အခန်း (၉၄၆)
Vol. 68 Ch. 946
အကြီးအကဲရှုက ကျောက်စိမ်းပေလွှာကို တင်းကျပ်စွာကိုင်ထားပြီး တောက်ပနေဆဲဖြစ်သော ဝင်္ကပါကို လှမ်းကြည့်သည်။
“စိတ်မပူပါနဲ့။ ထပ်ရောက်လာအုံးမှာ”
‘ထပ်ရောက်လာအုံးမှာလား’
‘ဘာလဲ’
“ဝီ”
ဝင်္ကပါက တုန်ခါသွားပြီး သိုလှောင်အိတ်တစ်လုံး ပေါ်လာသည်။
သိုလှောင်အိတ်ထဲတွင်ရှိသော ပစ္စည်းများက အလွန်တန်ဖိုးရှိပုံပေါ်သည်။ ဝင်္ကပါက အစွမ်းကုန်သုံးပြီး လည်ပတ်နေရသည်။
အကြီးအကဲရှုက သိုလှောင်အိတ်ပြုတ်ကျလာသည်အထိ မစောင့်ပဲ လက်မြှောက်၍ ဖမ်းယူလိုက်သည်။
သူက နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး ပြုံးသည်။
“ဟားဟား၊ ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်”
“တကယ်ကို ပြိုင်ဘက်ကင်းတာပဲ”
အကြီးအကဲရှုက ကျောက်စိမ်းပေလွှာနှင့် သိုလှောင်အိတ်ကို လက်တစ်ဖက်စီတွင် ကိုင်ထားပြီး ပတ်ဝန်းကျင်ကိုကြည့်၍ ကျယ်လောင်စွာပြောသည်။
“ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်က ရှေ့တန်းစစ်မြေပြင်ကိုသွားပြီး မြို့အပြင်ဘက်မှာ တိုက်ခိုက်ခဲ့တယ်။ သူက နတ်ဘုရားကလန်သားနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်”
နတ်ဘုရားကို သတ်ဖြတ်ခြင်း ....
ခန်းဆောင်က တိတ်ဆိတ်သွားသည်။
လူတိုင်းက ကြောင်အနေသည်။
ထိုသတင်းက အလွန်ထူးခြားသည်။
သူတို့က ထိုသတင်းကို မျှော်လင့်မထားခဲ့ပေ။ ယွင်လန်ဓားအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ဝင်ရောက်ပြီး နတ်ဘုရားနှစ်ပါးကို ချက်ချင်းသတ်ဖြတ်ခဲ့သော ကိစ္စသည် အမှန်အဖြစ်နိုင်လောက်ပေ။
အကြီးအကဲရှုက စိတ်ကျေနပ်စွာရယ်လိုက်ပြီး ကျောက်စိမ်းပေလွှာကို အင်မော်တယ်အလင်းဖြင့် လွှမ်းခြုံ၍ စာလုံးများကို ပြသသည်။
ထို့နောက် သူက သိုလှောင်အိတ်ကို ဖွင့်ချသည်။ အကျိုးပြုရမှတ်လေးထောင်ဖြင့် လဲလှယ်ထားသော အရင်းအမြစ်များက ကြမ်းပြင်တွင် စုပုံနေပြီး တောင်ကုန်းတစ်ခု ဖြစ်သွားသည်။
“ဥက္ကာခဲသံမဏိကျောက်တုံး”
“ဝိညာဉ်ရင်းမြစ်သလင်းကျောက်”
“ဝိုး၊ ကျောက်စိမ်းဖြူရေခဲတွေ”
“အံ့အားသင့်စရာပဲ ....”
ခန်းဆောင်ထဲတွင် ပင့်သက်ရှိုက်နေသောအသံများဖြင့် ပြည့်နှက်သွားသည်။
စီးပွားရေးလုပ်ငန်းကို ဆောင်ရွက်နေသော ကျင့်ကြံသူများအတွက် ဟန်မူယဲ့၏ အောင်မြင်မှုသည် အရင်းအမြစ်များကဲ့သို့ အရေးမကြီးပေ။
ထိုပစ္စည်းများက သူတို့ကို အကျိုးအမြတ်ပေးနိုင်သော အစစ်အမှန်အရာဝတ္ထု ဖြစ်သည်။
“မြန်မြန်လေး ပစ္စည်းတွေကို စစ်ဆေးရမယ်။ ငါတို့က ဒီရတနာတွေကို ကြွယ်ဝမှုအဖြစ် မြန်မြန်ပြောင်းပစ်ရမယ်”
“တစ်ရက်ပဲရှိသေးတယ် ဒီလောက်တောင်ရလာတယ်။ ငါတို့က ယွင်လန်ဓားအင်မော်တယ် လိုအပ်သမျှကို ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းနဲ့ ထောက်ပံ့ပေးရမယ်”
“မြန်မြန်လေး သတင်းပို့လိုက်။ ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်က သင်္ချိုင်းအင်မော်တယ်မြို့တော်မှာ တစ်ရက်အတွင်း နတ်ဘုရားကလန်သားနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်”
ခန်းဆောင်တစ်ခုလုံး ဆူညံသွားသည်။
လူတိုင်းက ကိုယ်ပိုင်ရည်ရွယ်ချက်နှင့် နောက်ခံအသီးသီး ရှိကြသည်။
ယခုအချိန်တွင် သူတို့၏ရည်ရွယ်ချက်က တစ်ခုတည်းသာ ဖြစ်သွားကြသည်။
ယွင်လန်ဓားအင်မော်တယ်ကို နာမည်ကြီးအောင်လုပ်ပြီး သူတို့၏ စီးပွားရေးတွင် အကျိုးအမြတ်ရှာဖွေရမည်။
သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် ရှိနေသော ဟန်မူယဲ့က ဖူယွီအင်မော်တယ်ကမ္ဘာ၏ အဖြစ်အပျက်များကို ဂရုမစိုက်ပေ။
သူက ကျောက်ချန်ကို စခန်းဆီသို့ ပြန်လွှတ်လိုက်ပြီး မြို့တော်၏ အဓိကခန်းဆောင်ဆီသို့ ရောက်လာသည်။
ခန်းဆောင်များသည် တစ်ခုနှင့်တစ်ခု ထပ်နေသောကြောင့် လမ်းညွှန်မရှိလျှင် ဟန်မူယဲ့က လမ်းရှာနိုင်မည်မဟုတ်ပေ။
“အကြီးအကဲကျီယု”
ဟန်မူယဲ့က ခရမ်းရောင်အလင်းနှင့် ပြည့်နေသော ခန်းဆောင်ထဲသို့ ရောက်လာပြီး ဦးညွတ်လိုက်သည်။
အင်မော်တယ်သခင်ကျီယုက နတ်အာရုံဖြင့် သူ့ကို လှမ်းခေါ်ခဲ့သည်။
ဟန်မူယဲ့က ဓားဂိုဏ်း၏ အကြီးအကဲကို လေးစားရမည်။
အနာဂတ်တွင် အကြီးအကဲကျီယုက သင်္ချိုင်းအင်မော်တယ်မြို့တွင်ရှိသော သူ၏ အကြီးမားဆုံးနောက်ခံ ဖြစ်လာလိမ့်မည်။
ခရမ်းရောင်ဝတ်စုံနှင့် အင်မော်တယ်သခင်ကျီယုက ဓားဆန္ဒကို ထုတ်လွှတ်နေသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီ မတ်တပ်ရပ်လိုက်သည်။
“ယွင်လန်ဓားအင်မော်တယ် ပြိုင်ဘက်ကင်းဟန်”
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး ကြယ်များကဲ့သို့ တောက်ပနေသော အင်မော်တယ်သခင်ကျီယု၏ မျက်လုံးတစ်စုံကို မြင်ရသည်။
သူ့တစ်ကိုယ်လုံးက တုန်ခါသွားသည်။ ရွှေအင်မော်တယ်အဆင့်သို့ ရောက်နေသော နတ်ဘုရားဝိညာဉ်က အေးခဲသွားသည်။
“ဗရွှအင်မော်တယ်ဝိညာဉ်၊ ဒါက မင်းရဲ့ အစစ်အမှန်ခွန်အားပေါ့”
အင်မော်တယ်သခင်ကျီယုက ခေါင်းညိတ်လိုက်ပြီး မျက်နှာထားပျော့ပြောင်းသွားသည်။
ဟန်မူယဲ့က ရွှေအင်မော်တယ်အဆင့် နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်ထားသောကြောင့် မြို့အပြင်ဘက်သို့ထွက်ပြီး တိုက်ခိုက်နိုင်သည်။ ထို့အပြင် အင်မော်တယ်သခင်ဖြစ်သော သူတို့ကို အသုံးပြုခဲ့သည်။
“မင်းရဲ့ ဓားကျင့်ကြံခြင်းနဲ့ ခွန်အားက မဆိုးဘူး။ မင်းရဲ့ တိုက်ခိုက်ရဲတဲ့သတ္တိကတော့ ရှားပါးတယ်”
“မင်းက တာအိုဂိုဏ်းကို ပြဿနာရှာခဲ့လို့ သင်္ချိုင်းအင်မော်တယ်မြို့ကို ရောက်လာတာလို့ ငါကြားတယ်”
အင်မော်တယ်သခင်ကျီယုက သူ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ငါက တာအိုဂိုဏ်းကို ကိုင်တွယ်လိုက်မယ်။ မင်းက ဒီကနေ ထွက်သွားလို့ရတယ်”
‘ထွက်သွားရမှာလား’
ဟန်မူယဲ့က အင်မော်တယ်သခင်ကျီယုကို ခေါင်းမော့ကြည့်သည်။
“ဒီနေ့ကစပြီး မင်းက မြို့တံတိုင်းပေါ်ကို ရောက်သွားရင် နတ်ဘုရားကလန်သားတွေက မင်းကို တိုက်ခိုက်ကြလိမ့်မယ်။ ငါက မင်းကို တစ်ကြိမ် ကာကွယ်ပေးနိုင်ပေမဲ့ အမြဲတမ်း ကာကွယ်မပေးနိုင်ဘူး”
အင်မော်တယ်သခင်ကျီယု၏ မျက်နှာထားက တည်ငြိမ်နေသည်။
သူက အမှန်အတိုင်း ပြောခဲ့သည်။
ယနေ့တွင် ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တော်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။ သို့သော် သူက နတ်ဘုရားကလန်၏ ပစ်မှတ်တစ်ခု ဖြစ်သွားသည်။
“ပြီးတော့ နောက်ပိုင်းမှာ တိုက်ပွဲတွေက ဒီနေ့ထက် ဆယ်ဆ၊ အဆတစ်ရာလောက် ပိုပြင်းထန်ပြီး ဒဏ်ရာရတာနဲ့ သေဆုံးတာတွေလည်း ဖြစ်လာလိမ့်မယ်။ လူတွေက မင်းကို မုန်းတီးနေကြလိမ့်မယ်”
အင်မော်တယ်သခင်ကျီယုက တည်ငြိမ်စွာပြောသည်။
“အဲဒါကြောင့် မင်းကို စောစောစီးစီးထွက်သွားဖို့ ငါက ပြောနေတာပဲ”
တိုက်ပွဲတစ်ခုတွင် နာမည်ကြီးလာရန် လွယ်ကူသည်။ သို့သော် နတ်ဘုရားကလန်၏ လက်စားချေမှုကို ရင်ဆိုင်ရန် ခက်ခဲသည်။
ကျင့်ကြံသူများက စိတ်အားထက်သန်လာသော်လည်း ထိုအခြေအနေက မည်မျှကြာအောင် ရှိနေမည်နည်း။
ခန်းဆောင်၏လေထုက မှုန်မှိုင်းနေသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
“အကြီးအကဲ၊ ကျွန်တော်က ထွက်သွားမှာမဟုတ်ပါဘူး”
အင်မော်တယ်သခင်ကျီယု၏ မျက်လုံးများက လေးနက်လာသည်။
“အကြောင်းပြချက်ပေးပါ”
ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် နေထိုင်ချင်သည့်အတွက် အကြောင်းပြချက်တစ်ခု ရှိရမည်။
“ကျွန်တော်က အင်မော်တယ်တက်လှမ်းစင်မြင့်အတွက် ယှဉ်ပြိုင်ချင်ပါတယ်”
အင်မော်တယ်တက်လှမ်းစင်မြင့် ....
အင်မော်တယ်သခင်ကျီယု၏ ဓားအလင်းက အနည်းငယ် တုန်ခါသွားသည်။
သို့သော် သူက စကားမပြောပေ။
လုံလောက်သည်။
အကြောင်းပြချက်တစ်ခု ရှိနေသ၍ လုံလောက်သည်။
ကျန်အပိုင်းသည် ဟန်မူယဲ့နှင့် သက်ဆိုင်သည်။
“အဲဒါဆိုရင် ဂရုစိုက်ပါ”
အင်မော်တယ်သခင်ကျီယုက ခေါင်းညိတ်လိုက်ပြီး စဉ်းစားနေသည်။ ထို့နောက် တီးတိုးပြောသည်။
“မင်းက ဝိညာဉ်ဓားနဲ့ မိတ်ဆွေဖွဲ့လို့ရတယ်”
ဝိညာဉ်ဓားရွှေအင်မော်တယ် ....
ဟန်မူယဲ့က ဝိညာဉ်ဓားရွှေအင်မော်တယ်၏အကြောင်းကို သိခဲ့ရသည်။
ဓားတစ်လက်၏ဝိညာဉ် ဖြစ်သည်။
သင်္ချိုင်းအင်မော်တယ်မြို့ကို ကာကွယ်ရန်အတွက် ချန်ထားခဲ့သော အကြီးအကဲတစ်ယောက်၏ဓား ဖြစ်သည်။
ဝိညာဉ်ဓားသည် ထူးဆန်းသောသဘောထားရှိပြီး ချဉ်းကပ်ရန် ခက်ခဲသည်။
သို့သော် ဟန်မူယဲ့နှင့် ဆက်ဆံရေးကောင်းပုံပေါ်သည်။
ဟန်မူယဲ့က အင်မော်တယ်သခင်ကျီယု၏ ခန်းဆောင်ထဲမှ ထွက်လာသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် အင်မော်တယ်သခင်ယွီဟယ်ကို မြင်လိုက်ရသည်။
“ကောင်လေး၊ မဆိုးဘူး”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လေးစားစွာ ဦးညွတ်သည်။
....
တဲအိမ်ထဲတွင် ဒါဇင်ချီနေသော လက်ရွေးစင်တပည့်များက ဟန်မူယဲ့၏ရှေ့တွင် မတ်တပ်ရပ်နေကြသည်။
ဝင်္ကပါများကို ဦးဆောင်ရန်အတွက် ရွေးချယ်ထားသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
“မနက်ဖြန်ကစပြီး ဂုဏ်းတပည့် ၁,၂၀၀က မြို့တံတိုင်းကို သွားရမယ်”
ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် သူတို့ကို ကြည့်သည်။
“တိုက်ပွဲက ဒီနေ့ထက် ပိုပြီး အန္တရာယ်များနိုင်တယ်”
တိုက်ပွဲသည် အမှန်တကယ်ပင် အန္တရာယ်များလိမ့်မည်။
အင်မော်တယ်သခင်ကျီယုကပင် ဟန်မူယဲ့ကို ထွက်သွားရန် ပြောခဲ့သည်။
ဟန်မူယဲ့က လူအုပ်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“မင်းတို့ တိုက်ခိုက်ဖို့ ဆန္ဒရှိလား”
‘ဆန္ဒရှိလား’
တဲအိမ်ထဲတွင် လူတိုင်းက ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။
သူတို့က စကားပြောနေရန် မလိုပေ။
သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ရောက်လာသောကြောင့် သူတို့က မတိုက်ခိုက်ပဲ နေမည်မဟုတ်ပေ။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဘေးတွင်ရှိသော ကျောက်ချန်ကို ကြည့်သည်။
“မင်းတို့အားလုံးက တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ငါတို့က သေချာပြင်ဆင်ထားရမယ်”
“မနက်ဖြန်ကျရင် မြို့ပြင်ကိုထွက်ပြီး တိုက်ခိုက်ကြမယ်”
မြို့ပြင်ကို ထွက်မည်။
လူတိုင်းက တုန်လှုပ်သွားကြသည်။
ကျောက်ချန်က မတ်တပ်ရပ်လိုက်ပြီး သိုလှောင်အိတ်များကို ဝေပေးသည်။
“ကောင်းကောင်းလေ့ကျင့်ပြီး နှိမ့်နှိမ့်ချချ နေကြပါ”
သိုလှောင်အိတ်ကို လက်ခံလိုက်သော တပည့်များက နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး မျက်လုံးပြူးသွားကြသည်။
“ဒါ .... ညီအစ်ကိုကျောက်ချန်၊ နှိမ့်နှိမ့်ချချနေဖို့ ခက်ခဲလိမ့်မယ် ....”
....
“ဝူ ....”
လေဟာနယ်ထဲတွင် ခရာသံကို ကြားလိုက်ရသည်။
ထို့နောက် ရွှေအလင်းပေါ်ထွက်လာပြီး အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သင်္ချိုင်းအင်မော်တယ်မြို့တွင်ရှိသော လူတိုင်းက မြို့တံတိုင်းကို လှမ်းကြည့်လိုက်ကြသည်။
ရန်သူများ ရောက်လာသည်။
ခရာသံအရ စစ်တပ်ကြီးတစ်ခု ဖြစ်လိမ့်မည်။
“တာအိုရောင်းရင်းတွေ ဘယ်လောက်များ ကျဆုံးသွားမလဲမသိဘူး”
လူတစ်ယောက်က ရှုပ်ထွေးနေသော မျက်နှာထားဖြင့် တီးတိုးပြောသည်။
မနေ့က တိုက်ပွဲသည် နတ်ဘုရားကလန်ကို ဆုံးရှုံးသွားစေခဲ့သည်။ ယနေ့တွင် နတ်ဘုရားကလန်က လက်စားချေမည်ဖြစ်သောကြောင့် မြို့တံတိုင်းတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်နေလိမ့်မည်။
“သွားကြစို့၊ မြို့တံတိုင်းကိုသွားဖို့ ပြင်ဆင်ကြမယ်”
လူတစ်ယောက်က အော်ဟစ်လိုက်ပြီး အင်မော်တယ်အလင်းကို ထုတ်လွှတ်သည်။
သူ့နောက်တွင်ရှိသော ဝင်္ကပါများက အသက်ဝင်လာပြီး သင်္ချိုင်းအင်မော်တယ်မြို့၏ အကာအကွယ်ဝင်္ကပါကို အားဖြည့်ပေးနေသည်။
“ဘုန်း”
ဓားအလင်းတစ်ခုသည် ကောင်းကင်အထိ ထိုးတက်သွားသည်။
ဟန်မူယဲ့၏စခန်းကို စောင့်ကြည့်နေသော ကျင့်ကြံသူများက အံ့အားသင့်သွားကြသည်။
“ယွင်လန်ဓားအင်မော်တယ်”
“ယွင်လန်ဓားအင်မော်တယ်နဲ့ တခြားလူတွေက မြို့တံတိုင်းကို သွားကြတော့မယ်”
ဓားအလင်း တစ်ထောင်ကျော်ကြောင့် အံ့အားသင့်နေသောအသံများ ပေါ်ထွက်လာသည်။
“သူတို့က ရူးနေတာလား။ ဒီနေ့ မြို့တံတိုင်းကိုသွားရင် ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုမျိုး ဖြစ်နေလိမ့်မယ်”
“ယွင်လန်ဓားအင်မော်တယ်က ဂိုဏ်းတူညီအစ်ကိုတွေရဲ့အသက်ကို အသုံးပြုပြီး အောင်မြင်မှုလမ်းကို လျှောက်ချင်နေတာလား”
“အောင်မြင်မှုက လူတစ်ယောက်ကို မျက်လုံးကန်းသွားစေတာပဲ ....”
လူတိုင်းက မြို့တံတိုင်းပေါ်သို့ ရောက်သွားသော ဓားအလင်းတစ်ထောင်ကျော်ကို ကြည့်နေခဲ့ကြသည်။
“ဂါး ....”
မြို့အပြင်ဘက်တွင် မရေမတွက်နိုင်သော ဒေါသတကြီး ဟိန်းဟောက်သံများကို ကြားနိုင်သည်။
“သတ်”
နတ်ဘုရားကလန်သား၏ ပြတ်သားသောအသံကို ကြားနိုင်သည်။