လူတစ်ယောက်ရဲ့နာမည်! ကစားစရာမဟုတ်တဲ့ လူတစ်ယောက်!
Vol. 12 Ch. 180
ကားနှစ်စီးက တောင်ကြားလမ်းဆီ ဦးတည်သွားနေသည်။
တစ်ကားမှာ ချန်လီနှင့် သူ့လက်ထောက်ကျုံးလဲ့ဖြစ်ပြီး နောက်တစ်ကားမှာ ချင်လင်နှင့်လီရှင်းဖြစ်သည်။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း အပျော်ဝင်ပါကြ၏။
ချန်လီပြောတဲ့ဝိုင်ထုတ်လုပ်တဲ့နေရာက စီရင်စုထဲမှာလည်းမဟုတ်။ စက်မှုဇုံထဲမှာလည်းမဟုတ်။
တခြားစက်ရုံများနှင့်မတူသည်က ဝိုင်ထုတ်လုပ်သည့်နေရာများမှာ တည်နေရာလိုအပ်ချက် အလွန်မြင့်မားခြင်းပင်။
ပထမဆုံးလိုအပ်ချက်က ရေအရည်အသွေးနှင့်ရေပင်ရင်းဖြစ်သည်။ ရေမှာ ဝိုင်ဖောက်ရာတွင် အရေးကြီးသောကုန်ကြမ်းတစ်ခုဖြစ်သောကြောင့် 'စမ်းကောင်းက ဝိုင်ကောင်းထွက်သည်'ဟူသော ဆိုရိုးစကားပင်ရှိသည်။
နာမည်ကျော်စံချိန်မီ ဝိုင်အတော်များများထုတ်လုပ်ရာနေရာတွင် သူတို့ကိုယ်ပိုင်စမ်းချောင်းရှိလျှင်ရှိ၊ မရှိလျှင် အရည်အသွေးကောင်းသောရေပင်ရင်းနှင့်နီးစပ်ကြသည်။
လီရှင်းက အုံ့ဆိုင်းနေသောသစ်တောကိုကြည့်ရင်း အံ့သြသံနှင့်_ ''သူဌေးချင်... ကျွန်တော်တို့တကယ် ရတနာကောက်ရတာဖြစ်မယ်... ဒီတောင်မှာဆို ဝိုင်ထုတ်တဲ့နေရာက တောင်ကျစမ်းရေရလောက်တယ်... မဟုတ်ရင် ဒုက္ခအများကြီးခံပြီး သွားမှာမဟုတ်ဘူး''
တောင်ကျစမ်းရေမှာ ဝိုင်ဖောက်ရန်အတွက် ရွေးချယ်ကြသော ရေအရင်းအမြစ်ဖြစ်သည်။ စိမ်ထားသောဝိုင်အရသာမှာ PH အဆင့်ပြည့်မီရုံလောက်ရှိသော သာမန်ရေများနှင့်စိမ်သည်ထက် အများကြီးပိုကောင်း၏။
သို့သော်လည်း တောင်ကျစမ်းရေမှာ အနည်းစုသာရှိသည်။ နေရာအတော်များများကိုယူထားပြီးသားဖြစ်၏။ မောက်ထိုက်ကစိမ်သောဝိုင်အများစုတောင် ခေတ်မီနည်းစနစ်နှင့်သန့်စင်ထားခြင်းဖြစ်သည်။ PH တန်ဖိုးကိုကောင်းကောင်းထိန်းသိမ်းနိုင်ခြင်းကြောင့်ပင်။ ခြားနားချက်တော့ ရှိသေးသည်။
ကားရပ်လိုက်သောအခါ ဝိုင်ထုတ်သည့်နေရာမှရေလှောင်ကန်အတွင်းသို့ စီးဆင်းနေသော ကြည်လင်သောရေကိုတွေ့လိုက်ရ၏။
လီရှင်းက ကားပေါ်မှဆင်းပြီး ချက်ချင်းရေလှောင်ကန်ဆီသွားလိုက်သည်။ သူ့လက်ခုပ်နှင့် ရေနည်းနည်းခပ်၍ သောက်ကြည့်လိုက်၏။ ထို့နောက် သူကခေါင်းညိမ့်ကာ_ ''တကယ် တောင်ကျစမ်းရေပဲ''

ဝိုင်ထုတ်လုပ်သည့်နေရာက မကြီး။ ဘာပဲဖြစ်ဖြစ် လုပ်ငန်းချဲ့ထွင်ရန်အရင်းအနှီးမရှိ၍ ကောင်းကောင်းမလည်ပတ်နိုင်သော ဝိုင်ထုတ်လုပ်သည့်နေရာသက်သက်မျှသာ။
......
''သူဌေးချင်... ဒီမှာပဲ... အထဲဝင်ပြီး တစ်ချက်ကြည့်ရအောင်'' ချန်လီက ကားထဲမှထွက်ပြီး ချင်လင်ဆီ လျှောက်သွားလိုက်သည်။ တချိန်တည်းမှာ ချန်ရှန်းဖေနှင့် ချင်လင်နောက်က နှစ်ယောက်ကိုလည်း ကြည့်လိုက်၏။
စီရင်စုက မှားနေပြီဟု သူခံစားလိုက်ရသည်။ ဒီသူဌေးနှစ်ဦးနဲ့သူဌေးချင်ကြားဆက်ဆံရေးက သာမန်ဖောက်သည်တွေပဲဆိုရင် တောင်ပေါ်လာတဲ့တလျှောက်လုံး သူဌေးချင်ကိုအဖော်ပြုပြီး လိုက်လာစရာအကြောင်းမရှိ။
ဒီလိုအခြေအနေမျိုးမှာ သူတို့ဆက်ဆံရေးကောင်းလို့သာ အပျော်ဝင်ပါကြခြင်းဖြစ်မည်။
ဝိုင်ထုတ်သည့်နေရာသို့ဝင်ဝင်ချင်း ဝိုင်စည်ထဲမှအနံ့က သူတို့ကိုလာရိုက်ခတ်သည်။ ၄င်းအနံ့မှာ ဝိုင်စိမ်သည့်လုပ်ငန်းစဉ်အတွင်း ကစော်ဖောက်ထားသော ပေါင်းအိုးမှတစ်ချက်တစ်ချက်ထွက်လာသော တဆေးအနံ့ဖြစ်၏။
လီရှင်းက ဝိုင်ထုတ်သည့်နေရာဝင်လိုက်သည်တွင် စိတ်ပါလာပုံရသည်_ ''သူဌေးချင်... ဒီဝိုင်ရဲ့အရသာက မဆိုးဘူး... ဒါနဲ့တင် ဘရန်းအတော်များများထက်တော့ မညံ့ဘူး''
ဝိုင်စည်အရသာကလည်း ဝိုင်ထုတ်လုပ်နေရာကို ပဏာမအဆုံးအဖြတ်ပေးသည့်အကြောင်းတစ်ချက်ဖြစ်သည်။
ဝိုင်စည်အရသာမရှိသော ဝိုင်လုပ်ငန်းမှာ ပြောစရာမလိုတော့။ စည်သွပ်ဝိုင်ဖြစ်နေမည်။ ၄င်းကို ဝိုင်ထုတ်လုပ်နေရာမှစိမ်ခြင်းမဟုတ်။
ထိုဝိုင်စည်အရသာမှာ ပုံမှန်အားဖြင့် ချဉ်သည်။ စပ်သည်။ အနံ့တော်တော်လေးဆိုးသည်။ ထိုဝိုင်မျိုးမှာ သာမန် (သို့) သာမန်ထက်ထက်ညံ့သည်မှာ တွေးကြည့်စရာမလိုပေ။
အခုဝိုင်စည်အရသာက သူ့မျက်နှာကိုလာရိုက်ခတ်သည်။ တစ်ချက်တစ်ချက်ရတဲ့ ဆန်အချဉ်ဖောက်ထားသောအနံ့အရ ဝိုင်ကမဆိုး။
ချင်လင်က ခေါင်းသာညိမ့်လိုက်ပြီး သူ့အကြောင်းပေါ်မည်စိုး၍ ဘာမှမပြောချေ။
ထိုအချိန်တွင် အားလုံးက လီရှင်း၏လှုပ်ရှားမှုအပေါ်သာမူတည်နေသည်။
ဝိုင်ထုတ်လုပ်နေရာတွင် ဆရာကြီးဆယ့်လေးငါးယောက်က သူတို့ပေါင်းခံအိုးနှင့်တဆေးဖောက်နေသည်။
ဆရာကြီးထဲမှတစ်ဦးက ညွှန်ကြားချက်ပေးနေ၏။
ချန်လီက လူများခေါ်လာသည်ကိုတွေ့သောအခါ ထိုလူအားလုံးက စိုးရိမ်ပူပန်သည့်အကြည့်များနှင့် လှမ်းကြည့်လိုက်သည်။
မနေ့က အကြီးအကဲချန်ဒီကိုလာခဲ့သည်။
စီရင်စုက ဝိုင်ထုတ်သည့်နေရာကို ရောင်းတော့မည်မှန်း သူတို့အားလုံးသိထားကြ၏။
ဝိုင်လုပ်သည့်နေရာက တကယ်အလုပ်ဖြစ်မနေ။ လုံလုံလောက်လောက်မရောင်းနိုင်လျှင် ဝိုင်ထုတ်သည့်နေရာက ပျောက်ကွယ်တော့မည်။
သူတို့တစ်ဘဝလုံးကို ဒီဝိုင်ထုတ်လုပ်ငန်းမှာပဲ မြှုပ်နှံထားခဲ့သည်။ အားလုံး သူတို့အသက်ငယ်ငယ်လေးကတည်းက အလုင်သင်ဘဝနှင့်စဝင်ခဲ့၏။ ထိုအချိန်က ဒီဝိုင်ထုတ်လုပ်ငန်းထဲဝင်နိုင်ရင် မိန်းမရှာရလည်းပိုလွယ်သည်။

ဒီအလုပ်က တစ်ဘဝလုံးစာ။
အချိန်တွေပြောင်းသွားသော်လည်း ဒီနေရာမှာအချိန်အကြာကြီးလုပ်ခဲ့သည့်အတွက် ဝိုင်ထုတ်သည့်နေရာကို သံယောဇဉ်တွယ်နေပြီ။
ထို့ကြောင့်သူတို့က ဝိုင်ထုတ်သည့်နေရာကို မပျောက်ကွယ်စေချင်။
အားလုံးက ဘာမှမသိဘဲ ဟိတ်ဟန်ထုတ်ခဲ့ကြသော သုံးစားမရသည့်မန်နေဂျာများကြောင့်ပင်။
''အကြီးအကဲချန်!'' ကြီးကြပ်သူလူကြီးက ပြေးလာပြီး ချန်လီနောက်မှ ချင်လင်တို့အုပ်စုကို အမှတ်တမဲ့ကြည့်လိုက်သည်။ သူတို့က ဝိုင်ထုတ်တဲ့နေရာမှသူဌေးကိုတွေ့ရန် လာကြခြင်းဖြစ်မည်ဟု မှန်းကြည့်လိုက်၏။
ချန်လီလည်း သူ့ကိုချင်လင်နှင့်မိတ်ဆက်ပေးလိုက်သည်_ ''သူဌေးချင်... ဒါက ဆရာကျန်း... သူလည်း ဝိုင်ထုတ်နေရာတာဝန်ခံတစ်ဦးပဲ''
ထို့နောက် ဆရာကျန်းကို မိတ်ဆက်ပေး၏_ ''ဆရာကျန်း... ဒါကသူဌေးချင်... ငယ်သေးတယ်ဆိုပေမဲ့ ချင်းလင်စံအိမ်ရဲ့သူဌေးပါ''
''ဒါချင်းလင်စံအိမ်?'' ဆရာကျန်း၏စိုးရိမ်သည့်အမူအရာမှာ အံ့သြမှုအဖြစ်ပြောင်းလဲသွားသည်။
တခြားဆရာကြီးများလည်း ချင်လင်ကို သတိလက်လွတ်ကြည့်လိုက်မိကြ၏။
''သူက ချင်းလင်စံအိမ်ရဲ့ပိုင်ရှင်လား?''
''ဒီလောက်ငယ်မယ်မထင်ထားဘူး!''
''ငါ့ကလေးတွေ မနေ့ညကပြောနေကြတာ... ချင်းလင်စံအိမ်ရဲ့ဝိုင်ပုလင်းက ယွမ် ၆၀၀၀၀ တန်တယ်ဆိုပဲ''
''စျေးကောင်းလိုက်တာ... တစ်ပုလင်းကို တို့ဝိုင်ရဲ့ပုလင်းထောင်ချီမကတန်တယ်!''
“…”
ရုံချန်းစီရင်စုသားတစ်ဦးအနေဖြင့် ချင်းလင်စံအိမ်အကြောင်းမသိသူမရှိပေ။ ကြီးကြီးငယ်ငယ် ရုံချန်းစီရင်စုသားတိုင်းအတွက် ကြွားစရာနေရာတစ်ခုဖြစ်နေသည်။
သို့သော် ယွမ် ၆၀၀၀၀ တန်တစ်နပ်စာနှင့် ယွမ် ၆၀၀၀၀ တန်ဝိုင်ပုလင်းက ရုံချန်းစီရင်စုသားများကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့၏။
ပျမ်းမျှလစာ ယွမ် ၄၀၀၀ သာရှိတဲ့မြို့ငယ်လေးမှာ ဒီလောက်စျေးကြီးတဲ့အစားအသောက်နဲ့ဝိုင်က ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ?
တစ်နှစ်လုံး သူတို့လစာကို မစားမသောက်ဘဲစုထားလျှင်တောင် တစ်နပ်စာအတွက်မလောက်။
''သူဌေးချင်... မင်္ဂလာပါ... မင်္ဂလာပါ'' ဆရာကျန်းကချက်ချင်းလှိုက်လှိုက်လှဲလှဲ ချင်လင်ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။ သူ့မျက်နှာပေါ်တွင် စိုးရိမ်သည့်ပုံလုံးဝမရှိတော့ဘဲ အလောတကြီးနှင့်_ ''သူဌေးချင်... ကျုပ်တို့ဆီကဝိုင်က မဆိုးဘူး... ဒီလူကြီးတွေက ဆယ်စုနှစ်ချီလက်လုပ်ဝိုင်လုပ်လာခဲ့ကြတာ... ဒီဝိုင်ထုတ်တဲ့နေရာကို ကောင်းကောင်းစီမံနိုင်ရင် လုံးဝအရှုံးပေါ်မှာ မဟုတ်ပါဘူး''
ဤသည်က နာမည်ဂုဏ်သတင်း၏လွှမ်းမိုးမှုကြောင့်ဖြစ်နိုင်သည်။
ချင်းလင်စံအိမ်ကို အခုလိုအရမ်းနာမည်ကျော်ဖို့၊ ဝိုင်တစ်ပုလင်းကို ယွမ် ၆၀၀၀၀ တောင်စျေးပေါက်ဖို့ ဘယ်သူများလုပ်ခိုင်းလိုက်တာလဲ?
ဆရာကျန်းရဲ့မျက်စိထဲမှာ ချင်းလင်စံအိမ်သူဌေးက ဘယ်လိုသောက်ရမယ်ဆိုတာ သေချာပေါက်သိသည်ဟုမြင်နေသည်။ ဝိုင်လုပ်ငန်းကို ဒီလိုလူမျိုးလက်ထဲလွှဲပေးလိုက်ရင် သူလုံးဝစိတ်သက်သာရာရသွားမည်။
ဆရာကျန်း၏အမူအရာက ချန်လီကို တခဏတော့ကြောင်သွားစေသည်။
ဒီပုံစံက မနေ့ညက စီရင်စုဝိုင်လုပ်ငန်းလုံးဝမဖြစ်ချင်ကြောင်း ထည့်သွင်းစဉ်းစားပေးဖို့အကြောင်း သူတို့ကိုတောင်းဆိုနေတဲ့ပုံစံနဲ့ တူသေးရဲ့လား?