ကျောင်းအုပ်ကြီးဟန် တုန်လှုပ်သွားခြင်း
Vol. 12 Ch. 2.21
ကျောင်းအုပ်ကြီးဟန်သည် စာဖတ်ခန်းထဲမှာ စာအုပ်ဖတ်နေချိန်
"ဖိုးဖိုး.....ဖိုးဖိုး"
ဟန်ရွှယ်က ခေါ်သံနဲ့အတူ ဝင်လာလေသည်။
"သမီး ပွဲမတက်ဘူးလား.... ဘာလို့ ဒီမှာရှိနေတာလဲ?"
သူ့မြေးကိုတွေ့တော့ ကျောင်းအုပ်ကြီးဟန်က လေးနက်တဲ့ အကြည့်နဲ့ ပြုံးပြလေသည်။
"ပွဲမှာ ရန်ထဖြစ်ကြလို့ အားလုံးလည်း ပျင်းပြီးပွဲကို သိမ်းလိုက်ကြတာ!" ဟန်ရွှယ်က စားပွဲရှေ့မှာထိုင်ပြီး မေးစေ့ကို လက်နှစ်ဖက်နဲ့ ကိုင်ကာ ကူကယ်ရာမဲ့ ပြောလိုက်သည်။
"ရန်ထဖြစ်တယ်?" ကျောင်းအုပ်ကြီးဟန်က မျက်မှောင်ကြုတ်ကာ
"ဘယ်သူက စလုပ်တာလဲ?"
ကျောင်းသားလေးများ၏ အောင်ပွဲခံပွဲ ဖြစ်သောကြောင့် ထိုနေရာသို့သွားလျှင် လူတိုင်းကို ကသိကအောင့် ဖြစ်စေမှာ စိုးသောကြောင့် ထိုနေရာသို့ မသွားခဲ့ရာ ပွဲစစချင်း ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို သူမသိပါ။
"ချင်ဟွာကလွဲရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ!"
အဲဒီလူအကြောင်း ပြောရင်း ဟန်ရွှယ်သည် အနည်းငယ် ဒေါသပါတဲ့ မျက်နှာထားကို ပြလိုက်သည်။
အဲဒီကောင်က စိတ်အနှောင့်အယှက် ဖြစ်လွန်းပြီး နေ့တိုင်း သူမကို နှောင့်ယှက်နေတယ်လေ။ မိသားစုနှစ်စုကြား ပဋိပက္ခတွေဖြစ်မှာကို စိုးရိမ်တာမဟုတ်ရင် တစ်စုံတစ်ယောက်က ရှာပြီး သူ့ကို သင်ခန်းစာပေးခိုင်းလိုက်ပြီ။
"သူစလိုက်တဲ့ ပြဿနာလား?" ကျောင်းအုပ်ကြီးဟန်လည်း ခေါင်းခါလိုက်ပြီ၏
"ဒီကလေးက အမြဲတမ်း ငြိမ်ငြိမ်မနေဘူး....ပြောကြည့် ဒီတစ်ခေါက်ရော ဘယ်သူဒဏ်ရာ ရသွားသေးလဲ?"
ချင်ဟွာက သူ့မြေးလေးကို လိုက်ပိုးပန်းရင်း အကယ်ဒမီမှာ မကြာခဏ ရန်ပွဲတွေ ဖြစ်စေခဲ့တဲ့ ဒီအကြောင်းကို သူကြားတာ ကြာပါပြီ။ ဒါပေမဲ့ တစ်ဖက်လူက ချင်မိသားစုက ဖြစ်သလို ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်မို့ သူကကျောင်းအုပ် ဖြစ်ပေမဲ့ မေးမြန်းဖို့ မလွယ်ကူလှပေ။
"ဒဏ်ရာရတဲ့ လူလား? မဟုတ်ဘူး..." ဟန်ရွှယ်၏ မျက်နှာမှာ တုန်လှုပ်သွားပြီး
"အဲဒါ လုရွှမ် ..."
"လုရွှမ်? မင်းပြောခဲ့တဲ့ အသက်ကယ်သူလား? ချင်ဟွာက သူ့ကို ရိုက်ခဲ့တာလား?" ကျောင်းအုပ်ကြီးဟန်က ခဏလောက် အံ့အားသင့်သွားပြီး
"ကျန်းဝူအကယ်ဒမီက ကောင်လေးက တကယ်ကို အစွမ်းထက်တဲ့ ပါရမီရှင်တွေကြားက ပါရမီရှင်တစ်ယောက်ပါ....သင်ခန်းစာတစ်ခု သင်ကြားပြီးနောက် သူ့ရဲ့ အနာဂတ် ကျင့်ကြံမှုအတွက် အကျိုးရှိမယ့် လူသားနယ်ပယ်ထက် ကျော်လွန်တဲ့ လူတွေ ရှိနေတာကို သူသိနိုင်မှာပါ!"
"မဟုတ်ဘူး……"
အဘိုးပြောတာကို ကြားတော့ ဟန်ရွှယ်က ရှင်းပြတော့မှာ ဖြစ်ပေမယ့် ကျောင်းအုပ်ကြီးဟန်က ဖြတ်ပြောလိုက်သည်။
"သမီး ဘာကိုဆိုလိုမှန်း အဖိုးသိပါတယ်... သူက သမီးရဲ့ ကယ်တင်ရှင်ပဲ....ချင်ဟွာရဲ့ အရိုက်ခံရတာကို နည်းနည်း ရှက်မိတယ် ဒီလိုလုပ်.... သူ့ကိုလျော်ကြေးပေးဖို့ အဖိုးဆီက တစ်ခုခုယူသွားလိုက်....ကျန်းဝူအကယ်ဒမီမှာ အခင်းအကျင်း ပညာရှင်အဖွဲ့ မရှိဘူး....အဆင့်မြင့်တဲ့ အခင်းအကျင်းကိုလည်း သူတစ်ခါမှ မြင်ဖူးမှာ မဟုတ်ဘူး....အဖိုးမှာ အဆင့်၅ အခင်းအကျင်း တံဆိပ်ပြား တစ်ခုရှိတယ်... တစ်ခါမှ မသုံးရသေးဘူး သမီးကိုကယ်တင်တဲ့ ဆုလာဘ်တစ်ခုအနေနဲ့ သူ့ကိုပေးလိုက်မယ်..."
ကျောင်းအုပ်ကြီးဟန်က "ဒါက မလုံလောက်ဘူးထင်ရင် နောက်ထပ် ရွှေစ ၁သိန်း ပေးလိုက်.... ရိုက်နှက်ခံရတာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး..."
"..."
သူ့အဖိုး၏ ဤကဲ့သို့သော အစီအစဉ်ကို မြင်တော့ ဟန်ရွှယ်သည် မရယ်မငေါ့နိုင် ဖြစ်သွားသည်။
အဆင့်မြင့် အခင်းအကျင်းကို မမြင်ဖူးဘူးတဲ့လား? ပြီးတော့ အဆင့်၅ အခင်းအကျင်း တံဆိပ်ပြား?။ တစ်ဖက်လူက အဆင့်၆ အခင်းအကျင်း ဆရာကြီး ဟုတ်ပြီလား။ အဖိုးပစ္စည်းကို လှည့်ကြည့်နေမှာတောင် မဟုတ်ဘူး။
ရွှေစ၁သိန်းတဲ့လား။ အဲဒီလူက အဖိုးကျောက်ကို ရွှေစ၅သိန်းတောင် ပေးလိုက်တာနော်။
(ဘာသာပြန်သူ - အရှေ့မှာ ၅သိန်းနဲ့ ၅သောင်းကို မှားပြန်ခဲ့မိတာ ဖြစ်ပါလိမ့်မယ်)
အဓိကက
"ဖိုးဖိုး....သမီးစကားကို နားထောင်ပါဦး....လုရွှမ်က ချင်ဟွာဆီက အရိုက်ခံလိုက်ရတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့... ချင်ဟွာက လုရွှမ်လက်ချက်ကြောင့် မြေကြီးပေါ် လဲကျပြီး သတိလစ်သွားပြီ.... သူ မနိုးလာသေးဘူး..."
ကျောင်းအုပ်ကြီးဟန်၏ အစီအစဉ်ကို နှောင့်ယှက်ရင်း ဟန်ရွှယ်က ကူကယ်ရာမဲ့ ပြောလိုက်ရသည်။
"မြေကြီးပေါ် လဲကျနေပြီလား? မြန်မြန်နှိုးဖို့လုပ် အဖိုးမှာ ဆေးရည်ရှိတယ်…”
ကျောင်းအုပ်ကြီးဟန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ထို့နောက် သူ့မြေးမလေး ပြောတာကို သူနားလည်သွားရာ သူ့မျက်လုံးတွေ ပြူးကျယ်လာပြီး ပါးစပ်ကို ပွင့်လျက် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
"သမီး ဘာပြောလိုက်တာလဲ? ချင်ဟွာက မြေပြင်ပေါ်မှာ သတိလစ်တဲ့အထိ အရိုက်ခံလိုက်ရတာ သေချာလား?"
ချင်ဟွာသည် သန်မာသော ဂိုဏ်းဆရာနယ်ပယ် ဖြစ်သည်။ သူသည် ထိုနယ်ပယ်ကို မတိုင်ခင်ကမှ ဖြတ်ကျော်လာခဲ့ပြီး အနည်းငယ် အားနည်းနေသေးသော်လည်း တကယ့် ဂိုဏ်းဆရာ ဖြစ်နေဆဲပင်။
လုရွှမ်အကြောင်း သူကြားရသလောက်တော့ အတုတံဆိပ်နယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိသည်။ သူသည် ဂိုဏ်းဆရာနယ်ပယ်ကို မည်သို့ အနိုင်ယူနိုင် မည်နည်း။
"ဟုတ်!" ဟန်ရွှယ်က ခေါင်းညိတ်လေ၏။
"သူက... ချင်ဟွာကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာ ဖြစ်နိုင်မလား?" ကျောင်းအုပ်ကြီးဟန် မယုံနိုင်ဘဲ မေးလိုက်မိသည်။
"ဖိုးဖိုး ဒီလိုတွေးမယ်ဆိုတာ သိသားပဲ!" ဟန်ရွှယ်က ခေါင်းခါယမ်းလိုက်ပြီး။
"ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာ မဟုတ်ဘူး... ချင်ဟွာကသူ့ရဲ့ အကောင်းဆုံးဓားကို ထုတ်သုံးခဲ့တယ် ဒါပေမဲ့ လုရွှမ်က သူ့ကို ခွေးခြေခုံရဲ့ ခြေထောက်နဲ့ထိပဲ ပြန်တိုက်တာကို သတိလစ်သွားတယ်လေ..."
"ခွေးခြေခုံရဲ့ ခြေထောက်နဲ့?"
ကျောင်းအုပ်ကြီးဟန်မှာလည်း မယုံနိုင်အောင် ဖြစ်နေတော့သည်။
သူမအဖိုးလည်း အံ့အားသင့်သွားသည်ကို တွေ့လိုက်ရတော့ ဟန်ရွှယ်သည် ပွဲ၌ဖြစ်ပျက်ခဲ့သည်များကို ပြောပြရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
"သမီးပြောတာက... ချင်ဟွာနဲ့ လုရွှမ်က တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ပြီး တစ်ချက်တည်းနဲ့ ချင်ဟွာလွင့်သွားအောင် ရိုက်လိုက်တယ် ပြီးတော့ ချင်ဟွာက ဓားရှည်ကို ထုတ်လိုက်ပေမယ့် ခွေးခြေခုံ ခြေထောက်နဲ့ ရိုက်လိုက်တာ သတိလစ်သွားခဲ့တယ်လား?"
အခုချိန်ထိ ကျောင်းအုပ်ကြီးဟန် မယုံနိုင်သေးဘူး ဖြစ်နေသည်။
"ချင်ဟွာရဲ့ ဓားပညာက ဓားနှလုံးသားနယ်ပယ် အလယ်အလတ် အဆင့်ကို ရောက်နေပြီ....နောက်တစ်ဆင့်ကိုလည်း အချိန်မရွေး ဖြတ်ကျော်သွားနိုင်တယ် ဘယ်လိုလုပ် တခြားလူဆီကနေ အရိုက်ခံရနိုင်မှာလဲ?"
ခွေးခြေခုံ ခြေထောက်? ချင်ဟွားရဲ့ ဓားသိုင်းကို ကောင်းကောင်း ထိုးဖောက်သွားနိုင်တယ်။
လာနောက်နေတာလား?
"ဟွာချောင်ရဲ့ အဆိုအရဆိုရင် အဲဒီလုရွှမ်က ဓားသိုင်းပညာကို အလွန်နက်နဲစွာ နားလည်သဘောပေါက်ထားပြီး လူနဲ့ဓားပေါင်းစည်းခြင်း နယ်ပယ်ကို ရောက်သွားလို့ ချင်ဟွာကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့တာ ဖြစ်လိမ့်မယ်" လို့ ဟန်ရွှယ်က ဆိုလိုက်သည်။
"ဘာ? လူနဲ့ဓားပေါင်းစည်းခြင်း?"
ကျောင်းအုပ်ကြီးဟန်မှာ လုံးဝ မင်သက် အံ့ဩသွားပြီး ရုတ်တရတ် ထရပ်လိုက်ကာ သူ့တစ်ကိုယ်လုံးကလည်း တုန်ရီနေ၏။
လူသားနှင့် ဓားတို့၏ ပေါင်းစည်းခြင်းသည် ဓားပညာကို နားလည်သဘောပေါက်မှု တစ်မျိုးဖြစ်သည်။ ဤအဆင့်အထိ လေ့ကျင့်ပြီးနောက် လူသည် ဓားဖြစ်ပြီး ဓားသည်လည်း လူဖြစ်သည်။
ဓားရှည်များကို ကောင်းကောင်း သုံးတတ်သည့် မရေမတွက်နိုင်သော ထိပ်တန်းစွမ်းအားရှင်များသည် ဤကဲ့သို့သော နယ်ပယ်ကို မအောင်မြင်နိုင်သေးပေ။
သူကိုယ်တိုင်ပင် အစွန်းကို ထိရုံသာ တတ်နိုင်ပြီး နောက်ဆုံးအဆင့်ကို လှမ်းရန် အချိန်အနည်းငယ် ယူရပေလိမ့်မည်။ ၁၆နှစ် ၁၇နှစ်ကောင်လေးက ဒီအဆင့်ကို ရောက်နေပြီလား။
"ဒီကောင်လေး... သူ့မှာ ဆရာရှိလား?"
ကျောင်းအုပ်ကြီးဟန် အံ့အားသင့်သွားကာ မေးလိုက်သည်။
ထိုကဲ့သို့သော ငယ်ရွယ်စဉ်တွင် ခွန်အားနှင့် အရည်အချင်းများဖြင့် တပည့်အဖြစ် လက်ခံနိုင်လျှင် အနာဂတ်တွင် အကန့်အသတ် မရှိသော အောင်မြင်မှုများ ရရှိမည်မှာ သေချာပြီး သူ၏ ဆရာသခင်အဖြစ်လည်း ဂုဏ်ပြုခံရမည် ဖြစ်သည်။
"သူက အရမ်းထက်မြက်လို့ သူ့ကို တပည့်အဖြစ် လက်ခံချင်နေတာလား?"
ဟန်ရွှယ်သည် ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
"သူက ကျန်းဝူအင်ပါယာမှာတောင် ဒီလိုမျိုး အောင်မြင်မှုမျိုး ရအောင်လုပ်နိုင်တယ်.... သူ့ကို လေ့ကျင့်ပေးရင် ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်ကျော်ပြီး သေချာပေါက် အနာဂတ်က အောင်မြင်လိမ့်မယ်!"
ကျောင်းအုပ်ကြီးဟန်က ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်သည်။
"အဟမ်း....အဖိုးဒီကိစ္စကို ဆက်မတွေးဘဲ ရပ်သင့်တယ်လို့ သမီးထင်တယ်...ဟန်ယန်မြို့ အခင်းအကျင်း ပညာရှင်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်က အဖိုးရဲ့တပည့် ဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား?" ဟန်ရွှယ် ခေါင်းယမ်းလိုက်သည်။
"ဟန်ယန်မြို့ အခင်းအကျင်း ပညာရှင်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်? ဘာကိုပြောချင်တာလဲ?"
ကျောင်းအုပ်ကြီးဟန် တိတ်ဆိတ်သွားသည်။
"အဲဒီလုရွှမ်က ဒီနေ့အခင်းအကျင်း ပညာရှင်အဖွဲ့ကိုသွားပြီး ပျက်ပြယ်ခြင်း အခင်းအကျင်းကို ပေါ့ပေါ့တန်တန်လေး ဆွဲသွားတယ်! အဖိုးကျောက်ကိုယ်တိုင်က သူ့ရဲ့လက်ရှိ အခင်းအကျင်း အင်အားက အနည်းဆုံး အဆင့် (၆) အဆင့်အထိ ရောက်နေပြီလို့ ပြောတယ်..."
ဟန်ရွှယ်မှာ နေ့လယ်တုန်းက ကိစ္စကို ရှင်းပြဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
"ပျက်ပြယ်ခြင်း အခင်းအကျင်း? ဂုဏ်ထူးဆောင် အဖွဲ့ချုပ်?"
ကျောင်းအုပ်ကြီးဟန်၏ နှုတ်ခမ်းများ တုန်လှုပ်သွားသည်။
ဒီအခြေအနေနဲ့ဆို ဝူယန်အင်ပါယာ၌ပင် သူသည် ထိပ်တန်းအဆင့်တွင် သေချာပေါက် ရှိနေပြီ။ အဆင့်၆ အခင်းအကျင်းပညာရှင်က ဘယ်လိုလုပ် သူ့ကိုဆရာအဖြစ် ကိုးကွယ်ပါ့မလဲ?
"အဆင့်၆ အခင်းအကျင်းပညာရှင် ဆရာကြီး... လူနဲ့ဓား ပေါင်းစပ်ခြင်း ဓားသိုင်းနဲ့ သန်မာတဲ့လူကို တိုက်ထုတ်နိုင်သွားတယ်... သူ...တကယ်ပဲ ကျန်းဝူအင်ပါယာလို သေးငယ်တဲ့အရပ်က လူတစ်ယောက်ဆိုတာ သေချာရဲ့လား"
ကျောင်းအုပ်ကြီးဟန်မှာ မယုံနိုင်စွာ မျက်မှောင်ကြုတ်လိုက်သည်။
မကောင်းဆိုးဝါး တစ်ကောင်လို အရည်အချင်းနဲ့ အသိပညာ ကောင်းတဲ့ ဒီကောင်လေးနဲ့ နှိုင်းယှဥ်လိုက်ရင် သူကသာ နေရာသေးသေးလေး လူလို့ ဘာလို့ ခံစားနေရတာလဲ။
ယနေ့ ထိတ်လန့်မှုသည် သူ့တစ်သက်တာထက်ဝက်ကျော်ပင် ဖြစ်နေပြီ။
"မဖြစ်ဘူး! ငါ အဲဒီလုရွှမ်ကို သွားတွေ့မယ်!"
မတ်တပ်ထရပ်ပြီး ကျောင်းအုပ်ကြီးဟန်က စကားများများ မပြောဘဲ တည့်တည့်လျှောက်သွားကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ ရုတ်တရက် ရပ်သွားပြီး မဝေးလှသော တံစက်မြိတ်အောက်မှ အလင်းရောင်ကို မြင်လိုက်ရသည်။
သူ့ကိုယ်လုံးသည် အလိုအလျောက် တုန်လှုပ်သွားကာ မျက်လုံးများ နီရဲလာ၍ အသက်မရှူနိုင်တော့ဘဲ ဖြစ်လာသည်။
"နောက်ဆုံးတော့ လာပြီပေါ့? ဒီတစ်သတ်မှာ ပြန်တွေ့ရဦးမယ်လို့ မထင်ထားဘူး..."
ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားရင်း ကျောင်းအုပ်ကြီးဟန်က လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။ မယုံကြည်နိုင်လောက်သည့် အသံတစ်ခု သူ့ပါးစပ်မှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။