ရှင်ဘုရင်စည်းစိမ်! အကွက်ရွှေ့ချင်တယ်ဆိုရင် ကိုယ်ကျင့်တရားရှိရမယ်! ၁
Vol. 12 Ch. 172
ချင်လင်ရုံးခန်းထဲတွင်_
နောက်ဆုံးမဲပေါက်သူထွက်ပေါ်လာသောအခါ ကောင်းယောင်ယောင်ရောက်လာပြီး အစီရင်ခံသည်_ ''သူဌေး... မဲပေါက်သူအားလုံးရဲ့အချက်အလက်တွေ စာရင်းသွင်းပြီးပါပြီ... သူတို့ရဲ့ ID အချက်အလက်ကို နောက်ခံမှာကြည့်နိုင်ပါတယ်''
ချင်လင်က ကွန်ပျူတာဖွင့်လိုက်ပြီး စံအိမ်နောက်ခံအစီအစဉ်ထဲဝင်လိုက်သည်။ သူက မဲပေါက်သူ ၇ ယောက်၏ ID များတွေ့သည်။
နာမည်၊ ID နှင့် ဆက်သွယ်ရမည့် အသေးစိတ်အချက်အလက်များ အပြည့်အစုံပါ၏။
ပေါက်မဲ ၇ ခုမှ ၄ ခုကို ရင်းနှီးသည်။
ချန်ရှန်းဖေ: ၂
မာလဲ့ဝမ်: ၂
သူတို့နှစ်ဦးစလုံးက ပထမနေ့တွင် ပေါက်မဲနှစ်နေရာကိုဝယ်ထားသည်။
မင်မြို့တော်ထဲတွင် တခြားသူဌေးများလည်းရှိပြီး လျိုယီမှာ အရင်က ပေါက်မဲကိုဝယ်ချင်ကြောင်းပြောဖူးသည်။

ထိုပုဂ္ဂိုလ်ကလည်း နှစ်နေရာဝယ်ထား၏။
ဒီနေ့ခရီးသည်များဆီမှပေါက်မဲကိုဝယ်သူများမှာ သူတို့သုံးယောက်လွှတ်လိုက်သောလူများဖြစ်ပုံရသည်။
နောက်ဆုံးလူက ဝမ်ရန်ဖြစ်သည်။ သူ့နာမည်ကို တစ်ခါမှမကြားဖူး။
ကောင်းယောင်ယောင်က_ ''ဒီနေ့ ခရီးသည် ၆ ယောက်က သူတို့ပေါက်မဲကိုရောင်းခဲ့ပါတယ်... ဝမ်ရန်လို့ခေါ်တဲ့နောက်ဆုံးတစ်ယောက်ကတော့ မရောင်းခဲ့ပါဘူး... သူကအခုပဲစာရင်းသွင်းပြီး ဒီအကြီးအကဲစားပွဲကို ဘယ်အချိန်စားလို့ရမလဲလို့တောင် မေးနေပါတယ်''
......
ချင်လင်က ထိုစကားကြားလျှင်_ ''စာရင်းသွင်းထားတဲ့လူအားလုံးကို အကြောင်းကြားလိုက်ပါ... ပွဲအစီအစဉ်အတွင်း ပေါက်မဲရခဲ့တယ်ဆိုရင် ဘယ်အချိန်မဆိုစားနိုင်ပါတယ်လို့... ဝန်ဆောင်မှုပေးတဲ့နေရာမှာ သူတို့စာရင်းသွားပေးပြီးတာနဲ့ တို့စံအိမ်က ချက်ချင်းစီစဉ်ပေးမယ်ဆိုတာ ပြောလိုက်ပါ''
ခဏတွေးကြည့်ပြီးနောက် သူကဆက်၍_ ''ပြီးတော့ လူကြီးမင်းချန်နဲ့တခြားသူဌေးတွေကို ဒီပွဲအစီအစဉ်အတောအတွင်းတင်မဟုတ်ဘူး... နောင်အတွက် သူတို့ပေါက်မဲကိုသိမ်းထားချင်တယ်ဆိုရင် တို့မှာပစ္စည်းရှိမရှိ ကြိုမေးလို့ရတယ်... တကယ်လို့မရှိရင် တို့မှာပစ္စည်းရှိတဲ့အချိန်အထိစောင့်ပြီးလုပ်ပေးမယ်''
‘'သဘောက သူတို့ဘယ်နှစ်ကြိမ်ဝယ်ဝယ်... ပွဲအစီအစဉ်အတွင်းမှာ ငါလုပ်ပေးမယ်... နောက်မှသုံးချင်တယ်ဆိုရင်လည်း တို့မှာပစ္စည်းရှိတဲ့အချိန်ကိုတော့ စောင့်ပေးရမယ်''
တကယ်တော့ ပစ္စည်းတွေက အများကြီး။ အဲဒီသူဌေးတွေ အချိန်မရွေးလာစားနိုင်သည်။
အမှန်ပင် သူစားဖိုဆောင်သွားပြီး ဒီတစ်ကြိမ်ပေါက်မဲအတွက်လိုရမယ်ရ ရှန်းရွှေလက်ဆောင်ဆန်၊ ခရု၊ ဆေးဖက်ဝင်ဝိုင်နှင့် သဘာဝငါးများ ပြင်ဆင်ပေးထား၏။
ရှန်းရွှေလက်ဆောင်ဆန်ကို သုံးလထားနိုင်သည်။ မချက်လျှင်တောင် အကြာကြီးသိမ်းထားနိုင်၏။ သုံးလလောက်တော့ သူယူလာစရာမလိုသေး။ ဆရာလင်းက သေသေချာချာသိမ်းထားလိမ့်မည်။
သို့သော် နှစ်ရက်အတွက် ပေါက်မဲ ၁၄ ခုကျန်နေသေးသည်။ ဒီသူဌေးတွေ ဘယ်နှစ်ကြိမ်လောက်ဝယ်မယ်ဆိုတာ ဘယ်သိပါ့မလဲ?
ဒီလိုအသိပေးတာမျိုးက ဒီပစ္စည်းရဖို့ အလွန်ခက်ကြောင်းပြခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်ကို အပြင်မှာရဖို့လည်းမလွယ်။ ထို့အပြင် ဤသည်က တခြားအဓိပ္ပါယ်ကိုလည်းဆောင်သည်။ သူတို့စံအိမ်မှာ တချို့အရာတွေကို အချိန်နှင့်အမျှသာရမည်။ နောက်ပြီး သူတို့မှာ ပုံစံတစ်မျိုးရှိရမည်လေ။
''ကောင်းပါပြီ သူဌေး!'' ကောင်းယောင်ယောင်ခေါင်းညိမ့်ပြီး အထွေထွေစီမံရေးရုံးခန်းထဲပြန်သွားလိုက်သည်။
အထွေထွေစီမံရေးရုံးခန်းထဲတွင် သူမကိုယ်ပိုင်အခန်းနှင့်ကွန်ပျူတာရှိသည်။
စံအိမ်လုပ်ငန်းအစီအစဉ်နှင့် သူမ၏ကြီးကြပ်အကောင့်မှာလည်း အတိုင်းအတာတစ်ခုအထိ အာဏာရှိသည်။ အစီအစဉ်ထဲဝင်ပြီးနောက် စာရင်းသွင်းအချက်အလက်ဖွင့်ကာ ရုံးဖုန်းကိုင်၍ တစ်ယောက်ပြီးတစ်ယောက်ဖုန်းဆက်လိုက်၏။
သူမကိုယ်တိုင် သူတို့ကိုအကြောင်းကြားပြီးမှ စိတ်သက်သာရာရသွားသည်။
ချင်လင်က ရုံးတံခါးကိုလော့ချပြီး ဂိမ်းထဲဝင်လိုက်၏။

အရင်ဆုံးရှေးဟောင်းကြေးညိုပုလင်းကို ဝိုင်ဖြည့်ရမည်။ အစပိုင်းနည်းနည်းထုတ်ထားရမည်။
…
နေမှာ တောတောင်ထဲလုံးဝပျောက်ကွယ်လုနီးနီးဖြစ်နေပြီ။
ဝမ်ရန်က သူ့မိန်းကလေးအဖော်ကိုခေါ်ပြီး သတို့သမီးခန်းနံပါတ် ၁၁၀ ကိုရှာလိုက်သည်။
အစကသူ အခန်းကြိုတင်မယူနိုင်ခဲ့။ ပြည်သူတွေက လက်သွက်လွန်းသည်။ သို့သော် အခုတော့ ဆုမဲပေါက်ခဲ့ရုံမက အခန်းကြိုယူပြီး အချိန်မီမထွက်ခွာနိုင်သောခရီးသည်နှင့်လည်း အမှတ်မထင်တွေ့ခဲ့ရသည်။ သူကအမိအရ အခန်းယူလိုက်၏။
ကံတရားကမျက်နှာသာပေးတဲ့အခါ ဘာမှတားဆီးမရ။
လက်ရှိသူ့စိတ်ကူးက အလွန်ရှင်းသည်။ အကြီးအကဲစားပွဲကိုစောင့်ပြီးစားမည်။
အခန်း ၁၁၀ ကိုရှာတွေ့လျှင် အထဲဝင်လိုက်သည်။
သတို့သမီးခန်းအရှေ့မျက်နှာစာတွင် စားပွဲဝိုင်း၊ ထိုင်ခုံအစုံနှင့် ခြံဝင်းသေးသေးလေးရှိသည်။ လွတ်လွတ်လပ်လပ်ချက်စားနိုင်ရန် အသားကင်ပစ္စည်းကိရိယာများနှင့်မီးဖိုလည်းရှိ၏။
သတို့သမီးခန်းက မကြီးသော်လည်း အပြည့်အစုံတပ်ဆင်ထားပြီး လှိုက်လှိုက်လှဲလှဲဖြစ်အောင်ပြင်ဆင်ထားသည်။ ကြည့်ရတာ အလွန်သက်သောင့်သက်သာရှိ၏။
အနောက်ဘက်တွင် မှန်တံခါးနှင့်ခြားထားပြီး အထဲတွင် ရေချိုးခန်းဖြစ်သည်။ ရေချိုးခန်းမှာ အလွန်ကောင်းသော ရေချိုးကန်လည်းပါ၏။
''အတော်ကြီးတာပဲ... လူနှစ်ယောက်ဆံ့လောက်တယ်'' ဝမ်ရန်က သူ့မိန်းကလေးအဖော်ကို ပြုံးစိစိနှင့်ပြောလိုက်သည်။ သူ့မိန်းကလေးအဖော်ကိုထပ်ကြည့်လိုက်သောအခါ သူ့ခံစားချက်မှာ မနေ့ညကနှင့်မတူတော့။
အစပိုင်းတော့ အားလုံးက နိုက်ကလပ်တွင် ပျော်ပါးရုံမျှသာ။ သို့သော် တစ်ဖက်သားက ယောက်ျားရှိသည်ဟုဆိုလာသည်တွင် အနည်းနှင့်အများတော့ စိတ်လှုပ်ရှားမှုနည်းနည်းလျော့ကျသွားသည်။
''အစ်ကိုရန်... ကျွန်မသူ့ကိုကွာရှင်းလိုက်ရင်ရော?'' မိန်းကလေးက အခုတော့ခံစားချက်တွေပါလာပြီ။ သူမက မရဲတရဲမေးလိုက်သည်_ ''သူက တစ်လတစ်လအများကြီးရတယ်... မုန့်ဖိုးလည်းပေးတယ်ဆိုပေမဲ့ လုပ်ငန်းကိစ္စနဲ့ခရီးထွက်ရရင် ကျွန်မကိုအဖော်မလုပ်ပေးနိုင်ဘူး... ပြီးတော့သူက လေ့ကျင့်ခန်းလည်းမလုပ်ဘူး''
တစ်ဖက်လူက သွေးစမ်းနေတယ်ဆိုတာ ဝမ်ရန်မသိဘဲနေမလား? အခုမဖြစ်သင့်တာကိုပြောဖို့ ဘယ်သူက တောင်းဆိုနေတာလဲ? သူက ဟက်ခနဲရယ်ပြီး_ ''ဘေဘီ... ဒီလိုမတွေးနဲ့လေ... ဒီလိုယောက်ျားမျိုးရှိတာ ဘယ်လောက်ကောင်းလဲ? သူမင်းကိုချစ်တယ်... မင်းသုံးဖို့ပိုက်ဆံပေးတယ်... ပြီးတော့ လွတ်လပ်မှုလည်းပေးတယ်... မိန်းကလေးတွေက မင်းကိုမနာလိုနေမှာ ဟုတ်ပြီလား? သူနဲ့ကောင်းကောင်းမွန်မွန်နေစမ်းပါ''
“…” မိန်းကလေးကသူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။
နိုက်ကလပ်တက်တဲ့ကောင်တွေက တကယ်ယုံလို့မရတာပဲ။
ထိုအချိန်တွင်_
သူ့ဖုန်းမြည်လာသည်။ ဖုန်းကိုင်လိုက်သောအခါ ကြည်နူးစရာကောင်းသော အမျိုးသမီးတစ်ဦး၏ အသံကို တစ်ဖက်မှကြားရသည်_ ''မင်္ဂလာပါ လူကြီးမင်းဝမ်... ကျွန်မက ချင်းလင်စံအိမ်ရဲ့ဝန်ဆောင်မှုကြီးကြပ်သူ ကောင်းယောင်ယောင်ပါ... လူကြီးမင်းက ကျွန်မတို့ချင်းလင်စံအိမ်ရဲ့အကြီးအကဲစားပွဲကိုရထားပါတယ်... အဲဒီအတွက် ကျွန်မတို့ကို အချိန်မရွေးပြင်ဆင်ခိုင်းလို့ရပါတယ်''
ဝမ်ရန်မျက်စိကျယ်သွားသည်_ ''အချိန်မရွေး? ဒါဆို ဒီအကြီးအကဲစားပွဲကို ညစာစားလို့ရလား?''
တစ်ဖက်မှ နောက်ထပ်အသံထွက်လာသည်_ ''ရပါတယ် လူကြီးမင်း... အခုကျွန်မတို့စံအိမ်ဧည့်ခန်းထဲက အထူးဝန်ဆောင်မှုရုံးခန်းထဲမှာ စာရင်းသွင်းလို့ရပါတယ်... လူကြီးမင်းအတွက် ချက်ချင်းပြင်ပေးပါ့မယ်''