← Chapters

သားရဲစီးခြင်း

Vol. 12 Ch. 2.24

သားရဲစီးခြင်း

Vol. 12 Ch. 2.24

"အဖိုး ဘာလုပ်မလို့ပါလိမ့်?"

အဖြစ်အပျက်ကို သူမမျက်လုံးထဲမှာ မြင်လိုက်ရတော့ ဟန်ရွှယ်လည်း မျက်မှောင်ကြုတ်သွားသည်။

မနေ့က လုရွှမ်ရဲ့ အသေးစိတ်အချက်အလက် အားလုံးကို သူမပြောခဲ့ပြီးပြီ။ ခွန်အားကို ထည့်မပြောဘဲ ဟန်ယန် အခင်းအကျင်းပညာရှင် အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ကြီးဆိုတဲ့ ရာထူးကပင် လင်းယုန်ငှက်တစ်ကောင်ကို စီးဖို့ သေချာပေါက် အရည်အချင်း ပြည့်မီတယ်လေ။

ဘာကြောင့် အဘိုးက ပေးမစီးခိုင်းတာလဲ?

"အောက်က လင်းယုန်ညိုမှာ ကျောက်ဖူနဲ့ လျိုချောင်း...."

အားလုံးက ဘာတွေတွေးနေမှန်း မသိဘဲ ကျောင်းအုပ်ကြီးဟန်မှာ ဆက်ပြီး နေရာချပေးနေ၏။

မကြာမီတွင် လင်းယုန်ငှက်များ အားလုံးနီးပါးကို ခွဲဝေပေးခဲ့ပြီး ကျောင်းသား ခုနစ်ဆယ်ကျော်တွင် ၎င်းတို့၏ ကိုယ်ပိုင်နေရာများ ရှိခဲ့သော်လည်း လုရွှမ်၏ အမည်ကို ယခုထိ မခေါ်သေးပေ။

ဒီအချိန်မှာ လူတိုင်းကလည်း တစ်ခုခု မှားနေပြီလို့ ခံစားလာရသည်။

"ဧကန္တ....ကျောင်းအုပ်ကြီးက အစကတည်းက လုရွှမ်ကို ခေါ်မသွားချင်တာလား?"

"ဖြစ်နိုင်တယ်... သူက ငါတို့ အကယ်ဒမီကမှ မဟုတ်ဘဲကို ပျံသန်းသားရဲကို မစီးနိုင်တာ သာမာန်ပဲ"

"ပျံသန်းသားရဲကို မစီးနိုင်ဘူး ဆိုရင်တော့ သူ ဝူယန်တော်ဝင်မြို့တော် (ဧကရာဇ်မြို့တော်)ကို ကီလိုမီတာ ထောင်ချီ လမ်းလျှောက်သွားရမှာပဲ! သူ့မှာ တကယ့် စွမ်းအင်တွေ အများကြီး ရှိရင်တောင် တစ်လအတွင်းတော့ အဲဒီကို မရောက်နိုင်ဘူး!"

.......

သိမ်းငှက်ညို တစ်ကောင်သာ ကျန်တော့ပြီး ခွဲဝေပြီးနောက် လုရွှမ်ရဲ့ နာမည်ကို မခေါ်တာ တွေ့လိုက်ရတော့ အားလုံးက တစ်ခုခုကို သိသွားသလိုဖြင့် ခေါင်းယမ်းလိုက်ကြသည်။

"ကျောင်းအုပ်ကြီး...."

ဤအခိုက်အတန့်တွင် ကျောင်းအုပ်ကြီးသည် လုရွှမ်ကို ဖိနပ်တစ်ရံလို သဘောထားလိုက်ကြောင်း ဟွာချောင်နှင့် အခြားလူများက 100% သေချာသွားပြီး သူတို့၏ မျက်နှာများသည် စိုးရိမ်တကြီး နီမြန်းသွားကြသည်။

"ညီလေးလု... မင်းက ငါ့ခုံမှာ ထိုင်လိုက်ပါ... ငါအလျင်လိုနေတာ မဟုတ်တော့ အဆိုးဆုံး ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လိုက်မယ်..."

"ငါရောပဲ... ငါ့အငယ်တန်း တစ်ယောက်က ငါ့ကို ထိုင်ခုံပေးမယ်လို့ အခုနကပဲ ပြောတယ်..."

ဟွာချောင်နှင့် လျိုခိုင်က ကပျာကယာနဲ့ ပြောလိုက်သည်။

ဒါပေမယ့် သူတို့စကားမဆုံးခင်မှာ ကျောင်းအုပ်ကြီးဟန်ရဲ့ အသံက ထွက်ပေါ်လာ၏။

"ဟန်ရောင်က နောက်ဆုံး လင်းယုန်ငှက်တစ်ကောင်ပဲ!"

"အမ်?"

အားလုံးက တခဏတာ အံ့အားသင့်သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"ကျောင်းအုပ်ကြီးက မီးခိုးရောင် လင်းယုန်ကို စီးမယ်?"

ကြားတာများ မှားလားလို့ လူတိုင်းက သိချင်သွားကြသည်။

ကျောင်းအုပ်ကြီးမှာ သူ့ကိုယ်ပိုင် လင်းယုန်နီသားရဲ ရှိသည်။ မတည်ငြိမ်တဲ့ ပျံသန်းမှုရှိတဲ့ အနိမ့်ဆုံးအဆင့် မီးခိုးရောင် လင်းယုန်သားရဲကို ဘာကြောင့် ယူလိုက်တာလဲ?

"လင်းယုန်နီသားရဲ....လုရွှမ်၊ ဟန်ရွှယ်!"

လူတိုင်းက အံ့သြနေကြစဉ် ကျောင်းအုပ်ကြီးဟန်သည် လင်းယုန်နီသားရဲ အပေါ် စီးနင်းမည့်လူများ၏ အမည်ကို ထုတ်ဖော်ပြသခဲ့သည်။

ထိုနာမည်နှစ်ခုကို ကြားတော့ အားလုံး အံသြသွားကြရပြန်၏။

တကယ်ကြီးလား?

ကျောင်းအုပ်ကြီးဟန်က သူ့ကိုယ်ပိုင် လင်းယုန်နီသားရဲကို လုရွှမ်ဆီ ပေးလိုက်တာလား?

ကျောင်းအုပ်ကြီးရဲ့ လင်းယုန်နီသားရဲကို နက်နဲတဲ့ တောင်တန်းတွေပေါ်မှာ ယဉ်ပါးအောင် ထိန်းကျောင်းထားပြီး သူ့ကို အရမ်းတန်ဖိုးထားသည်။

ကျောင်းအုပ်ကြီး ဖြစ်လာပြီးကတည်းက တခြားသူတွေကို ချေးငှားတယ်ဆိုတာ တစ်ခါမှ မကြားဖူးခဲ့ပေ။ ဒီကောင်လေးကို တိုက်ရိုက် စီးခွင့်ပေးလိုက်တာက သူတို့များ အမြင်မှားနေတာလား။

လူတိုင်း မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း အနည်းငယ် ဆွံ့အသွားကြသည်။

ဟန်ရွှယ်သည်လည်း သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်ဖြင့် မယုံနိုင်လောက်အောင်ပင် ဖြစ်နေ၏။

ကျောင်းအုပ်ကြီးဟန်သည် သူ၏ လင်းယုန်နီကိုမည်မျှ အဖိုးတန်သည်ကို အခြားသူများ မသိကြပေမယ့် သူမကတော့ ကောင်းကောင်း သိပါသည်။ သူမ စီးချင်သော်လည်း ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး ယခုတစ်ကြိမ်သာ တွေ့ဖူးသော ကောင်လေးကို တိုက်ရိုက်ပေးစီးလိုက်သည်။

ဟန်ယန်မြို့ အခင်းအကျင်း ပညာရှင်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ဖြစ်တာနဲ့ လင်းယုန်နီကို စီးခွင့်ရသွားတာတော့ မဟုတ်ပါဘူးနော်!

ဂုဏ်ထူးဆောင် အဖွဲ့ချုပ်သည် အသက်ငယ်သော်လည်း ဝူယန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးသည်ပင် နောက်ကျ ကျန်နေခဲ့ရပြီလေ။

ဟန်ရောင်က ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲဆိုတာ တခြားသူတွေက မသိပေမယ့် လုရွှမ်က ဒါကို ကောင်းကောင်းသိသည်။ သခင်လေးဖြစ်တဲ့ သူ့နေရာကို အလေးပေးတယ် ဆိုတာ ထင်ရှားပေ၏။

တစ္ဆေအုပ်စု၏ အဆင့်သည် တင်းကျပ်ပြီး တမန်တော်၏ အဆင့်အတန်းသည် အုပ်စုခေါင်းဆောင်နှင့် တန်းတူဖြစ်သည်။ မည်မျှပင် ရဲရင့်နေပါစေ ဟန်ရောင်သည် အဆင့်အမြင့်ဆုံး လင်းယုန်နီသားရဲကို သူ့ဘာသာသူ မစီးဝံ့ဘဲ လင်းယုန်ညို ဒါမှမဟုတ် လင်းယုန်စိမ်း သားရဲကိုသာ စီးမှာဖြစ်၏။

သို့သော် လုရွှမ်သည် အလွန်အမင်း ပေါ်လွင်မနေချင်တာကြောင့် ခေါင်းကို မော့ကာ

"ကျွန်တော် လင်းယုန်ညိုကို စီးလိုက်ပါမယ်... လင်းယုန်နီကိုတော့ ကျောင်းအုပ်ကြီးကပဲ စီးလိုက်ပါ...."

"အဲဒါတော့ ဘယ်ဖြစ်မလဲ... သ... မင်းက ငါတို့ အကယ်ဒမီရဲ့ ဧည့်သည်ပဲလေ မင်းကို မီးခိုးရောင် လင်းယုန်ကို ဘယ်လိုလုပ် စီးခွင့်ပေးရမလဲ!"

ကျောင်းအုပ်ကြီးဟန် ကမန်းကတန်း ပြောလိုက်သည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးရဲ့ မျက်လုံးတွေ ကျွတ်ကျတော့မတတ် ဖြစ်သွားပြန်၏။

ဘာလို့များ ကျောင်းအုပ်ကြီးဟန်က ဒီနေ့ နည်းနည်းတော့ အူကြောင်ကြောင် နိုင်တယ်လို့ ခံစားနေရပါလိမ့်။

"အဘိုး.... ဒီလိုဆိုရင်ရော ဘယ်လိုလဲ? လုရွှမ်နဲ့ သမီးက သမီးရဲ့ လင်းယုန်နီသားရဲကို အတူတူစီးမယ် အဘိုးလည်း အဘိုးရဲ့သားရဲကို စီးပေါ့!" ဘေးက ဟန်ရွှယ်မှ ရုတ်တရက် ထပြောလိုက်သည်။

အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် ကျောင်းအုပ်ကြီးဟန်သည် သဘောတူမှ ခေါင်းညိတ်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။

လုရွှမ်သည် သူ့မည်သူမည်ဝါ ဖြစ်သည်ကို မဖော်ပြချင်ကြောင်း သူသိသော်လည်း အဆင့်နိမ့် သားရဲကို မစီးခိုင်းဝံ့ဘဲ အဆင့်မြင့် သားရဲကို ပေးစီးခဲ့သည်။ စေ့စေ့စပ်စပ်စဉ်းစားပြီးနောက် ဤနည်းသည် အကောင်းဆုံး ဖြစ်လေသည်။

"ညီလေးလု...."

အပြောင်းအလဲ များစွာက လူတိုင်းကို ထိတ်လန့်သွားစေခဲ့ပြီး ဟွာချောင်သည် သူ၏လက်မကို ထောင်ပြရင်း

"မင်းက အံ့သြစရာ ကောင်းလိုက်တာ!"

မတိုင်ခင်က ကျောင်းအုပ်ကြီး လုရွှမ်ကို လင်းယုန်စိမ်း မစီးစေဘဲ တမင်တကာ အခက်တွေ့စေခဲ့တာလို့ ထင်မိပေမယ့် မထင်မှတ်ပဲ ကျောင်းအုပ်ကြီးက သူ့ကိုယ်ပိုင် လင်းယုန်နီသားရဲကိုတောင် စွန့်လွှတ်လိုက်လေသည်။

ဒီအရာကို လူတိုင်းက အံ့အားသင့်နေ ကြပေမယ့်လည်း လက်ခံရဆဲဖြစ်သည်။ အဓိကကတော့ ဟန်ရွှယ်က လုရွှမ်ကို သူ့ရဲ့ လင်းယုန်နီပေါ်စီးဖို့ ဖိတ်ခေါ်ခဲ့ပြီး ကျောင်းအုပ်ကြီးကလည်း သဘောတူခဲ့သည်။

"ညီလေးလုရေ....မင်းက ငါတို့ထက် သာလွန်ရုံမက မိန်းကလေးတွေကို လိုက်နိုင်တဲ့ စွမ်းရည်လည်း ရှိတယ်... မင်းအချိန်ရရင် ငါ့ကို ကောင်းကောင်း သင်ပေးရမယ်နော်"

"ငါလည်း သင်ယူချင်တယ်..."

ဝမ်ရန်နှင့် လျိုခိုင်သည် သနားစရာကောင်းသော အပြုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။

"မိန်းကလေးတွေ လိုက်တာလား?"

လုရွှမ် ခေါင်းခါလိုက်ပြီး ဒီမှာဘာတွေ ဖြစ်နေတာလဲ ဆိုတာပင် မသိတော့ချေ။

သူမ၏ လင်းယုန်နီသည်လည်း သူမ၏အဘိုး ကိုယ်တိုင် ပြုစုစောင့်ရှောက်ထားသောကြောင့် သူမနဲ့အတူ စီးခြင်းက အခြားအရာနှင့် ဘာမှမဆိုင်ပေ။

အစီအစဉ် ဆွဲပြီးနောက် မုယန်ဖုန်းသည် ဟွာချောင်နှင့် အခြားသူများနှင့်အတူ ထိုင်ခဲ့ပြီး လုရွှမ်နှင့် ဟန်ရွှယ်သည် အတူတူ ထိုင်ခဲ့သည်။ အစတွင် သူဘာမျှ သတိမထားမိသော်လည်း ဟန်ရွှယ်၏ လင်းယုန်နီသားရဲကို မြင်သောအခါတွင် လျိုခိုင်တို့ သူ့ကို ဘာကြောင့် ညစ်ညမ်းတဲ့ အကြည့်တွေနဲ့ ကြည့်နေလဲ နားလည်သွားခဲ့သည်။

ဤလင်းယုန်နီသားရဲသည် အရွယ်အစားမှာ သေးငယ်ပြီး တစ်ချက်ကြည့်လိုက်လျှင် အသက်မပြည့်သေးသည်ကို တွေ့မြင်နိုင်သည်။ လူတစ်ဦးအတွက် အဆင်ပြေသော်လည်း လူနှစ်ယောက်အတွက် အနည်းငယ် စည်ကားနေ၏။

ပြတ်ပြတ်သားသား ပြောရရင် လူနှစ်ယောက် အတူတူစီးရင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဖို့ လွယ်ကူသွားပြီ။

"သွားကြရအောင်!"

ဟန်ရွှယ်က သားရဲရဲ့ ကျောပေါ်ကို အရင်တက်သွားသည်။

မိန်းကလေး တစ်ယောက်ကတောင် ဘာမှစိတ်ထဲ မထားတာ မြင်ရတော့ လုရွှမ်ဟာ အဓိပ္ပါယ်မဲ့ စကားတွေကို ပြောမနေဘဲ သူ့ခန္ဓာကိုယ် ပေါ့ပါးစွာလှုပ်ရှား၍ လင်းယုန်ငှက်ရဲ့ ကျောပေါ်မှာ ဆင်းသက်လိုက်သည်။

လင်းယုန်ငှက်၏ နောက်ကျောသည် ကျဉ်းမြောင်းပြီး အနီးတွင် ရပ်နေသည့် တစ်ချိန်တည်းမှာပင် မွှေးကြိုင်သော မိန်းကလေး၏ မွှေးရနံ့သည် နှာခေါင်းထဲသို့ စိမ့်ဝင်လာကာ လူ့စိတ်ကို လတ်ဆတ်သော အရသာကို ပေးစွမ်းသည်။

သို့သော် သူ့နှလုံးသားထဲတွင် မည်သည့် လှိုင်းလုံးမှ မရှိသလို အနည်းငယ်မျှသော စိတ်လှုပ်ရှားခြင်းမျိုးလည်း မရှိပေ။

သူသည် မိန်းကလေးများကို မကြိုက်တာ မဟုတ်ဘဲ မုန်းတီးမှုကြောင့် လက်စားချေရန် ကြိုးစားနေချိန် ထိုခံစားချက်များအကြောင်း တွေးနေရန် အချိန်မရှိလို့သာ ဖြစ်သည်။

လင်းယုန်နီသည် အတောင်ပံများဖြန့်ကာ ပျံတက်သွားကာ လျင်မြန်သော လေသည် သူတို့နှစ်ဦးကို နီးကပ်သွားစေသည်။ ဟန်ရွှယ်သည် ကောင်လေး၏ ခန္ဓာကိုယ်မှ ထွက်လာသော အပူဒဏ်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး မွှေးကြိုင်သော အနံ့နှင့်အတူ သူမ၏ လှပသော မျက်နှာသည် အနည်းငယ် နီရဲသွား၏။

သူမ ဒီလောက်ကြီး ကြီးပြင်းလာခဲ့ပေမယ့် ယောက်ျားလေး တစ်ယောက်နဲ့ ဘယ်လောက်မှ မရင်းနှီးခဲ့ဖူးချေ။

"ငါသူ့ကို ဖိတ်ခေါ်လိုက်တာက... သူက အခင်းအကျင်း ဖွဲ့စည်းမှုမှာ အရမ်းထူးချွန်တာကြောင့် သူ့ဆီကနေ အခင်းအကျင်း ပုံစံတွေကို သင်ယူချင်လို့ပဲ..... ဟုတ်တယ် အခင်းအကျင်း ပညာတွေကို သင်ယူချင်လို့"

မတည်ငြိမ်ခင်မှာ အတွေးထဲ ရိုင်းစိုင်းစွာ တွေးတောရင်း အချိန်အတော် ကြာပြီးမှ မျက်လုံးတွေ ကြည်လာခဲ့သည်။

တစ်ဖက်လူကို သဘောကျလို့ ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘဲ အခင်းအကျင်း ဖွဲ့စည်းမှုကို လေ့လာချင်တာကြောင့် ဖြစ်သည်။

စိတ်တွေ တင်းကြပ်ကာ ခေါင်းကို လှည့်ကြည့်လိုက်သော်လည်း မနီးမဝေးမှာ ထိုင်နေသည့် လူငယ်ကို မြင်လိုက်ရသည်။ သူသည် ဘယ်အချိန်က မျက်လုံးမှိတ်ထားလိုက်သည် မသိ လေထဲတွင် လွင့်ပျံနေသော ဝိညာဥ်စွမ်းအင်များက ခန္ဓာကိုယ်တွင်းသို့ ဖြည်းညှင်းစွာ စီးဆင်းသွားသည်။

ဒီကောင်က စိတ်တည်ငြိမ်အောင် ထားပြီး ကျင့်ကြံနေတယ်ပေါ့။

"မုန်းစရာကြီး!"

သူမ၏မျက်နှာသည် နီရဲလာပြီး ဒေါသအလွန်ထွက်ကာ လင်းယုန်၏ ကျောပြင်မှ ကောင်လေးကို ကန်ထုတ်ပစ်ချင်လာခဲ့သည်။

သူမက ဘာပဲဖြစ်ဖြစ် ဝူယန်အင်ပါယာရဲ့ အလှဆုံး မိန်းကလေးပဲ။ သူမနဲ့ အရမ်းနီးကပ်နေတာတောင် တည်တည်ငြိမ်ငြိမ်နဲ့ အသက်ရှူပြီး စိတ်အေးချမ်းသာသာစွာ လေ့ကျင့်နိုင်တယ်?

ဒီကောင်က ဘာဖြစ်နေတာလဲ?

All Chapters