← Chapters

အရှေ့မြေရိုင်းဒေသကို ပြန်ခြင်း

Vol. 008 Ch. 723

အရှေ့မြေရိုင်းဒေသကို ပြန်ခြင်း

Vol. 008 Ch. 723

“နှစ်ပေါင်းများစွာ ကြာတဲ့အထိ မြေရိုင်းပြည်နယ်က မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေဟာ ရှန့်ထိုအဆင့်ကို တက်လှမ်းရာ ခရီးကြမ်းမှာ သေဆုံးခဲ့ကြရတယ်… မြေရိုင်းပြည်နယ်က ဒီရည်မှန်းချက်ကို ပြည့်မီဖို့ရာမှာ မျှော်လင့်ချက် အနည်းဆုံးပဲ… ဒါကြောင့်ပဲ​ ငါတို့က အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ကြုံတွေ့ခဲ့ရတယ်… ဒါကြောင့်ပဲ ငါက ပိုင်လွေလီအပေါ်မှာ မျှော်လင့်ချက်တွေ ပုံအောခဲ့မိပြီး မဖြစ်သင့်တာတွေ ဖြစ်လာခဲ့တာပဲ… ဒါပေမဲ့ တစ်နေ့မှာတော့ မြေရိုင်းပြည်နယ်က တခြား ပြည်နယ်တွေလိုပဲ တူညီတဲ့ အဆင့်အတန်း တစ်ခုမှာ တည်တည်တံ့တံ့ ရပ်တည်နိုင်ဖို့ ငါမျှော်လင့်တယ်… ဒီလိုဖြစ်ဖို့ဆိုရင်လည်း ရှန့်ထိုတန်ခိုးရှင်တစ်ပါး မွေးဖွားဖို့ လိုကိုလိုအပ်တယ်… ရှန့်ထိုတန်ခိုးရှင်ရှိမလည်း တော်ဝင်ကျဲနန်းတော်က ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေကို ရလိမ့်မယ်။

“ငါ မသေဆုံးခင် မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါး မွေးဖွားလာဖို့ကို အမြဲတမ်း စိတ်ကူးယဉ်ခဲ့တယ်… ဒါကြောင့် ငါ့ယုံကြည်ချက်ကိုပဲ​ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ခဲ့မိတယ်… အခု ငါက အဲဒီလို နေ့ရက်ဖြစ်လာမှာကို ဘယ်တော့မှ​ မြင်ရမှာ မဟုတ်တော့ဘူး… ဒါပေမဲ့ မြေရိုင်းပြည်နယ်ကို တခြားပြည်နယ်တွေက သိမ်းယူသွားမှာကိုလည်း ငါမမြင်ချင်ဘူး… အဲလိုသာဖြစ်သွားလို့ မြေရိုင်းပြည်နယ်မှာ မင်းလိုလူ ပေါ်ထွက်လာခဲ့ရင် မင်းက ပြောင်းလဲဖို့ ပိုပြီးတောင် ခက်ခဲလိမ့်မယ်…” ချွန်ရန်က ဆက်ပြောသည်… “တကယ်လို့ မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါးရှိခဲ့ရင် ဒါတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး… မင်းကို ရှန့်ထိုတန်ခိုးရှင်က တွေ့ပြီးတော့ သူ့လက်အောက်မှာ လေ့ကျင့်ခွင့်ရမယ်… ပိုင်လွေလီကလည်း မင်းနဲ့အတူ လေ့ကျင့်ဖြစ်လိမ့်မယ်… မြေရိုင်းပြည်နယ်က ပါရမီရှင်တွေက တခြား ပြည်နယ်တွေအထိ နာမည်ကျော်ကြားမယ်… ဒါတွေ ဖြစ်မလာတာ ငါ့အမှားပဲ… ဒါတွေ ဖြစ်လာမှာကိုလည်း ငါဘယ်တော့မှ မြင်ရမှာ မဟုတ်တော့ဘူး… ဒါပေမဲ့ ငါ့အိပ်မက်တွေကို မင်းက ပြည့်မီအောင် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်…”

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်က ပိုမို၍​ မှုန်ဝါးလာတော့သည်။

“နန်းတော်သခင်…”

ဓားမိစ္ဆာ၊ ထို့ကျန်းနှင့် တခြားလူများကလည်း ရင်ဘတ်များ လေးလံစွာဖြင့် နားထောင် နေကြသည်။

“သူ့ကို အတတ်နိုင်ဆုံး ကူညီကြ … တော်ဝင်ကျဲနန်းတော် အစွန့်ရှည်ပါစေ…” ချွန်ရန်က အားလုံးကို ကြည့်ကာ ပြောသည်။ ထိုအခိုက်တွင် လွန်ခဲ့သော နှစ်များစွာ အကြာက  သူ့အပေါ် သူ့ဆရာ မည်သို့မည်ပုံ မျှော်လင့်ချက်များ ထားခဲ့သည်ကို ပြန်သတိရမိသည်။ သူက ရီဖူရှင်းအား သင်ပေးခွင့် မရခဲ့သည်မှာလည်း စိတ်မကောင်းစရာ အချက်ပင်။

“အစ်ကို…” ချွန်ရန် ပျောက်ကွယ် သွားသည်ကို ကြည့်ကာ လျူချန်းက ရီဖူရှင်းကို ပြောသည်… “မင်းက ငါ့ကို မုန်းတယ်ဆိုတာ သိတယ်… မင်းကို ရှီနန်းတော်ထဲကို ဝင်ခွင့်ပေးတုန်းက မင်းအပေါ် ငါက မျှော်လင့်ချက်တွေ ရှိခဲ့တယ်… ဒါတွေကို ငါကလည်း မဖြစ်လာစေချင်ခဲ့ဘူး… ငါက တော်ဝင်ကျဲနန်းတော်ရဲ့ အပြစ်ရှိသူ တစ်ယောက်ပါ… မင်းရဲ့ အနာဂတ်က ကြီးကျယ်ခမ်းနားမှာ သေချာတယ်… တစ်နေ့မှာ တော်ဝင်ကျဲနန်းတော်က မင်းကြောင့် တောက်ပလာတဲ့အခါ ငါမရှိတော့ရင်တောင် ငါ့အတွက် တကယ်ကို ကျေနပ်စရာပါ…” ထို့နောက် သူက ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကလည်း ချွန်ရန်နှင့်အတူ လုံးဝ ပျောက်ကွယ် သွားတော့သည်။

မရေမတွက်နိုင်သော လူများက ဖြစ်ပျက်နေသည်များကို ကြည့်ကြသည်။ ကောင်းကင်မြေရိုင်း အဆင့်၏နံပါတ်၁နှင့် နံပါတ်၃တို့ကား တော်ဝင်ကျဲနန်းတော်ရှေ့၌ပင် ဆုံးသွားခဲ့ကြသည်။

ခေတ်တစ်ခေတ်က အဆုံးသတ်ခဲ့ပြီဟု အားလုံးက တွေးမိကြသည်။

သူတို့အတွက် လာမည့်ခေတ်သစ်ကရော မည်သို့ လာမည်နည်း။

တော်ဝင်ကျဲနန်းတော်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာသည်။

ပြင်းထန်သော တိုက်ပွဲက အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ သည်တိုက်ပွဲတွင် လူအများအပြားက သူတို့ပေးနိုင်သမျှ ပေးဆပ်ခဲ့ကြပြီး ဖြစ်သည်။ ရီဖူရှင်းဘက်မှ များစွာသော အင်အားစုများက လာရောက် ရပ်တည်ပေးခဲ့ကြသည်။ ချွန်ရန်က ရီဖူရှင်းအား နန်းတော်ကို လက်လွှဲပေးခဲ့ခြင်းမှာလည်း ထိုအကြောင်းပြချက် တစ်ခုအပါအဝင် ဖြစ်ပေလိမ့်မည်။

လက်ရှိ မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် ရီဖူရှင်းတစ်ယောက်ကသာ မြေရိုင်းပြည်နယ်နှင့် တော်ဝင်ကျဲနန်းတော်အကြား သွေးစည်းစေပေလိမ့်မည်။ သည်တိုက်ပွဲများက တော်ဝင်ကျဲနန်းတော်၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေခဲ့၏။ ချွန်ရန်က သူလုပ်ခဲ့သည်များ အတွက် ပြန်လည်၍​အဖတ်ဆည်လိုခဲ့သည်။ ထို့ကြောင့်ပင် သူက တော်ဝင်ကျဲနန်းတော် အတွက် သူ့အသက်ကိုပင် စွန့်၍ အမှားများကို ပြင်ဆင်ရန် အားထုတ်ခဲ့၏။

“အစ်ကို၃ကော…” ရီဖူရှင်းက မေးသည်။

“သူက တော်ဝင်ကျဲနန်းတော်ထဲမှာ… ငါသူ့ကို ခေါ်ပေးမယ်…” ဓားမိစ္ဆာက ပြောသည်။

“ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူကား ဓားမိစ္ဆာနှင့် ထို့ကျန်းတို့က တိုက်ပွဲထဲ မပါဝင်ခဲ့ခြင်းအတွက် အလွန် ကျေးဇူးတင်ခဲ့သည်။ သူတို့ကား မည်သို့ဆိုစေ နန်းတော်၏ နန်းဆောင်သခင်များ ဖြစ်ကြသည်။ အမှန်တကယ်အားဖြင့် သူတို့က နန်းတော်ဘက်မှ ရပ်တည်ခဲ့သင့်ပေသည်။

“အစ်ကိုကြီး…” ရီဖူရှင်းက ဓားကို သိမ်းလိုက်သော ဓားသခင်အား ကြည့်သည်။ ချက်ချင်းပင် သူ၏စွမ်းအင်များ ခန်းခြောက်သွားကာ ကြီးစွာ ပင်ပန်းနွမ်းနယ်သော ပုံစံဖြစ်သွားသည်။ ရီဖူရှင်းက သူ့အား သွားရောက် ဖေးမသည်တွင် ဓားသခင်က ပြုံးလျက်ပြောသည်… “ရတယ်… ညီငယ်လေး…”

ရီဖူရှင်းက နောက်လှည့်ကာ ထောင်ကျန်း၊ ဟွာချင်းချင်းနှင့် တခြားလူများကို ကြည့်သည်။

“ဆရာ…” ရီဖူရှင်းက ထောင်ကျန်းကို ကြည့်ကာ လွန်စွာ စိတ်မကောင်း ဖြစ်ရသည်။

ထောင်ကျန်း၏ မျက်နှာတွင် အေးချမ်းသော အပြုံးတစ်ခု ဖြစ်လာသည်… “ဖူရှင်း… မင်းဘယ်လိုထင်လဲ…”

“ကျွန်တော် စိတ်ရှုပ်နေတယ်…” သူ၏ဆရာက ဘာအတွက် မေးသည်ကို ရီဖူရှင်း နားလည်သည်။ သူ့အား နန်းတော်သခင် နေရာအတွက် လက်ခံရန် မေးခြင်းဖြစ်သည်။

“ငါနားလည်တယ်.. လောလောဆယ် အနားယူလိုက်ဦး..” ထောင်ကျန်းကလည်း ရီဖူရှင်း၏ အခြေအနေကို အကဲခတ်မိဟန်ဖြင့် ပြောသည်။ အရာအားလုံးက ရီဖူရှင်းအတွက် ရုတ်တရက် ဆန်လွန်းသည်။ သို့သော်လည်း ရီဖူရှင်းက သဘောတူရန် သူမျှော်လင့်မိသည်။ ချွန်ရန်နှင့် လျူချန်းတို့က အမှန်ပင် မှားယွင်းခဲ့ကြသော်လည်း ထောင်ကျန်းကား တော်ဝင်ကျဲနန်းတော်၏ နန်းဆောင်သခင် တစ်ပါးဖြစ်ရာ သည်နေရာကို သံယောဇဉ် ကြီးမားပေသည်။ ရီဖူရှင်းက ထိပ်သီး တန်ခိုးရှင်များစွာ၏ ယုံကြည်မှုကို ရယူထားနိုင်ရာ အကယ်၍ သူသာ နန်းတော်သခင် နေရာကို လက်ခံခဲ့ပါက မြေရိုင်းပြည်နယ်က စည်းလုံး ညီညွတ် လာပေတော့မည်။

“မင်းတို့ကို ဘယ်သူက သွားခွင့်ပေးလို့လဲ…” အေးစက်သော အသံတစ်ခုက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဖြိုခွင်းသွားသည်။ လူအများအပြားက အသံလာရာကို ကြည့်လိုက်ရာ ယူစီက သည်နေရာမှ တိတ်တဆိတ် ထွက်သွားရန် ဟန်ပြင်နေသော ဓားကျေးရွာပိုင်ရှင် ယန်ဝူကျိကို တားဆီးနေသည်ကို မြင်ကြရသည်။ ယန်ဝူကျိ၊ ထိခိုင်နှင့် တခြားလူများ အားလုံးက တစ်ချိန်တည်းမှာ တားဆီးခံရရာ အားလုံးက ဝိုင်းကြည့်ကြသည်တွင် သူတို့အားလုံး မျက်နှာပျက် သွားကြသည်။

သူတို့က ကျိရှမ်းကမ်းပါး ပူးပေါင်းခဲ့ကြသည်။ သို့သော်လည်း ယခု ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်သခင် ဖြစ်လာကာ ကျိရှမ်းကမ်းပါးက နောက်ဆုတ်သွားပြီ ဖြစ်သည်။ ယခု သူတို့အတွက် အဖြစ်အပျက်များက အိပ်မက်ဆိုးပမာ အပြောင်းအလဲ မြန်လွန်းလှသည်။

ရီဖူရှင်းက သူတို့အားလုံးကို အေးစက်စွာ ကြည့်သည်။ ချွန်ရန်နှင့် လျူချန်းတို့က နန်းတော်အတွက် အမှားလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ သည်လူများကား သူတို့ အကျိုးစီးပွားအတွက် ကျိရှမ်းကမ်းပါးဖြင့် ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။

“ဒီနေရာမှာ မင်းတို့က ငါတို့ကို တိုက်ခိုက်မယ်ဆို တခြားလူတွေရော တစ်ခုခုဖြစ်သွားမှာ မကြောက်ဘူးလား…” ယန်ဝူကျိက အေးစက်စွာဖြင့် ပြန်လည်၍ ခြိမ်းခြောက်သည်။

“မင်းတို့တွေက စည်းမထားရင် မင်းတို့ မိသားစုတွေလည်း အသက်ရှင်မှာ မဟုတ်ဘူးဆိုတာ မှတ်ပါ…” ယူစီက အေးစက်စွာ ပြောသည်။ သည်လူများက ပြန်လည်၍ ခြိမ်းခြောက်နေသည်။ မည်မျှ ရယ်ရွှင်ဖွယ်ရာ ကောင်းသနည်း။

“ယူစီ…” ယန်ဝူကျိ၏အမူအရာများက အရိုးကွဲမတတ် အေးစက်နေသည်။

“သူတို့က ဒီကို လာဖို့ သတ္တိရှိမှတော့ သူတို့ကို အသက်ရှင်ရက် လွှတ်ပေးဖို့ အကြောင်းပြချက်ကို မရှိဘူး…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ကျူးကော့ချန်းဖန်၊ ယန်ဟောင်၊ ယူစီ၊ စုရှမ်း၊ ဟောင်စီနှင့် ချန်းယွန်တို့ အားလုံးက ရှေ့ကို တက်လာကာ ထိုလူမျာအား ဝန်းရံကြသည်။ သည်အခိုက်တွင် စည်းမျဉ်း စည်းကမ်းများကို ပြောနေစရာ မလိုပေ။ ရေခဲနန်းတော်သခင်၊ ထို့ကျန်းနှင့် တခြား ထိပ်သီးတန်ခိုးရှင်များက တစ်ဖက်အဖွဲ့၏ ရန်လုပ်မှုကို ကာကွယ်ရန် ရီဖူရှင်း၏ဘေးနားကို ရောက်လာကြသည်။

“စလုပ်ရအောင်…” ယူစီက အေးစက်စွာ ပြောသည်။ ကောင်းကင်မြေရိုင်း အဆင့်၈တွင် ရှိသော ယူစီကား အပြောကာ ရှိသည်မဟုတ်ပေ။ ဤအခြေအနေထိ ရောက်လာမှတော့ သည်လူများကို လွှတ်ပေးလိုက်လျှင်ပင် နောက်တစ်ချိန်တွင် တစ်ခုခု ထပ်ကြံစည်မည်မှာ သေချာသည်။

“အစ်ကိုကြီး… ညီငယ်လေး…” ဂူတုံးလျို၏အသံကို ကြားကြရသည်။ ရီဖူရှင်းက လှည့်ကြည့်သည်တွင် ဂူတုံးလျိုအား ဓားမိစ္ဆာက ခေါ်ဆောင်လာသည်ကို မြင်ရသည်။ ဂူတုံးလျို၏ ခန္ဓာကိုယ်တွင် များစွာသော ဒဏ်ရာများအား မြင်ရကာ လွန်စွာ အားနည်းနေဟန် ရသည်။ ကျိရှမ်းကမ်းပါးက သူ့အား ကောင်းကောင်း မထားသည်မှာ သိသာနေသည်။

“ကျိရှမ်းကမ်းပါး…” ရီဖူရှင်း၏မျက်လုံးများက အလွန်အမင်း အေးစက်နေသည်။ ကျန်းရာက အရာအားလုံးအတွက် တာဝန်ရှိသည် ဆိုသော်လည်း ခွန်ယိုနှင့် ကျိရှမ်းကမ်းပါးမှ လူများ၏ရင့်သီးသော အပြုအမူများကို သူလုံးဝ မေ့မည်မဟုတ်ပေ။ ထိုက်ဟန်တောင်မှ လူဝံများစွာကလည်း ကျန်းရှာ ခေါ်ဆောင်လာသော ထိပ်သီး တန်ခိုးရှင်များကြောင့် သေဆုံးခဲ့ကြရသည်။

ကျူးကော့မင်းယွီက ဂူတုံးလျို၏ဘေးကို ရောက်လာသည်။ သူမနှင့် ဂူတုံးလျိုတို့က အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့အတွက် ကံဆိုးမိုးမှောင်ကျခြင်းက ဘေးကင်းစွာဖြင့် ပြီးဆုံးသွားသည်။

“ယူစီ… ကျူးကော့ချန်းဖန်… မင်းတို့က ဒီအထိ လုပ်ဖို့လိုလို့လား…” ဒေါသတကြီး အော်ဟစ်သံကို ကြားရသည်။ ထို့နောက်တွင် ယန်ဝူကျိ၏ခန္ဓာကိုယ်က အသက်မဲ့သွားတော့သည်။

“နန်ထျန်းအိမ်တော်က တော်ဝင်ကျဲနန်းတော်ရဲ့ လက်အောက်ခံ ဖြစ်လိုပါတယ်…” နန်ထျန်းအိမ်တော် ခေါင်းဆောင်က အော်ဟစ်သည်။

“တော်ဝင်ကျဲနန်းတော်က မင်းကို မလိုအပ်ဘူး…” ဓားမိစ္ဆာက အေးစက်စွာ ပြောသည်။ မကြာမီ အော်ဟစ်သံနှင့်အတူ စုချွဲ၏လူသတ်ဓား လက်ချက်တွင် အသက်ပျောက်သွားသည်။

အနီးမှ လူများအားလုံးက သူတို့ရှေ့မှ သတ်ဖြတ်ခံရမှုတို့အား သနားကရုဏာသက်ခြင်း ကင်းစွာ ကြည့်ကြည်။ သူတို့ကား ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်းခြင်း၏ အကျိုးကျေးဇူးများကို ရိတ်သိမ်းနေကြခြင်း ဖြစ်သည်။

“ငါ အနားယူတော့မယ်…” ထောင်ကျန်း၏ရင်ထဲမှ အစိုင်အခဲများအားလုံး ပြေပျောက်သွားရပြီး ဖြစ်ကာ လက်ရှိတွင် သူကား အလွန်တရာ အားနည်းမှုဒဏ်ကို ခံစားနေရသည်။ ယခုအချိန်အထိ တောင့်ခံထားနိုင်သည်မှာပင် သူ၏အားကောင်းသော ဇွဲသတ္တိကြောင့် ဖြစ်သည်။

“ဆရာ…”

“အစ်ကို…”

လူအများအပြားက ထောင်ကျန်း၏အနီးကို ကပ်လာကြသည်။ ကျန့်ကန်းက သူ့အားကြည့်သည်။ ထောင်ကျန်းက မျက်လုံးများကို မှိတ်ထားကာ လွန်စွာ အေးချမ်းသော အသွင်အား မြင်ရ၏။

“သူက အားပြန်ပြည့်ဖို့ ရက်နည်းနည်း အနားယူဖို့လိုတယ်…” ကျန့်ကန်းက ပြောသည်… “ငါက သူ့ကို တိုက်ခိုက်ရေး ရှီနန်းဆောင်သို့ ခေါ်သွားတော့မယ်…”

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကျန့်ကန်းက ထောင်ကျန်းအား ခေါ်ကာ ထွက်သွားသည်။

“ချင်းချင်း… မင်းလည်း သွားအနားယူသင့်တယ်…” ဘုန်းတော်ကြီး ချိန်ထန်းကလည်း ဟွာချင်းချင်းကို ပြောသည်။

“ဟုတ်ကဲ့…” ဟွာချင်းချင်းက ခေါင်းညိတ်ကာ ရီဖူရှင်းဘက်ကို လှည့်ကြည့်သည်တွင် ရီဖူရှင်းက ဘုန်းတော်ကြီးအား ဦးညွှတ်လျက် ပြောသည်… “ကျေးဇူးတင်ပါတယ်… ဆရာတော်…”

ဘုန်းတော်ကြီး ချိန်ထန်းကလည်း လက်နှစ်ဖက်ကို အုပ်မိုးလျက်ပင် ဟွာချင်းချင်းအား ပြန်ခေါ်လျက် ထွက်ခွာသွားသည်။

ရီဖူရှင်းက ဟွာဂျီယူ၏ဘေးနားကို ရောက်လာကာ သူမအား ပွေ့ချီလိုက်သည်။ သူမအား သတိလစ်နေဆဲဖြစ်သည်။

“ဆရာကို တံခါးပိတ် လေ့ကျင့်နေရာကနေပြီး အပြင်ထွက် ဆေးကုပေးဖို့ ငါပြောပေးပါ့မယ်…” ဖီးနစ်က ရီဖူရှင်းကို ပြောသည်။ သူမပြောသည့် ဆရာမှာ ထာဝရအဘိုးအို ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။ သူက တခြားလူများကို ကြည့်ကာ ဦးညွှတ်သည်။ သူ့တွင် ဘာမှ ပြောစရာမရှိပေ။ သူကား သည်လူများ၏ မျှော်လင့်ချက် ယုံကြည်ချက်များအား ထမ်းပိုးထားကာ သူတို့အပေါ်တွင် ကြီးစွာသော အကြွေးများ တင်နေသည်။ သည်အကြွေးများကို သူ့စိတ်နှလုံး၏နက်ရှိုင်းသောနေရာ၌ သိမ်းဆည်း ထားရပေမည်။

“ဖူရှင်း… မင်းစိတ်ထဲမှာ တခြား အစီအစဉ်တွေ ရှိသေးလား…” ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။

“ဂျီယူကို အရှေ့မြေရိုင်းသို့ ပြန်ခေါ်သွားဖို့ ကျွန်တော်က စဉ်းစားနေတယ်…” ရီဖူရှင်းက ပြောသည်။ သူက အလွန်အမင်း အားအင်ကုန်ခန်းမှုကို ခံစားနေရသည်။ သူက ဟွာဂျီယူကို ပွေ့ဖက်ကာ အတင်း ကုန်းရုန်းထသည်။

“မှန်တယ်…” ကျူးကော့ချန်းဖန်က ခေါင်းညိတ်သည်… “မင်တို့အားလုံး အနားယူတာ အကောင်းဆုံးပဲ… မင်းယွီနဲ့တုံးလျိုက မင်းနဲ့အတူ အရှေ့မြေရိုင်းဒေသကို လိုက်ပါပြီး ဖောက်လုပ် ပေးကြလိမ့်မယ်…”

“စီနီယာစု… စုချွဲနဲ့ တခြားလူတွေ ဘယ်မှာလဲ သိလား…” ရီဖူရှင်းက စုရှမ်းကို မေးသည်။ စုချွဲက သေချာပေါက် ထင်းဆွေအိမ်တော်နှင့် အဆက်အသွယ် ရှိရပေမည်။

“စိတ်ချပါ.. သူတို့ မင်းကို လာတွေ့ကြလိမ့်မယ်…” စုရှမ်းက ပြောသည်။

“ဟုတ်ကဲ့…” ရီဖူရှင်းက စိတ်အေး သွားရသည်။

“အဘိုးယန်...” ရီဖူရှင်းက ခေါ်လိုက်သည်တွင် ယန်ဟောင်က ရှေ့ကို တက်လာသည်။ ရီဖူရှင်းက ဟွာဂျီယူအား ပွေ့ခေါ်ကာ သူ၏ပခုံးထက်ကို တက်သည်။

“အစ်ကိုကြီး… အစ်မ၂… အစ်ကို၃…” ရီဖူရှင်းက ခေါ်ကာ သူတို့အားလုံးက အရှေ့မြေရိုင်းဒေသသို့ ထွက်လာကြတော့သည်။

***

All Chapters