ခြံဝန်း
Vol. 12 Ch. 2.29
"သွားကြရအောင်!"
တစ်ဖက်လူက သူ့အမှားကို ဝန်ခံသွားတာကို မြင်တော့ လုရွှမ် ထိုအရာကို ဂရုမစိုက်တော့ဘဲ သူ့လက်ကို ဝှေ့ယမ်းပြီး ဟန်ရွှယ်ကို ပြောလိုက်သည်။
ဟန်ရွှယ်ဟာလည်း မူလက ဒီကျောင်းသားသစ်လေး များထဲတွင် ပါရမီရှင် ဘယ်လောက်များ ပါလာမလဲ သိချင်တာကြောင့် ဆင်းလာခဲ့ပေမယ့် ချင်ဟွာကိုတွေ့တာနဲ့ စိတ်မဝင်စားတော့ဘဲ ခေါင်းညိတ်ကာ လေထဲမှာ ပျံဝဲနေတဲ့ လင်းယုန်နီ၏ ကျောပေါ်ကို ချက်ချင်း ခုန်တက်သွားလေ၏။
လင်းယုန်ငှက်၏ ကျောသည် ကြီးမားသည်မဟုတ်။ ၎င်းတို့နှစ်ဦးသည် ဖော်မပြနိုင်လောက်အောင် မရှင်းလင်းသော ဆက်ဆံရေးတစ်ခုဖြင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသကဲ့သို့ ယင်းပေါ်တွင် အတူထိုင်နေကြသည်။
"စိတ်ပျက်စရာပဲ! စိတ်ပျက်စရာပဲ....ငါသေချာပေါက် မင်းကိုသတ်ပစ်မယ်!"
လင်းယုန်ငှက် ပျံဝဲသွားသည်ကို မြင်လိုက်ရပြီး နောက်တွင် ချင်ဟွာသည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ နှလုံးသားထဲတွင် ဟိန်းဟောက်လိုက်သည်။
သူက နည်းနည်းတော့ ခပ်ညံ့ညံ့ ဆိုပေမယ့် မတုံးပါဘူး။ လူငယ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ဆိုတာ သူသိတယ်။ အခုနက စကားကသာ နည်းနည်း အားကောင်းသွားရင် ပြိုင်ဘက်က ကျိန်းသေပေါက် တိုက်ခိုက်လိမ့်မယ်။
အဲဒီလိုဆိုရင် လူတွေအများကြီး ရှေ့မှာ ပိုရှက်စရာ ကောင်းသွားမယ်။ လောလောဆယ်မှာ သူ့ကိုသတ်ဖို့ မျိုးနွယ်စုထဲက ကျွမ်းကျင်သူတွေကို စေလွှတ်ဖို့ အခွင့်အရေး ရှာရလိမ့်မည်။
သူသေသွားရင် သူ့ကိုမိမိ တောင်းပန်ခဲ့ကြောင်း ဘယ်သူက မှတ်မိနိုင်မှာလဲ။
"သွားမယ်!"
ချင်ဟွာသည် သူ့စိတ်ထဲတွင် ခပ်ကြမ်းကြမ်း ဟိန်းဟောက်နေကာ လူအုပ်ထဲမှ ထွက်သွားလေသည်။
ဒီလူကို ဒီလိုရှုံးသွားမှတော့ ဒီမှာရပ်နေစရာ မျက်နှာမရှိတော့ဘူး။
"သခင်လေးချင်ဟွာ...."
သူထွက်သွားတာကို မြင်တော့ ဆူးယာလည်း ရှေ့ကို ပြေးသွားပြီး စိုးရိမ်တကြီး အော်လိုက်၏။
ချင်ဟွာသည် ခဏရပ်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ သူသည် ယခုပင် အရှက်ကွဲသွားပြီး တပ်မက်မှုမှာလည်း အားပျော့သွားခဲ့သည်။ မူလက ဤဆူးယာကို ယနေ့ပင်စားပစ်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါတွင်မူ စိတ်က မရှိတော့ပေ။
လေထဲရှိ လင်းယုန်နီသားရဲ၏ ကျောပေါ်တွင်
"အဲ့ကောင်မလေးကို ရှင်သိလား?"
ဟန်ရွှယ်သည် ခေါင်းကိုလှည့်ကာ မေးကြည့်လိုက်သည်။
မိန်းမတွေရဲ့ အာရုံတွေက အရမ်းစိတ်အားထက်သန်လွန်း၏။ ခုနက ကောင်မလေးက လုရွှမ်အပေါ် အံ့သြတဲ့အကြည့်နဲ့ ရှုပ်ထွေးတဲ့ မျက်လုံးတွေကို တွေ့လိုက်ရသည်။ ပြဿနာကို မမြင်နိုင်ရင် သူမတကယ်ကို တုံးမိုက်သွားလိမ့်မည်။
"အတန်းဖော်ဟောင်းပါ!" လုရွှမ် ပေါ့ပေါ့ပါးပါး ပြော၏။
မူလ ခန္ဓာကိုယ်အတွက် ဤအမျိုးသမီးသည် အဓိပ္ပါယ် အမျိုးမျိုး ရှိနိုင်သည်။ ဥပမာ ငယ်ချစ်ဦး။ သူ့အတွက်တော့ သူမသည် အတန်းဖော်တစ်ဦးသာ ဖြစ်ပြီး ဆက်ဆံရေးသည်လည်း အသိမိတ်ဆွေဟူသည့် အကန့်အသတ်ပဲ ရှိထားသည်။
"အတန်းဖော်လား? သိပ်တော့ မရိုးရှင်းပါဘူး! ရှင်ကိုတွေ့ပြီး သူမမျက်နှာက အရမ်းရှုပ်ထွေးတဲ့ ခံစားချက်ကို မြင်ခဲ့တယ်!"
ဟန်ရွှယ်က ရယ်လျက်ဆို၏။
ဘာပဲဖြစ်ဖြစ် တခြားသူတွေ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ လုရွှမ်အတွက် အရေးမကြီးပါ။ ဒါကြောင့် ချက်ချင်းပြန်ဖြေဖို့ စိတ်မဝင်စားဘဲ မျက်လုံးကို မှိတ်ထားလိုက်သည်။
သူပြန်မဖြေတာကို မြင်တော့ ဟန်ရွှယ်မျက်နှာက ဒေါသနဲ့ နီရဲသွားပေမယ့် သူမ ဘာမှ မတတ်နိုင်ခဲ့ချေ။
ငါးရက်ကြာအောင် ပေါင်းသင်းကြည့်ပြီးနောက် ဒီလူငယ်ရဲ့ စိတ်ထားကို နားလည်လုနီးပါး ဖြစ်ခဲ့သည်။ ကျင့်ကြံခြင်းအပြင် ဘာကိုမှ ဂရုမစိုက်ပေ။ သူမအဝတ်အစားတွေကို ချွတ်ပြီး အရှေ့မှာ ရပ်နေရင်တောင် ဒီကောင်လေးက သူမကို ကြည့်ပါ့မလားဆိုပြီး တစ်ခါတလေ တွေးမိလာသည်။
လင်းယုန်နီသည် အလွန်လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ အသက်ရှူသံပေါင်း များစွာကြာပြီးနောက် ဟန်ရွှယ်သည် ခြံဝန်းတစ်ခုထဲသို့ ရောက်ရှိလာခဲ့သည်။ ဟန်ရွှယ်သည် လင်းယုန်ငှက်၏ နောက်ကျောမှ ခုန်ဆင်းကာ သူ့ရှေ့ရှိ ခမ်းနားထည်ဝါသော အိမ်ကြီးကိုကြည့်၍ ပါးစပ်ဟကာ မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။
"ဒီနေရာက ရှင်ယာယီနေရမယ့် နေရာပဲ... အဘိုးက ဘာလို့ ဒီလောက်ထိ မျက်နှာသာပေးနေလဲ မသိဘူး"
ဒီခြံဝန်းကြီးထဲမှာ အကယ်ဒမီမှ ကျောင်းဆရာ တော်တော်များများက ဒီမှာ မနေနိုင်ကြဘူးလေ။
သူမသည် လူထောင်ပေါင်းများစွာ၏ ချစ်ခင်နှစ်သက်မှုကို ခံရသော်လည်း သူမသည် အများသူငှာ အဆောင်များတွင်သာ နေထိုင်နိုင်ပြီး ထိုအိမ်ကြီးတွင် နေထိုင်ရန် အခွင့်အရေးမရှိသည်ကို သိထားရမည်ဖြစ်သည်။
ညည်းညူနေသော်လည်း သူ့ရှေ့က ကောင်လေးသည် ဤနေရာတွင် နေထိုင်ရန် အရည်အချင်းပြည့်မီကြောင်း ဟန်ရွှယ်အနေဖြင့် သိထားသည်။
တခြားအကြောင်းတွေ မပြောဘဲ ယန်ဟန်မြို့ အခင်းအကျင်း ပညာရှင်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ချုပ်ဖြစ်တဲ့ အဆင့်၆ အခင်းအကျင်း ပညာရှင်အကြောင်းပဲ ပြောလိုက်ရင် ဒီမှာနေဖို့ လုံလောက်တာထက် ပိုလေ၏။
"ငါ့ကိုယ်စား ကျောင်းအုပ်ကြီးကို ကျေးဇူးတင်စကား ပြောပေးပါဦး!"
လုရွှမ်ဟာ ကျောင်းအုပ်ကြီးက သူ့ကိုဘာလို့ ဒီမှာနေရာချပေးတယ် ဆိုတာကို သိထားပြီးပြီမို့ သော့ကိုယူကာ တံခါးကိုတွန်းပြီး ခြံဝန်းထဲကို လျှောက်သွားလိုက်သည်။
"ကျွန်မကို အထဲဝင်ထိုင်ဖို့ မဖိတ်တော့ဘူးလား?"
ထိုလူငယ်သည် သော့ကိုပဲယူကာ သူမကိုဖိတ်ခေါ်ရန် ရည်ရွယ်ချက်မရှိဘဲ အခန်းဆီသို့ တိုက်ရိုက် လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် ဟန်ရွှယ်သည် သူမ၏ခြေထောက်ကို စောင့်ကာ ပြောလိုက်သည်။
"ငါပင်ပန်းနေပြီ.... နောက်မှ!"
လုရွှမ်သည် နောက်ပြန် လှည့်မကြည့်ဘဲ လက်ကိုဝှေ့ယမ်းလိုက်သည်။
"ရှင်ကျွန်မကို ခွင့်မပြုဘူးပေါ့ ဒါပေမဲ့ ကျွန်မ ပိုဝင်ချင်သွားပြီ"
လူငယ်လေး၏ သဘောထားကို မြင်လိုက်ရတော့ ဟန်ရွှယ်သည် ဒေါသပေါက်ကွဲ သွားကာ မူးမေ့လဲမတတ် ဖြစ်သွားသည်။
သူမ၏ သိမ်မွေ့သော ခန္ဓာကိုယ်ကို လှုပ်ရှားပြီး ခြံဝန်းတံခါးဆီသို့ လျှောက်သွားနေစဥ်
ဝုန်း!
သူမ မရောက်မီတွင် တံခါးကို ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ပိတ်ပစ််လိုက်ရာ သူမနှာခေါင်းနဲ့ပင် ထိလုနီးပါး ဖြစ်သွားခဲ့သည်။
"လုရွှမ်....ရှင်စောင့်နေလိုက်!"
ဟန်ရွှယ်၏ နူးညံ့သော ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားကာ သူမ၏ ကျောက်စိမ်းသွားများသည်လည်း ကြေမွလုနီးပါး ဖြစ်နေသည်။
သူမကို အထဲဝင်ခွင့် မပေးတဲ့အပြင် တံခါးကိုပါ စောင့်ပိတ်လိုက်သေးသည်။ တကယ်ကို မုန်းစရာကောင်းပေ၏။
အပြင်မှာ အော်ဟစ်နေတဲ့ ဟန်ရွှယ်ကို လျစ်လျူရှုပြီး လုရွှမ် ခြံဝန်းထဲကို ၀င်သွားလိုက်သည်။
ကျောင်းအုပ်ကြီးဟန်က တစ်ယောက်ယောက်ကို ခြံဝန်းထဲ ကြို၍ သန့်ရှင်းရေး လုပ်စေခဲ့ပုံပေါ်၏။
အိပ်ခန်းထဲ လှည့်ဝင်၍ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်ရေးကို ဆက်လက် လုပ်ဆောင်နေလိုက်သည်။
အတုတံဆိပ်နယ်ပယ်ကို ရောက်ပြီး နောက်မှာတော့ တိုးတက်မှုက အရင်ကလို မမြန်တော့ပေ။ ဒီရက်အနည်းငယ် အတွင်းမှာ သူ ဘာမှမလုပ်ဖြစ်ခဲ့ဘူး။
လက်ရှိသူသည် အတုတံဆိပ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာ ရှိနေဆဲဖြစ်ပေမယ့် သူ့ရဲ့ ခွန်အားနဲ့ စစ်မှန်တဲ့ စွမ်းအင်နှစ်ခုစလုံးက အရင်ကထက်အများကြီး ပိုပြင်းထန်လာခဲ့သည်။
"ကျီးမည်း.... အခု ထူးဆန်းတဲ့ ရတနာ ဘယ်မှာ ရှိနေတယ် ဆိုတာ မင်း သိနိုင်မလား?"
အတန်ကြာ လေ့ကျင့်ပြီးနောက် လုရွှမ်သည် ကျောက်စိမ်းပြားထဲက နေရာနှင့် စိတ်ချငိး ဆက်သွယ်၍ မေးမြန်းလိုက်သည်။
"ဦးတည်ရာကို ဆုံးဖြတ်နိုင်ပေမယ့် နေရာအတိအကျတော့ မသိသေးဘူး.... ခဏကြာလို့ မင်းအပြင်ထွက်ရင် အရှေ့ကို ဦးတည်ပြီး သွားကြည့်လိုက်....ရောက်တာနဲ့ ငါပြောမယ်!"
ကျီးကန်းက ပြောသည်။
"ကောင်းပြီ!"
လုရွှမ် ခေါင်းညိတ်လိုက်ပြီး စကားရပ်ကာ လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ပြန်သည်။
အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ပြီးနောက် အခန်းထဲတွင် လေပြင်းများ တိုက်ခတ်လာပြီး လုရွှမ်၏ရှေ့တွင် အသွင်အပြင် တစ်ခုပေါ်လာ၏။
"ဒီငယ်သားက သခင်ငယ်လေးကို ဂါဝရပြုပါတယ်!"
ရောက်လာတဲ့ ဧည့်သည်က မြေပြင်ပေါ် ဒူးထောက်၍ အရိုအသေပေးလေသည်။
"ထပါ!"
လုရွှမ် မျက်လုံးဖွင့်လိုက်သည်။
အခြားသူမဟုတ် ကျောင်းအုပ်ကြီးဟန်ပဲ ဖြစ်လေသည်။ သူ တိုက်ရိုက် မထွက်လာရတဲ့ အကြောင်းရင်းက သူ့ကို စောင့်နေလို့ပင်။
သူဟာ ဝူယန်အင်ပါယာက မဟုတ်ဘဲ အပြင်လူဖြစ်တော့ ဘာမှမသိပါ။ ရှားပါးရတနာရဲ့ တည်နေရာ အတိအကျကို ရှာချင်ရင်တော့ ဒေသခံပညာရှင်ကို ရှာရလိမ့်မည်။
"ကျွန်တော် ခဏလောက် လမ်းလျှောက်ထွက်ဖို့ စီစဉ်ထားတယ်...ခင်ဗျာရဲ့ အဝတ်အစားနဲ့ အသွင်အပြင်ကို နည်းနည်း ပြောင်းလိုက်... ဘယ်သူမှ မမှတ်မိအောင်လို့"
ကျောင်းအုပ်ကြီးဟန်သည် ဝူယန်အင်ပါယာမှ နာမည်ကြီး တစ်ယောက်ဖြစ်ပြီး ၎င်းကိုတိုက်ရိုက် ခေါ်ထုတ်သွားလျှင် အလွန် ဆူညံသွားလိမ့်မည်။ အနည်းငယ်သော ရုပ်ဖျက်မှုသည်လည်း ပြဿနာများစွာကို ရှောင်ရှားနိုင်မည် မဟုတ်ပါလား။
"ဟုတ်!"
ကျောင်းအုပ်ကြီးဟန် မတ်တပ်ထရပ်ပြီး ခဏအတွင်း အခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ခဏအကြာတွင် သူပြန်ရောက်လာပြီး မီးခိုးရောင်ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လာသည်။
လူတစ်ကိုယ်လုံး၏ အရှိန်အဝါကို ထိန်းချုပ်ထားကာ စိတ်နေစိတ်ထားလည်း အလွန်ပြောင်းလဲသွားသည်။ သေသေချာချာ မကြည့်မိပါက သူသည် နိုင်ငံတစ်ဝန်းလုံးရှိ ဝူယန်အကယ်ဒမီ၏ နံပါတ်တစ် အကြီးအကဲဖြစ်ကြောင်း မပြောနိုင်တော့ပေ။
"သွားကြရအောင်!"
ပြင်ဆင်ပြီးနောက် လုရွှမ် တံခါးကို တွန်းဖွင့်ပြီး ထွက်လာခဲ့သည်။
ထိုအချိန်တွင် ဟန်ရွှယ်သည် လမ်းတလျှောက် အကယ်ဒမီမှ ထွက်သွားပြီး ဝူယန်တော်ဝင်မြို့တော်၏ စည်ကားသော လမ်းမများဆီသို့ ရောက်သွားနေသည်။
အလယ်အလတ်တန်းစား နိုင်ငံတော်၏ တော်ဝင်မြို့တော်မှာ မျှော်လင့်ထားသည့်အတိုင်း စိတ်လှုပ်ရှားမှု အဆင့်သည် ကျန်းဝူမြို့နှင့် ဟန်ယန်မြို့တို့နှင့် ယှဉ်၍မရနိုင်ပေ။
ကျန်းဝူမြို့တွင် ယခင်က အဖိုးမဖြတ်နိုင်သော သားရဲအမွေးများနှင့် တိရိစ္ဆာန်ဆေးလုံးများကို ဤနေရာတိုင်းတွင် ရောင်းချနေပြီး ဈေးနှုန်းက သိပ်မကြီးပေ။
ပိုက်ဆံရှိရင်တောင် ကျန်းဝူမြို့တော်မှာ ဝယ်လို့မရတဲ့ ရှားပါးဆေးပင်တွေ အမြောက်အများ ရှိပေ၏။
"ဒီလမ်းအတိုင်း လျှောက်သွား.... ရတနာက သိပ်မဝေးတော့ဘူး!"
လမ်းပေါ်လျှောက်လာရင်း ကျီးကန်းအသံက သူ့စိတ်ထဲမှာ ပေါ်လာ၏။
"အင်း!"
လုရွှမ် ခေါင်းညိတ်လိုက်ပြီး ကျောင်းအုပ်ကြီးဟန်ကို အရှေ့သို့ လှမ်းခေါ်လိုက်သည်။