ဂန္တဝင်ငွေပုလင်းနဲ့ဝိုင် တကယ်ရှိလား?
Vol. 12 Ch. 179
ချင်လင်က ဒီအရည်အသွေး ၁ ဖရဲသီးတန်ဖိုးကိုသိသော်လည်း ဒီဖရဲသီးမျိုးစေ့ကို အရင်ဆုံးပျိုးထောင်ရဦးမည်။
ဖရဲသီးတစ်စိတ်စားပြီးနောက် ချန်ရှန်းဖေက ချင်လင်ကိုမေးလိုက်သည်_ ''သူဌေးချင်... ဒီပေါက်မဲတွေက တို့ ၆ ယောက်အတွက်လောက်ပါ့မလား?''
ချင်လင်ကပြုံးလိုက်ပြီး_ ''လောက်တာပေါ့... မှောင်တောင်မှောင်တော့မယ်... အခုခင်ဗျားတို့အတွက် စီစဉ်ပေးရမလား?''
ဒီတစ်ကြိမ်တွင် အကြီးအကဲစားပွဲအတွက်ပေါက်မဲဟူ၍တွက်မနေ။ မိသားစုတစ်ခုလုံးအတွက်ချိန်ပြီး ပြင်ဆင်ထားသည်။
ဘာပဲဖြစ်ဖြစ် ခရီးထွက်လာတဲ့ မိသားစုတွေအများကြီးရှိသည်။ ၅ ယောက် ၆ ယောက်လည်းဖြစ်နိုင်သည်။ တကယ်လို့ မဲပေါက်ခဲ့ရင် သူတွက်ကပ်ပြီး နှစ်ယောက်စာပဲပြင်ဆင်ထား၍မဖြစ်။
ပမာဏက အလိုက်သင့်လည်းဖြစ်နိုင်သည်ပေါ့။ အကယ်၍ တစ်ဖက်မှာ လူနှစ်ယောက်တည်း ဒါမှမဟုတ် တစ်ယောက်တည်းဖြစ်နေလျှင် ထိုတူညီသောအရေအတွက်အတိုင်းသာ လုပ်ပေးမည်။ အလဟဿဖြစ်စရာလည်းမလိုတော့။
ချန်ရှန်းဖေက ခေါင်းညိမ့်ပြီး_ ''ကောင်းပြီလေ... စီစဉ်လိုက်ပါ... ဒီတစ်ခါ လောင်မာနဲ့ငါ အလှည့်ကျစားဖို့ သဘောတူထားတယ်''
မာလဲ့ဝမ်ကလည်း_ ''သူဌေးချင်... ငါတို့အတွက် နောက်ထပ်အခန်းသုံးခန်းစီစဉ်ပေးပါ... လောင်ချန်နဲ့ငါက ကုမ္ပဏီကိစ္စတွေစီစဉ်ပြီးသွားပြီ... နှစ်ရက်လောက်အပန်းဖြေဖို့စီစဉ်ထားတယ်... မင်းရဲ့သတို့သမီးခန်းက ရလောက်သေးတယ်မလား?''
''လူကြီးမင်းမာတောင်းဆိုမှတော့ ရှိရမှာပေါ့'' ချင်လင်က ခေါင်းညိမ့်လိုက်သည်။
သတို့သမီးခန်းမှာ တစ်နေ့ကို အခန်း ၁၄၀ သာ အငှားပေးထားသည်။ ဒီလိုအခြေအနေမျိုးအတွက် အခန်းပေးနိုင်ရန် အမြဲတမ်းထိန်းသိမ်းထားသောအခန်း ၁၀ ခန်းရှိသေး၏။
ချင်လင်လည်း ဖုန်းကောက်ကိုင်လိုက်ပြီး ကောင်းယောင်ယောင်ကိုဖုန်းခေါ်လိုက်သည်_ ''ယောင်ယောင်... အခန်း ၁ ကနေ ၃ အထိစာရင်းသွင်းပြီး အစ်မဟုန်ကိုအခန်းသန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါ''
သတို့သမီးခန်းတိုင်းတွင် အခန်းနံပါတ်ရှိသည်။ သူက ၁ မှ ၁၀ အထိ ထိန်းသိမ်းထား၏။ ထို့အပြင် ထိုအခန်းများကို သီးသန့်နေရာယူထားသည်။ တစ်ခန်းတိုင်းက ပိုကျယ်ပြီး ခြံဝင်းနေရာလည်း ပိုရ၏။
ကောင်းယောင်ယောင်လည်း ထိုသတို့သမီး ၁၀ ခန်းက ဘာအတွက်ဆိုတာသိသည်။ ချင်လင်၏ညွှန်ကြားချက်ရပြီးနောက် သူမကချက်ချင်းစီစဉ်လိုက်၏။
......
ID အချက်အလက်ကိုမူ နောက်မှဖြည့်ဖို့ သူဌေးကိုယ်တိုင်စီစဉ်ထားသည်။
ချင်လင်က ချန်ရှန်းဖေ၏အကြီးအကဲစားပွဲကို စားသောက်ခန်းထဲမှာ ဧည့်ခံဖို့မစီစဉ်ထား။ ပင်မခန်းမထဲတွင်ပြင်ဆင်ထားပြီး ဆရာလင်းကို စားဖိုဆောင်ဆီ ပါဝင်ပစ္စည်းများယူလာခိုင်းလိုက်သည်။
ဘာပဲဖြစ်ဖြစ် စားသောက်ဆိုင်ထဲမှာ လူတွေများလွန်းသည်။ ဒီလူချမ်းသာနှစ်ယောက်ကို မှတ်မိသွားနိုင်၏။ သူတို့သာ စားသောက်ဆိုင်ထဲတိုးဝင်သွားရင် သေချာပေါက်ဝိုင်းကြည့်ခံရမှာပင်။
တစ်ဖက်တွင် ပင်မခန်းမထဲ၌ ဘယ်သူမှမရှိ။ အခန်းလွတ်ဖြစ်၍ သူတို့ကိုဘယ်သူမှမနှောင့်ယှက်နိုင်။ သူတို့ဘာအကြောင်းပြောပြော အဆင်ပြေသည်။
အပန်းဖြေစံအိမ်ပြီးလျှင် သူတို့ကို အပန်းဖြေစံအိမ်ဆီတန်းသွားနိုင်ရန် စီစဉ်ပေးမည်။
ချန်ရှန်းဖေတို့အတွက် စီစဉ်ပေးပြီးနောက် ချင်လင်က ဖရဲသီးများဆက်ခူးနေလိုက်သည်။ ထို့နောက် ချန်တပေကိုလှည်းယူခိုင်းပြီး ဖရဲသီးများကို အရောင်းစင်တာပို့ခိုင်းလိုက်၏။
ချန်ရှန်းဖေတို့ထိုင်ပြီးမကြာမီ ဆရာလင်းကစတင်ချက်ပြုတ်တော့သည်။ သိပ်မကြာခင် အလုပ်သင်က သူတို့ ၆ ယောက်ကို ဟင်းပွဲများတည်ခင်းပေး၏။
''ဒီလောက်ကြီးတဲ့ခရုကို သဘာဝအတိုင်းရတာရှားတယ်'' ချန်ရှန်းဖေက အံ့သြစွာပြောလိုက်သည်။
''ဒီငါးရှဉ့်က အထက်တန်းကျတယ်'' မာလဲ့ဝမ်က ငါးရှဉ့်အသားတုံးတစ်တုံးယူပြီး ပါးစပ်ထည့်လိုက်ပြီဖြစ်သည်။ သူကနောက်ထပ်တစ်တုံးယူရင်း ပြောလိုက်ခြင်းဖြစ်၏။
သူတို့အားလုံးက သူတို့စိတ်တိုင်းကျစားသုံးနေကြသည်။ ဘယ်လောက်စျေးကြီးသည်ဖြစ်ဖြစ် သူတို့စားခဲ့ဖူးသော်လည်း ဒီတစ်နပ်စာက သူတို့အတွက်တောင် တော်တော်လေးကောင်းနေ၏။
ခဏအကြာ_
ကောင်းယောင်ယောင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းနှင့်ရောက်လာပြီး စားပွဲပေါ်တင်လိုက်ကာ_ ''လူကြီးမင်းချန်... လူကြီးမင်းရဲ့ဝိုင်ပါ''

မာလဲ့ဝမ်က ဂန္တဝင်ကြေးညိုဝိုင်ပုလင်းကိုကောက်ကိုင်ကြည့်လိုက်ကာ_ ''သူဌေးချင်ဝိုင်က ပိုပိုပြီးအထက်တန်းကျလာတယ်... ဝိုင်ပုလင်းလက်မှုပညာက အရမ်းလက်ရာမြောက်ပြီး အထက်တန်းစားပဲ... နောက်ဆုံးတော့ အပြင်မှာ ယွမ် ၂၀ နဲ့ဝယ်ရတဲ့ဖန်ပုလင်းမဟုတ်တော့ဘူးပေါ့''
ချန်ရှန်းဖေက ဝိုင်ကိုယူပြီး ခေါင်းညိမ့်လိုက်သည်_ ''တကယ်အထက်တန်းကျလာတယ်... ဒီဝိုင်ပုလင်းရဲ့တန်ဖိုးကတင် ဒီဝိုင်လောက်ကျမယ်''
သည်လိုနှင့်သူက ဝိုင်ပုလင်းဖောက်ပြီး သူ့ကိုယ်တိုင်အတွက်ရော တခြားသူများအတွက်ပါ ထည့်ပေးလိုက်သည်။ ထို့နောက် ပုလင်းပြန်ချပြီး တစ်ခွက်သောက်လိုက်၏။
သူ့ပါးစပ်ထဲဝိုင်ဝင်သွားသည်နှင့် သူအံ့သြသွားသည်_ ''ဒီဝိုင်က တခြားဝိုင်တွေအားလုံးထက် အတွေ့အထိအများကြီးပိုကောင်းသလိုပဲ''
''မင်းရော အရသာခံမိလား? အတွေ့အထိက တကယ်ပိုကောင်းလာတာ'' ထိုသို့ပြောပြီး လီရှင်းကိုမေးလိုက်၏_ ''လီရှင်း... ဒီဝိုင်သက်တမ်းဘယ်လောက်လဲ?''
''၁၀ နှစ်ကျော်တယ်'' လီရှင်းလည်း အံ့သြနေသည်။ ဒီ ၁၀ နှစ်ကျော်သက်တမ်းရှိတဲ့ဝိုင်က အရင်တစ်ခါဝိုင်အသစ်ထက် တကယ်ပိုကောင်းသည်။ တစ်ခွက်သောက်ပြီးနောက် သူကသက်ပြင်းချလိုက်ပြီး_ ''သူဌေးချင်က ပစ္စည်းကောင်းကို ဝှက်ထားသေးတယ်ထင်တယ်''
အရင်ကသူဌေးချင်ရဲ့ဆေးဖက်ဝင်ဝိုင်ကို အစောကြီးဖောက်လိုက်မိပြီဟု ခံစားလိုက်ရသည်။ အာနိသင်နှင့်အရသာက နည်းနည်းလိုသွား၏။ ဒီနေ့ဆေးဖက်ဝင်ဝိုင်က အရသာလိုအပ်ချက်ပြည့်စုံသွားပြီး ရိုးရာတရုတ်တိုင်းရင်းဆေးမိသားစုနှစ်စုမှစိမ်သောဝိုင်ကို တန်းကျော်တက်သွားသည်။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လို လူချမ်းသာတွေတောင် ဒီတစ်နပ်စာကို လုံးစိတ်ကျေနပ်နေကြ၏။
သူတို့က အကြီးအကဲစားပွဲဟုအသိအမှတ်ပြုပြီး သူတို့စားဖို့လည်း သင့်လျော်သည်။
စားပြီးလျှင် ကောင်းယောင်ယောင်က သူတို့ ၆ ယောက်ကို အခန်းနံပါတ် ၁ မှ ၃ အထိ နေရာချပေးလိုက်၏။
…
ညပိုင်းကုန်လွန်သွားသည်။
ချင်းလင်စံအိမ်အကြီးအကဲစားပွဲတတိယမြောက်နေ့ ၇ နေရာစာသာကျန်တော့၏။
နှစ်ရက်လောက်အရှိန်တက်ပြီးနောက် တတိယမြောက်နေ့ခရီးသည်များမှာ ဒီရေအလားအမြင့်ဆုံးတက်နေသည်။
ဥက္ကဌရုံးခန်းထဲတွင်_
ချင်လင်က လက်ဖက်ရည်စားပွဲဝိုင်းတွင်ထိုင်ပြီး လက်ဖက်ရည်ဖျော်နေသည်။ လက်ဖက်ရည်စားပွဲဘေးတွင် ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် လီရှင်းတို့ထိုင်နေကြ၏။
သူတို့ဇနီးများ ပန်းပင်လယ်ထဲသွားလည်နေချိန် သူတို့သုံးယောက်က သူ့ဆီလာပြီး လက်ဖက်ရည်ဝိုင်းဖွဲ့ကြသည်။
ချင်လင်က နှပ်ထားသောလက်ဖက်ရည်အိုးကိုင်၍ သူတို့သုံးယောက်အတွက် တစ်ခွက်စီငှဲ့ပေးလိုက်ပြီး_ ''လူကြီးမင်းလီ လူကြီးမင်းချန် လူကြီးမင်းမာ... ရုံချန်းစီရင်စုထဲမှာ လည်ပတ်လို့ရတဲ့ရှုခင်းနေရာတွေ အများကြီးရှိပါသေးတယ်... အပန်းဖြေထွက်တယ်ဆိုမှတော့ အားလုံးသွားပြီး လည်လို့ရတယ်''
သူပြောနေစဉ် တံခါးလာခေါက်သံကြားရသည်။
''ဝင်ခဲ့ပါ!'' ချင်လင်အော်လိုက်သည်။
ကောင်းယောင်ယောင်က တံခါးဖွင့်ပြီး ချန်လီနှင့်အတူလျှောက်ဝင်လာ၏။
''ဥက္ကဌချင်... ထပ်ပြီးနှောင့်ယှက်မိတာ အားနာလိုက်တာ'' ချန်လီက လက်ဆွဲသေတ္တာဆွဲပြီး အထဲဝင်လာသည်။ သူကချင်လင်ကိုနှုတ်ဆက်ပြီးနောက် ချန်ရှန်းဖေတို့အုပ်စုကိုကြည့်ပြီး အံ့သြသွား၏။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကို သူမှတ်မိသည်။
သူတို့က မြို့တော်သူဌေးကြီးနှစ်ယောက်။
ဒီလူနှစ်ယောက်သာ စီရင်စုမှာ ရင်းနှီးမြှုပ်နှံဖို့ဆန္ဒရှိရင် စွန်းရှန်ကအပြေးလာပြီး လှိုက်လှိုက်လှဲလှဲကြိုဆိုလိမ့်မည်ထင်သည်။
ဒီနှစ်ယောက်က ချင်းလင်စံအိမ်ရဲ့ပုံမှန်ဖောက်သည်တွေမှန်း စီရင်စုက သိထားသော်လည်း အခုမြင်ရတဲ့ပုံအရ သူဌေးချင်နှင့်အလွန်ရင်းနှီးနေသလိုပင်။
နောက်တစ်ယောက်ကိုတော့ သူမသိ။ ချန်ရှန်းဖေ၊ မာလဲ့ဝမ်တို့နှင့်အတူထိုင်နိုင်တယ်ဆိုကတည်းက သူလည်း သာမန်မဖြစ်နိုင်။
ချင်လင်ကချက်ချင်း ချန်လီကိုကြိုဆိုလိုက်ပြီး_ ''အားလုံးကို အချင်းချင်းမိတ်ဆက်ပေးပါရစေ... လူကြီးမင်းလီ လူကြီးမင်းချန် လူကြီးမင်းမာ... ဒါက ရုံချန်းစီရင်စုခရီးသွားဌာနက အကြီးအကဲချန်ပါ''
ချန်လီကချက်ချင်းပင် ချန်ရှန်းဖေတို့ကို အပြုံးနှင့်ပြောလိုက်သည်_ ''ရုံချန်းစီရင်စုက ခင်ဗျားတို့သုံးယောက်အလည်လာတာကို ကြိုဆိုပါတယ်ဗျာ''
''အကြီးအကဲချန်က အားနာလွန်းနေပါပြီ'' ချန်ရှန်းဖေက ဒီအကြီးအကဲချန်နှင့်သူဌေးချင်က သာမန်ရင်းနှီးမှုမျိုးမဖြစ်နိုင်ဟု ခန့်မှန်းမိပြီး ယဉ်ယဉ်ကျေးကျေးတုံ့ပြန်လိုက်သည်။
မာလဲ့ဝမ်နှင့်လီရှင်းလည်း အတူတူပင်။
သူတို့က စီရင်စုငယ်လေးရဲ့ခရီးသွားဌာနအကြီးအကဲကို ဂရုမစိုက်သော်လည်း သူဌေးချင်၏မျက်နှာကိုထောက်ထားသည်။
ချင်လင်က ချန်လီကိုထိုင်ခိုင်းလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ မေးလိုက်သည်_ ''အကြီးအကဲချန်... ဒီကိုသက်သက်လာခဲ့တာလား?''
''အမှန်ပဲ... စီရင်စုထဲက ဝိုင်ထုတ်တဲ့နေရာတစ်ခုကို သူဌေးချင်များလက်လွှဲယူချင်မလားလို့?'' ချန်လီက စီရင်စုဝိုင်ထုတ်လုပ်ငန်းအတွက်လာခဲ့ခြင်းဖြစ်သည်။

ချင်လင်ကိုစည်းရုံးသိမ်းသွင်းရန် သူက တစ်ညလုံး အချက်အလက်တွေ ဆင်ခြေဆင်လက်တွေပြင်ဆင်ထားသည်။
''ဝိုင်ထုတ်တဲ့နေရာကို လက်လွှဲယူရမယ်?'' ချင်လင်နည်းနည်းအံ့သြသွား၏။ အရင်ကသူ ဒီအကြောင်းလုံးဝမတွေးခဲ့ဖူး။ နောက်ပြီးသူက ဝိုင်အကြောင်းလည်း ဘာမှမသိ။
သို့သော် သူကငတုံးမဟုတ်။ သေချာတွေးကြည့်တော့ ဘာဖြစ်နေမှန်း သူအကြမ်းဖျင်းနားလည်သွားသည်။ စီရင်စုက လက်ရှိချင်းလင်ဆေးဖက်ဝင်ဝိုင်၏ဂုဏ်သတင်းကြောင့် စိတ်ကူးပေါက်လာပုံရ၏။
ချန်လီက ချက်ချင်းခေါင်းညိမ့်ပြီး_ ''စီရင်စုထဲမှာ ဝိုင်ထုတ်တဲ့နေရာဟောင်းရှိတယ်... သူဌေးချင်စိတ်ဝင်စားရင် စီရင်စုက သူဌေးချင်ကို စျေးအနည်းဆုံးနဲ့ရောင်းပေးမှာ... ပြီးတော့ ဝိုင်ထုတ်တဲ့နေရာက အခွန်ကင်းလွတ်ခွင့် ၃နှစ်ရမယ်''
''အကြီးအကဲချန်... အသေးစိတ်ပြောပြပါဦး'' ချင်လင်က ချက်ချင်းမငြင်းသေးသလို သဘောလည်းမတူသေး။
စျေးအနည်းဆုံးနဲ့ရောင်းပေးပြီး အခွန်ကင်းလွတ်ခွင့် ၃ နှစ်ရမည်ဆိုတော့ ဒီဝိုင်ထုတ်တဲ့နေရာက ကောင်းကောင်းမလည်ပတ်တာ သိသာသည်။ စီရင်စုအတွက် သေချာပေါက်ဝန်ထုပ်ဝန်ပိုးဖြစ်နေမည်။
အခုသူတို့က သူ့ကိုဝိုင်လုပ်နည်းသိသည်၊ ဝိုင်ထုတ်နိုင်သည်ဟုထင်၍ လက်လွှဲယူစေချင်တာဖြစ်မည်။
သို့သော်လည်း စီရင်စုက လူမှားပြီးတောင်းဆိုနေခြင်းပင်။ သူက အရက်အကြောင်း တစ်လုံးမှမသိချေ။
သို့ရာတွင် ချန်လီက ချင်လင်ဘာတွေးနေလဲမသိ၍ ရှင်းပြနေသည်_ ''သူဌေးချင်... တကယ်တော့ စီရင်စုထဲမှာ ဒီဝိုင်လုပ်ငန်းကစိမ်တဲ့ဝိုင်က တောက်လျှောက်ကောင်းခဲ့တာ... အထူးကျွမ်းကျင်မှုရှိတဲ့ဆရာကြီး ၁၀ ယောက်ကျော်လုပ်တာပဲ... ဒါပေမဲ့ နာမည်လုံးလုံးမထွက်ဘူး... ကြော်လည်းမကြော်ငြာနိုင်ဘူး... ပြီးတော့ အဲဒီဝိုင်လုပ်ငန်းမှာ ဆယ်စုနှစ်ချီသက်တမ်းရှိတဲ့ ဝိုင်သိုလှောင်ခန်းရှိတယ်''
“ဆယ်စုနှစ်ချီသက်တမ်းရှိတဲ့ ဝိုင်သိုလှောင်ခန်း?” လီရှင်းကရေရွတ်လိုက်သည်။
ပါဝင်ပစ္စည်းများအပြင် ဝိုင်သိုလှောင်ခန်းမှာလည်း အလွန်အရေးပါ၏။
ဝိုင်အနံ့ပြင်းပြင်းထွက်စေရန် အထူးသဖြင့် အနံ့ပြင်းသောဝိုင်ဖြူအတွက် ဝိုင်သိုလှောင်ခန်းကောင်းကောင်းရှိဖို့မှာ အဓိကကျသောလိုအပ်ချက်တစ်ခုဖြစ်သည်။
အကြောင်းမှာ သိုလှောင်ခန်းနှင့်ရွှံ့ထဲတွင် မတူညီသောလုပ်ဆောင်ချက်များနှင့် အဏှမြူဇီဝပိုးအုပ်စုမျိုးကွဲများစွာရှိသည့်အတွက် ဝိုင်စိမ်လျှင် အကျိုးရှိသည်။ အရည်အသွေးမြင့် သိုလှောင်ခန်းနှင့်ရွှံ့ကသာ ဝိုင်ကောင်းထုတ်ပေးနိုင်၏။ ထို့ကြောင့် သိုလှောင်ခန်းသက်တမ်းကြာရှည်လေလေ ပိုကောင်းလေလေဖြစ်သည်။
နှစ် ၁၀၀၀ သိုလှောင်ခန်းက နှစ် ၁၀၀၀၀ သိုလှောင်ခန်းထက် ပိုညံ့၏။ ဝိုင်ကောင်းခြင်းမှာ သိုလှောင်ခန်းဟောင်းခြင်းကြောင့်ပင်! ဤသည်မှာ ဝိုင်သိုလှောင်ခန်းထဲမှ ဝိုင်စိမ်ကန်နှင့်ဝိုင်တလျှောက်အကြောင်းပြောခြင်းဖြစ်သည်။
ဝိုင်လုပ်သူတွေရဲ့နည်းစနစ် ဘယ်လောက်တန်ဖိုးရှိသည်ကို အမှန်သိချင်လျှင် သူတို့မှာ နည်းနည်းပိုတန်ဖိုးရှိတဲ့ဝိုင်သိုလှောင်ခန်းဟောင်းရှိမရှိ မေးကြည့်သင့်၏။
အခုအခါ ကုမ္ပဏီအတော်များများက ဝိုင်လုပ်ရန် သိုလှောင်ခန်းအသစ်များသုံးကြသည်။ ထုံပြင်းပြင်းဝိုင်နံ့က စံချိန် T10781.1 မမီပေ။
နောက်ပြီး ဆယ်စုနှစ်ချီဝိုင်သိုလှောင်ခန်းအဟောင်းများက ရှားပါးသွားပြီ။
ထိုအတွေးနှင့် လီရှင်းကမနေနိုင်ဘဲ ချင်လင်ကိုပြောလိုက်တော့သည်_ ''သူဌေးချင်... ခင်ဗျားလည်း ဝိုင်အကြောင်းနားလည်တာပဲ... ဆယ်စုနှစ်ပတ်လည်ရှိတဲ့ဝိုင်သိုလှောင်ခန်းတွေက ရှားသွားပြီ... အတူတူသွားကြည့်ကြရင် မကောင်းဘူးလား?''
ချင်လင်က ထိုစကားကြားလျှင် တကယ်တမ်းသူပြောလိုက်ချင်တာက_ ''လူကြီးမင်းလီ... ခင်ဗျားအထင်လွဲနေပြီ... ကျွန်တော်က ဘယ်လိုသောက်ရတာလဲတောင်မသိဘူး'' ဟူ၍။
သို့သော် လီရှင်း၏သဘောကို သူနားလည်သည်။ ဆယ်စုနှစ်ပတ်လည်သက်တမ်းရှိတဲ့ဝိုင်သိုလှောင်ခန်းက ပစ္စည်းကောင်းတစ်ခုပင်။
နောက်ပြီး ကျေးလက်ဒေသက သူဝယ်လာခဲ့တဲ့ဝိုင်က ဘရန်းတွေထက်မနိမ့်ဘူးဟုလည်း ကြားဖူးသည်။ အတော်များများက ကျေးလက်ဒေသသို့သာသွားပြီး သူတို့သောက်ဖို့ဝိုင်ဝယ်ချင်ကြသည်။
ဒီဝိုင်သိုလှောင်ခန်းက တကယ်ကောင်းတယ်ဆိုရင် သူလက်လွှဲယူဖို့ ကိစ္စမရှိ။ ဘာပဲဖြစ်ဖြစ် နောင်မှာ သူ့အတွက် ချင်းလင်ဆေးဖက်ဝင်ဝိုင်ထုတ်ဖို့ ပိုအဆင်ပြေပြီး ပြင်ပလောကကြီးကို ဖုံးကွယ်ထားဖို့လည်း ပိုလွယ်ကူသွားမည်။
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် သတ္တုမြို့တော်မှာ ဝိုင်လုပ်နည်းရှိကြောင်း သူသတိရသွားသည်။ စပျစ်ဝိုင်ဖြစ်မည်ထင်သည်။ တခြားပုံစံများထဲတွင်လည်း လုပ်နည်းကအတူတူပင်။ သူသာအရယူနိုင်ရင် ဒီဝိုင်သိုလှောင်ခန်းက အသုံးတည့်ဦးမည်။
နောက်ပြီး လီရှင်းလိုကျွမ်းကျင်သူရှိနေမှတော့ သူ့ကိုအသုံးမချရင် နှမြောစရာ။ ဒီဝိုင်ထုတ်တဲ့နေရာမှာ ပြဿနာရှိမရှိ လီရှင်းကပြောပြနိုင်လိမ့်မည်။
ထိုသို့တွေးလိုက်ပြီး သူကလီရှင်းအား_ ''လူကြီးမင်းလီ... တစ်ချက်သွားကြည့်ကြတာပေါ့... ပြီးတော့ ခင်ဗျားဒီလောက်စိတ်ဝင်စားနေတာ ခင်ဗျားအပေါ် လောင်းကြေးထပ်မယ်ဆိုရင်ရော?''
''ဘာကြေးလဲ?'' လီရှင်းစိတ်ဝင်စားသွားသည်။
ချင်လင်ကပြုံးပြီး_ ''ဂန္တဝင်ငွေပုလင်းနဲ့ ဆေးဖက်ဝင်ဝိုင်တစ်လုံး''
လီရှင်းအာရုံကို ဖမ်းစားသွားသည်_ ''ဂန္တဝင်ငွေပုလင်းနဲ့ ဆေးဖက်ဝင်ဝိုင်?''
ချင်လင်ကပြုံး၍ ပြောပြလိုက်၏_ ''ရွှေ ငွေ ကြေးနီ... ကြေးနီက အနိမ့်ဆုံးအဆင့်ပေါ့''
''ငွေပုလင်းနဲ့ဝိုင်က ကြေးနီထက်ပိုကောင်းတာလား?'' လီရှင်း၏မျက်လုံးများ ချက်ချင်းအရောင်တောက်သွားပြီး ပိုတောင်ပူလာသလိုလို။
ဒီဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်က ပြောစရာကိုမလိုတော့။ မနေ့က ၁၀ နှစ်သက်တမ်းရှိတဲ့ ဆေးဖက်ဝင်ဝိုင်အရသာတောင် ကောင်းလှပြီ။ အခုသူဌေးချင်က အဲဒါအနိမ့်ဆုံးအဆင့်လို့ဆိုလိုက်တော့ အဲဒီထက်ပိုအဆင့်မြင့်တဲ့ငွေပုလင်းက သက်တမ်းရင့်ဝိုင်အဆင့်ရှိမည်မဟုတ်လား?
လီရှင်းက မနေနိုင်တော့ဘဲ ချက်ချင်းမေးလိုက်သည်_ ''သူဌေးချင်... ဒီဆုရအောင် ဘယ်လိုလုပ်ရမှာလဲ?''
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း လှမ်းကြည့်လိုက်၏။
ရွှေ၊ ငွေ၊ ကြေးနီဆိုတော့ ကြေးနီနဲ့ငွေပဲရှိသေးတာ။ ဒါဆို ရွှေလည်းရှိသေးတယ်ပေါ့ ဟုတ်လား? အဲဒါဘယ်လိုဝိုင်မျိုးပါလိမ့်?''
လီရှင်းပြောတာမှန်သည်။ သူဌေးချင်က ပစ္စည်းကောင်းတွေအများကြီး ဖုံးကွယ်ထားသည်။
လီရှင်းအမေးကို ချင်လင်ကြားလျှင် သူကပြုံးလိုက်ပြီး_ ''လူကြီးမင်းလီ... ခဏနေ ဝိုင်ထုတ်တဲ့နေရာကိုသွားရင် ကျွန်တော်ဘာမှမပြောဘူး... ခင်ဗျား ဝိုင်သိုလှောင်ခန်းနဲ့ ဝိုင်လုပ်ငန်းကဝိုင်ကို စစ်ကြည့်နိုင်တယ် တွက်ချက်နိုင်တယ်... ခင်ဗျားတွက်တာနဲ့ ကျွန်တော်တွက်တာ ဘယ်လောက်ကွာလဲကြည့်မယ်... တကယ်လို့ ကျွန်တော်နဲ့တူတယ်ဆိုရင် ဂန္တဝင်ငွေပုလင်းနဲ့ ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းပေးမယ်''
ထိုစကားကို လီရှင်းကြားလျှင် သူကပြတ်ပြတ်သာသားဆိုလိုက်သည်_ ''သူဌေးချင်... ဝိုင်စိမ်တဲ့နေရာမှာ ခင်ဗျားကိုမယှဉ်နိုင်ဘူးဆိုရင်တောင် ဝိုင်အရသာမြည်းဖို့နဲ့ ဝိုင်ထုတ်တဲ့နေရာကို အတည်ပြုစစ်ဆေးဖို့ဆိုရင်တော့ ကျွန်တော်လီရှင်းက စီရင်စုထဲမှာ ဒုတိယလို့သာပြောကြည့်... ပထမနေရာကို ဘယ်သူမှလာယူရဲမှာမဟုတ်ဘူး... ခင်ဗျားရဲ့ဆုကို ကျွန်တော်သေချာပေါက်ရမှာ''
ချင်လင်ပြုံးလိုက်သည်။
သူ့ကို အရမ်းယုံကြည်မှုရှိစေချင်သည်လေ!