှိပ်တစ်ခု ပစ်သွင်လိုက်သည်။
ကြီးမားသော လက်ဖဝါးပုံနှိပ်ပုံကြီးသည် ပင်မခန်းမကြီးထဲတွင် ပေါ်လာပြီး ဖွဲ့စည်းမှု အစီအရင်နှင့်အတူ စွမ်းအင်အပြည့်ဖြင့် ပြေးလာ၏။
ဟူ.....
မုယန်ဖုန်းနှင့် လျောက်ချင်းတို့သည် လုရွှမ်၏ ရှေ့ကို တပြိုင်နက်တည်း ရပ်ကာ တညီတညွတ်တည်း ကာကွယ်ထားလိုက်သည်။
ဝုန်း!
အင်အားချင်း တိုက်မိသောအခါ မုယန်ဖုန်း နှင့် လျောက်ချင်းတို့သည် တစ်ချိန်တည်းတွင် ခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်ပြန် ဆုတ်သွားရကာ မျက်နှာများနီမြန်းလာပြီး သွေးများ တလိမ့်လိမ့် စီးကျလာသည်။
အစီအရင်ကို စတင်လိုက်ပြီးနောက် ကျန်းရွှင်း၏ စွမ်းအားသည် အလွန် တိုးတက်လာခဲ့သည်။ သူ၏ ကျင့်ကြံမှုသည် မုယန်ဖုန်းထက် အနည်းငယ် အားနည်းခဲ့သော်လည်း သူအခု ပြသခဲ့သော စွမ်းအားသည် ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်တော့ပေ။
ဂိုဏ်းဆရာနယ်ပယ်နဲ့ အကန့်အသတ်မရှိ နီးကပ်နေပြီဖြစ်သည်။
"မင်း ငါတို့ရှေ့မှာ မင်းကျောင်းက ဆရာတွေကို တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်တယ်.... မင်းမှာနတ်ဆိုးရဲ့ သွင်ပြင်လက္ခဏာတွေရှိတယ် မင်း နတ်ဆိုးကို တကယ် ခိုလှုံခဲ့ပုံရတယ်... ဒီနေ့ တခြားသူတွေကို သတိပေးတဲ့အနေနဲ့ မင်းကို သတ်ပစ်မယ်"
နှစ်ယောက်သား ပေါင်းစည်းခြင်းကို တွန်းလှန်ရန် တစ်ခုတည်းသော လှုပ်ရှားမှုဖြင့် ကျန်းရွှင်း၏ မျက်လုံးများက အေးစက်နေပြီး လုရွှမ်ကို အချိန်မရွေး ထိုးနှက်ရန် အသင့်ဖြစ်နေသည့်နှယ် ကြည့်နေလေသည်။
"ချလွင်......ချလွင်....."
သူသည် အချိန်မရွေး လှုပ်ရှားတော့မည် ဖြစ်သော်လည်း အကြီးအကဲခြံဝန်း အပြင်ဘက်တွင် လျင်မြန်သော ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဘိုးဘေးခေါင်းလောင်းကို အကြီးအကဲတွေကို အရေးတကြီး နှိုးဆော်ဖို့ အသုံးပြုနိုင်သည်။ အစီအရင်ကို ဖွင့်ထားရင်တောင်မှ ကြားနိုင်ပါသေးသည်။
"ဒီအချိန်ကြီး ဘိုးဘေးခေါင်းလောင်းကို ဘယ်သူက တီးတာလဲ?"
တစ်ချိန်တည်းမှာပင် အကြီးအကဲ သုံးဦး အံ့အားသင့်သွားကြသည်။
ကျန်းရွှင်းသည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း သူ့လက်ဖဝါးလှိုင်းနှင့်အတူ အက်ကွဲကြောင်း တစ်ခုပေါ်လာပြီး အသံထွက်လာသည်။
"ဘိုးဘေးခေါင်းလောင်းကို ဘယ်သူ တီးနေတာလဲ?"
ထိုအသံသည် ခန်းမအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ကျန်းဝူဘုရင်မင်းမြတ်ရဲ့ ကိုယ်ရေးကိုယ်တာ ကုန်းကုန်းကြီး ဝူချုံး.... လုရွှမ်ကိုတွေ့ဖို့ ကိစ္စရှိလို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပါ!"
စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘုရင်မင်းမြတ်ရဲ့ ကုန်းကုန်းကြီး?"
"သူ ဒီကို ဘာလာလုပ်တာလဲ?"
"ဘာလို့ လုရွှမ်ကို ရှာနေတာလဲ"
ထိုအသံကိုကြားတော့ လူတိုင်း အံ့အားသင့်သွားသလို လုရွှမ် မျက်မှောင်ကြုတ်သွားသည်။
ဘုရင်မင်းမြတ်သည် မည်သူဖြစ်သည်ကို မဆိုထားနှင့် သူ့မှာ ဘုရင်မင်းမြတ်ကို မတွေ့ဖူးသေးပေ။ လိုက်ရှာရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်မှာ ကောင်းတဲ့ကိစ္စ မဟုတ်နိုင်ကြောင်း ထင်ရှားလှသည်။
"အဲဒါက ငါမင်းသမီးလော့ရုံကို ပွေ့ဖက်ခဲ့လို့ ဖြစ်နိုင်မလား? အဲဒါကြောင့် သူက ငါ့ကို ဒုက္ခပေးချင်နေတာလား?"
ရုတ်တရက် ထိုတစ်ချက်ကို သတိရသွား၏။
ဒီနေ့ ပြိုင်ပွဲစင်မြင့်မှာ သူက မင်းသမီးလော့ရုံကို လူတိုင်းရှေ့မှာ ပွေ့ဖက်ထားခဲ့သည်လေ။
မင်းသမီးလော့ရုံက သူ့ကို အကာအရံအဖြစ် အသုံးပြုမှာကို ငြင်းဆိုနေပေမယ့် တခြားသူတွေရဲ့အမြင်မှာတော့ သူဟာ မင်းသမီးလော့ရုံနဲ့ ဆက်ဆံရေး တစ်ခုခုရှိနေတယ်လို့ ထင်နေတာကြောင့် ဘုရင်ကို တိုင်ကြားလိုက်တာ ဖြစ်နိုင်သည်။
မင်းသမီးလော့ရုံသည် ဘုရင်၏ အချစ်ဆုံးသမီးတော်ဖြစ်ပြီး ယင်းကြောင့် ဒေါသဖြစ်ကာ သူ့ကို ဖမ်းချုပ်ချင်နေပုံပဲ။
မထင်မှတ်ပဲ ကျန်းဝူအကယ်ဒမီရဲ့ ကိစ္စက မပြီးခင် ကျန်းဝူအင်ပါယာရဲ့ ပြဿနာကပါ ထပ်ပါလာပြန်၏။
ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ တစ်ဖက်လူက ဘာလုပ်ချင်နေတယ် ဆိုတာကို ကြည့်လိုက်မယ်။ ကြီးကျယ်ခမ်းနားတဲ့ နတ်ဆိုးဧကရာဇ်တောင်မှ သူ့ကို ပြန်မနှိမ့်ချနိုင်တာ နိုင်ငံငယ်လေးရဲ့ ဘုရင်ဆို စကားထဲ ထည့်ပြောမနေနဲ့!
"အထဲဝင်ပါ!"
၎င်းမှာ ဘုရင်မင်းမြတ်၏ မိန်းမစိုး ကုန်းကုန်းဖြစ်ကြောင်း ကြားသိရသော် အကြီးအကဲ သုံးဦးက ဆန္ဒမရှိကြသော်လည်း ဖွဲ့စည်းမှု အစီအရင်ကို နာခံမှုရှိရှိ ဖွင့်ဟပြီး ဝင်ခွင့်ပေးရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။
၎င်းတို့သည် ကျန်းဝူအကယ်ဒမီ၏ အထွတ်အထိပ်ဆုံးသော တည်ရှိမှုများ ဖြစ်ပြီး လော်ယန်ချင်း၏ ကျောင်းအုပ်ကြီး ရာထူးကို စကားလုံးတစ်လုံးတည်းဖြင့် ထုတ်ပယ်နိုင်သော်လည်း ကျန်းဝူအင်ပါယာနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် နောက်ကျကျန်နေသေးသောကြောင့် လုံးဝ မငြင်းဝံ့ပေ။
အင်ပါယာ၏ နယ်ပယ်အတွင်းတွင် ဘုရင်သည် အမြင့်ဆုံးအာဏာကို ကိုယ်စားပြုပြီး ယင်းကို ချေပဝံ့သူသည် အင်ပါယာကို ဆန့်ကျင်ဘက်သည်နှင့် ညီမျှသည်။
ဗုန်း
တံခါးပွင့်လာပြီး အနက်ရောင်ဝတ် ကုန်းကုန်းကြီး ရောက်လာသည်။
ဤကုန်းကုန်းကြီးသည် ပျော့ပျောင်းပုံရပြီး သူ့ခန္ဓာကိုယ်သည် အလွန်ပိန်လှီသော်လည်း လုရွှမ်သည် ဤလူ၏ စွမ်းအားသည် မနိမ့်ပါးကြောင်း တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်သည်။ သူသည် အတုတံဆိပ်နယ်ပယ်သို့ပင် ရောက်ရှိထားလောက်သည်။
ဘုရင်မင်းမြတ်အနားတွင် ကိုယ်ရေးကိုယ်တာ ကုန်းကုန်းဖြစ်လာရခြင်းမှာ အံ့သြစရာ မဟုတ်ပါ။ ဤခွန်အားတစ်ခုတည်းသည် မရေမတွက်နိုင်သော လူများ လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
"ကုန်းကုန်းကြီးဝူချုံးကို နှုတ်ဆက်ပါတယ်"
အကြီးအကဲ သုံးဦးတို့သည် ကုန်းကုန်းကြီးကို သိပုံရပြီး ဝင်လာသည်ကို မြင်သောအခါ တစ်ချိန်တည်း ဦးညွှတ်လိုက်ကြသည်။
"သခင်လေးလုရွှမ်က ဘယ်သူလဲ?"
သူတို့သုံးယောက်ရဲ့ သဘောထားတွေကို လျစ်လျူရှုပြီး ဝူချုံးက သူ့ခေါင်းကို လှည့်ပြီး ပတ်ကြည့်လိုက်သည်။
"ငါက လုရွှမ်ပဲ!"
လုရွှမ်သည် နှိမ့်ချမှုမရှိ သည်းခံမှုမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"လတ်စသတ်တော့ မင်းက သခင်လေးလုရွှမ်ကိုး"
ဝူချုံးက ခေါင်းတဆက်ဆက်ညိတ်ပြီး လက်ထဲက ရွှေရောင် အမိန့်စာလွှာကို ထုတ်ယူလိုက်သည်။
"သခင်လေးလုရွှမ်....ငါဘုရင် အမိန့်တော်ရှိတယ် မင်းကို ကုန်းအဆင့်မြို့စားအဖြစ် ခန့်အပ်ပြီး မြို့စားကြီးအိမ်တော်ကို ပေးအပ်လိုက်ပြီ....အမိန့်တော်...."
"ငါ့ကို မြို့စားနေရာ ပေးတယ်?"
ဘုရင်မင်းမြတ်သည် သူ့ကို ပြဿနာ လာရှာနေသည်ဟု ထင်မြင်မိသော်လည်း သူသည် ကုန်းအဆင့် မြို့စားအဖြစ် သတ်မှတ်ခံရရန် မမျှော်လင့်ထားရာ လုရွှမ် အံ့အားသင့်သွားတော့သည်။