ချင်ရှောင်း
Vol. 13 Ch. 2.36
ချန်ဟယ် ခန်းမသည် ကျယ်ဝန်းပြီး ခန်းမများစွာတွင် အမြင့်ဆုံး မဟုတ်သော်လည်း အခမ်းနားဆုံး ဖြစ်သည်။ အမှုထမ်းများသည် များသောအားဖြင့် ဤနေရာသို့လာ၍ ညီလာခံ တက်ကြပြီး အချိန်ကြာလာသည်နှင့်အမျှ ခန်းမဆောင်ကပင် ဘုရင်တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို ဖြစ်ပေါ်လာစေသည်။
အစောင့်များက လှံရှည်များ ကိုင်ဆောင်ထားလျက် ဝိုင်းရံထားပြီး မြင့်မားသော လှေကားထစ်များကို လျှောက်လှမ်းရာတွင် ၎င်းတို့အားလုံးတွင်ရှိသော ထူးခြားသော အရှိန်အဝါသည် လူတို့၏ စိတ်ဝိညာဉ်အား ပြင်းထန်သော ဖိနှိပ်မှုကို ခံစားရစေသည်။
ဟန်ရောင်သည် လမ်းလျှောက်လာရင်း ကောင်လေးကို တိတ်တဆိတ် ကြည့်လိုက်သည်။
ဝူယန်နန်းတော်သည် ကြီးကျယ်ခမ်းနားလှသည်။ သာမန် ပေါ့ပေါ့ပါးပါး ကျင့်ကြံသူများသည် ဂိုဏ်းဆရာနယ်ပယ် အဆင့်သို့ ရောက်လျှင်ပင် ၎င်းတို့ ဤနေရာကို ပထမဆုံးအကြိမ် ရောက်ရှိလာသောအခါ အလွန်တုန်လှုပ်သွားလိမ့်မည်။
တခြားဘာမှ ပြောမဘဲ သူ့ကိုယ်သူပဒ ရည်ညွှန်းကြည့်ရမည်။ သူဒီကို စရောက်တုန်းကတောင် သူ့ခြေထောက်တွေ နည်းနည်းတုန်နေသလို ခံစားလိုက်ရပြီး အကြီးအကျယ် အံ့သြမဆုံး ဖြစ်သွားခဲ့ဖူးသည်။
သူ့ရှေ့က လူငယ်လေးဟာ ပုံမှန်အတိုင်းပဲ ကြည့်နေကာ တုန်လှုပ်နေတာမျိုး ဘာမှမရှိဘူး။ သူ့ကိုကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အံ့သြနေတာလည်း မတွေ့ရချေ။
အရင်က တစ်ဖက်လူကို သခင်ငယ်လေးလို့ ခေါ်ခဲ့ပေမယ့် သူ့ရင်ထဲမှာတော့ ဒီလူငယ်ဟာ သေးငယ်တဲ့ နေရာကဆင်းသက်လာသူ ဟုသာထင်ခဲ့သည်။ အခုလို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတွေကို မမြင်ဖူးသေးသလို သူ့နှလုံးသားကလည်း မတည်မငြိမ် ဖြစ်နေတာမျိုး မရှိဘဲ သူ့ထက် အများကြီး ပိုသန်မာနေသည်။
ဒီလောက် အစွမ်းထက်တဲ့ ပါရမီရှင်ကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ သူက ဘယ်သူလဲဆိုတာ သူတကယ် သိချင်မိသည်။
ရှည်လျားသော ခြေလှမ်းများဖြင့် နှစ်ယောက်သား ခန်းမထဲသို့ လျင်မြန်စွာ လျှောက်ဝင်သွားကြသည်။
"ကျောင်းအုပ်ကြီးဟန်.... ဒါက မင်းပြောခဲ့တဲ့အံ့ဖွယ်ပါရမီရှင်လား?"
သူတို့ဝင်လိုက်သည်နှင့် တပြိုင်နက် ရယ်မောသံများ ထွက်ပေါ်လာပြီး ခန်းမအလယ်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပြုံးပြီး ကြည့်နေလေသည်။
ဤလူလတ်ပိုင်းအရွယ်သည် အသက်၄၀ခန့် သာရှိပုံရပြီး ပြင်းထန်သော ဝိညာဥ်စွမ်းအင်ကို မပြသထားသော်လည်း လုရွှမ်သည် ၎င်းကိုကြည့်ရုံဖြင့် သူ့နှလုံးအောက်ခြေမှ အန္တရာယ် အငွေ့အသက်များကို ခံစားရသည်။
အဓိပတိနယ်ပယ်!
အခု သူ့ခွန်အားတွေ သိသိသာသာ တိုးလာပြီး သူ့မှာ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိနေရင်တောင် တကယ်လှုပ်ရှားမိခဲ့ရင် ရှင်သန်နိုင်ခြေ လုံးဝမရှိတော့ဘူး။
ကွာဟချက်က ကြီးလွန်းတယ်။
"ဟုတ်ပါတယ်!"
ကျောင်းအုပ်ကြီးဟန်က သဘောတူဟန် ခေါင်းညိတ်လိုက်ပြီး လုရွှမ်ကို လှည့်ကြည့်လိုက်ကာ။
"သခင်လေး.... ဒါက ကျုပ်တို့ရဲ့ ဝူယန် ဘုရင်မင်းမြတ် ဟန်ချီပါ..."
"ဘုရင်မင်းမြတ်ကို နှုတ်ဆက်ပါတယ်!"
လုရွှမ်က လက်သီးဆုပ်လျက် ပြောလိုက်၏။
"အတင့်ရဲလိုက်တာ!! မင်းက ဘုရင်ကြီးကို တွေ့တာတောင် ဒူးမထောက်သေးဘူးလား!"
အဘိုးကြီး တစ်ယောက်က ခန်းမထဲမှ ထရပ်လိုက်ကာ
"လာကြစမ်း! ဒီလူယုတ်မာ ကောင်လေးကို ဆွဲထုတ်ပြီး သင်ခန်းစာပေးလိုက်... စည်းကမ်းဆိုတာ ဘာလဲသိအောင် သင်ပေးလိုက်ကြစမ်း!"
ဝုန်း!
သူ့အော်သံကြောင့် ရွှေသံချပ်ကာ အစောင့်များစွာသည် လုရွှမ် ဝန်းရံထားဖို့အတွက် ခန်းမထဲသို့ ချက်ချင်း ပြေးဝင်လာခဲ့သည်။
လုရွှမ်၏ မျက်နှာမှာ မပြောင်းလဲဘဲ အော်ငေါက်နေသော အဖိုးအိုကို ကြည့်လိုက်သည်။
ကျောင်းအုပ်ကြီးဟန် နဲ့ အသက်အရွယ် တူလောက်ရှိပြီး သူ့ခန္ဓာကိုယ်ထဲက အစွမ်းထက်တဲ့ အငွေ့အသက်တွေ ထွက်လာပုံအရ တကယ်ကို ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံတဲ့ သခင်တစ်ယောက် ဖြစ်ပုံပေါ်၏။
"စည်းကမ်း?"
လုရွှမ်က မျက်မှောင်ကြုတ်ကာ
"ဧကန္တ သေချာပေါက် ဒူးထောက်ကိုထောက်ရမယ်ဆိုတဲ့ စည်းကမ်းရှိတာလား?"
"ဟုတ်တယ်!"
အဘိုးအိုက မျက်ခုံးပင့်လိုက်ပြီး
"ဘုရင်မင်းမြတ်က ကမ္ဘာမြေကြီးကို ကွဲအက်စေနိုင်တဲ့ မြင့်မြတ်တဲ့ အရှင်ဘုရင်.... ဗဟိုအင်ပါယာရဲ့ အဖွဲ့ဝင်ပဲ....ကျော်ကြားမှု၊ ရာထူးမရှိတဲ့ မင်းက မင်းဘုရင်မင်းမြတ်ကို တွေ့ရင် ဒူးထောက်ရမယ်.... မဟုတ်ရင် ဝူယန်အင်ပါယာကို မထီမဲ့မြင်ပြုမှု... ဗဟိုအင်ပါယာကို မထီမဲ့မြင်ပြုမှု၊ ဧကရာဇ်ကျိုးရန်ကို မထီမဲ့မြင်ပြုမှုနဲ့... မင်းကိုဒီနေရာမှာ သတ်ပစ်ရင်တောင် ဘယ်သူမှ ပြောရဲမှာ မဟုတ်ဘူး!"
"ဧကရာဇ်ကျိုးရန်ကို မထီမဲ့ပြင် ပြုမှု?"
မထင်မှတ်ပဲ ဒူးမထောက်တာနဲ့ တစ်ဖက်လူက ဒီအချက်ကို တိုက်ရိုက် ထောက်ပြလာတာကြောင့် လုရွှမ် လှောင်ရယ်လိုက်ပါသည်။
အမှန်တိုင်းပြောရရင် ဧကရာဇ်ကျိုးရန်က သူ့ရှေ့မှာ ဒူးထောက်ထိုင်ပြီး သူ့အတွက် လက်စားချေဖို့ တောင်းပန်တဲ့အချိန်က သူ့ကို မထီမဲ့မြင်ပြုပြီး ရိုက်နှက်ဖို့ နေနေသာသာ ခုခံဖို့တောင် ဘယ်တုန်းကမှ သတ္တိရှိခဲ့တာ မဟုတ်ဘူး။
"မြန်မြန် ဒူးထောက်လိုက်စမ်း! ဒါမှမဟုတ် ငါ့ကို လှုပ်ရှားစေချင်တာလား"
လူငယ်သည် သူ့မျက်နှာတွင် လှောင်ပြောင်သော အပြုံးဖြင့် သူ့စကားကို လျစ်လျူရှုသည်ကို မြင်လိုက်ရသဖြင့် အဘိုးအို၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူ့အကြည့်များက လေးနက်လာသည်။
ဟိန်းဟောက်နေတဲ့လူကို လျစ်လျူရှုလိုက်ရင်း လုရွှမ်က ကျောင်းအုပ်ကြီး ဟန်ကို လှည့်ကြည့်လိုက်ပြီး
"အဲဒီဟောင်တဲ့ကောင်က ဘယ်သူလဲ?"
"အာ?"
မမျှော်လင့်ဘဲ ကောင်လေးက ဒီလိုပြောလာတော့ ကျောင်းအုပ်ကြီးဟန်ရဲ့ မျက်ခွံတွေ လှုပ်ယမ်းသွား၏။
တစ်ဖက်လူက ခွန်အားတွေ ထုတ်ထားပြီး ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ဖြစ်ပြီး နန်းတော်ထဲမှာ ရပ်နေနိုင်တဲ့အတွက် သူ့အဆင့်အတန်းက နိမ့်ကျတယ်လို့ တစ်ချက်မှ မပြောနိုင်ပါဘူး။ ဒီနေရာမှာတောင် သခင်ငယ်က ထိုလူကို ဟောင်နေတယ်လို့ တိုက်ရိုက် ပြောချပစ်လေသည်။
"သူက... သူက ချင်မိသားစုရဲ့ လက်ရှိ ဘိုးဘေး ချင်ရှောင်းပါ!"
ကျောင်းအုပ်ကြီးဟန် စိတ်ထဲမှာ သဘောကျစွာနှင့် ဖြေလိုက်သည်။
"လတ်စသတ်တော့ သူကိုး! မြေးကလေးက ခွေးတစ်ကောင်ဖြစ်ပြီး လူကြီးက ခွေးအိုကြီး ဖြစ်နေတာပဲ လူတိုင်းကို ကိုက်ရဲတာ မဆန်းပါဘူး!"
လုရွှမ် ဂရုမစိုက်ဘဲ လက်ကိုဝှေ့ယမ်းလိုက်သည်။
"မင်းသေချင်နေတာလား!"
သူ့မြေးဖြစ်သူ ဒဏ်ရာရသွားကြောင်း ချင်ရှောင်း ကြားသောအခါ ဒေါသကြောင့် မူးလဲလုနီးပါးဖြစ်ကာ တိုင်ကြားရန် နန်းတော်သို့ တိုက်ရိုက်ထွက်လာခဲ့သည်။ ချင်ဟွာကို တိုက်ခိုက်ခဲ့သော လုရွှမ်ကို သူတွေ့လိုက်ရသည်။
ဒါက တော်ဝင်နန်းတော်မို့ အင်အား မသုံးနိုင်တာကြောင့် သူ့မှာ ဒေါသကို ထိန်းထားဖို့ကလွဲပြီး ရွေးစရာလမ်း မရှိခဲ့ချေ။ တစ်ဖက်သားကို ထိုးနှက်ဖို့ ကြံစည်ပြီး ရာဇ၀တ်မှုပေါင်းများစွာနဲ့ အပြစ်ပေးကာ ရှင်းပစ်ဖို့ ကြံစည်ခဲ့ပေမယ့် ထိုလူငယ်က သူ့အား ခွေးအိုကြီးဟု ကျိန်ဆဲလာလေ၏။
သူသည် ချင်မိသားစု၏ ဘိုးဘေး။ ချင်မိသားစုမှာလည်း မိသားစုကြီး သုံးခုထဲမှ တစ်ခုဖြစ်ပြီး ဝူယန်အင်ပါယာ၌ လူတစ်သောင်းအောက် လူတစ်သောင်းအထက်က လူပဲ။
ဘယ်တုန်းက ဒီလိုအပြော ခံရဖူးလို့လဲ။
ဝုန်း!
သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ခန်းမထဲတွင် မုန်တိုင်းထန်နေသော ပင်လယ်ကြီး ပေါ်လာသကဲ့သို့ ပြင်းထန်သွားသည်။
အခြားသူများက ဤရောင်ဝါ၏ ဖိနှိပ်မှုကို မခံနိုင်ကြပေ။ သို့သော် လုရွှမ်သည် ၎င်းကို လုံးဝသတိမထားပုံဖြင့် ခန်းမအလယ်တွင် ရပ်ကာ ဘုရင်မင်းမြတ် ဟန်ချင်ကို လှမ်းကြည့်လိုက်သည်။
"ဝူယန်နန်းတော်က အင်အားသုံးခွင့် ပြုထားတာလား"
"ကောင်းပါပြီ!"
ဘုရင်မင်းမြတ်လည်း ချင်ရှောင်းကိုကြည့်ဖို့ ခေါင်းကိုလှည့်၍
"ဒီညီလေးက ငါ့ဧည့်သည်မို့ မတိုက်ခိုက်နဲ့!"
"အရှင်မင်းကြီး... ဒီကလေးက အရှင့်ရဲ့ အခွင့်အာဏာကို မထီမဲ့မြင်ပြုတယ်....ကျုပ်သူ့ကို သင်ခန်းစာမပေးနိုင်ရင် စည်းကမ်းတွေက ဘာလုပ်ရတော့မှာလဲ"
ချင်ရှောင်းက နောက်မဆုတ်ဘဲ ရက်စက်သော အမူအရာဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး....တစ်ချိန်က ပါရမီရှင်တွေက အထူးပုဂ္ဂိုလ်လို့ အရှင် မိန့်တော်မူခဲ့ပါတယ်...လုရွှမ်က ငယ်ရွယ်ပေမယ့် ချင်ဟွာကို အနိုင်ယူနိုင်တဲ့ အစွမ်းသတ္တိရှိတယ်....ဝူယန်နန်းတော်မှာ အနှစ်တစ်ရာမှာ တစ်ကြိမ်သာ ပေါ်ထွက်တဲ့ ထူးချွန်သူလို့ ခေါ်ဖို့လုံလောက်ပါတယ်.. ဒီလိုပါရမီရှင်က ဒူးထောက်ဂါဝရ မပြုတာ ပြဿနာကြီးမဟုတ်ပါဘူး....ကျွန်တော့်အထင်တော့ ချင်ရှောင်းက ကိစ္စကိုပိုကြီးအောင် လုပ်နေသလိုပဲ!"
ကျောင်းအုပ်ကြီးဟန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အလွတ်မပေးဘဲ လုရွှမ်ရှေ့တွင် ရပ်လိုက်သည်။
"ဘယ်လောက် ထက်မြက်တဲ့ ပါရမီရှင်ပဲ ဖြစ်ဖြစ်... စည်းမျဥ်းတွေ မသိရင် အပြင်ထွက်တဲ့အခါ ဒုက္ခရောက်မှာ သေချာတယ်...ဒီနေ့ ငါ သူ့ကို ကောင်းကောင်း သင်ပေးမယ်.... သင်ခန်းစာက သူ့အကျိုးအတွက်ပဲလေ အကြွင်းမဲ့ ခွန်အားမရှိရင် ပါရမီရှင်တစ်ယောက်ဟာ အမှိုက်နဲ့ အတူတူပဲဆိုတာ သိအောင် လုပ်ပေးလိုက်မယ်!"
ချင်ရှောင်းသည် သူ့မျက်လုံးများတွင် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ရယ်မောလိုက်သည်။
ချင်ဟွာသည် သူ့အချစ်ဆုံး မြေးဖြစ်သည်။ ခြေလက်တွေ ကျိုးတဲ့အထိ ဤလူငယ်လေး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ သူ၏ ဒေါသမှာ တောက်လောင်နေပြီ ဖြစ်ပြီး ယခုဤနေရာ၌ပင် စော်ကားခံနေရသည့် အတွက် ဤအသက်ရှုသံကို ဘယ်လိုများ ထိန်းချုပ်နိုင်မည်နည်း။
"မင်း လှုပ်ရှားချင်နေတယ် ဆိုမှတော့ ငါအဖော်ပြုပေးရမှာပေါ့!"
တစ်ဖက်လူ၏ လူသတ်ချင်နေသည့် ရည်ရွယ်ချက်ကို မြင်တော့ ဟန်ရောင်လည်း စိတ်ဆိုးသွားကာ ပေါက်ကရစကားမပြောဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။
ဆရာကြီးနှစ်ယောက်၏ အသက်ရှူသံများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ခန်းမတွင်းရှိ လေထုသည် အေးခဲသွားကာ လူများကို ပြင်းထန်သော ဖိနှိပ်မှုကို ခံစားလာရစေသည်။
"မင်းအရိုက်ခံချင်နေမှတော့ ငါမင်းကို အရင်ရိုက်နှက်ပြီး အဲဒီကောင်စုတ်လေးကို သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ်!"
ကျောင်းအုပ်ကြီးဟန် ငြင်းဆန်တာကို တွေ့တော့ ချင်ရှောင်းရဲ့ နှုတ်ခမ်းတွေလည်း တွန့်ချိုးသွားသည်။
"ဟားဟားဟား!"
နှစ်ယောက်သား အချိန်မရွေး တိုက်ခိုက်ကြတော့မယ့် အချိန်မှာ လုရွှမ်သည် ရုတ်တရက် ရယ်မောကာ သူ့အထက်တွင် တိုက်ရိုက် မြင်နေရသော ဘုရင်မင်းမြတ်ကို လှမ်းကြည့်လိုက်သည်။
"အစကတော့ ငါထင်ခဲ့တာ...ဝူယန်အင်ပါယာက တင်းကြပ်တဲ့ အလယ်အလတ်တန်းစား နိုင်ငံဖြစ်ပြီး ဘုရင်မင်းမြတ်ကပဲ အမြင့်ဆုံး အာဏာရှိတယ်ပေါ့....အခုကြည့်ရတာ အခွင့်အာဏာသည် ဒါထက်မပိုပါလား"
"ကျန်းဝူအင်ပါယာမှာတောင် ဘုရင်မင်းမြတ်ပြောနေသမျှ သူ့လက်အောက်ငယ်သားတွေက နားမထောင်ရဲတာ မရှိကြဘူး... ဒါပေမယ့် ဒီမှာတော့... တကယ့်ကို စိတ်ပျက်စရာပဲ!"
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ကျောင်းအုပ်ကြီးဟန် သွားကြရအောင်.... ဒီလိုအာဏာနဲ့ စည်းမျဥ်းမရှိတဲ့ နေရာမှာ စောင့်နေစရာ မလိုဘူး!"
ပြောပြီးတာနဲ့ လှည့်ထွက်သွား၏။
ဘာသာပြန်သူ- ဘုရင်မင်းမြတ်ရဲ့ 'ဟန်' နဲ့ ကျောင်းအုပ်ကြီးရဲ့ 'ဟန်'က အသံထွက်ပဲ တူတာပါနော်..... အသံထွက်တူလို့ အမျိုးတွေလို ထင်ကုန်မှာစိုးလို့