← Chapters

လက်ထပ်ပွဲ

Vol. 008 Ch. 724

လက်ထပ်ပွဲ

Vol. 008 Ch. 724

ဓားမိစ္ဆာနှင့် ထို့ကျန်းတို့က ရီဖူရှင်း ထွက်ခွာ သွားသည်ကို ကြည့်နေကြသည်။ သူတို့အားလုံးက သက်ပြင်းချမိကြ၏။ ရီဖူရှင်းက နန်းတော်သခင်အဖြစ် ချက်ချင်း လက်မခံခဲ့ပေ။ သူက တော်ဝင်ကျဲ နန်းတော်နှင့်ပတ်သက်၍​ လုံးဝ ကျေနပ်သေးသည် မဟုတ်ဟု ပြောနိုင်ပေသည်။ သူက နန်းတော်ကို ရန်ငြိုးမထားသည့်တိုင် နန်းတော်သခင် ဖြစ်လာရန်မူကား အနည်းငယ် ခက်ခဲနေဆဲဖြစ်သည်။ ထို့အပြင် ဟွာဂျီယူကလည်း ဒဏ်ရာ ပြင်းထန်စွာရလျက် သတိလစ်နေသည်။

“တကယ်လို့ ကျုပ်က နန်းဆောင်ထဲက စောစော ထွက်လာနိုင်ခဲ့ရင် ဒါတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး…” ဝမ်ရှင်းက သက်ပြင်းချသည်။ လျူချန်းက အရာအားလုံးကို တာဝန်ယူ လုပ်ဆောင်သော်လည်း အကယ်၍​ သူကသာ ရီဖူရှင်းကို ကိုယ်တိုင်တွေ့မြင်ကာ သူ၏ကံကြမ္မာကို တွက်ချက်ခွင့်ရခဲ့မည် ဆိုပါက လျူချန်းက ရီဖူရှင်းအပေါ် ကွဲပြားခြားနားစွာ ဆက်ဆံမည် သေချာ၏။

နက္ခဗေဒပညာရှင်များကား ကံကြမ္မာများကို တွက်ချက်ကာ နတ်ဘုရားများ၏ လျှို့ဝှက်ချက်များအား ထုတ်ဖော်တတ်သူများ ဖြစ်ကြသောကြောင့် အများစုအားဖြင့် ကောင်းကင်ဘုံ၏ အမျက်ရှခြင်းကို ခံရကာ အသေဆိုးဖြင့် သေတတ်ကြပေသည်။

အနာဂတ်မှာ တခြားလူများ၏ ကံကြမ္မာများကို ဟောကိန်း ထုတ်ခြင်းအား ကန့်သတ်ရန် လိုပေလိမ့်မည်။ လောကကြီးက သူတို့၏ သဘောသဘာဝအတိုင်း လှုပ်ရှား သက်ဝင်နေခြင်းဖြစ်ကာ တမင်တကာ ပြောင်းလဲရန် ကြိုးစားခြင်းက မလိုလားအပ်သော ဆိုးကျိုးများကို ဖြစ်စေနိုင်ပေသည်။

တော်ဝင်ကျဲနန်းတော်မှ အဖြစ်အပျက်များက မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကြီးစွာ လှုပ်ခတ်စေခဲ့သည်။ မြေရိုင်းပြည်နယ်ကို ဤကဲ့သို့ ကပ်ဘေးကြီး ကျရောက်လာခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သည်စစ်ပွဲတွင် ရှန့်ထိုများပင် ပါဝင်ပတ်သက်ခဲ့ကာ ရန်ဟောင်ကိုယ်တိုင် လောကကြီးသို့ ဆင်းသက် လာခဲ့ရသည်။

တော်ဝင်ကျဲနန်းတော်၏ နန်းတော်သခင်နှစ်ပါး ဆုံးပါးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းကလည်း တော်ဝင်ကျဲနန်းတော် ခေါင်းဆောင် ဖြစ်လာ၏။

ရီဖူရှင်းကား ပိုင်လွေလီကို နိုဘယ်အဆင့်မျှဖြင့် အနိုင်ယူနိုင်သည်။ ထိုအရာက သူ၏ကြောက်စရာ ပါရမီပင်။ တိုက်ပွဲက မည်သို့ဖြစ်မည်ကို လူအများအပြားက စိတ်ကူးပုံဖော်ကြသည်။ ရီဖူရှင်းကား သူတို့စိတ်ထဲတွင် နံပါတ်တစ် စစ်မှန်သော ပါရမီရှင်ဖြစ်လာသည်။ နိုဘယ်တစ်ယောက်ကက နန်းတော်ခေါင်းဆောင် နေရာကို ရမည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။

ရီဖူရှင်းကို သိသော လူများအားလုံး တုန်လှုပ်ကြရသည်။ ခေတ်သစ်တစ်ခုကား ခေတ်ဟောင်းကို လွန်၍ ပြန်လည် စတင်ခဲ့လေပြီ။

သမိုင်းဝင် ပါရမီရှင်တစ်ပါးက သူ မည်သို့ လုပ်နိုင်သည်ကို ပြသခဲ့သည်။ သူ၏အနာဂတ်က မည်သို့ ရှိမည်နည်း။

ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်ခေါင်းဆောင် နေရာအား လက်ခံပါမည်လော။

သည်တစ်ခေါက်အပြင် ဓားကျေးရွာ၊ အင်ပါယာမိသားစု၊ နန်ထျန်းအိမ်တော်နှင့် တော်ဝင်မီးတောက် ဂိုဏ်းတို့ အားလုံးကလည်း ဖြိုဖျက်ခံရသည်။ အာခီမီမြို့တွင်လည်း ထိပ်သီးအင်အားစု ဖြစ်သော ယူကလန်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ထိုထိပ်သီး အင်အားစုများကား မြေရိုင်းပြည်နယ်တွင် နှစ်ပေါင်းများစွာ တည်တည်တံ့တံ့ ရပ်တည်နေခဲ့ကြ သော်လည်း ယခု အရာအားလုံး ဆုံးရှုံးသွားပြီဖြစ်သည်။ သူတို့၏ခေါင်းဆောင်က အသတ်ခံရကာ အင်အားစုများက ချည့်နဲ့ ပြိုပျက်သွားသည်။ အရာအားလုံးက ဆုံးဖြတ်ချက် တစ်ခုတည်းအတွက် ပေးဆပ်ခဲ့ရခြင်းလည်း ဖြစ်သည်။

နဂါးပတ်တောင်က ကျိရှမ်းကမ်းပါးကို တွန်းလှန်နိုင်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ သည်စစ်ပွဲတွင် အင်အားစုများစွာ ကျရှုံးခဲ့ကြရာ မြေရိုင်းပြည်နယ် ကလည်း သိသိသာသာ ထပ်မံ၍ အင်အား ယုတ်လျော့ သွားခဲ့ရပေသည်။ ထို့အပြင် အင်ပါယာရှားက မြေရိုင်းပြည်နယ်ကို အချိန်အတိုင်းအတာ တစ်ခုအထိသာ ပေးထားခဲ့ပေသည်။ အကယ်၍ နောက်ထပ် ရှန့်ထိုတိုက်ပွဲ မကျင်းပမီ မြေရိုင်းပြည်နယ်၌​ ရှန့်ထိုမရှိခဲ့ပါလျှင် တော်ဝင်ကျဲနန်းတော်က ဖျက်သိမ်းခံရမည် ဖြစ်သည်။ ထို့နောက်တွင် မည်သို့ ဆက်ဖြစ်မည်ကို မည်သူကမှ မခန့်မှန်းနိုင်တော့ပေ။

အချိန်ကသာ စကားပြော သွားပေလိမ့်မည်။

တစ်လခန့်အကြာ အရှေ့မြေရိုင်းဒေသ စာအုပ်တောင် တောင်ပေါ်တွင်ဖြစ်သည်။

ဟွာဂျီယူကား ခြံဝင်းတစ်ခုရှိ အဆောင်တစ်ခုထဲတွင် အဘိုးအိုတစ်ယောက်က သူမအား စစ်ဆေးကြည့်ရှုနေသည်။ အဘိုးအိုထံမှ အစိမ်းရောင် စွမ်းအင်များ အားကောင်းစွာ ထွက်ပေါ်နေရာ အသက်ဓာတ်များဟု ခန့်မှန်း၍ ရသည်။ အဘိုးအို၏နောက်တွင် လှပသော မိန်းကလေးတစ်ဦးက ရပ်နေသည်။ သူမကား တော်ဝင်ကျဲနန်းတော်မှ ဖီးနစ်ဖြစ်သည်။

တော်ဝင်ကျဲနန်းတော်မှ တိုက်ပွဲပြီးနောက် မြေရိုင်းပြည်နယ်ကား ကြီးမားစွာ ပြောင်းလဲခဲ့ရသည်။ အင်အားစုများစွာက အထိအခိုက်များကို ပြန်ကုစားကြရသလို တော်ဝင်ကျဲနန်းတော် ကလည်း အရာအားလုံးကို ပုံမှန်ပြန်ဖြစ်အောင် ပြန်လည်၍​ စီမံခန့်ခွဲကြရသည်။ ရီဖူရှင်းတို့အားလုံးက အရှေ့မြေရိုင်းဒေသ စာအုပ်တောင်သို့ ပြန်သွားခဲ့ကြသည်။ ဖီးနစ်က သူမ၏ဆရာကို တောင်းဆိုသောကြောင့် ထာဝရအဘိုးအိုက တော်ဝင်ကျဲနန်းတော်မှ ထောင်ကျန်းကို ဦးဆုံးသွားရောက် ကုသကာ ယခု ဟွာဂျီယူထံကို ရောက်လာခဲ့သည်။

ရီဖူရှင်း၊ ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန်တို့ အားလုံးက အဘိုးအိုအား စိုးရိမ်စွာ ကြည့်နေကြသည်။ အဘိုးအိုက အတန်ကြာ စစ်ဆေးကုသပြီးမှ နောက်လှည့်ကာ ပြောသည်… “စိတ်မပူပါနဲ့... သူမက စိတ်ဝိညာဉ်စွမ်းအားကို လွန်လွန်ကဲကဲ သုံးမိလို့ ဒဏ်ဖြစ်သွားတာ… နောက်ရက်နည်းနည်း ကုသလိုက်ရင် ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်… သူမက အသက်အန္တရာယ် မရှိတော့ဘူး… ဒါပေမဲ့လည်း သတိပြန်ရဖို့ကတော့ တိတိကျကျ မပြောနိုင်သေးဘူး…”

“ကျေးဇူးတင်ပါတယ် အဘ…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။ သည်ရက်ပိုင်းတွင် သူကား အလွန်အမင်း စိတ်ပူနေခဲ့သည်။ ထာဝရအဘိုးအို၏ စကားက သူ၏အပူလုံးများအား လျော့ကျစေသည်။ သူမက မည်မျှ အိပ်ပျော်နေပါစေ သူမဘေးကင်းနေသရွေ့ သူစောင့်နိုင်ပေသည်။

“သွားရအောင်… သူမ အနားယူပါစေ…” အဘိုးအိုက ထရပ်သည်တွင် သူတို့အုပ်စုလည်း အပြင်ဘက်ကို ထွက်လာကြသည်။ အပြင်ဘက်တွင်ကား ဂူတုံးလျို၊ ကျူးကော့မင်းယွီ၊ ယူချင်း၊ ရီဝူချင်း၊​ ယိရှောင်ရှီနှင့် တခြားလူများကို မြင်ကြရသည်။

“ဂျီယူ ဘယ်လိုနေလဲ…” ကျူးကော့မင်းယွီက မေးသည်။

“ဂျီယူက အန္တရာယ် မရှိတော့ဘူးလို့ အဘက ပြောတယ်… ဒါပေမဲ့ တော်တော်ကြအောင် အိပ်ပျော်နေလိမ့်မယ်…” ရီဖူရှင်းက ဖြေသည်။

အားလုံးက ရင်အေးသွားကြသည်။ အကယ်၍ ဟွာဂျီယူသာ တစ်ခုခုဖြစ်သွားပါက ရီဖူရှင်းကား မိမိကိုယ်ကို အပြစ်တင်၍​ ဆုံးတော့မည် မဟုတ်ကာ တော်ဝင်ကျဲနန်းတော် ခေါင်းဆောင် နေရာကိုလည်း ယူတော့မည် မဟုတ်သည်မှာ သေချာ၏။

“အားလုံး ပြီးဆုံးသွားပြီ…” ကျူးကော့မင်းယွီက တိုးညင်းစွာ ပြောသည်။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက ပြုံးလျက် ပြောသည်… “အဲဒါ ဘယ်လို အကြည့်တွေလဲ… သတင်းကောင်း ပြောစရာရှိတာလား…” အားလုံးက သူ့အား ပြုံးလျက် ကြည့်နေသည်ကို မြင်လျက် ရီဖူရှင်းက ထူးဆန်းသလို ခံစားရသည်။

“ညီငယ်လေး…” လူနှစ်ယောက်က သူတို့ထံကို လျှောက်လာသည်။ ရီဖူရှင်းက လှမ်းကြည့်သည်တွင် ဓားသခင်နှင့် နတ်မိမယ်ဝမ့်ယွီတို့ လျှောက်လာသည်ကို မြင်သည်။

“ဘယ်သူတွေ လာလဲကြည့်…” ဓားသခင်က ပြုံးလျက်ပြောသည်။ ရီဖူရှင်းက ဓားသခင်၏နောက်ကို ကြည့်သည်တွင် ရွှီယီ၊ လျိုဖန်း၊ ယူချီနှင့် တခြားလူများအား မြင်သည်။  ယူချီကား မွေးကင်းစ ကလေးလေးကို ပွေ့ဖက်ထားသည်။

“အစ်ကို၄… မရီး…” ရီဖူရှင်းက သူတို့အား သွားရောက် နှုတ်ဆက်သည်။ သူက ယူချီ၏လက်ထဲမှ ကလေးကို သွားကြည့်သည်။ ကလေးက ရီဖူရှင်းအား မျက်လုံးကြီးများဖြင့် ရှက်ကြောက်ခြင်း ကင်းစွာ ကြည့်သည်။

“ဒီမှာ…” ယူချီက ကလေးကို ရီဖူရှင်းအား ကမ်းပေးသည်။ သူက ကလေးအား ညင်သာစွာ ပွေ့ဖက်လျက် ပြုံးကာ ပြောသည်… “ကောင်းပြီ.. မင်းရဲ့ ဦးလေးက ကြည့်ကောင်းလို့ ဒီလောက် ကြည့်နေတာမလား…”

အနီးမှ လူများအားလုံးက ရယ်မော လိုက်ကြသည်။ ရွီယီက ဆိုသည်… “ကေင်းပြီ… သူမရဲ့ဦးလေးက အဖေ့ရုပ်နဲ့ တော်တော် ကွဲလွဲနေလို့ ကြည့်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲ…”

“အစ်ကို… ခင်ဗျား…” ရီဖူရှင်းက ရွှီယီကို ကြည့်သည်… “ကျွန်တော်က သူ့ဦးလေး ဖြစ်နေပြီ… ကလေးရဲ့ နာမည်ကိုတောင် မသိသေးဘူး…”

“ရွှီကော… သူမကို မြက်ကလေးလို့ပဲ ခေါ်…” ရွှီယီက ပြုံးလျက် ပြောသည်။

“မြက်…” ရီဖူရှင်းက ပြောသည်… “ဒါဆို အစ်ကိုက ကော့တေးနာမည်ကို ပေးထားတာပေါ့…” ကော့တေးစာလုံးကား မြက်ခင်းစိမ်းဟု အဓိပ္ပာယ်ရသည်။

“အမှန်ပဲ… နောက်ပိုင်း သူမမှာ မောင်လေး တစ်ယောက်က ရလရင် ရွှီတန်လို့ပေးမယ်…” ရွှီယီက ပြုံးလျက်ပြောသည်။

ရီဖူရှင်းက သူ့လက်ထဲမှ ကလေးလေးကို ကြည့်ကာ မျက်ရည်များပင် စိုစွတ်လာသည်။ သူက ခေါင်းငုံ့ကာ ကလေးလေး၏နဖူးအား နမ်းရှုပ်လျက်ပြောသည်… “ငါက သူမဦးလေးလို့ ပြောပေမဲ့ ကလေးအတွက် လက်ဆောင်တောင် မပေးရသေးဘူး…”

“ဒါဆိုလည်း ငါက မှတ်ထားလို့ ရတယ်လေ… မြက်ကလေး ကြီးလာတဲ့အခါ သူမရဲ့ဦးလေးဆီက လာတောင်းခိုင်း လိုက်မယ်…” ရွှီယီက ပြုံးလျက်ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ ဓားသခင်နှင့် နတ်မိမယ်ဝမ့်ယွီအား ကြည့်သည်… “အစ်ကိုကြီးကရော ဘယ်တော့မှ လက်ထပ်မှာလဲ…”

ဓားသခင်က အားလုံးကို ကြည့်သည်။ ပေ့ထင်ရှင်းအာနှင့် ယိရှောင်ရှီပင် ထိုနေရာတွင်ရှိရာ ကော့တေးမှ လူများအားလုံးက ထိုနေရာတွင် ရှိနေသည်ဟု ပြော၍​ရပေသည်။

“ဆရာရှိသေးတယ်…” ဓားသခင်က အဝေးကို ကြည့်သည်။

ရီဖူရှင်း အံ့အားသင့် သွားသည်။ အစ်ကိုကြီးကား အချို့သော ကိစ္စရပ်များတွင် ခေါင်းမာလွန်း လှပေသည်။

“အင်း… မင်းအစ်ကိုကြီးကို ပြောတာကတော့ ထားပါတော့… မင်းနဲ့ဂျီယူကရော… မင်းတို့နှစ်ယောက်က ချစ်သူဖြစ်တာ တော်တော် ကြာနေပြီမလား...” ကျူးကော့မင်းယွီက ရီဖူရှင်းကို မေးသည်။

ရီဖူရှင်းက မြက်ကလေးအား သူမ၏အမေကို ပြန်ပေးကာ သူငယ်ရွယ်စဉ် အချိန်ကာလကို ပြန်စဉ်းစားမိသည်။

ဆယ်နှစ်ကျော် ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။

ရီဖူရှင်းက ပြုံးလျက် မျက်လုံးကို မှိတ်ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက် နောက်လှည့်ကာ ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန်ကို ကြည့်သည်။

“ဆရာ… ဆရာကတော်… ကျွန်တော်က ဂျီယူကို လက်ထပ်မယ့်ကိစ္စမှာ ဆရာတို့ သဘောတူမှုကို လိုပါတယ်… ”

ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန်တို့ အားလုံး မှင်တက် သွားကြသည်။

“ဘယ်တော့လဲ…” ဟွာဖန်းလူက မေးသည်။ ဂျီယူကား သတိလစ်နေဆဲ ဖြစ်သည်။

“နောက်တစ်လအကြာ … သူမက နိုးလာသည်ဖြစ်စေ မနိုးလာသည်ဖြစ်စေ… ကျွန်တော်က သူမကို ဒီစာအုပ်တောင်မှာပဲ လက်ထပ်မယ်…” ရီဖူရှင်း၏စကားက အားလုံးကို တိတ်ဆိတ် သွားစေသည်။ သူက ဤသို့ ရုတ်တရက် ထပြောမည်ဟု မည်သူကမှ မထင်ထားကြပေ။

“ဖူရှင်း… ငါက ဒီအပေါ်မှာ ငြင်းစရာ မရှိဘူး.. ဒါပေမဲ့ ဂျီယူကသာ လက်ထပ်ပွဲ ဘယ်လို ဖြစ်သွားတာကို မသိဘဲ လက်ထပ်ပြီး ဖြစ်နေတာကို သိမယ်ဆိုရင် သူမ ဘယ်လိုခံစားရမလဲ… ဒါက သနားစရာ မကောင်းဘူးလား…” ဟွာဖန်းလူက မေးသည်။

“ဂျီယူက လက်ထပ်ပွဲပြီးမှ သတိရလာမယ်ဆိုရင် သူမသာ ဆန္ဒရှိရင် ကျွန်တော်က နောက်ထပ် လက်ထပ်ပွဲတစ်ခု လုပ်ပေးလို့ရတယ်…” ရီဖူရှင်းက တောက်ပစွာ ပြုံးလျက် ပြောသည်။ နန်ဒူဝမ်ယန်က မျက်လုံးများ နီရဲလာကာ ခေါင်းငုံ့လိုက်သည်။ သူမက မည်သို့ တွေးရမည် မသိပေ။

“ကောင်းပြီ…” ဟွာဖန်းလူက ခေါင်းညိတ်သည်။

“ကျေးဇူးပါ… ဆရာ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်တွင် အားလုံးကလည်း ပြုံးလိုက်ကြသည်။ မည်သို့ဆိုစေ သည်ကိစ္စကား လှပသော အခြင်းအရာ တစ်ခုဖြစ်ပေသည်။

ရီဖူရှင်းက ဟွာဂျီယူအား လက်ထပ်တော့မည့် သတင်းက စာအုပ်တောင်မှ လူများအားလုံးကို အံ့အားသင့်စေခဲ့သည်။ စာအုပ်တောင်မှ လူများက ရီဖူရှင်းတို့ အဘယ်ကြောင့် ပြန်လာသည်ကို မသိကြသော်လည်း မြေရိုင်းပြည်နယ်၌ စစ်ပွဲတစ်ခုဖြစ်ပွားခဲ့ကာ ဓားသခင်ကိုယ်တိုင် ပါဝင် တိုက်ခိုက်ခဲ့သည်ကိုလည်း သိကြသည်။ ဟွာဂျီယူကလည်း ထိုစစ်ပွဲကြောင့်ပင် ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရကာ ပြန်လာခဲ့ပြီး ယခုထိ သတိလစ်နေဆဲ ဖြစ်သည်။ သို့တိုင်အောင် ရီဖူရှင်းက ဟွာဂျီယူကို လက်ထပ်တော့မည် ဖြစ်သည်။

စာအုပ်တောင်မှ လူများအားလုံးက ရီဖူရှင်းနှင့်ဟွာဂျီယူတို့ အကြောင်းကို ကောင်းကောင်း သိကြပေသည်။ မည်သို့ဆိုစေ သူတို့ကား အရှေ့မြေရိုင်းဒေသ၏ လူပြောအများဆုံး နာမည်ကျော် ချစ်သူစုံတွဲ မဟုတ်ပါလား။ အားလုံးကလည်း အံ့အားသင့်ကြရသည်။ ဂူဘိုင်ယွီနှင့် ချူယောင်ယောင်တို့က ထိုသတင်းကို ကြားသည်တွင် အနည်းငယ် အံ့အားသင့် သွားကြသော်လည်း ဖြစ်လာသင့်သည့် အရာက ဖြစ်လာသည်ကို သူမတို့က တည်ငြိမ်စွာ လက်ခံနိုင်ကြသည်။ မည်သို့ဆိုစေ သူမတို့ကလည်း ရီဖူရှင်းနှင့် ဟွာဂျီယူတို့ အကြောင်းကို ကောင်းကောင်း နားလည်ထားကြသည် မဟုတ်ပါလား။

***

All Chapters