လူအိုသုံးယောက်နဲ့တိုက်ခြင်း (ပထမပိုင်း)
Vol. 9 Ch. 132
ဆန်းကြယ်သွေးကြောဆေးသည် ခန္ဓာကိုယ်ထဲ ရောက်သွားသည်နှင့် မီးဖိုကဲ့သို့ အရည်ပျော်ပြီး လောင်ကျွမ်းသွားကာ လုရွှမ်၏ ခန္ဓာကိုယ်တွင်းရှိ ပြင်းထန်သော စွမ်းအားများသည်လည့း ပွက်ပွက်ဆူလာသကဲ့သို့ ပြေးလွှားသွားသည်။
စိတ်ထဲတွင် ယွမ်ယန်သွေးကြော မြေပုံ၏ နည်းလမ်းအတိုင်း ခန္ဓာကိုယ်တစ်ခုလုံးရှိ ၃၆မှတ်လုံးကို မျဉ်းကြောင်းတစ်ခုအဖြစ် ချိတ်ဆက်ကာ ဤစွမ်းအားကို ထိန်းချုပ်ခြင်းဖြင့် ဖြန့်ကျက်လိုက်သည်။
ဝုန်း....ဝုန်း
အချိန်မည်မျှ ကြာသွားသည်မသိ ထူထဲသော သွေးကြောသည် ပိုင်ဟွေ့အမှတ်မှ ရုံချွမ်အမှတ်ဆီအထိ ပြေးသွားပြီး စစ်မှန်သော ဝိညာဥ်စွမ်းအင်သည် အတားအဆီးမဲ့ ခရီးနှင်သွားသည်။
ဗုန်း
အမှတ်တို့ ချိတ်ဆက်မိခဲ့ကြပြီး နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ရှိ စစ်မှန်သော ဝိညာဥ်စွမ်းအင်၏ စွမ်းအားသည် ပြင်းထန်စွာ ကြီးထွားလာသည်။
၆၃၀
၇၀၀
၈၀၀
......
၂၀၀၀
.....
၃၀၀၀
......
နောက်ဆုံးတွင် ခွန်အားက ရပ်တန့်သွားကာ လုရွှမ် မတ်တပ်ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်အနှံ့ ကြွက်သားများနှင့် အရိုးများ "တဂျွတ်ဂျွတ်" အသံများ ထွက်ပေါ်နေသည်။
"တခြားသူတွေ ထုံးရွှမ်နယ်ပယ်မှာ သွေးကြောတစ်ခုကို ဖွင့်ရင် စွမ်းအား၁၀၀ တိုးတယ်... သွေးကြော၅ခုကို ၅၀၀....ဒါပေမဲ့ အရင်စုဆောင်းထားတဲ့ ဝိညာဥ်စွမ်းအင်တွေကြောင့် ထုံးရွှမ်နယ်ပယ်ကို ထိုးဖောက်တာ စွမ်းအား၇၀၀အထိ တိုးသွားပြီ"
"ငါ့ရဲ့သွေးကြော တစ်ခုတည်းနဲ့ တစ်ကိုယ်လုံးကို ချိတ်ဆက်လိုက်တာ ဖိရွှယ်နယ်ပယ်ကနေ ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်သွားပြီ....ခွန်အားကလည်း တခြားသူတွေထက် ၅ဆ တက်လာဆိုတော့ ၂၅၀၀... အရင်ကစွမ်းအား ၆၃၀ကို ထည့်ပေါင်းလိုက်ရင် ဝိညာဥ်စွမ်းအင်ကတင် စုစုပေါင်း ၃၁၃၀ ရှိပြီ...."
သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ခံစားပြီးနောက် ကောင်းကင်ကို ဟိန်းဟောက်ဖို့ မထိန်းနိုင်တော့ချေ။
စွမ်းအား ၃၁၃၀!
ဝိညာဥ်စွမ်းအင် ၃၀၀၀ ကျော်ကို ရုပ်ပိုင်းဆိုင်ရာ ခွန်အား၅၀၀ကို ထည့်ပေါင်းပါက ၃၆၃၀ဖြစ်ပြီး အတုတံဆိပ် နယ်ပယ်က ၄၀၀၀နဲ့ သိပ်မဝေးတော့ပေ။
အနီးကပ် တိုက်ခိုက်မှု။ နှစ်ဘဝတာတွင် လူသားတစ်ဦး ဖြစ်ရသည့် အတွေ့အကြုံနှင့် နဂါးဆင်ရွှေလက်ဝါး၏ ဒုတိယအဆင့်။ အတုတံဆိပ်နယ်ပယ်၏ အထွတ်အထိပ် စွမ်းအားကို အားကိုးကာ တိုက်ခိုက်လျှင် ပွဲချင်းပြီး သေဆုံးနိုင်သည်ကို စိုးရိမ်ရသည်။
ဟူး.....
လုရွှမ် အသက်ပြင်းပြင်း ရှုထုတ်လိုက်သည်။ ပြန်မွေးဖွားလာပြီးနောက် မခံစားရတာ ကြာပြီဖြစ်နဒ့ ယုံကြည်မှုအပြည့်နှင့် ခွန်အားကို ခံစားလိုက်ရသည်။
ဤခန္ဓာကိုယ်သည် အစပိုင်းတွင် အားနည်းလွန်းသော်လည်း ဤရက်များမှာ မရပ်မနား လေ့ကျင့်ပြီးနောက် ယခင်ဘဝက အဓိကဂိုဏ်းကြီးခြောက်ဂိုဏ်းမှ အချို့သော ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် အားနည်းမည် မဟုတ်ပေ။
"ဒါ....."
"ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်လား?"
"သူက ခဏထိုင်လိုက်တာနဲ့ ထုံးရွှမ်နယ်ပယ်ကို တိုက်ရိုက် ရောက်သွားတာလား?"
"ဒီလောက်မြန်တဲ့ ကျင့်ကြံမှု အရှိန်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"ထုံးရွှမ်နယ်ပယ်က သွေးကြော၅ခုကို ဖွင့်ဖို့ လိုအပ်ပြီး တစ်ခုစီက အချိန်အများကြီး ယူရတယ်....သူ ဘယ်လိုများ လုပ်လိုက်တာလဲ?"
.......
လုရွှမ် ထိုင်လိုက်တာ လက်ဖက်ရည်တစ်ခွက် သောက်ချိန်မျှသာရှိပြီး သူ၏ ဝိညာဥ်စွမ်းအင်နှင့် အစွမ်းသတ္တိမှာ လုံးဝကွဲပြားသွားသဖြင့် ဤမြင်ကွင်းကို မြင်သူတိုင်း ရူးသွပ်သွားစေသည်။
သူသည် ထုံးရွှမ်နယ်ပယ်ကို အမှန်တကယ်ရောက်ရှိနေပြီ ဖြစ်သည်။
အချိန်တိုလေး အတွင်းမှာ သွေးကြောငါးခုပွင့်သွားတာ ဖြစ်နိုင်ပါ့မလား?
"သူနဲ့ ယှဉ်ရင် ငါက ခရုနဲ့တောင် မတူတော့ဘူး!" လျောက်ချင်း ရယ်လိုက်သည်။
အရင်ကတော့ သူ့ဒဏ်ရာတွေကြောင့် မတိုးတက်ခဲ့တာဟု ထင်ပြီး ထုံးရွှမ်နယ်ပယ်ကို တစ်ရှိန်ထိုး ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့တဲ့အခါ သူသည်ကြီးကျယ်တဲ့ တိုးတက်မှုတွေနဲ့ အကယ်ဒမီမှာ သမိုင်းကို ဖန်တီးနိုင်ခဲ့ပြီပေါ့။
လုရွှမ်ရဲ့ အခြေအနေကို မြင်ပြီးမှသာ သူဟာ ဘာမှမဟုတ်မှန်း သိလာ၏။
"ငါရောပဲ....ငါက ဘာပါရမီရှင်မှကို မဟုတ်ဘူး!"
မုယန်ဖုန်းလည်း ခေါင်းယမ်းလိုက်သည်။
အရင်တုန်းကတော့ ကျန်းဝူအင်ပါယာမှာ နံပါတ်တစ် ပါရမီရှင်အဖြစ် နာမည်ရခဲ့ပြီး သူ့အရည်အချင်းက ကောင်းတယ်လို့ အမြဲထင်ခဲ့ပေမယ့် ဒီလူငယ်နဲ့ နှိုင်းစာရင် နှိုင်းယှဥ်ရန်ပင် နည်းလမ်းမရှိဟု ဆိုရမည်။
"သူက ထုံးရွှမ်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီ.... ဒါပေမဲ့... ထုံးရွှမ်နယ်ပယ်ကို ပြီးမြောက်သွားရင်တောင်မှ အကြီးအကဲ သုံးဦးကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး! သူတို့အားလုံက စွမ်းအား ၃၀၀၀ ရှိတဲ့ ထုံးရွှမ်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ လူတွေပဲ...."
ခဏတာ အံ့အားသင့်သွားပြီးနောက် လော်ယန်ချင်းက မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။
လုရွှမ်ကို သူမယုံတာ မဟုတ်ပေမယ့် အတုတံဆိပ်နယ်ပယ်က စွမ်းအင်က တဟုန်ထိုး တက်သွားတာဖြစ်ပြီး အဆင့်တစ်ခုစီတိုင်း စွမ်းအား ၁၀၀၀ တိုးလာ၏။
ထုံးရွှမ်နယ်ပယ် ထိုးဖောက်နိုင်သွားလို့ စွမ်းအား၁၀၀၀ တိုးလာမည်။ သူ့ရဲ့ခန္ဓာကိုယ် ခွန်အား ၅၀၀ကို ထည့်ပေါင်းလိုက်ရင် ၁၅၀၀ သာ ရှိသေးသည်။
စွမ်းအား၃၀၀၀ ရှိတဲ့ အကြီးအကဲတွေကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ?
ပကတိစွမ်းအား၏ ကွာခြားချက်မှာ သေးငယ်သည်။ ၎င်းကို တိုက်ခိုက်ရေး စွမ်းအားနှင့် သိုင်းစွမ်းရည်များဖြင့် တိုက်ခိုက်နိုင်သော်လည်း ကွာခြားချက်မှာ ကြီးမားလွန်းသဖြင့် ကျော်လွှားရန် မဖြစ်နိုင်ပေ။
"သူက ဆရာသခင်ရဲ့ တပည့်တစ်ယောက် ဖြစ်ပြီး သူက ငါတို့ကို အမြဲတမ်း အံ့အားသင့်စေခဲ့တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်......အခုလည်း သူက ငါတို့ မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကို လုပ်နိုင်လောက်တယ်!"
ဖန်းရှစ်သခင် ယွမ်ဟုန်က ဆို၏။
မုရှန့်အစီအရင် အခန်း၁၀ကို ဝင်သွားပြီး ပြန်ထွက်လာနိုင်မယ်လို့ မထင်ထားခဲ့ဘူးလေ။
တတိယအဆင့် အဂ္ဂိရတ်ပညာရှင် အကဲဖြတ်မှုကိုလည်း အောင်မြင်မယ်လို့ သူ မယုံခဲ့ဘူး။
ထုံးရွှမ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို အောင်မြင်မယ်လို့ မထင်ထားခဲ့ပေမယ့် အရင်လိုပဲ အောင်မြင်သွားခဲ့ပြန်ပြီ။
.......
လူငယ်လေးရဲ့ ခန္ဓာကိုယ်မှာ မထင်မှတ်ထားတဲ့အရာတွေ အများကြီး ဖြစ်ပျက်သွားခဲ့သည်။ ထုံးရွှမ်နယ်ပယ်က သူ့ထက်အားကောင်းတဲ့ အတုတံဆိပ်နယ်ပယ်ရဲ့ အားကောင်းသူကို မထင်ထားပေမယ့် သူ့ရဲ့အောင်မြင်မှုတွေ အမျိုးမျိုးကို တွေးကြည့်ရင်း ငြင်းဖို့ အကြောင်းပြချက် တွေးလို့ မရဘူး ဖြစ်နေသည်။
ဖြစ်နိုင်တာက သူသည် တကယ်ကို ထူးခြားတဲ့ ထက်မြက်မှုတစ်ခုကို ဖန်တီးနိုင်ပြီး လူတိုင်းက သူ့ကို လေးလေးနက်နက် ကြည့်သွားအောင် လုပ်နိုင်ပါ၏။
"ငါအဆင်သင့်ဖြစ်ပြီ.... စလိုက်ရအောင်!"
သူ့တစ်ကိုယ်လုံးရှိ စွမ်းအားများသည် ဒီရေကဲ့သို့ တဟုန်ထိုး တက်လာပြီး အကြီးအကဲ သုံးဦးကို ကြည့်ရန် လုရွှမ် ခေါင်းကို မြှောက်လိုက်သည်။
ငါ့ကိုသတ်ချင်နေတာ မဟုတ်ဘူးလား? တရားမျှတတဲ့ တိုက်ပွဲကို ဆင်နွှဲချင်နေတယ် မဟုတ်ဘူးလား?
လာစမ်းပါ!
သူ့မျက်လုံးတွေ ပူလာပြီး တစ်ကိုယ်လုံးမှာ တိုက်ခိုက်လိုစိတ်များ ဆူပွက်နေသည်။
"ဘယ်လောက် ပြင်းထန်လိုက်တဲ့ တိုက်ပွဲဝင် စိတ်ဓာတ်လဲ..."
လော်ယန်ချင်း နှင့် အခြားလူများသည် အလိုအလျောက် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားကြသည်။
ဒီလို တိုက်ခိုက်တဲ့ စိတ်ဓာတ်မျိုးက သူတို့ နားမလည်နိုင် လောက်အောင်ပါပဲ။ သေခြင်းတရားကို တွေ့ကြုံခံစားခဲ့ရသူများပင် မစွမ်းဆောင်နိုင်သော ဤနုနယ်သော ခန္ဓာကိုယ်သည် မည်ကဲ့သို့ ပေါက်ကွဲ ထွက်လာနိုင်သည်ကို တကယ်ပင် စိတ်ကူးမယဉ်နိုင်ပေ။
"တိုက်ပွဲစနေရင်....မင်းတို့ ဝင်မစွက်ဖက်ကြနဲ့!"
လုရွှမ်က သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေကို အစွမ်းကုန် ထုတ်ရင်း အမိန့်ပေးလိုက်သည်။
"ဟုတ်!"
လျောက်ချင်း၊ မုယန်ဖုန်းနှင့် အခြားသူများမှာ အနည်းငယ် စိုးရိမ်နေကြသော်လည်း သဘောတူထားဆဲ ဖြစ်သည်။
"အတူတူ လှုပ်ရှားမယ်....အခွင့်အရေး ရတာနဲ့ သတ်ပစ်ရမယ်!"
ကျန်းရွှင်းသည် တစ်ဖက်လူက ထုံးရွှမ်နယ်ပယ်ကို လျင်မြန်စွာ ဖြတ်ကျော်နိုင်မည်ဟု မထင်မှတ်ခဲ့။ သူ့မျက်လုံးထဲ အဆိပ်မီးတောက်များ တောက်လာကာ ကျန်နှစ်ယောက်ဆီသို့ တိတ်တဆိတ် အသံတစ်ခု ပေးပို့လိုက်သည်။
ပြိုင်ဘက်ရဲ့ အရှိန်အဟုန်က သူ့ကို ကြောက်ရွံ့စေ၏။
ဒီတစ်ကြိမ် သူ့ကို မသတ်ရင် တစ်ဖက်လူက သူတို့ကို သိပ်မကြာခင်မှာဘဲ လက်တုံ့ပြန်နိုင်ချေ ရှိသည်။
"အင်း!"
အကြီးအကဲဝမ်နဲ့ အကြီးအကဲယန်တို့သည်လည်း ရက်စက်မှုအပြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသည်။
အတုတံဆိပ်နယ်ပယ် အထိတောင် ကျင့်ကြံထားပြီးပြီပဲ။ ဘယ်သူက ပြက်ပြက်သားသား မလုပ်ရဲမှာလဲ? အခုအချိန်မှာ သူ့ကိုမသတ်လိုက်ရင် အနာဂတ်မှာ သူ့ခွန်အားတွေ တိုးလာပြီး သေရမယ့်လူက သူတို့သာ ဖြစ်သွားလိမ့်မည်။
ဗုန်း!
သုံးယောက်သား ဆွေးနွေးကြပြီး တစ်ချိန်တည်းတွင် လှုပ်ရှားလိုက်ကြရာ ကြီးမားသော လက်ဖဝါးပုံကြီး သုံးခုသည် လေထဲတွင် ထွက်ပေါ်လာကာ ဝိုင်းရံရန် လမ်းကြောင်းသုံးခု အဖြစ် ခွဲထွက်သွားသည်။
"အရှက်မရှိဘူး!"
"သူတို့ သုံးယောက် ပေါင်းတိုက်ကြတာ..."
အတုတံဆိပ်နယ်ပယ်မှ အကြီးအကဲ သုံးဦးသည် ထုံးရွှမ်နယ်ပယ်က ကျောင်းသားတစ်ဦးနှင့် တိုက်ခိုက်ရန် ပူးပေါင်းနေသည်ကို မြင်တွေ့ရသောအခါ လူတိုင်းသည် ဒေါသစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။
သို့သော်လည်း လုရွှမ်က ၎င်းတို့အား စွက်ဖက်ခြင်းမပြုရန် အမိန့်ပေးခဲ့သောကြောင့် တစ်ဖက်တွင်သာ မတ်တပ်ရပ်ပြီး စိုးရိမ်ပူပန်နေခဲ့သည်။
"ဟမ့်"
လုရွှမ်သည် သူတို့ သုံးယောက် ပေါင်းစည်းမည်ကို ခန့်မှန်းမိပြီးသားမို့ လက်ဖဝါးသုံးခု မထိခတ်မီ အမြန်ထွက်လာခဲ့သည်။ မြေပြင်ပေါ်တွင် အက်ကွဲနေသော ခြေရာကြီးကို ချန်ထားခဲ့ကာ ကြီးမားသော နဂါးကြီးကဲ့သို့ အကြီးအကဲ သုံးဦးဆီသို့ ပြေးသွားခဲ့သည်။
သူ့အစွမ်းက သူတို့သုံးယောက်ကို သာလွန်သွားပေမယ့် အတုတံဆိပ်နယ်ပယ်ကို မရောက်သေးလို့ အနီးကပ် တိုက်ခိုက်နိုင်တဲ့ စွမ်းအားတွေကိုသာ အသုံးချနိုင်သည်။
"သူ့ကို အနား ကပ်မလာစေနဲ့!"
နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော မကောင်းဆိုးဝါးအိုကြီး ကျန်းရွှင်းမှာ မျှော်လင့်ထားသည့်အတိုင်း သူ၏ ရည်ရွယ်ချက်ကို ချက်ချင်းမြင်သွားသည်။ ဟောက်သံနှင့်အတူ သူတို့ သုံးယောက် တညီတညွတ်တည်း ပြန်ဆုတ်သွားကြသည်။
သူတို့သုံးယောက်ဟာ တြိဂံပုံစံ အနေအထားနဲ့ ခပ်ခွာခွာ နေလိုက်ကြသည်။ လုရွှမ် ဘယ်သူ့ကိုပဲ တိုက်ခိုက်ချင်နေပါစေ တခြားနှစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံရမှာပဲ ဖြစ်သည်။
ခဏအတွင်းပင် တိုက်ခိုက်ခံရလိမ့်မည်။