တစ်လမ်းတည်းမဟုတ်ဘူး
Vol. 10 Ch. 139
"ဆရာကြီးဟူယွင်!"
ထိုအသံကိုကြားတော့ လူတိုင်း အေးခဲသွားပြီး လျိုကျိုက်မင်လည်း အမြန် လှည့်ကြည့်လိုက်သည်။
ယခုတစ်ကြိမ် တပည့် စုဆောင်းရေး တာဝန်ယူနေသော ဆရာဟူယွင် ရောက်လာခဲ့သည်။
လုရွှမ် ကြည့်လိုက်တော့ ဆရာဟူယွင်သည် လော်ယန်ချင်း အပါအဝင် အခြားကျောင်းအုပ် များစွာတို့နှင့်အတူ ရောက်လာသည်ကို မြင်လိုက်ရပြီး သူတို့မျက်နှာပေါ်တွင် အပြုံးတစ်ခုစီ ဆင်းမြန်းထားကြတာ တွေ့ရသည်။
ဒီရွေးချယ်မှုက သူ့ကို အရမ်း ကျေနပ်သွားစေပုံပင်။
"ဒီတစ်ခါတော့ မင်းကို လွှတ်ထားလိုက်မယ် နောက်တစ်ခါ တစ်ယောက်တည်း မဆုံမိစေနဲ့..."
ဆရာဟူယွင်နှင့် ကျောင်းအုပ်ကြီးများ ရောက်လာသည်ကိုမြင်လျှင် လျိုကျိုက်မင်သည် လုရွှမ်ကို ပညာပေးရန် အခွင့်မရှိသေးတာ သိလိုက်သောကြောင့် ချက်ချင်းပင် အသံလျှော့ကာ အေးစက်စွာ ဟစ်အော်၍ ထိုင်ရာသို့ ပြန်သွားလေသည်။
"မင်းတို့ကို ကြိုဆိုပါတယ် မင်းတို့စိတ်ထဲ ကျေနပ်အောင် စားသောက်ကြပါ.... စားသောက်ပြီးရင် ငါ့မှာ ပြောစရာတစ်ခုရှိတယ်"
ဆရာကြီးဟူယွင်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့လက်များကို ဝှေ့ယမ်းကာ ကျောင်းအုပ်များစွာနှင့်အတူ အလယ်တန်းနေရာသို့ လျှောက်သွားခဲ့သည်။
လောလောဆယ်မှာတော့ သူဘာမှ မပြောတာကို လုရွှမ် ဂရုမစိုက်ဘဲ အချိန်အတော် ကြာအောင် လေ့ကျင့်ပြီး ဗိုက်ဆာလာတာကြောင့် သူ့ရှေ့က စားပွဲပေါ်တင်ထားတဲ့ အရသာရှိတဲ့ အစားအစာတွေကို လှမ်းယူပြီး စားနေလိုက်သည်။
"လုရွှမ်....ရှင်ဒီလောက် သတ္တိရှိမယ်လို့ မမျှော်လင့်ထားဘူး!"
ပျော်ရွှင်စွာ စားသောက်နေစဉ်တွင် မွှေးကြိုင်သောလေက တိုက်ခတ်လာကာ မင်းသမီးလော့ရုံသည် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူ့ရှေ့တွင် ထိုင်ချလိုက်ကာ
"အစောက လျိုကျိုက်မင်ဆိုတာ ဒီနေ့ပြိုင်ပွဲရဲ့ ပထမနေရာ ရသွားတဲ့သူ....သူက ကန့်ရှင်းက ဆရာတချို့တောင် လေ့ကျင့်ဖို့ခက်တဲ့ ကန့်ရှင်းဓား ၁၃ကွက်ကို ကျွမ်းကျင်အောင် လေ့ကျင့်ထားတာ.... သူတိုက်သွားတဲ့ သိုင်းကွက်တွေကလည်း အံ့မခန်းပဲ အဲဒီလူကိုရှင်က အရူးလို့ခေါ်ပြီး စော်ကားလိုက်တာ သူလက်တုံ့ပြန်မှာ မကြောက်ဘူးလား?"
"လက်တုံ့ပြန်တာလား?" လုရွှမ် ခေါင်းခါလိုက်ပြီး
"ဘာပဲဖြစ်ဖြစ်!"
ခြင်တွေများလွန်းတိုင်း ယားယံတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကို မုန်းတဲ့သူတွေ အများကြီး ရှိနေတာ လျိုကျိုက်မင် တစ်ယောက်တိုးလာတာက စိတ်ပူစရာမရှိပါဘူး။
"ရှင်..."
သူမက သူ့ကို ကြင်နာစွာ သတိပေးဖို့ မျှော်လင့်ထားပေမယ့် ဒီကောင်လေးက လုံးဝ ဂရုမစိုက်ရာ မင်းသမီးလော့ရုံလည်း အနည်းငယ် ဒေါသ ထွက်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူမဟာ လှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပြီး သူမသွားလေရာ နေရာတိုင်းမှာ စိတ်ဝင်စားသူတေီ ရှိနေပေမယ့် ဒီလူငယ်လေးရှေ့မှာသာ သူမဟာ တခြားသူတွေနဲ့ ဘာမှမကွာတော့ချေ။
"ဟမ့် ရှင့်ကို စိတ်ဆိုးတာ ဘာမှအကျိုး မရှိဘူး...ရှင်ပေးလိုက်တဲ့ ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းလမ်းက တကယ်ကောင်းတယ်လို့ ပြောဖို့ လာခဲ့တာ....ကျွန်မလေ့ကျင့်တာ တစ်ရက်ကျော်ပဲ ရှိသေးတယ် မုရှန့်ဖွဲ့စည်းမှု အခန်း၈မှာ မိနစ်၂၀လောက် တောင့်ခံထားနိုင်ခဲ့တယ်...."
သူမသည် အနည်းငယ် ဒေါသထွက်ခဲ့သော်လည်း ယနေ့ အောင်မြင်မှုများကို တွေးကာ သူမ မထိန်းနိုင်ဘဲ ပြောပြလိုက်သည်။
လူငယ် သူမကိုပေးခဲ့သော လေ့ကျင့်ရေး နည်းလမ်းကိုရပြီးနောက် စတင်လေ့ကျင့်ခဲ့ရာ သိပ်မကြာခင်မှာပဲ သူမခွန်အားတွေ တိုးလာတယ်လို့ ခံစားလာရသည်။
ယနေ့မနက် မုရှန့်အစီအရင်ဖွဲ့စည်းပုံ အခန်း၈ထဲ ဝင်ရောက်သောအခါ မိနစ်၂၀ ကျော်ကို လွယ်လွယ်ကူကူပဲ တောင့်ခံနိုင်ခဲ့သည်။ အရင်ကထက် ၂ဆ တိုးတက်လာ၏။
ဒီလိုတိုးတက်မှုမျိုးက သူမကို မယုံနိုင်လောက်အောင် ဖြစ်စေခဲ့သည်။
တစ်ညတည်း လေ့ကျင့်တာတောင် ဒီလောက် တိုးတက်လာတာ ရက်ပိုင်းလောက် လေ့ကျင့်လိုက်ရင် တစ်ဖက်လူလိုပဲ သူမ အခန်း၁၀ကို ကျော်ဖြတ်နိုင်မှာလား?
ဒီလို အစွမ်းထက်တဲ့ လေ့ကျင့်ရေး နည်းလမ်းတွေကို ပေါ့ပေါ့ပါးပါး လေ့ကျင့်ရင်း သူ့ရဲ့ အလှကို လျစ်လျူရှုထားတဲ့ သူမရှေ့က လူငယ်လေးအကြောင်းကို ပိုပိုပြီး သိချင်လာသည်။
"ဘာလဲ? ကျွန်မကို အရေးမစိုက်ဘူးလား?"
လူငယ်လေးက သူမဟာ စားပွဲပေါ်က အရသာရှိတဲ့ အစားအစာတွေလောက် ကျက်သရေမရှိသလို ဆက်စားနေတာကို တွေ့ရတော့ မင်းသမီးလော့ရုံက ဟစ်အော်လိုက်ပြီး မျက်တောင်တွေလည်း ပုတ်ခတ်လိုက်သည်။
"အရေးမစိုက်လည်း ရတယ်လေ...ညစာစားပြီးရင် ဆရာကြီးဟူယွင်က ကျွန်မတို့ကို ကျန်းဝူအင်ပါယာကနေ ပေရွှီးအင်ပါယာက ယင်းယန်အကယ်ဒမီကို ခေါ်သွားတော့မှာ ဘာပဲဖြစ်ဖြစ် လမ်းမှာ အချိန်တွေ ရှိသေးတာပဲ ကျွန်မရှင့်ဆီ နေ့တိုင်းလာမှာ....ရှင်စကား ပြန်မပြောဘူးလား ကြည့်ရသေးတာပေါ့!"
"ပေရွှီးအင်ပါယာက ယင်းယန်အကယ်ဒမီကို သွားမယ်??"
လုရွှမ် အံ့အားသင့်သွားကာ ထမင်း ဆက်မစားနိုင်တော့ဘဲ ကြည့်လိုက်သည်။
သူက ရှားပါးရတနာတွေကို ရှာဖွေဖို့ ဝူယန်အင်ပါယာကို သွားရမှာဖြစ်လို့ လမ်းတူရင် ပြဿနာ မရှိပေမယ့် လမ်းမတူရင်တော့ သူတို့နဲ့ မလိုက်နိုင်တော့ပေ။
"ဟုတ်တယ်လေ!"
သူအံ့သြသွားတဲ့ ပုံစံကို မြင်တော့ သူမရဲ့ စကားလုံးတွေက တစ်ဖက်လူကို စွဲဆောင်မိသွားပြီ ဆိုတာသိပြီး သူမက အနည်းငယ် ပြုံးလိုက်သည်။
သူမကိုယ်တိုင်က အလွန်လှပပြီး ပန်းတစ်ရာပွင့်နေသလိုမျိုး သူမ ပြုံးနေတဲ့ အခိုက်အတန့်မှာ မရေမတွက်နိုင်တဲ့ လူတွေကို ဆွဲဆောင်နေမိပါ၏။
စောစောက လုရွှမ်နဲ့ ယှဥ်ပြိုင်ချင်သည့် လျိုကျိုက်မင်လည်း ပါဝင်ပေ၏။
မင်းသမီးလော့ရုံကို မြင်မြင်ချင်းမှာပဲ လျိုကျိုက်မင် အံ့သြသွားသည်။ အဓိက အကယ်ဒမီ လေးခုထဲက နံပါတ်တစ်ကသာ သူ့အတွက် ထိုက်တန်တယ်လို့ ခံစားမိခဲ့သည်။ သူမကိုတွေ့ပြီး စကားပြောချင်ပေမယ့် ကောင်မလေးက သူ့ကို လျစ်လျူရှုသွားခဲ့သည်။
သူမဆီက လျစ်လျူရှုခြင်း ခံရတယ်ဆိုတာ တကယ်တော့ မင်းသမီးလေးလို သူမရဲ့ အဆင့်အတန်းက သူ့ကို ရူးရူးမိုက်မိုက် မဝံ့မရဲ ဖြစ်စေခဲ့သည်ဟု ထင်ခဲ့သည်။
သို့သော်လည်း ဒီလိုအချိန်မှာ နောက်ဖေးတံခါးကို ဖြတ်ဝင်လာခဲ့တဲ့ ကောင်လေးနဲ့ စကားပြောရင်း ရယ်မောနေမယ်လို့ ဘယ်သူက ထင်ပါ့မလဲ။
သူ့နံပါတ်တစ် နေရာကို သူမကလုံးဝ ဂရုမစိုက်ဘူးပဲ!
အဲဒါကို ပိုတွေးလေ ဒေါသထွက်လေပဲ !
လုရွှမ်အပေါ် အမုန်းတရားများ ပိုမို နက်ရှိုင်းလာသည်။
"ယင်းယန်အကယ်ဒမီကို ငါတို့ဘယ်လမ်းက သွားရမလဲ?"
လုရွှမ် ခေါင်းကိုလှည့်ပြီး သူတို့နှစ်ယောက်ကြားက စကားပြောဆိုမှုက မရေမတွက်နိုင်တဲ့ လူငယ်တွေကို ဆွဲဆောင်နေပြီး မနာလိုစိတ်တွေ တောက်လောင်နေပြီလား ဆိုတာပင် မသိဘဲ မေးလိုက်ပါ၏။
"ရှင်မသိဘူးလား?" မင်းသမီးလော့ရုံ အံ့သြသွားသည်။
သူတို့အားလုံး ယင်းယန်အကယ်ဒမီ၏ တပည့်များ ဖြစ်သွားကြပြီး မကြာခင် ထွက်ခွာတော့မည် ဖြစ်သော်လည်း မည်သည့်နေရာတွင် ရှိသည်ကို မသိဘူးတဲ့လား။
အကယ်၍ အခြားသူတစ်ဦးသာဆိုလျှင် တစ်ဖက်လူက သူမနှင့် စကားပြောရန် အခွင့်အရေးရှာ တမင် ဟန်ဆောင်နေသည်ဟု သူမ ထင်ကောင်းထင်မိမည် ဖြစ်သော်လည်း ဤကောင်လေးမှာ မဖြစ်နိုင်ကြောင်း သူမ သိပါသည်။
သူမ အမှန်တကယ် စကားပြောချင်လျှင် သူမသည် အစပျိုးလိုက်မည်ဖြစ်ပြီး ဒီလောက်ထိ အချိန်ဖြုန်းနေရာ မလိုပေ။
"မသိဘူး!" လုရွှမ် ခေါင်းခါလိုက်သည်။
"မြောက်ဘက်ကနေ!" မင်းသမီးလော့ရုံက ဆို၏။
"ယင်းယန်အကယ်ဒမီက ကီလိုမီတာ တစ်သိန်းအကွာက ပေရွှီးအင်ပါယာ ပေရွှီးမြို့မှာ ရှိတာ....မရောက်ခင် ပင်လယ်နီအင်ပါယာကို ဖြတ်ကျော်ရမယ် ပြီးရင် သယ်ဆောင်သွားဖို့ သားရဲတွေနဲ့မှ အဲဒီကို သွားလို့ရမှာ မဟုတ်ရင်....ရထားလုံးစီးပြီးသာ သွားရင် ကျောင်းမစခင် ရောက်ဖို့မဖြစ်နိုင်ဘူး"
"ကီလိုမီတာ တစ်သိန်း?"
လုရွှမ်က သူ့မျက်ခုံးတွေကို ပင့်လိုက်သည်။
ဤအကွာအဝေးသည် အမှန်တကယ်ပင် အနည်းငယ် ဝေးသည်ဟု ဆိုရပေမည်။
ရထားလုံး၏ အရှိန်သည် မနှေးသော်လည်း တစ်နေ့လျှင် ကီလိုမီတာ ၅၀၀ အများဆုံး ပြေးနိုင်သည်။ ၁သိန်းအကွာအဝေးကို မအိပ်ဘဲ ခရီးနှင်လျှင် ရက်ပေါင်း ၂၀၀လောက်မှသာ ရောက်နိုင်လိမ့်မည်။
"ဟုတ်တယ်...အကွာအဝေးက ဝေးလွန်းတယ်။ ကျောင်းမတက်ခင် သုံးလလောက်ပဲ အချိန်ရှိတယ် ရထားလုံးက လုံးဝ အလုပ်မဖြစ်ဘူး"
မင်းသမီးလော့ရုံ ခေါင်းညိတ်လိုက်သည်။
"ကျောင်းမစခင်မှာ ငါတို့အားလုံး ယင်းယန်အကယ်ဒမီကို ရောက်နေရမှာလား?"
"ဟုတ်တယ်လေ ကျောင်းမဖွင့်ခင် အမည်စာရင်းသွင်းခြင်း လုပ်ငန်းစဉ်တွေကို မပြီးမြောက်ဘူးဆိုရင် ယင်းယန်အကယ်ဒမီမှာ ရှင့်ရဲ့နေရာကို အလိုအလျောက် စွန့်လွှတ်လိုက်ရလိမ့်မယ်"
မင်းသမီးလော့ရုံဟာ သူဘာကြောင့် ဒီလိုမေးခွန်းမျိုး မေးတာလဲ မသိပေမယ့် အမှန်အတိုင်းပဲ ဖြေလိုက်သည်။
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
သူအခုလုပ်ရမယ့်အရာက ထူးဆန်းတဲ့ ရတနာလို့ ခေါ်တဲ့ အရာကို ရှာဖို့ ဝူယန်အင်ပါယာကို သွားရမှာ။ ယင်းယန်အကယ်ဒမီက မြောက်ဘက်မှာ ရှိနေတယ်ဆိုတော့ အင်မတန် ဝေးကွာနေသည်။
"အဲ့အချိန်ရောက်ရင် ကျွန်မတို့ အတူတူ သွားကြမယ်.....လက်နက် သန့်စင်ခြင်းအကြောင်းတွေ မေးချင်သေးလို့ပါ ရှင်အကျိုးကျေးဇူး ရထားတယ်နော် မျက်နှာလွှဲလို့ မရဘူး...."
သူ့ကို ရန်ငြိုးထားသလိုမျိုး မတွေ့ရတော့ မင်းသမီးလော့ရုံက ပြောလိုက်သည်။
အကျိုးခံစားခွင့်များ ရရှိခြင်းအကြောင်း ပြောနေချိန် သူမမှာ မျက်တောင်တွေ ပုတ်ခတ်ရင်း မျက်နှာလေးလည်း နီရဲနေသည်။
အဲဒီညက သူမအရမ်းရဲရတဲ့ အကြောင်းရင်းက လန်ရော့ရှင်းရဲ့ ရှက်သွားတဲ့ ပုံစံကို စိတ်ဆိုးလို့သာ ဖြစ်ပြီး အခုအချိန်မှာ တွေးကြည့်မိတော့ ရှက်လာတာကြောင့် မျက်နှာနီလာ၏။
မည်သို့ပင်ဆိုစေကာမူ သူမသည် ရှေးရိုးဆန်သူ တစ်ယောက်ဖြစ်ပြီး ယောက်ျားတစ်ယောက်ရဲ့ လက်ကို ဆုပ်ကိုင်ကာ သူမ၏ ရင်ဘတ်ဆီသို့ ဖိကပ်ခဲ့သည်လေ။
အရင်ကအကြောင်း တွေးတောင် မတွေးရဲတော့ဘူး။
"ငါ……"
လုရွှမ်သည် သူမနှင့် တလမ်းလုံး လိုက်မသွားနိုင်ကြောင်း ဝူယန်အင်ပါယာကို အရင်သွားရမည့် အကြောင်း ပြောချင်ပေမယ့် ခန်းမအလယ်တွင် ထိုင်နေသော ဆရာကြီးဟူယွင်၏ ချောင်းဆိုးသံက တစ်ခန်းလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"လူတိုင်း စားပြီးပြီလို့ ထင်ပါတယ်.... ဒါကြောင့် အစီအစဥ်တွေ အကြောင်းပြောပြပါမယ်...ပြဿနာမရှိရင် ငါတို့ဒီညနေပဲ ယင်းယန်အကယ်ဒမီကို စထွက်ကြမယ်...."