အခန်း (၉၄၅)
Vol. 68 Ch. 945
သူတို့က ဆယ်ရက်နားရန် အချိန်ရထားသော်လည်း တစ်ရက်ပြည့်အောင်ပင် နားရမည်မဟုတ်ပေ။
သို့သော် ယွင်လန်ဓားအင်မော်တယ်နှင့် တခြားလူများက စစ်မြေပြင်သို့ သွားရောက်ပြီး အောင်ပွဲနှင့်အတူ ပြန်လာခဲ့ကြောင်း တွေးမိသောအခါတွင် လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။
အချိန်ကို အကျိုးရှိအောင်အသုံးချ၍ အောင်မြင်မှုကို ရယူရမည်။
ချက်ချင်းဆိုသလိုပင် လက်ရွေးစင်တပည့်နှစ်ထောင်ကျော်က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး မြို့တံတိုင်းသို့သွားရောက်ရန် စိတ်အားထက်သန်နေကြသည်။
ဟန်မူယဲ့က ကျောက်ချန်ကိုခေါ်ပြီး သင်္ချိုင်းအင်မော်တယ်မြို့၏ အလယ်သို့ သွားလိုက်သည်။
သူတို့က လေးနာရီခန့် ပျံသန်းပြီး မျှော်စင်သို့ ရောက်လာကြသည်။
မရေမတွက်နိုင်သော အင်မော်တယ်ကျင့်ကြံသူများက အင်မော်တယ်အလင်းဖြင့် တောက်ပနေသော မျှော်စင်ထဲတွင် ဝင်ထွက်သွားလာနေကြသည်။
ဤနေရာတွင် အစောင့်များမရှိပဲ ရုပ်သေးရုပ်များသာ ရှိကြသည်။
“ဒီမြို့က နတ်စွမ်းအားကို အဓိကထားပြီး သုံးတာပဲ”
ကျောက်ချန်က စိတ်ဝင်စားနေပြီး ပတ်ဝန်းကျင်တွင် လျှောက်ကြည့်သည်။ ထို့နောက် စိတ်ပျက်နေပြီး ပြန်လာရသည်။
“ဒီမှာ နတ်စွမ်းအားကို ငွေကြေးအနေနဲ့ အသုံးပြုတယ်”
“ကျွန်တော်တို့ယူလာတဲ့ ဝိညာဉ်ကျောက်တုံးတွေက အသုံးမဝင်တော့ဘူး”
အမှန်တကယ်အသုံးမဝင်ခြင်းတော့ မဟုတ်ပေ။
သို့သော် နတ်စွမ်းအားပုတီစေ့တစ်ခုအတွက် ဝိညာဉ်ကျောက်တုံးတစ်သန်း ပေးရမည်။ ထို့ကြောင့် ကျောက်ချန်က လဲလှယ်ရန် စိတ်မဝင်စားတော့ပေ။
နတ်စွမ်းအားသည် ဖူယွီအင်မော်တယ်ကမ္ဘာတွင် တန်ဖိုးရှိသော်လည်း ဈေးနှုန်းသည် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် နတ်စွမ်းအားရောင်းဝယ်ခြင်းမှ အကျိုးအမြတ်မရနိုင်ပေ။
“ငါမေးကြည့်ခဲ့တယ်။ နတ်စွမ်းအားပြတ်လမ်မှုကို တားဆီးဖို့အတွက် ဂိုဏ်းကြီးတွေက ဈေးနှုန်းသတ်မှတ်ထားကြတယ်”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဒါပေမဲ့ နတ်စွမ်းအားကို အကျိုးပြုအမှတ်အဖြစ် ပြောင်းလဲပြီး ဖူယွီအင်မော်တယ်ကမ္ဘာမှာ ရှားပါးတဲ့ ရတနာပစ္စည်းတွေနဲ့ လဲလို့ရတယ်”
ဟန်မူယဲ့၏စကားကြောင့် ကျောက်ချန်၏မျက်လုံးများက တောက်ပသွားသည်။ သူက လျင်မြန်စွာပြောသည်။
“အစ်ကိုကြီး၊ အလဲအလှယ်လုပ်ရအောင်”
“ကျွန်တော်တို့က သင်္ချိုင်းအင်မော်တယ်မြို့တော်ကို အခုမှ စရောက်တာဆိုပေမဲ့ အစ်ကိုကြီးက နတ်ဘုရားသတ်ဖြတ်ခြင်းကို ဆောင်ရွက်ခဲ့တယ်။ ကျွန်တော်တို့က ရတနာတွေကို လဲလှယ်ပြီး ဖူယွီအင်မော်တယ်ကမ္ဘာကို ပြန်ပို့လိုက်မယ်ဆိုရင် အထောက်အပံ့တွေ ပိုရလိမ့်မယ်”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။ ထို့နောက် သူတို့နှစ်ယောက်က ခန်းဆောင်ထဲသို့ ဝင်သွားကြသည်။
ခန်းဆောင်ထဲတွင် မြင့်မားသော အနက်ရောင်တိုင်လုံးများ ရှိနေကြသည်။
ထိုတိုင်လုံးများ၏ရှေ့တွင် စောင့်ကြပ်နေသော ရုပ်သေးရုပ်တစ်ရုပ်စီ ရှိကြသည်။
“အကျိုးပြုအမှတ် လဲလှယ်ဖို့ ရောက်လာတာလား”
အပြာရောင်ဝတ်စုံနှင့် ပိန်ပါးသော တာအိုတန်ခိုးရှင်တစ်ဦးက သူတို့ဆီသို့ လျှောက်လာပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ပြောသည်။
“ကျေးဇူးပြုပြီး ရမှတ်တံဆိပ်ပြားကို အရင်ပြပေးပါ”
‘ရမှတ်တံဆိပ်ပြားလား’
ဟန်မူယဲ့တွင် မရှိပေ။
တာအိုတန်ခိုးရှင်က မျက်လုံးများတောက်ပသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
“မင်းက နတ်ဘုရားကိုသတ်ဖြတ်ခဲ့တဲ့ ယွင်လန်ဓားအင်မော်တယ်လား”
သူက ရှေ့တွင်ရှိသော ကျောက်စိမ်းနံရံကို ညွှန်ပြသည်။
“ဓားအင်မော်တယ်တွေက အဲဒီမှာ စာရင်းသွင်းပြီး ရမှတ်တံဆိပ်ပြားကို တိုက်ရိုက်ရယူနိုင်တယ်”
“နာမည်အရင်း ဖြစ်စရာမလိုဘူး။ နာမည်အတုဆိုလည်း ရတယ်”
ဟန်မူယဲ့က ရှေ့တက်သွားပြီး ကျောက်စိမ်းနံရံတွင် ဆက်တိုက်လှုပ်ရှားနေသော နာမည်များကို ကြည့်သည်။
ထိပ်ဆုံးတွင် အင်မော်တယ်သခင်ကျီယုနှင့် မိစ္ဆာဘုရင်ထူထျန်းအပါအဝင် နာမည်ငါးခု ရှိနေသည်။ သူတို့၏ ရမှတ်အတိအကျကို မသိရသော်လည်း သူတို့၏နာမည်က ခရမ်းရောင်သန်းနေပြီး ထိပ်ဆုံးတွင်ရှိသည်။
ထိုနာမည်ငါးခု၏အောက်တွင် ဒါဇင်ချီနေသော ရွှေရောင်နာမည်များ ရှိကြသည်။
“ကောင်းကင်ဖျက်ဆီးဓား၊ အကျိုးပြုအမှတ် ၃၂၈,၆၀၀”
“ကျန်းနန်မြူမိုး၊ အကျိုးပြုရမှတ် ၃၁၉,၄၀၀”
“အာလူးလေး၊ ၃၀၈,၁၀၀”
“ကျောက်ကျင်းဟယ်၊ ၂၈၆,၃၅၅”
....
အကျိုးပြုရမှတ် တစ်သိန်းကျော်နေသောလူများ သိပ်မရှိပေ။
အများစုသည် အကျိုးပြုရမှတ် သုံးသောင်းမှ တစ်သောင်းအတွင်းသာ ရှိကြသည်။
“ယွင်လန်ဓားအင်မော်တယ်၊ အဲဒီနာမည်တွေကို ကြည့်နေစရာမလိုပါဘူး။ သူတို့က သင်္ချိုင်းအင်မော်တယ်မြို့မှာ နှစ်တစ်သိန်းလောက်နေလာခဲ့တဲ့ ကျွမ်းကျင်သူတွေပဲ”
“တချို့က မြို့ထဲမှာ မရှိတော့ဘူး။ တချို့ကတော့ သေသွားကြပြီ”
တာအိုတန်ခိုးရှင်က တခြားကျောက်စိမ်းနံရံတစ်ခုကို ညွှန်ပြသည်။
“ဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ရဲ့ အဆင့်သတ်မှတ်ချက်ပါ”
ဟန်မူယဲ့နှင့်ကျောက်ချန်က ထိုကျောက်စိမ်းနံရံကို ကြည့်လိုက်ကြသည်။ ထိပ်ဆုံးတွင် အစိမ်းရောင်သန်းနေသော နာမည်သုံးခု ရှိသည်။
“ချင်ပိုင်ကျန်း၊ အကျိုးပြုရမှတ် ၈,၆၅၄”
“တောက်ကျူး၊ အကျိုးပြုရမှန် ၇,၄၆၃”
“တာအိုတန်ခိုးရှင် ကျိုးယွဲ့၊ အကျိုးပြုရမှတ် ၇,၃၂၀”
ထိုနာမည်သုံးခု၏အောက်တွင် ရှိနေသော နာမည်များက အကျိုးပြုရမှတ် ရာကျော်မှ ထောင်ကျော်အထိ ကွဲပြားကြသည်။
ထိုအရာသည် အဓိပ္ပာယ်ရှိသည်။
အင်မော်တယ်ကျင့်ကြံသူများက မြို့တံတိုင်းကိုသာ ခုခံထားသောကြောင့် အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများကသာ အမှတ်တစ်သောင်းကျော် ရနိုင်လိမ့်မည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ကျောက်စိမ်းနံရံတွင် နာမည်ရေးလိုက်သည်။
“ပြိုင်ဘက်ကင်းဟန်”
ယွင်ထန့်တောရိုင်းမြေတွင် သူ၏ ပြိုင်ဘက်ကင်းနာမည်သည် ထင်ပေါ်လာခဲ့သည်။
ယခုအချိန်၌ သင်္ချိုင်းအင်မော်တယ်မြို့တွင် ထိုနာမည်ကို ပျံ့နှံ့သွားစေချင်သည်။
အင်မော်တယ်အလင်းက ဖျတ်ခနဲ တောက်ပလာပြီး ကျောက်စိမ်းတံဆိပ်ပြားတစ်ခုသည် ဟန်မူယဲ့၏လက်ထဲသို့ ကျလာသည်။
ထိုတံဆိပ်ပြားပေါ်တွင် ပြိုင်ဘက်ကင်းဟန်ဟူသော နာမည်ကို ရေးထိုးထားသည်။
သူက နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ သတင်းအချက်အလက်များကို မြင်ရသည်။
ကျောက်ချန်ကလည်း လက်မြှောက်ပြီး ကျောက်စိမ်းနံရံတွင် နာမည်ကို ရေးထိုးလိုက်သည်။
ကျောက်ချန်က တံဆိပ်ပြားကို ရလိုက်သောအခါတွင် မျက်လုံးများ တောက်ပသွားသည်။
“နတ်ဘုရားနယ်မြေရဲ့ ဥက္ကာခဲသံမဏိကျောက်တုံး ပေါင်တစ်ရာကို အကျိုးပြုရမှတ် သုံးမှတ်ပဲ ကျသင့်တာလား။ ဒါပေမဲ့ အဲဒီရတနာမျိုးက ဖူယွီအင်မော်တယ်ကမ္ဘာမှာ ဝိညာဉ်ကျောက်တုံးသန်းချီပြီး တန်ဖိုးရှိတယ်”
“ဝိညာဉ်ရတနာတွေ သန့်စင်တဲ့နေရာမှာ အရေးအကြီးဆုံးဖြစ်တဲ့ ဝိညာဉ်ရင်းမြစ်သလင်းကျောက် ဆယ်ခုကို အကျိုးပြုရမှတ် တစ်မှတ်ပဲ ကုန်တာလား”
“ကျောက်စိမ်းဖြူရေခဲက လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို တိုက်ရိုက်တိုးမြှင့်ပေးနိုင်တယ်မဟုတ်လား။ တစ်ခုကို အကျိုးပြုရမှတ် သုံးမှတ်လား။ ဒါကို ဖူယွီအင်မော်တယ်ကမ္ဘာဆီ ပြန်ပို့လိုက်ရင် ဝိညာဉ်ကျောက်တုံးသုံးသန်း ရလိမ့်မယ်”
ဟန်မူယဲ့က စိတ်လှုပ်ရှားနေသောကျောက်ချန်ကို လျစ်လျူရှုထားသည်။ သူက ရမှတ်တံဆိပ်ပြားကို ကိုင်ထားပြီး နတ်စွမ်းအားကို ထုတ်ယူသည်။
အနက်ရောင်ချပ်ဝတ် ရုပ်သေးရုပ်က နတ်စွမ်းအားနှင့် တံဆိပ်ပြားကို ယူလိုက်ပြီး တိုင်လုံးပေါ်တွင် ဖိချသည်။ နတ်စွမ်းအားက ပျောက်ကွယ်သွားပြီး တံဆိပ်ပြားပေါ်တွင် နံပတ်များပေါ်လာသည်။
“ရမှတ် ၁၁,၁၆၃။ အကျိုးပြုရမှတ်ငါးထောင်ကို လဲလှယ်ပြီး အသုံးပြုနိုင်တယ်”
ထိုနံပတ်နှင့်အတူ သူ့နာမည်ကလည်း ကျောက်စိမ်းနံရံတွင် ပေါ်လာခဲ့သည်။
ထိုနာမည်က နှစ်တစ်ထောင်မှတ်တမ်းတွင် လူတိုင်းကိုကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ကျွမ်းကျင်သူများက ရမှတ်တံဆိပ်ပြား၏ အပြောင်းအလဲကို အာရုံခံမိလိုက်ကြသည်။
“ထိပ်ဆုံးကို ရောက်သွားတာပဲ။ အဲဒါက ဘယ်သူလဲ”
“ပြိုင်ဘက်ကင်းဟန်တဲ့လား။ ယွင်လန်ဓားအင်မော်တယ်လား။ သူက မြို့ကို ရောက်လာတဲ့အချိန်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းကို လုပ်ခဲ့တယ်”
“ပြိုင်ဘက်ကင်းဟန်၊ ဒီနာမည်က မောက်မာလိုက်တာ”
“မောက်မာတာလား။ ဒါက ယုံကြည်ချက်ပဲ။ သူက မြို့ပြင်မှာ နတ်ဘုရားမျိုးနွယ်တွေကို သတ်ဖြတ်ခဲ့တယ်”
မရေမတွက်နိုင်သော လူများက ဆွေးနွေးနေကြသည်။ တချို့က စိတ်လှုပ်ရှားနေကြသည်။ တချို့က စပ်စုချင်နေပြီး တချို့က ကြမ်းတမ်းသောမျက်နှာထားဖြင့် ရှိနေကြသည်။
“နှစ်တစ်သောင်းအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မြို့ပြင်ကိုထွက်ပြီး နတ်ဘုရားကလန်သားကို အမဲလိုက်ခဲ့တယ်”
နောက်တွင်ရပ်နေသော တာအိုတန်ခိုးရှင်က လေးစားနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။
ဟန်မူယဲ့က အကျိုးပြုရမှတ် ငါးထောင်ဖြင့် အမျိုးမျိုးသော အရင်းအမြစ်များကို လဲလှယ်လိုက်သည်။
တိုက်ရိုက်အသုံးပြုနိုင်သော ပစ္စည်းများ သိပ်မရှိပေ။
ပစ္စည်းအများစုသည် နတ်ဘုရားကမ္ဘာ၏ ဝိညာဉ်သတ္တုများ ဖြစ်ကြသည်။
သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် ကျင့်ကြံသူအများအပြား နေထိုင်ပြီး ပန်းပဲပညာရှင်နှင့် အာခီမီပညာရှင်များလည်း ပေါများသည်။ သူတို့က လက်နက်နှင့် ဆေးလုံးများကို ထိရောက်စွာ သန့်စင်နိုင်ကြသည်။
သို့သော် သူတို့၏ ဝန်ဆောင်မှုသည် ဈေးကြီးသည်။
ဟန်မူယဲ့က ထိုအရင်းအမြစ်များကို တိုက်ရိုက်သန့်စင်ရန် ရည်ရွယ်မထားပဲ ကျောက်ချန်ဆီသို့ ပေးလိုက်သည်။
“ကုန်ပစ္စည်းတွေပို့ဆောင်ဖို့အတွက် အကျိုးပြုရမှတ်သုံးဆယ် ကုန်ကျတယ်။ တကယ်ဈေးကြီးတာပဲ”
ကျောက်ချန်က ရေရွတ်သည်။
အနီးအနားတွင် အင်မော်တယ်ကမ္ဘာနှင့် ချိတ်ဆက်ထားသော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါတစ်ခု တည်ရှိပြီး များပြားလှသော အကျိုးပြုရမှတ်ကို အသုံးချရသည်။
အကျိုးပြုရမှတ် သုံးဆယ်သည် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်နှင့် တူညီသည်။
ကျင့်ကြံသူအများစုသည် ထိုဈေးနှုန်းကို မတတ်နိုင်သောကြောင့် အရင်းအမြစ်များကို ထိန်းသိမ်းထားကြသည်။
“ဒီကနေ ပြန်ရလာမယ့် အကျိုးအမြတ်က ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ထက် ပိုနေလို့ တော်သေးတယ်”
ကျောက်ချန်က ပြုံးလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူသည်။ ထို့နောက် သိုလှောင်အိတ်နှင့်အတူ ရှေ့တွင်ရှိနေသော ကျောက်စိမ်းလင်ဗန်းထဲတွင် ထည့်လိုက်သည်။
ဟန်မူယဲ့က ရမှတ်တံဆိပ်ပြားကိုထုတ်ပြီး ပေးချေလိုက်သည်။
အင်မော်တယ်အလင်း ဖျတ်ခနဲပေါ်ထွက်လာပြီး သိုလှောင်အိတ်နှင့် ကျောက်စိမ်းပေလွှာက ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက်က ပျောက်ကွယ်သွားသော အင်မော်တယ်အလင်းကို ကြည့်နေပြီး လှည့်ထွက်သွားကြသည်။
အင်မော်တယ်ကမ္ဘာ၏ လူများက ကျန်ကိစ္စကို ကိုင်တွယ်ကြလိမ့်မည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကူးသန်းရောင်းဝယ်ရေးခန်းဆောင်တွင် အသစ်တည်ဆောက်ထားသော ဝင်္ကပါက အင်မော်တယ်အလင်းဖြင့် တောက်ပလာသည်။
ဝင်္ကပါကို စောင့်ကြပ်နေသော ကျင့်ကြံသူများက ကြောင်အသွားကြသည်။
“ဒါက သခင်လေးကျောက်ဆီက သတင်းပို့လိုက်တာလား”
“မြန်လိုက်တာ”
“သခင်လေးကျောက်နဲ့ ယွင်လန်ဓားအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့ကို ရောက်သွားတာ နေ့တစ်ဝက်လောက်ပဲ ရှိသေးတာမဟုတ်လား”
ဝင်္ကပါ၏အလင်းကြောင့် အကြီးအကဲများက လေးနက်သောမျက်နှာထားဖြင့် ပျံသန်းလာကြသည်။
ခန်းဆောင်ထဲတွင် ပိုမိုများပြားသောလူများ ရောက်လာကြသည်။
ထိုဝင်္ကပါသည် သင်္ချိုင်းအင်မော်တယ်မြို့တော်နှင့် ဆက်သွယ်ရန်အတွက် အထူးတည်ဆောက်ထားခြင်း ဖြစ်သည်။ အတိအကျ ပြောရမည်ဆိုလျှင် ယွင်လန်ဓားအင်မော်တယ်တို့ အုပ်စုနှင့် ဆက်သွယ်ရန်အတွက် ဖြစ်သည်။
ကျောက်ချန်၏ ဦးဆောင်မှုအောက်တွင် ဂိုဏ်းအသီးသီး၏ ရင်းနှီးမြှုပ်နှံမှုက အလွန်ကြောက်မက်ဖွယ်ကောင်းသောအဆင့်သို့ ရောက်နေသည်။
လူတိုင်းက ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြသည်။
ထို့ကြောင့် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ သတင်းများကို အမြန်ဆုံးရနိုင်ရန်အတွက် ဤဝင်္ကပါကို တည်ဆောက်ခဲ့ကြသည်။
“အချိန်တိုအတွင်းမှာ ဘယ်လိုသတင်းမျိုး ရောက်လာတာလဲ။ ဟိုဘက်မှာ တစ်ခုခု မှားယွင်းသွားတာလား”
လူတစ်ယောက်က လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“သခင်လေးကျောက်က စီးပွားရေးလုပ်ငန်းမှာ ကျွမ်းကျင်တယ်။ သူက တစ်ခုခု ထပ်တောင်းချင်တာလား”
မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ဝင်္ကပါ၏အလင်းအောက်တွင် အကောင်အထည်ပေါ်လာသော ကျောက်စိမ်းပေလွှာကို ကြည့်သည်။
“သင်္ချိုင်းအင်မော်တယ်မြို့တော်ကို အရင်းအမြစ်တွေပို့ပေးဖို့အတွက် ကုန်ကျစရိတ်အရမ်းများတယ်။ တကယ်လို့ အရေးပေါ်မဟုတ်ဘူးဆိုရင် ငါတို့က ဝင်္ကပါကို မသုံးသင့်ဘူး”
အကြီးအကဲတစ်ယောက်က တင်းမာသောမျက်နှာထားဖြင့် တီးတိုးပြောသည်။
“အဲဒီကျောက်ချန်က သတိထားပြီး မလုပ်ဘူးလား”
“ရောက်လာပြီ”
ကျောက်စိမ်းသရဖူနှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူအိုကြီးကလက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပေလွှာကို လှမ်းယူသည်။
သူက ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ ဤအခြေအနေမျိုးတွင်သာ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို စောင့်ကြည့်ရန် ရောက်လာခဲ့သည်။
သူက ကျောက်စိမ်းပေလွှာကို နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
“အမလေး ....”
လူအိုကြီးက တစ်ကိုယ်လုံးတုန်ခါနေပြီး ကျောက်စိမ်းပေလွှာကို လွှတ်ချလုနီးပါး ဖြစ်သွားသည်။
“အကြီးအကဲရှု၊ ဘာဖြစ်နေတာလဲ”
“လူအိုကြီးရှု၊ ကျောက်ချန်က မသင့်တော်တာကို တောင်းဆိုနေတာလား”
“အကြီးအကဲရှု၊ ယွင်လန်ဓားအင်မော်တယ်က တစ်ရက်တောင် မခံနိုင်တော့ဘူးလား”
ပတ်ဝန်းကျင်တွင်ရှိနေသော လူများက စိုးရိမ်စွာ ပြောလိုက်ကြသည်။