ဂုဏ်ယူနေတဲ့ဆူးယာ
Vol. 12 Ch. 2.26
"အဲဒါက……"
သူက စကားလမ်းကြောင်း လွှဲနေမှန်းသိတာနဲ့ ဟန်ရွှယ်က မျက်လုံးတွေကို မှိတ်လိုက်ပြီး ခဏအကြာမှ မျက်မှောင်ကြုတ်ကာ
"အဲဒါက ကျောင်းသားဟောင်းနဲ့ ကျောင်းသားသစ်တွေ တွေ့ဆုံပွဲ လုပ်တာထင်တယ်!"
"ကျောင်းသားသစ် အဟောင်း တွေ့ဆုံပွဲ?"
"အင်း... ပုံမှန်အခြေအနေ အရဆို ဝူယန်အကယ်ဒမီက ကျောင်းသားသစ်တွေကို သုံးလအတွင်း ခေါ်ယူတတ်တယ်...ဒါပေမဲ့ အကယ်ဒမီက ကြိုတင်ရှာဖွေ တွေ့ရှိခဲ့ထားတဲ့ ပါရမီရှင် တချို့လည်း ရှိနေပြီး အခုအချိန်မှာ စာရင်းသွင်းဖို့ အကယ်ဒမီကို ဝင်ရောက်ကြမှာလေ.... သူတို့အားလုံးက ပါရမီရှင်တွေချည်းပဲ.... အကယ်ဒမီကျောင်းက ပုံမှန်အားဖြင့် လေ့ကျင့်မှုအတွေ့အကြုံ ဖလှယ်ဖို့နဲ့ အချင်းချင်း ရင်းနှီးလာအောင် ကျောင်းသားသစ်တွေ ကျောင်းသားဟောင်းတွေနဲ့ တွေ့ဆုံပွဲ လုပ်ပေးတယ်....
ဟန်ရွှယ်က ရှင်းပြလေသည်။
"အင်း!" လုရွှမ် ခေါင်းညိတ်သည်။
ကျောင်းသားဟောင်းများနှင့် ကျောင်းသားသစ်များ နှီးနှောဖလှယ်ပွဲမျိုးသည် တချို့သော အကယ်ဒမီကြီးများတွင် အလွန်အသုံးများပြီး ၎င်းသည် ထွေထွေထူးထူးတော့ မဟုတ်ပေ။
အမည်တွင်သာ ၎င်းသည် နှီးနှောဖလှယ်ပွဲ တစ်ခုဖြစ်သော်လည်း အမှန်တကယ်တွင် ကျောင်းသားဟောင်းများနှင့် ဂိုဏ်းဖွဲ့ရန် သို့မဟုတ် ၎င်းတို့၏အာဏာကို ပြသရန် အချိန်ကောင်းဖြစ်သည်။
"လာ....ကျွန်မတို့လည်း သွားကြည့်ရအောင်!"
ထိုအရာကို အတည်ပြုပြီးနောက် ဟန်ရွှယ်က အနည်းငယ် ပြုံးလိုက်သည်။
"ဘာကြည့်စရာရှိလို့လဲ"
လုရွှမ်ကတော့ ခေါင်းယမ်းလိုက်သည်။
သူစိတ်မဝင်စားဘူး။
အရည်အချင်း ပြည့်မီရင်တောင်မှ မကြာသေးခင်ကမှ အကယ်ဒမီကို ဝင်ခွင့်ရတဲ့ ကောင်လေးတွေက ဘယ်လိုခွန်အားတွေ ရှိနိုင်မှာမလို့လဲ?
ထိုကျောင်းသား ဟောင်းများအတွက်မူ သူသည် ထိုထဲမှတစ်ယောက်ကိုမှ မသိတဲ့အပြင် စိတ်ဝင်စားမှုလည်း မရှိပေ။
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့က မြန်နေတယ်လေ....ရှင့်ရဲ့လက်အောက် ငယ်သားနဲ့ ဟွာချောင်တို့က မရောက်သေးဘူးဆိုတော့ သွားကြည့်လိုက်တာလည်း အများကြီး အချိန်မဖြုန်းပါဘူး!"
ဟန်ရွှယ်က ပြုံးပြီး လင်းယုန်နီရဲ့ ပျံသန်းနေတဲ့ ဦးတည်ရာကို လှည့်ပြီး လူစုလူဝေး ရှိရာဆီသို့ ဆင်းသက်လိုက်သည်။
ဟွာချောင်၊ မုယန်ဖုန်းနဲ့ တခြားသူတွေက သူတို့စီးနေတဲ့ လင်းယုန်နီထက် ပိုနှေးကွေးတဲ့ လင်းယုန်စိမ်းကို စီးကြရလို့ နောက်မှာ ကျန်ရစ်ခဲ့ပြီး အမီလိုက်ဖို့ အနည်းဆုံး တစ်ရက်လောက် အချိန်ယူရလိမ့်မည်။
"ကောင်းပါပြီ!"
သူမပြောတဲ့အတိုင်း မုယန်ဖုန်း မရောက်သေးဘူးလို့ ခဏလောက်တွေးပြီး သူ့စိတ်ဆန္ဒအတိုင်း လမ်းမလျှောက် ချင်တော့ဘဲ ခေါင်းညိတ်ပြလိုက်ရသည်။
သဘောမတူလို့ကလည်း မဖြစ်တော့ချေ။ လင်းယုန်နီသားရဲက ထိုအရပ်ကို ပျံနေပြီဖြစ်လို့ မသွားချင်ရင်တောင် ဒီသားရဲပေါ်က ထွက်သွားဖို့ မဖြစ်နိုင်ဘူး။
…………………………
အောက်ဖက်က လူအုပ်ထဲမှာ လူငယ်တချို့က စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြသည်။
ဝူယန်အကယ်ဒမီသည် ဝူယန်အင်ပါယာ၏ နံပါတ်တစ် ကျောင်းဖြစ်ပြီး ဤနေရာသို့ ဝင်ရောက်ခြင်းသည် သန်မာသောလူတစ်ဦး ဖြစ်လာရန် ကျယ်ပြန့်သောလမ်းကို စတင်လိုက်ပြီဟု ဆိုလိုခြင်းသာ ဖြစ်သည်။
လူငယ်များ၏ အရိပ်ကြားတွင် ၁၆ ၁၇နှစ်အရွယ် မိန်းကလေးသည် အဖြူရောင်လည်ပင်းကို မြှောက်ထားပြီး အနက်ရောင် မျက်လုံးများဖြင့် ပတ်ပတ်လည်ကို ကြည့်ကာ အပြစ်ကင်းစင်သော ကျောက်စိမ်းမျက်နှာပေါ်တွင် ဂုဏ်ယူနေပုံကို ဆင်မြန်းထား၏။
သူမပင်။ ဆူးယာ နောက်ဆုံးတော့ ရောက်နေပြီ။
ကျန်းဝူအကယ်ဒမီမှ ထွက်ခွာလာပြီးနောက် သူမနှင့် အဘိုးကြီး မော့ချန်သည် နေ့ရောညပါ တလမ်းလုံး ခရီးနှင်လာခဲ့ပြီး နောက်ဆုံးတွင် လွန်ခဲ့သော နှစ်ရက်ကမှ ဤနေရာကို ရောက်ရှိလာခဲ့သည်။
အင်ပါယာ နှစ်ခုကြား ကွာဟချက်ကို သိလိုက်ရတော့မှ ကျန်းဝူအကယ်ဒမီရဲ့ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေ ဆိုတာ ဟာသကလွဲလို့ ဘာမှမဟုတ်တော့ချေ။
အကယ်ဒမီကြီးဆိုတာ ဘာလဲ? မြို့တော်ကြီးဆိုတာ ဘာလဲ? ဒီနေရာကမှ တကယ့်နေရာ အစစ်ပင်။
"သူက ကျန်းဝူအကယ်ဒမီက ငတုံးတစ်ယောက်ပဲ...ဒီနေရာနဲ့ယှဥ်ရင် ဘာမှမဟုတ်တော့ဘူး"
သူမကို မျက်နှာပျက်စေခဲ့သော လုရွှမ်အကြောင်းကို တွေးရင်း ဆူးယာ အေးစက်စွာ ရေရွတ်လိုက်၏။
ဝူအဆင့်၃ တန်လိနယ်ပယ်ဆိုတာ ကျန်းဝူအကယ်ဒမီမှာ ထူးချွန်သူလို့ ယူဆလို့ရပေမယ့် ဝူယန်အကယ်ဒမီမှာတော့ မလုံလောက်သေးပါ။ တခြားသူကို မပြောဘဲ သူမကိုယ်တိုင်နဲ့ပင် နှိုင်းယှဥ်ကြည့်လို့ရသည်။
လမ်းတစ်လျှောက်မှာ လူကြီးမင်းမော့ချန်၏ လမ်းညွှန်မှုအောက်မှာ နေ့ညမပျက် လေ့ကျင့်ခဲ့ရာ တန်လိနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့လေပြီ။ အခုဆို နန်းတော်ပင်လယ် နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ကွာတော့သည်။
ဒီလို မြှင့်တင်မှုအရှိန်ကြောင့် လုရွှမ်ဟာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူမကို လိုက်မမီနိုင်ဘူးလို့ သူမ ယုံကြည်ထားလေသည်။
ကြည့်လိုက်တဲ့အခါ ယခုနှစ် အကယ်ဒမီမှ ခေါ်ယူထားသော တပည့်များစွာသည် သူမနှင့် အသက်တူသော်လည်း အများစုမှာ တန်လိနယ်ပယ်သို့ ရောက်ရှိကြပြီး တချို့မှာ နန်းတော်ပင်လယ်နယ်ပယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဤခွန်အားမျိုးသည် ကျန်းဝူအကယ်ဒမီ၏ အကြီးတန်း ကျောင်းသားများ ကြားတွင် သေချာပေါက် အဆင့်သတ်မှတ် နိုင်သော်လည်း ဒီမှာတော့ ၎င်းတို့သည် သာမန်လူသစ်များသာ ဖြစ်သည်။
သူတို့ကို လာနှုတ်ဆက်တဲ့ ကျောင်းသားဟောင်းတွေ အားလုံးက ဖိရွှယ်နယ်ပယ်နဲ့ ထုံးရွှမ်နယ်ပယ်ကို ရောက်နေခဲ့ကြ သူတွေတောင် ရှိလေသည်။
"သခင်လေးချင်ဟွာက ဝူယန်အကယ်ဒမီမှာ သာမက အင်ပါယာတစ်ခုလုံးမှာပါ နံပါတ်တစ် ပါရမီရှင်ပဲ...သူ့ရဲ့ခွန်အားက ဂိုဏ်းဆရာနယ်ပယ်ကို ရောက်နေပြီ သူ့ရဲ့လေ့ကျင့်ဖော် အဖြစ် ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ သူ့ကိုအရှက်မကွဲစေနဲ့!"
လူကြီးမင်းမော့က မသွားခင် သူမကိုပြောခဲ့တာကို တွေးရင်း သူမမှာတုန်လှုပ်နေဆဲ။
ဂိုဏ်းဆရာနယ်ပယ်ပဲ! အဲဒါ ဂိုဏ်းဆရာနယ်ပယ်တဲ့!
ဂိုဏ်းဆရာနယ်ပယ် ဆိုတာ ကျန်းဝူအင်ပါယာ တစ်ခုလုံးတွင် မည်သူမျှ မရှိချေ။
သူမအား ဤနေရာသို့ ခေါ်ဆောင်လာသူ ပါရမီရှင်သည် အသက်နှစ်ဆယ်ကျော်တွင် ဤအဆင့်သို့ ရောက်နေပြီဟု ကြားသိရသောအခါ သူမနားကိူပင် မယုံနိုင်ပေ။
"ဒီလို ပါရမီရှင် တစ်ယောက်အတွက် လေ့ကျင့်ဖော်လုပ်ရတာ အရမ်းဂုဏ်ယူပါတယ်..."
သူမမျက်နှာ နီမြန်းလာပြီး လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း မှန်ကန်တဲ့လမ်းကို ရွေးလိုက်တာကို တိတ်တဆိတ် ဝမ်းသာမိလေသည်။
ဂိုဏ်းဆရာနယ်ပယ်၏ ရှေ့တွင် လုရွှမ်သည် ကျေးလက်မှ ဆင်းရဲသား လူရွှင်တော်တစ်ယောက်သာ ဖြစ်လေတော့သည်။
တကယ်လို့သာ လူကြီးမင်းမော့ ပြောခဲ့တာကို သဘောမတူမိခဲ့ရင် ဂိုဏ်းဆရာနယ်ပယ်က လူတစ်ယောက်ကို မပြောနှင့် အတုတံဆိပ်နယ်ပယ်က လူတွေကိုတောင် မတွေ့နိုင်ဘဲ အခုအချိန်ထိ ကျန်းဝူအကယ်ဒမီမှာသာ ရှိနေရလိမ့်မည်။
"ကြည့်စမ်း....စီနီယာတုပေါ်က ငါတို့ကို လူကိုယ်တိုင်လာ နှုတ်ဆက်တာပဲ"
"စီနီယာတုပေါ်က ဘယ်သူလဲ"
"မင်းမကြားဖူးဘူးလား? သူက အတွင်းခန်းထဲက ကျောင်းသား တစ်ယောက်လေ... သူ့ရဲ့ ကျင့်ကြံမှုက အတုတံဆိပ် နယ်ပယ်ကို ရောက်နေပြီလို့ ကြားတယ်...."
"ဝူအဆင့်၇ အတုတံဆိပ်နယ်ပယ်? ငါတို့ထဲမှာ ပါရမီရှင်တစ်ယောက် ရှိရင်တောင် သူ့ကို လူကိုယ်တိုင်လာ နှုတ်ဆက်တာမျိုး မရှိနိုင်ဘူးမလား?"
"ဟုတ်တယ်....ကျောင်းသားဟောင်းနဲ့ အသစ်တွေ ဖလှယ်တဲ့ တွေ့ဆုံပွဲမှာ အတွင်းခန်းက ကျောင်းသားတွေ တစ်ယောက်မှ ထွက်မတွေ့ဖူးဘူး....ဒီနေ့ ဒီလူဒီကို ရောက်လာတာ တကယ်ကို အံ့သြစရာပဲ..."
......
ဆူးယာ၏ဘေးတွင် ဆွေးနွေးမှုများ ဆက်တိုက် ထွက်ပေါ်လာသည်။
မော့ကြည့်လိုက်တော့ ခေါင်းကို မြင့်မြင့်ထားလျက် လူငယ်တစ်ယောက် လမ်းလျှောက်လာနေတာ တွေ့လိုက်ရသည်။
ဤလူငယ်သည် အဆင့်အတန်းမြင့် လူတစ်ယောက် ပိုင်ဆိုင်ထားတဲ့ လေထုကို သယ်ဆောင်လာကာ ကျောင်းသားအသစ် များစွာကို ကြည်ညိုလေးစားမှု ဖြစ်ပေါ်လာစေခဲ့သည်။
ဝူယန်အကယ်ဒမီတွင် အောက်ခြေအဆင့် သို့မဟုတ် မြင့်မားသော အဆင့်များ မရှိသော်လည်း ၎င်းကို အတွင်းခန်းနှင့် အပြင်ခန်း ကျောင်းသားများအဖြစ် ပိုင်းခြားထားဆဲဖြစ်ပြီး အတွင်းဝင်းအတွင်းသို့ ဝင်ရောက်နိုင်သူများသည် အဆင့်၇ အတုတံဆိပ် နယ်ပယ်သို့ ရောက်ရှိလုနီးပါး ဖြစ်သည်။
"အတုတံဆိပ်နယ်ပယ်က သန်မာသူတစ်ယောက်လား? ကျန်းဝူက အကြီးအကဲသုံးယောက်ကလည်း ဒီလိုမျိုး ခွန်အားတွေ ရှိတယ်မလား!"
ဆူးယာမှာလည်း လေးစားမှုအပြည့်ဖြင့် ကြည့်နေသည်။
သူမစိတ်ထဲတွင် ကိုယ်ခံပညာရှင်၏ အဆင့်၇ အတုတံဆိပ် နယ်ပယ်သည် သာလွန်ကောင်းမွန်ပြီး ကျန်းဝူအကယ်ဒမီ၏ အကြီးအကဲ သုံးဦးသည် ဤကဲ့သို့သော ခွန်အားမျိုးသာ ရှိသည်။
အခုမှာတော့ ဒီခွန်အားနဲ့ ကြံ့ခိုင်တဲ့လူက တကယ့်ကို ငယ်ရွယ်လွန်း၏။ ဝူယန်အကယ်ဒမီက တကယ့်ကို ကြောက်စရာကောင်းတာပဲ။
"စီနီယာတုပေါ်...."
"စီနီယာတုပေါ်ကို နှုတ်ဆက်ပါတယ်..."
.......
တုပေါ် ချဉ်းကပ်လာသည်ကို မြင်လိုက်ရတော့ အားလုံးက တလေးတစား မတ်တပ်ရပ်ပြီး ဂါဝရပြုကြသည်။ ခုနက ကျောင်းသားဟောင်းတွေတောင် သီးသန့်အနေဖြင့် ရပ်ကြည့်နေကြ၏။
"ဒါက သန်မာတဲ့လူမှာ ရှိသင့်တဲ့ အပြုအမူပဲ"
ဆူးယာ၏ လှပသော မျက်နှာလေးသည် စိတ်လှုပ်ရှားမှုဖြင့် နီမြန်းသွားသည်။
အရင်ကတော့ ဒီကျောင်းသားဟောင်းတွေဟာ ကောင်းကင်ကို မော့ကြည့်ရသလို မြင့်မားသော်လည်း အခုမြင်လိုက်ရတဲ့ စီနီယာတုပေါ်ကမှသာ ဘုန်းအာနုဘော်ကြီးတဲ့ လူမှာရှိသင့်တဲ့ အရှိန်အဝါတွေနဲ့ ပြည့်နေတော့သည်။
"ငါက ဘယ်တော့များမှာ ကြီးကျယ်ခမ်းနား နိုင်မှာလဲ?!"
တိတ်တဆိတ် ငြီးတွားမိလေသည်။
ဒီလိုမျိုး ဘယ်အချိန်မှာမှာ သူများတွေ ငါ့ကို အထင်ကြီးတဲ့ အကြည့်တွေနဲ့ ကြည့်နေနိုင်မှာလဲ?
သူမစိတ်တွေ လှုပ်ရှားနေချိန် ရုတ်တရက် အေးခဲသွားရသည်။ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိထားတဲ့ တုပေါ်ဟာ ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း သူမအပေါ်ကို ကြည့်လာကာ တစ်ခါတည်း လျှောက်လာလေ၏။
"အမ်?"
ဆူးယာ အံ့အားသင့်သွားသည်။
ဒီတုပေါ်ကို သူမကောင်းကောင်း မသိထားဘူးလေ။ ဘယ်လိုလုပ်ရမလဲ။
တုပေါ် သူမအနားရောက်လာပြီး ရပ်လိုက်ချိန်မှာတော့ တုန်လှုပ်သွားပြီး လက်သီးဆုပ်လျက် ရပ်ကာ အနည်းငယ် ပြုံးပြလိုက်သည်။
"ဒါက မိန်းကလေးဆူး ဖြစ်မယ်ထင်တယ်! သခင်လေးချင်က မကြာခင် ရောက်လာတော့မှာ...ကျွန်တော် မိန်းကလေးကို လာကြိုတာပါ...."
"ကျွန်မ....."
မမျှော်လင့်ဘဲ သခင်လေးချင်က သူမကို လာနှုတ်ဆက်ဖို့ ဒီလောက် အင်အားကြီးတဲ့လူကို စေခိုင်းလိုက်တယ်။ ဆူးယာရဲ့ မျက်နှာက စိတ်လှုပ်ရှားမှုတွေနဲ့ နီမြန်းနေပြီး သူမ ရင်တွေခုန်လုနီးပါး ဖြစ်လာ၏။
အတုတံဆိပ်နယ်ပယ် ကျွမ်းကျင်သူက သူမကို လူကိုယ်တိုင် လာရောက် နှုတ်ဆက်တယ်။
ပတ်ဝန်းကျင်ရှိ လူတိုင်း၏ ငြူစူသောမျက်လုံးများကို ကြည့်လိုက်တော့ ဆူးယာသည် တကယ့်မင်းသမီးလေးလို ခံစားလိုက်ရပြီး သူမ အလွန်ဂုဏ်ယူမိလေသည်။