← Chapters

ချင်းလင်စံအိမ်သူဌေးက အရမ်းသြဇာကောင်းတယ်! မဲပေါက်ပြီ! ၄

Vol. 12 Ch. 167

ချင်းလင်စံအိမ်သူဌေးက အရမ်းသြဇာကောင်းတယ်! မဲပေါက်ပြီ! ၄

Vol. 12 Ch. 167

''ဒီရှုမျှော်ခင်းနေရာနှစ်ခုကလည်း ကျွန်မတို့ရုံချန်းစီရင်စုရဲ့အထူးရှုမျှော်ခင်းနေရာနှစ်ခုပါပဲ... အဲဒီမှာ နှစ်သက်စရာကောင်းတဲ့ အထူးရှုခင်းနေရာတွေအများကြီးရှိပါတယ်... ကျူးကျိယဉ်ကျေးမှုဥယျာဉ်မှာ ကျူးကျိလို့ဖတ်တဲ့ တောင်ပိုင်းရေစီးကြောင်းအကယ်ဒမီတောင်ရှိပါတယ်... 'ဧကဝက်ကျယ်တဲ့ရေကန်ရယ်... ကောင်းကင်က နေရောင်တောက်ပတယ်... တိမ်တွေတလွင့်လွင့်နဲ့... တူးမြောင်းက ဘယ်လောက်ကြည်လိုက်လဲ? အသက်ဝင်လိုက်တဲ့ သယံဇာတရှုခင်း' ဆိုတဲ့ ကဗျာကိုဖန်တီးဖြစ်စေတဲ့နေရာ...''

အရောင်းအမျိုးသမီး၏မိတ်ဆက်စကားတို့မှာ အလွန်ကောင်းသော်လည်း ဝယ်မည့်ခရီးသည်များများစားစားရှိပုံမပေါ်။ ဘာပဲဖြစ်ဖြစ် အားလုံးက ချင်းလင်စံအိမ်ပွဲအစီအစဉ်နှင့် မဲနှိုက်ရန်အတွက်ရောက်လာကြခြင်းဖြစ်၍ နဝမတိမ်လွှာတောင်နှင့် ကျူးကျိယဉ်ကျေးမှုဥယျာဉ်ကို ဘယ်သွားချင်ပါ့မည်လဲ?

အရောင်းအမျိုးသမီးက မိတ်ဆက်စကားဆုံးသောအခါ အော်လန်နှင့်ဆက်ပြောလိုက်သည်_ ''ပြီးတော့ သတင်းကောင်းလည်းရှိပါတယ်... ဒီရှုမျှော်ခင်းနေရာနှစ်ခုကဝယ်တဲ့လက်မှတ်တွေကိုလည်း မဲအရေအတွက်ထဲထည့်သွင်းသွားမှာပါ... နောက်ပြီး ပေါက်မဲအရေအတွက်ကိုလည်း တစ်နေ့နှစ်ယောက်တိုးပြီး ၇ ယောက်ဖောက်ပေးမှာပါရှင့်''

ဤသည်က အာရုံအတော်များများကို ဆွဲဆောင်လိုက်သည်။

''လေကြောရှည်လိုက်တာ... အဲဒီရှုခင်းနှစ်နေရာကလက်မှတ်ဝယ်ပြီး မဲနှိုက်လို့ရတယ်ဆို ပြီးနေပြီ'' ဝမ်ရန်က ပွစိပွစိပြောပြီး မိန်းကလေးအဖော်ကိုမေးလိုက်သည်_ ''ချင်းလင်စံအိမ်လက်မှတ်ဝယ်မရဘူးဆိုမှတော့ အဲဒီရှုခင်းနှစ်နေရာကိုသွားတာ မကောင်းဘူးလား?''

''ရှင့်သဘောပါပဲ'' မိန်းကလေးကခေါင်းညိမ့်လိုက်သည်။

ဝမ်ရန်နှင့်အတွေးတူသောလူများလည်း ရှိသည်ပေါ့။ သူတို့အားလုံးကရှေ့တိုးပြီး လက်မှတ်ဝယ်ရန် တန်းစီလိုက်၏။

ဝမ်ရန်က ရှုခင်းနှစ်နေရာလုံးအတွက် လက်မှတ်ဝယ်လိုက်သည်။ တစ်နေရာစီအတွက် လက်မှတ်နှစ်စောင်နှုန်းဖြစ်သော်လည်း တစ်စောင်မှယွမ် ၅၀ တည်းကျသည်ကိုတွေ့လျှင် မျက်မှောင်ကြုတ်လိုက်ပြီး_ ''လက်မှတ် ၄ စောင်မှ ယွမ် ၂၀၀ တည်း... နှစ်ခါပဲနှိုက်ရမယ်''

သည်လိုနှင့် မဲနှိုက်လိုက်သည်။ ဖြစ်ချင်တော့ နှစ်ကြိမ်လုံး 'ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်'။

''သောက်...'' သူစိတ်ရှုပ်သွား၏။

တစ်ကြိမ်လေးတောင်မပေါက်ဘူးလား?

ရှုမျှော်ခင်းနှစ်နေရာအတွက် လက်မှတ်ဝယ်သော တခြားခရီးသည်များလည်း မဲနှိုက်လိုက်ကြသည်။



စုံတွဲတစ်တွဲကလက်မှတ်ယူပြီး အမျိုးသားဖြစ်သူက ဘာရယ်မဟုတ် မဲနှိုက်လိုက်သည်။ သူနှင့်သူ့ဇနီးက ခရီးသွားဖို့သက်သက်ရောက်လာကြခြင်းဖြစ်၏။ မဲနှိုက်သည်ဆိုတာကလည်း ခရီးသွားလမ်းကြုံသဘောသာ။ ဒီအတွက် သိပ်လည်းအရေးတယူမရှိ။ ပေါက်မပေါက်ဆိုသည်က ကံကြမ္မာအလိုကျပင်။

''အကြီးအကဲစားပွဲကိုရသည့်အတွက် ဂုဏ်ယူပါတယ်!''

''???'' အမျိုးသားက အမြန်လက်ပြန်ရုတ်ပြီး ချလိုက်သည်။ ခဏတော့ မယုံနိုင်အောင်ဖြစ်သွား၏။

ပေါက်မည်မထင်ထားသော်လည်း တကယ်ပေါက်သွားပြီတဲ့လား?

''ဘာတဲ့လဲ?'' သူ့ဇနီးက သိချင်စိတ်နှင့်မေးလိုက်သည်။

''ကိုယ်... ကိုယ်မဲပေါက်တယ်!'' အမျိုးသားက မယုံနိုင်စွာဖြေလိုက်၏။

''တကယ်?'' သူ့ဇနီးအံ့သြသွားသည်။ သူမက သူ့ယောက်ျားဖုန်းကိုယူကြည့်လိုက်ရာ အမှန်ပင်မဲပေါက်ကြောင်းအသိပေးစာကို တွေ့လိုက်ရသည်။ သူမ မအော်ဘဲမနေနိုင်တော့_ ''ရှင်တကယ်ပေါက်တာပဲ ယောက်ျား... အံ့သြစရာကောင်းလိုက်တာ... ပထမဆုံးနှိုက်တဲ့မဲက ပေါက်တယ်တဲ့''

ထိုအသံက ချက်ချင်း အနီးအနားမှလူအားလုံး၏အာရုံကို ဆွဲယူလိုက်သလိုပင်။ အားလုံးလှမ်းကြည့်လာကြသည်။

ဝမ်ရန်လည်း မနာလိုသောမျက်လုံးများနှင့် လှမ်းကြည့်လိုက်၏။

ပထမဆုံးနှိုက်တဲ့မဲက ပေါက်တယ်တဲ့လား?

ကမ္ဘာပေါ်မှာ တရားမျှတမှုဆိုတာရောရှိရဲ့လား?

ပတ်ချာလည်မှလူအားလုံး ပွက်လောညံသွားသည်။

''ဘယ်လိုကံမျိုးပါလိမ့်?''

''ငါမဲနှိုက်တာ ၁၂ ခါလောက်ရှိပြီ... မပေါက်သေးဘူး... သူက ဒီရှုခင်းနှစ်နေရာအတွက် လက်မှတ်ဝယ်ပြီး ပေါက်သွားတယ်ပေါ့?''

''ချင်းလင်စံအိမ်မှာသုံးတဲ့သူများလို့ မဲပေါက်နှုန်းနည်းတာလား? ဒီရှုခင်းနှစ်နေရာအတွက် လက်မှတ်ဝယ်တဲ့သူနည်းတယ်ဆိုတော့ မဲပေါက်ဖို့အခွင့်အရေးများတယ် ဒီလိုလား?''

''ဖြစ်နိုင်တာက ဒီရှုခင်းနှစ်နေရာအတွက် လက်မှတ်အရောင်းက အခုမှထည့်လိုက်တာဆိုတော့ မဲပေါက်နိုင်တဲ့နှစ်နေရာတိုးသွားတယ်... စနစ်ရဲ့မဲပေါက်နိုင်ခြေက ချို့ယွင်းချက်ရှိတယ်ထင်တယ်... ဒီတော့ အဲဒီရှုခင်းနှစ်နေရာအတွက် လက်မှတ်ဝယ်တဲ့သူက တကယ်ပေါက်သွားတာပေါ့''

“…”



တစ်ခုခုဖြစ်ပြီဆိုလျှင် လူအတော်များများက သူတို့စိတ်ထဲမှာ ထူးခြားတဲ့အတွေးတွေ နှီးနွယ်ဆက်စပ်မှုတွေပေါ်လာတော့သည်။

ထို့ကြောင့် လူများက နဝမတိမ်လွှာတောင်နှင့် ကျူးကျိယဉ်ကျေးမှုဥယျာဉ်လက်မှတ်ဝယ်ရန် အပြေးသွားကြ၏။

ချင်လင်ရုံးခန်းထဲတွင် ဥက္ကဌလီ၊ ဥက္ကဌဟွမ်နှင့် ချန်လီတို့မှာ ရှုမျှော်ခင်းနှစ်နေရာနောက်ခံ၌ လက်မှတ်အရောင်းမြန်မြန်ဆန်ဆန်တက်လာပုံကိုကြည့်ရင်း အလွန်အံ့သြနေကြသည်။ ချင်လင်၏အကြံမှာ လုံးဝအောင်မြင်သွားသည်။

ဥက္ကဌလီနှင့်ဥက္ကဌဟွမ်တို့က ပြုံးရွှင်နေကြ၏။ နောင်တွင် ဥက္ကဌချင်နှင့် ဆက်သွယ်ရေးကောင်းကောင်းတည်ဆောက်ထားရမည်။ ဒီလိုအဖြစ်မျိုး နောက်ထပ်သုံးလေးကြိမ်ဖြစ်ရင်ကောင်းမည်။

အပြင်ဘက်တွင်_

မဲပေါက်သောစုံတွဲကို ဝိုင်းကြည့်သောလူများ တစ တစနှင့် ပိုများလာသည်။ ဘာပဲဖြစ်ဖြစ် ပထမဆုံးမဲပေါက်တဲ့သူပဲလေ။

စားပွဲထိုးမလေးတစ်ဦးက အလျင်စလိုရှေ့တိုးလာပြီး ထိုစုံတွဲအား_ ''မဲပေါက်တဲ့အတွက် ဂုဏ်ယူပါတယ်... အခုကျွန်မနောက်လိုက်ပြီး ID အချက်အလက်စာရင်းသွင်းလို့ရပါပြီ... ဆုယူဖို့အစီအစဉ်ကိုပြောပြပါ့မယ်''

နည်းနည်းစိတ်ရှုပ်သွားသော်လည်း စုံတွဲကခေါင်းညိမ့်ပြီး စားပွဲထိုးနောက်လိုက်သွားသည်။

ထိုအချိန်တွင် တစ်ယောက်ယောက်ကအော်လိုက်၏_ ''နေပါဦး''

ဝတ်စုံပြည့်နှင့်လူငယ်လေးတစ်ဦးပြေးလာပြီး စုံတွဲကိုမေးလိုက်သည်_ ''ဒီဆုကို ရောင်းမှာလားဗျ? ကျွန်တော်တို့ဥက္ကဌက ဝယ်ချင်လို့ပါ... သူက ယွမ် ၆၁၀၀၀ ပေးနိုင်ပါတယ်... ချက်ချင်းငွေလွှဲပေးမှာပါ''

လူငယ်လေးက အလျင်လိုနေသည်။ ဥက္ကဌမှာ အချိန်မရှိသောကြောင့် သူ့ကိုလွှတ်လိုက်၏။ သူ့မှာ မနက်ကတည်းကစောင့်နေရသည်။ ဥက္ကဌက အနည်းဆုံးပေါက်မဲနှစ်ခုဝယ်ရမည်ဟု အမိန့်ပေးလိုက်သည်။

ခဏအကြာ နောက်ထပ်အတွင်းရေးမှူးဝတ်စုံနှင့်အမျိုးသမီးတစ်ဦးပြေးလာပြီး_ ''ရှင်တို့နှစ်ဦး ကျွန်မတို့ဥက္ကဌကိုလည်း စဉ်းစားပေးပါဦး... သူက ယွမ် ၆၂၀၀၀ ပေးပြီး ဝယ်ချင်ပါတယ်တဲ့''

စျေးထပ်မြင့်သွားပြန်ပြီလား?

နောက်ဆုံး သူတို့နားကလူတွေ ပွက်ပွက်ညံလာသည်။

''တကယ် အလုအယက်ဝယ်ချင်နေကြတာပဲ!''

''စျေးထပ်တက်သွားပြန်ပြီ... ယွမ် ၆၂၀၀၀ တဲ့''

''ငါဘာလို့မပေါက်တာလဲ? ငါက သူ့ရှေ့ကလေ... အစကသိရင် သူ့ကိုအရင်နှိုက်ခိုင်းပြီး ငါနောက်မှနှိုက်ပါတယ်''

“…”

စိတ်ရှုပ်ထွေးခြင်း၊ အားကျခြင်း၊ မနာလိုခြင်း၊ အံ့သြခြင်းများ ရောထွေးသွားကြသည်။

အချိန်တိုအတွင်း မဲပေါက်သွားပြီဆိုသောသတင်း၊ အလုအယက်ဝယ်ကြသည်ဆိုသောသတင်းများ ချင်းလင်စံအိမ်တစ်ခုလုံးပြန့်နှံ့သွား၏။ ခရီးသည်တစ်ယောက်ပြီးတစ်ယောက်သိသွားကြသည်။

အချိန်ခဏတော့ ချင်းလင်စံအိမ်တစ်ခုလုံးမှာ လှုပ်လှုပ်ရွရွဖြစ်သွားလေသည်။



All Chapters