ဖီးနစ်အမွေး
Vol. 13 Ch. 2.38
"ကျီးကန်း....ထူးဆန်းတဲ့ ရတနာရဲ့ နေရာကို ရှာတွေ့နိုင်ပြီလား?"
ကျောင်းအုပ်ကြီးဟန် နှင့် အခြားသူများ၏ အတွေးအမြင်များ၊ ဘုရင်မင်းမြတ် ဟန်ချီ၏ တောင်းဆိုမှုကို လျစ်လျူရှုကာ လုရွှမ်သည် ယခုအချိန်တွင် ကျောက်စိမ်းတုံးထဲတွင် နှစ်မြှုပ်နေသော ကျီးကန်းထံသို့ တိတ်တဆိတ် အသံ ပေးလိုက်သည်။
နန်းတော်သို့ လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရှားပါးရတနာကို ရှာဖွေရန်ဖြစ်သည်။ ဤအရာကို တွေ့ပြီး အောင်မြင်စွာ သန့်စင်နိုင်ရင် ဘာရာထူး ဘာဘုရင်ကိုမှ ဂရုစိုက်နေစရာ မလိုတော့ချေ။
ဘယ်နေရာမဆို ခွန်အားကိုသာ လေးစားကြသည် မဟုတ်လော။
သူသည် ယင်းယန်အကယ်ဒမီ၏ တပည့်တံဆိပ်ပြား၊ အဖွဲ့ချုပ် တံဆိပ်ပြား၊ နဂါးတံဆိပ်ပြား စသည်တို့ကို ထုတ်ယူရန် စိတ်မကူးဘဲ လက်သီးများဖြင့်သာ စကားပြောခဲ့သည်။
လုရွှမ်အတွက်တော့ လက်သီးဖြင့် ဖြေရှင်းနိုင်သော အရာများအကြောင်းကို ဘယ်တော့မှ စကားနဲ့ ဖြေရှင်းနေမည် မဟုတ်ပါ။
"တည်နေရာ အတိအကျကို မသိရသေးပေမယ့် ဘာရတနာ အမျိုးအစားလဲ ဆိုတာ ခန့်မှန်းမိပြီ!"
ကျီးကန်းက ဂုဏ်ယူစွာပြောသည်။
"အိုး? အဲဒါဘာလဲ"
ထူးဆန်းသော ရတနာများသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ဖြင့် မွေးဖွားလာပြီး အဆင့်မြင့်နှင့် အဆင့်နိမ့်များ ရှိသည်။ အဆင့်မြင့်သော ရတနာများ ဖြစ်ပါက ၎င်းကို သန့်စင်ရန် နည်းလမ်းရှာနိုင်ပါက မိမိ၏ ခွန်အားသည် ခုန်ပျံကျော်လွှားကာ တိုးမြင့်လာမည် ဖြစ်သည်။ အဆင့်နည်းနည်းနိမ့်ရင် အကျိုးသက်ရောက်မှု အများကြီး အားနည်းသွားမှာ ဧကန်ပင်။
ဒါပေါ့ အဆင့်က အရမ်းမြင့်နေရင် သူ့ရဲ့ လက်ရှိ ခွန်အားနဲ့ သေချာပေါက် သန့်စင်နိုင်မှာ မဟုတ်ပါဘူး။
"[ဖီးနစ်အမွေး]ပဲ.... အဆင့်က ၁၈ ရှိတယ်!" ကျီးကန်းက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။
"ဖီးနစ်အမွေး...အဆင်၁၈?"
လုရွှမ်တစ်ယောက် ထိတ်လန့်သွားသည်။
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်မှ မွေးဖွားလာသော ရှားပါး ရတနာများသည် ရတနာများစာရင်းတွင် အဆင့်သတ်မှတ်ချက် တစ်ခုရှိသည်။ စာရင်းတွင် ပါဝင်နိုင်သည့် ရတနာများ အားလုံးသည် ကျော်ကြားသော ရတနာများဖြစ်သည်။
စာရင်းတွင် စုစုပေါင်း အဆင့်သတ်မှတ်ချက် ၃၀၀၀ ရှိပြီး တစ်ခုစီသည် ရှားပါးရတနာ တစ်မျိုးစီကို ကိုယ်စားပြုသည်။
ဝူယန်အင်ပါယာလို နေရာငယ်လေးမှာ အဆင့် ၂၀၀၀ သို့မဟုတ် ၃၀၀၀ လောက်ရှိတဲ့ ရှားပါးရတနာတစ်ခု ရှိကောင်းရှိလိမ့်မယ် လို့ သူထင်ခဲ့မိပေမယ့် တကယ်တမ်းတော့ အဆင့်၁၈ ရှိတဲ့ ဖီးနစ်အမွေးဖြစ်နေသည်။
ဤ ဖီးနစ်အမွေး၏ စစ်မှန်သော စွမ်းရည်နှင့် အကျိုးသက်ရောက်မှုကို သူ မသိသော်လည်း အဆင့်ဆယ့်ရှစ်တွင် ပါဝင်လာတော့ လုံးဝ စိတ်ကူးမယဉ်နိုင်တော့ပါ။
"အဆင့်၁၈ ဖီးနစ်အမွေးက သန့်စင်ဖို့ သိပ်မလွယ်ဘူး.... မင်းရဲ့ လက်ရှိ ခွန်အားက အတွင်းမီးတောက်တွေရဲ့ စွမ်းအားကို မခံနိုင်ဘူး! မင်းမှာ အုတ်မြစ်တစ်ခုအနေနဲ့ ယွမ်ယန်ကျင့်စဥ် ရှိရင်တောင်မှ ယုတ်စွအဆုံး အဓိပတိနယ်ပယ်ထက် မြင့်တဲ့အဆင့်ကို ရောက်နေမှ အဆင်ပြေလိမ့်မယ်"
ကျီးကန်းသည် လုရွှမ်၏ စိတ်လှုပ်ရှားမှုကို နှောင့်ယှက်လိုက်ရင်း ဟစ်အော်လိုက်သည်။
"အမြင့်မြတ်ဆုံး နယ်ပယ်တစ်ခုလား?"
သေချာတာပေါ့။ ဒီသတင်းကို ကြားတာနဲ့ လုရွှမ်ရဲ့မျက်နှာက ချက်ချင်းပျက်သွားတယ်။
သာမာန် အလေ့အကျင့်အရ အဓိပတိနယ်ပယ်ကို ရောက်ဖို့ ဝိညာဥ်စွမ်းအင့ အရင်းအမြစ် အလုံအလောက် ရှိရင်တောင်မှ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ မလုပ်နိုင်ဘူး။
အဓိပတိနယ်ပယ် နှင့်အထက်အတွက် ဆိုလျှင် အခွင့်အလမ်းသည် ပို၍ပင်လိုအပ်ပါသည်။ ဝူယန်အင်ပါယာ တစ်ခုလုံးတွင် သန်း ၁၀၀ ကျော်သော ကျင့်ကြံသူများထဲ မည်သူမျှ ပေါ်မလာသောကြောင့် အခက်အခဲကို သိသာထင်ရှားစွာ မြင်နိုင်သည်။
သူ့ဘဝနှစ်ခုတွင် ပိတ်ဆို့မှုများ မရှိသော်လည်း စစ်မှန်သော ဝိညာဥ်စွမ်းအင်ကို စုဆောင်းပြီး သူ့နယ်ပယ်ကို တိုးတက်စေသည့်တိုင် နှစ်အနည်းငယ်အတွင်း ၎င်းကို လုပ်နိုင်မည် မဟုတ်ပေ။
အဲဒီအချိန်ရောက်မှ ဒီထူးဆန်းတဲ့ ရတနာကို နောက်တစ်ခေါက် ပြန်လာရှာဖို့ ဖြစ်နိုင်ပါ့မလား။
"အခြားနည်းလမ်း မရှိဘူးလား?"
"ဒါကို တခြားသူဆိုရင် သေချာပေါက် နည်းလမ်းမရှိဘူးပေါ့....ဒါပေမဲ့ ရွှေကျီးကန်းငါက ဘယ်သူလဲ? ဘယ်မီးတောက်က ငါနဲ့လာယှဥ်နိုင်မှာလဲ... ငါ့မှာ သေချာပေါက် နည်းလမ်းရှိတာပေါ့"
ကျီးကန်းက အောင်ပွဲခံနေတဲ့ လေသံနဲ့ ဆိုလိုက်လေသည်။
"ဘာနည်းလမ်းလဲ?"
သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ဖြတ်တောက်ပြီး လုရွှမ်က မေးလိုက်သည်။
မင်းမှာ နည်းလမ်းရှိနေတာကို ဘာဖြစ်လို့ စောစောကမပြောလဲ? လူကို နေ့တစ်ဝက်လောက် စိတ်ပူအောင် လုပ်နေသေးတယ်။
"ရေခဲသွေးဆေးကို သန့်စင်ရမယ်!"
ကျီးကန်းသည် ယခုတစ်ကြိမ်တွင် သူ၏လျှို့ဝှက်ချက်များကို ဖုံးကွယ်မထားဘဲ ပြောလာ၏။
"ရေခဲသွေးဆေး လုံလုံလောက်လောက်ရှိရင် မင်းဖီးနစ်အမွေးကို ချောချောမွေ့မွေ့ သန့်စင်နိုင်လိမ့်မယ်!"
"အဆင့်၉ ရေခဲသွေးဆေး?" လုရွှမ် အံ့အားသင့်သွားသည်။
သူ့အရင်ဘဝက ရေခဲသွေးဆေးလုံး ဆိုတာကို ကြားဖူးပြီး ဆေးညွှန်းကိုလည်း မြင်ဖူးသည်။
ဒဏ္ဍာရီအရ ဤအဂ္ဂိရတ်ဆေး၏ အဓိကပါဝင်ပစ္စည်းမှာ ရေခဲသွေးမြက်ဟုခေါ်သော အပင်ဖြစ်ပြီး အေးခဲသော နေရာများတွင်သာ ပေါက်ရောက်ပြီး ပူလာသောအခါတွင် သေဆုံးသွားတတ်သည်။
သန့်စင်ထားသော ရေခဲသွေးဆေးလုံးကို ယူလိုက်သည်နှင့် အစွမ်းအထက်ဆုံးလူ၏ သွေးသည် ချက်ချင်းပင် ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲသွားကာ ၎င်းတို့၏ အသက်ရှူလမ်းကြောင်းကို ဖြတ်တောက် ပစ်လိုက်နိုင်သည်။
၎င်းသည် လူ့အသက်ကို သတ်ရန်အတွက် အဆိပ်ဟုလည်း ဆိုနိုင်သည်။
"မှန်တယ်....ရေခဲသွေးဆေးက သာမန်လူတွေအတွက် လူသတ်ဆေးပဲ... ဒါပေမဲ့ ပြင်းထန်တဲ့ မီးဂုဏ်သတ္တိရှိတဲ့ ဖီးနစ်အမွေး နဲ့ ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ ဒါကိုပဲ သုံးရမယ်"
ကျီးကန်းက ပြောလေသည်။
"အင်း!" လုရွှမ်က ခေါင်းညိတ်လိုက်ပြီး
"ဖီးနစ်အမွေး ရှားပါးရတနာစာရင်းမှာ အဆင့်ရှစ်နေရာမှာ ရပ်တည်နေခဲ့တာ ဆိုတော့ အကျိုးသက်ရောက်မှုက ဘာလဲ?"
"အကျိုးသက်ရောက်မှုက ဘာလဲ? အဲဒါက ကောင်းကင်ကို အံတုနိုင်တဲ့ အကျိုးသက်ရောက်မှုပဲပေါ့ကွ!" ကျီးကန်းသည် စိတ်လှုပ်ရှားစွာ အတောင်ပံခတ်လိုက်သည်။
"ပထမအချက်... အစွမ်းထက်ဆုံး အကျိုးကျေးဇူးက ကောင်းကင် ဖီးနစ်မီးကို ချုပ်ငြိမ်းစေနိုင်ခြင်းပဲ....ကောင်းကင် ဖီးနစ်မီးက ကောင်းကင်ကိုးလွှာ အထက်က မီးလျှံတစ်ခုပဲ....အဓိပတိနယ်ပယ်က လူကိုတောင် မီးလျှံတစ်စတည်းနဲ့ ပြာအဖြစ် လွယ်လွယ်နဲ့ လောင်ကျွမ်းသွားစေနိုင်တယ်!"
"ဒုတိယအချက်က ဖီးနစ်က ပြာကနေ ပြန်လည်မွေးဖွားနိုင်တဲ့ အရာပဲ ဒီရှားပါးရတနာကို သန့်စင်ပြီး ခန္ဓာကိုယ်ထဲ မီးစနည်းနည်းလေး ရှိနေသရွေ့ လက်ခြေတွေ ကွဲအက်ပြီး တစ်စုံတစ်ယောက်က နှလုံးသားကို ဖောက်ထွင်းသွားရင် ပြန်လည်ရှင်သန်နိုင်ပြီး မသေနိုင်တဲ့ ခန္ဓာကိုယ်ကိုတောင် ရသွားနိုင်တယ်"
"မသေနိုင်တဲ့ ခန္ဓာကိုယ်?"
လုရွှမ် လန့်သွားသည်။
ဒီစွမ်းရည်က ကြောက်စရာ ကောင်းလွန်းသည်။ အရင်ဘဝက တိမ်ပင်လယ်ဘုံရဲ့ အထွတ်အထိပ်မှာ ရပ်တည်ခဲ့တယ် ဆိုရင်တောင် မလုပ်နိုင်ခဲ့ဘူး။
ဒဏ္ဍာရီလာ နတ်ဘုရားများသာလျှင် ဤစွမ်းရည်ရှိနိုင်သည်။
"ဟုတ်တယ်.... မီးကိုသန့်စင်ဖို့က မလွယ်ပါဘူး...အောင်မြင်ဖို့အတွက် စိတ်စွမ်းအား ပမာဏက အနည်းဆုံး ၃ အထိရှိရမယ်" ကျီးကန်းက ဆက်ပြောလေသည်။
"ဝိညာဉ်စွမ်းအား အတိုင်းအတာ ၃လား?"
လုရွှမ် ခေါင်းယမ်းရတော့သည်။
ဝိညာဉ်စွမ်းအား ၀.၉ဆိုရင် ရတနာကို သန့်စင်တဲ့အခါ လူကို ဒဏ်ရာရစေနိုင်သည်။ ၃ သို့မဟုတ် ထို့အထက်ကို ရောက်သွားပါက စိတ်စွမ်းအားသည် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ အဓိပတိနယ်ပယ်ကို ကျော်လွန်သော သခင်နှင့်တွေ့ပါက အလွယ်တကူ ချေမှုန်းသတ်ဖြတ်နိုင်သည်။
ဤကဲ့သို့သော တန်ခိုးအာဏာကို အင်ပါယာတွင် သခင်အဖြစ် မှတ်ယူနိုင်ပါသည်။
ဤမသေနိုင်သော ခန္ဓာကိုယ်ဟုခေါ်သော အရာသည် မိမိနှင့် အင်မတန် ဝေးကွာနေသေးပုံရသည်။
"နောက်ဆုံးတစ်ခု ရှိသေးတယ်...အဲဒါက ဖီးနစ်ရဲ့အတောင်ပံတွေ ဖွဲ့စည်းပြီး လေထဲမှာပျံနိုင်ဖို့ မီးတောက်ကို ကောင်းကောင်း ထိန်းချုပ်ဖို့ပဲ"
"ပျံသန်းဖို့?" လုရွှမ်၏ မျက်လုံးများ တစ်ဖန်ပြန်လည် တောက်ပလာသည်။
ပျံသန်းခြင်းသည် လူသတ်လက်နက်ဖြစ်ပြီး အဓိပတိနယ်ပယ်က အစွမ်းထက်သည့်သူပင်လျှင် မလုပ်နိုင်ပေ။ ဤစွမ်းရည်ဖြင့် အဓိပတိနယ်ပယ်က လူတစ်ယောက်နဲ့ တိုက်ခိုက်တဲ့အခါ ဖီးနစ်၏ အတောင်ပံများကို ဖြန့်ကျက်ကာ အဝေးကို ချက်ချင်း ပြေးနိုင်ပြီး ပျက်စီးဆုံးရှုံးမှုလည်း နည်းစေလိမ့်မည်။
"ဒီဖီးနစ်အမွေးကို သန့်စင်ရမယ်!"
စိတ်လှုပ်ရှားစွာ သူ့လက်သီးများကို ဆုပ်ကိုင်ရင်း လုရွှမ်သည် လျှို့ဝှက်ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။
ထူးဆန်းသော ရတနာတစ်ခုမှာ မျှော်လင့်ထားသလို အစွမ်းထက်လှသည်။ ထိုအရာကို သန့်စင်နိုင်လျှင် ဘုရင်မင်းမြတ် ဟန်ချီသည် သူ့ကို သတ်ချင်လျှင်ပင် သတ်နိုင်မည်မဟုတ်ပေ။
"ကောင်းပြီ....ဒါက အကျိုးသက်ရောက်မှုပဲ အခုအရေးကြီးဆုံး အရာက ဖီးနစ်အမွေးကို ရှာဖို့ မဟုတ်ဘဲ ရေခဲသွေးဆေးကို သန့်စင်ဖို့ နည်းလမ်းရှာဖို့ အကြံပေးထားချင်တယ်.... ဒီရှားပါးရတနာကို သွားယူဖို့တော့ မစဉ်းစားလိုက်ပါနဲ့ ဟုတ်ပြီလား? မင်းအနားကပ်နိုင်ရင်တောင် အမှုန့်ဖြစ်သွားလိမ့်မယ်!"
ကျီးကန်းက ဆိုလေ၏။
"အင်း!" လုရွှမ် ခေါင်းညိတ်သည်။
ဖီးနစ်အမွေးကို ရယူလိုသော်လည်း ကောင်းကင်နှင့်မြေကြီး၏ ရှားပါးရတနာများကို သန့်စင်ရန် မလွယ်ကူကြောင်းကိုလည်း သူသိသည်။ ကြိုတင် ပြင်ဆင်မှုများကို ပြီးပြည့်စုံအောင် ပြုလုပ်ရမည်ဖြစ်ပြီး မဟုတ်ပါက သူမည်ကဲ့သို့ သေဆုံးသွားသည်ကို မသိလိုက်ဘဲ ဖြစ်သွားနိုင်သည်။
"ရေခဲသွေးဆေးက အဆင့်၉ အဂ္ဂိရတ်ဆေးပဲ.... ဆိုလိုတာက အဲဒါကို သန့်စင်ချင်တယ် ဆိုရင်တော့ အဆင့်၉ အဂ္ဂိရတ်ပညာရှင် ဖြစ်လာရမယ်!"
သူ၏ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉ သို့ တိုးမြှင့်လိုက်သော်လည်း အဆင့်၈ အဂ္ဂိရတ်ပညာရှင် အဆင့်သို့ပင် မရောက်နိုင်ပေ။ယခင်ဘဝ အတွေ့အကြုံနှင့် နည်းလမ်းများဖြင့်ပင် အနည်းငယ် ရှုပ်ထွေးသော အဆင့်၈ အဂ္ဂိရတ်ဆေးများကို သန့်စင်နိုင်သည်။
ရေခဲသွေးဆေးသည် အဆင့်၉ အထွတ်အထိပ် အဂ္ဂိရတ်ဆေးလုံး ဖြစ်သည်။ သာမန် အဆင့်၉ အဂ္ဂိရတ်ဆေးဆရာများ သာမက ပိုအဆင့်မြင့်သော သာမန်အဆင့် အဂ္ဂိရတ်ပညာရှင် အချို့ပင်လျှင် အောင်မြင်ရန် ခက်ခဲလေသည်။
သာမန်အဆင့် အဂ္ဂိရတ်ပညာရှင်သည် အဆင့်၉ ထက်ကျော်လွန်သော အဂ္ဂိရတ်ဆရာ အမျိုးအစားဖြစ်ပြီး သူ၏စိတ်ဝိညာဉ် စွမ်းအား အတိုင်းအတာသည် ၁.၀ ကျော်အထိရောက်ရှိခဲ့သည်။ ဤအဆင့်ကို ရောက်ရှိရန် ခက်ခဲသောကြောင့် အောင်မြင်မှုနှုန်း နည်းပါးသည်။
(ဘာသာပြန်သူ - အဂ္ဂိရတ်ပညာကို အဆင့်တွေခွဲထားတာ မှတ်မိပါသလား။ သာမန်အဆင့်ကနေ နတ်ဘုရားအဆင့်ထိ ရှိပါတယ်။ လုရွှမ်က အရင်ဘဝတုန်းက နတ်ဘုရားအဆင့်အောက်က သူတော်စင်အဆင့်ထိ ရောက်ခဲ့ပါတယ်။)